-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, April 3, 2010

ဗိုလ်ချုပ် နှင့် ခေါင်းဆောင်မှု ရှာပုံတော်


(ရိုးဂုဏ်နှင့် ခေါင်းဆောင်သူ )

ကမ္ဘာ အနှံ့ လူအမျိုးမျိုး ယောက်ျား၊ မိန်းမ၊ ကြီးငယ် စရိုက်အထွေထွေ ရှိကြသော်လည်း မိမိ ခေါင်းဆောင်ထံမှ လူတို့ အလိုချင်ဆုံး အမျှော်လင့်ဆုံး အရာမှာ ရိုးသား မှုပင် ဖြစ်သည်။ လူတို့အကြိုက် ခေါင်းဆောင်မှု အရည် အသွေး များကို ကမ္ဘာ့နေရာ အနှံ့ အပြားတွင် စစ်တမ်း ကောက်ယူ သည့် အခါတိုင်း အမြဲ ထိပ်ဆုံးက နေရာရသည်မှာ ရိုးသားမှု Honesty ဟု ခေါင်းဆောင်မှု ဆိုင်ရာ သုတေသနများက ဆိုသည် (Leadership Challenge, Kouzes and Posner) ။

မရိုးသားသော ခေါင်းဆောင် နောက်သို့ မည်သူမျှ မလိုက် လိုကြ။ မသိ၍ တစ်ကြိမ် လိုက်လို လိုက်ကြမည်။ နောင်တွင်မူ မရိုးသားသော ခေါင်းဆောင်ကို ဝေးဝေးကေ ရှာင်ကြမည်။ နောက်သို့ လိုက်မည် ဝေးစွ၊ ထိုခေါင်းဆောင်၏ အဖွဲ့သားဟု အပြော ခံရမည် ကိုပင် ရှက်ကြမည်။ ရိုးသားသော ခေါင်းဆောင်ကို သူ၏ နောက်လိုက်တို့က ယုံကြည် ကြသည်။ ရိုးသားသော ခေါင်းဆောင်ကို စစ်မြေပြင်တွင် ယုံကြည် သလို ကုမ္ပဏီ ရုံးခန်းများ တွင်လည်း ယုံကြည် ကြသည်။ နိုင်ငံနှင့် အဖွဲ့အစည်း ပန်းတိုင် ရောက်ရန် ခေါင်းဆောင်နှင့် နောက်လိုက် တို့အကြား အလိုအပ်ဆုံး အရာမှာ ယုံကြည်မှု (Trust) ဖြစ်သည်။ ခေါင်းဆောင် ကိုသာ နောက်လိုက်တို့ ယုံကြည်လျှင် ခေါင်းဆောင် မှုတွင် အရာရာ ပြီးမြောက် ပေပြီ။ ခေါင်းဆောင် မည်သည့် ပန်းတိုင်သို့ သွားသွား နောက်လိုက် တို့က နောက်မှ မမှိတ် မသုံ ဇွဲနပဲဖြင့် လိုက်ကြ လိမ့်မည်။ ရိုးသားမှု ပေတံဖြင့် တိုင်းလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် အမှတ်ပြည့် ရမည့်သူ ဖြစ်သည်။

'ဗိုလ်ချုပ် နေရာမှာ ဗိုလ်ချုပ် မဟုတ်ဘဲနဲ့ တခြားက ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တဲ့ လူစားမျိုး၊ လောဘကြီးတဲ့ လူစားမျိုး တစ်ယောက် ရှိနေမယ် ဆိုရင် ဂျပန်ခေတ် တုန်းက တစ်သက် မဟုတ်ဘူး ဆယ်သက် မကုန်အောင် ပစ္စည်းတွေ စုနိုင်တယ်၊ အဲဒီ အထိ ဖြစ်နိုင်တယ်။ ဂျပန်ခေတ်တုန်းကလို ရတဲ့ အရှိန်အဝါ သြဇာ တွေကို အလွဲ သုံးစား လုပ်ပြီးတော့ ပိုက်ဆံတွေဟာ သုံးမကုန် လောက်အောင် စုသွားကြတဲ့ လူတွေ အကြောင်းကိုလည်း ‘ဒီမှာ ကြွလာတဲ့ အမတ်မင်းတွေ အသိ ပါပဲ။ 'ဝန်ကြီးချုပ် ဦးနုက ၁၉၄၇ ဇူလိုင်၂၉ရက်နေ့တွင် ပြောကြား ခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ချက် ဖြစ်သည်။ (အောင်ဆန်း မိသားစု) ဗိုလ်ချုပ် အောင်ဆန်း ရိုးသားပုံကို သူကျဆုံးပြီး အာဇာနည် ခေါင်းဆောင် ဖြစ်သွားချိန်တွင် အထူး တလည် ရေးသား ကြသည်မှာ မဆန်း သော်လည်း သူနှင့် ရင်ပေါင်တန်း လက်တွဲ လုပ်ကိုင် သွားခဲ့သူ နိုင်ငံခြားသား များ၏ အမြင်မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားမှုကို ထုတ်ဖော် ချီးကျူး ကြသည့် နိုင်ငံခြားသား များတွင် ဂျပန် ဗိုလ်ချုပ် များလည်း ပါဝင်သည်။ 'ဘီအိုင်အေ Burma Independence Army (BIA) ၏ ပထမ သေနာပတိ ဗိုလ်မိုးကြိုးခေါ် ဗိုလ်မှူးကြီး ဆူဇူကီးက 'အောင်ဆန်းသည် အကြွင်းမဲ့ ရိုးသားသည်။ သူသည် သတ္တိ ဗျတ္တိနှင့် ပြည့်စုံသော စစ်ခေါင်း ဆောင်ဖြစ်သည်။ မျိုးချစ်စိတ်လည်း ပြင်းထန်သည်။ ထို့ကြောင့် ငါတို့ ဂျပန်များသည် သူ့ကို ရိုသေ လေးစားသည်' ဟု ဖွင့်ဟ ဝန်ခံ ဖူးသည်။' (အောင်ဆန်းမိသားစု)
ဗိုလ်ချုပ် အောင်ဆန်း၏ ရိုးသား ဖြောင့်မတ် မှုမှာ မွေးရာပါ ဖြစ်ကြောင်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် လေ့လာ နိုင်သည်။

'ကျွန်တော်သည် လိမ်လည်လေ့ မရှိ၊ မလိမ်တတ်၊ လိမ်ခဲ့ မိသော်လည်း ခဏချင်းပင် ဖြောင့်ချက် ပေး၏။ ကျွန်တော်တို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ် နေ့တိုင်း ပိတ်၏။ သို့သော် ယောက်ျား ကလေးများမှာ ဥပုသ်နေ့ပင် ဖြစ်သော်လည်း ကျောင်းသို့ သွားရကာ ရေခပ်၊မြက်နုတ် လုပ်ရသည်။ တစ်နေ့သော နေ့ခင်းတွင် ကျောင်းသားများ အလုပ် မရှိ၍ ''အလုပ် မရှိလျှင် အိပ်နေကြ၊ မကစားကြနဲ့'' ဟု ဘုန်းကြီးက အမိန့် ရှိလေသည်။ အားလုံး ကျောင်းသားများအား ''မအိပ်ချင်ဘူးလား'' ဟု မေးသော အခါ မအိပ်ချင် ကြသော်လည်း အိပ်ချင်သည်ဟု ဘုန်းကြီး အလိုကျ လျှောက်ကြသည်။ ကျွန်တော့်အား ဘုန်းကြီးက''အောင်ဆန်းကော မအိပ်ချင်ဘူးလား'' ဟု အထူး တလည် မေးရာ ကျွန်တော်က ''မအိပ်ချင်ပါ ဘုရား'' ဟု ပြန်လျှောက်ရာ ဘုန်းကြီးကား ပြုံးသာ နေလေ တော့သည်'။

ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာ့ တပ်မတော်ကို ဦးစီးကာ ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲနေစဉ် မြန်မာပြည်တွင်း တပ်ဖြန့် ရောက်ရှိ နေပြီဖြစ်သော ဗြိတိသျှ တပ်များ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆလင်းအား သူ၏ တပ်စခန်းသို့ သွားရောက် တွေ့ဆုံ ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း ၏ ရိုးသားပုံမှာ ကိုယ်တွင်းတွင် သာမက အပြင်သို့ အရောင်ဟပ်နေသဖြင့် ယခုမှ တွေ့ရသည့် ဗြိတိသျှ ဗိုလ်ချုပ်ကြီး ဆလင်းကပင် မြင်မြင်ချင်း အကဲခတ် နိုင်ခဲ့ကာ ဗိုလ်ချုပ်အောင်ဆန်း နှင့် အလုပ်တွဲ လုပ်နိုင်ကြောင်း ချက်ချင်း ဆုံးဖြတ် ခဲ့သည်။ 'သူ့အား ကျွန်တော် အထင် အကြီးဆုံးမှာ သူ၏ ရိုးသား မှုပင်ဖြစ်သည်။ သူသည် ကတိ အလွယ်တကူမပေး၊ ကတိမပြုခင် တုံ့ဆိုင်း နေတတ်သည်။ သူသဘောတူပြီးလျှင်မူ ထိုအတိုင်း လုပ်မည်ဟု ကျွန်တော် သိသည်။ ကျွန်တော် အောင်ဆန်း နှင့် လက်တွဲ အလုပ်လုပ် လို့ရပြီ။' ( ဗိုလ်ချုပ်ကြီးဆလင်း ကိုယ်တိုင်ရေး Defeat into Victory စာအုပ်မှ ကောက်နုတ်ချက် ဘာသာပြန်) ဗိုလ်ချုပ်ကြီး ဆလင်းသည် စကား အပြန် အလှန် ပြောရင်း ဗိုလ်ချုပ်အောင်ဆန်း ၏ ရိုးသားမှုကို သဘောကျ သွားပြန် သဖြင့် ထိုစကား ပြောကို သူ၏ စာအုပ်တွင် ထည့်သွင်း ရေးသား ထားခဲ့သည်။


‘Go on. Aung San,’ I said ‘You only come to us becauseyou see we are winning!’

‘It wouldn’t be much good coming to you if you weren’t,would it? he replied simply.

I could not question the truth of this. I felt he had scoredagain, and I liked his honesty.

In fact, I was beginning to like Aung San. ( Defeat into Victory by Sir William Slim)


'ပြောပါဦး၊ အောင်ဆန်း။ ကျုပ်တို့ နိုင်နေတာမြင်လို့ ခင်ဗျား လာတာ မဟုတ်လား။' ကျွန်တော် ( ဆလင်း) မေးလိုက်သည်။ 'ခင်ဗျားတို့ မနိုင်မှတော့ လာလည်း ဘာအကျိုး ရှိမှာလဲ။ 'သူ့အဖြေက ရိုးရိုးလေး မှန်လွန်း လှသဖြင့် သူ့စကားကို ကျွန်တော် စောဒက မတက်နိုင်တော့။ သူတစ်ခုသာ သွားပြန်ပြီ။ သူ့ရိုးသားမှုကို ကျွန်တော် ကြိုက်သည်။ တကယ်တော့ အောင်ဆန်းကို ကျွန်တော် ခင်သွားပြီဖြစ်သည်။ (Defeat into Victory မှ ဘာသာပြန်ဆိုချက်) ရိုးသားမှု ဟူသည်မှာ ကိုယ်ဟောသလို ကိုယ်ကျင့်ခြင်း I practice what I preach ၊ ရှေ့နောက်ညီခြင်း Consistency နှင့် ကတိတည်ခြင်း တို့ပင် ဖြစ်သည်။

ဗိုလ်ချုပ်သည် သူဟော ပြောသည့် အတိုင်း သူလုပ်သည်၊ ရှေ့စကား နှင့် နောက်စကားလည်း ညီသည်။ ကတိလည်း တည်သည်။ ထို့ကြောင့် သူ့အား ပြည်သူ အများက လေးစား ကြည်ညိုပြီး သူပြောတိုင်း အောင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ် ရိုးသား ဖြောင့်မတ်ကြောင်းကို ပြည်သူတို့ သိရှိကြ သောကြောင့် ဗိုလ်ချုပ် နှင့်တကွ ဘီအိုင်အေ၊ ဘီဒီအေ တပ်မတော်သား များကို ဂျပန့်ခေတ် အတွင်းက ပြည်သူတို့ ယုံကြည် ကိုးစားမှု မပျက် ကြခြင်း ဖြစ်သည်။ ဂျပန်တို့အားအော့နှလုံးနာ ကြသော်လည်း ဂျပန်တို့ဘက် ရောက်သလို ဖြစ်နေသော ဗိုလ်ချုပ်တို့ ခေါင်းဆောင် များအား အကြည်ညိုမပျက်သည်မှာ ဗိုလ်ချုပ်သည် ပြည်သူများအား သစ္စာ မဖောက်ဟု ပြည်သူ အများစုက ယုံကြည် ခြင်းကြောင့် ဖြစ်သည်။

ထိုသို့ အကြည်ညို မပျက်ခြင်း ကြောင့်လည်း ဖက်ဆစ် တော်လှန်ရေးကြီးတွင် ပြည်သူ အများက မြန်မာ့ တပ်မတော် နှင့် အတူ တစ်ခဲနက် ပါဝင် ခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသား အားလုံး ဗြိတိသျှ လက်အောက်မှ တစ်ပြိုင်နက်တည်း မြန်မာ့ လွတ်လပ်ရေး အရယူ နိုင်အောင် ပင်လုံ စာချုပ်ဖြင့် ဗိုလ်ချုပ် လမ်းခင်း ပေးနိုင်ခဲ့ခြင်း မှာလည်း ဗိုလ်ချုပ်၏ ရိုးသားမှုကို တိုင်းရင်းသား အားလုံး၊ ပြည်သူ အားလုံးက ယုံကြည်သော ကြောင့်ဖြစ်သည်။ ဗိုလ်ချုပ်၏ ခေါင်းဆောင် မှုသည် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ အခြား မည်သည့် ခေါင်းဆောင်၏ ခေါင်းဆောင်မှု နှင့်မျှ မတူဘဲ ပြိုင်ဘက်ကင်း အောင်မြင် ရခြင်းမှာ သူ၏ ရိုးသားမှု ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်၏ ရိုးဂုဏ်သည်ပင်လျှင် သူ၏ အဓိက ခေါင်းဆောင်မှု စရိုက်
လက္ခဏာ ( Leadership characteristic)) တစ်ခု ဖြစ်ပေ တော့သည်။

ဇေယျသူ
၁၀ . ၃ . ၂၀၁၀ l TV

No comments: