-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, April 6, 2010

မအောင်မမြင်ဖြစ်ခဲ့သည်ကို အမှန်အတိုင်း ပြည်သူသို့ အန်အယ်လ်ဒီ တောင်းပန်


NEJ/ ၆ ဧပြီ ၂ဝ၁ဝ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့ ဧပြီ (၆) ရက်နေ့စွဲဖြင့် ပြည်သူသို့ ပန်ကြားချက်တစောင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ပန်ကြားချက်တွင် ၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံကြီးက ပေါ်ပေါက်ခဲ့သည့် အန်အယ်လ်ဒီအဖွဲ့ကြီး၏ ရည်မှန်းချက်နှင့် ကြိုးပမ်းဆောင်ရွက်ချက်များ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖွဲ့ချုပ်ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဝင်များ၏ စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တို့အတွက် ကြိုးပမ်းခဲ့ပုံများကို တင်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နိုင်ငံရေးပြဿနာများကို နအဖစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း နေအိမ်အကျယ်ချုပ် ချထားခြင်းခံရကြောင်း၊ ထို့ပြင် ၂၀၀၃ ခု ဒီပဲယင်းအကြမ်းဖက်မှုတွင် သူမ အသက်ဘေးမှ သီသီလေးလွတ်မြောက်ခဲ့သည်ကိုပင် အပြစ်မယူ အာဃာတမထားဘဲ တွေ့ဆုံဆွေးနွေးရေးကို ဆက်တိုက်တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။

နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးပေးပို့ခဲ့သည့်စာတွင် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေးကိစ္စအတွက် ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံတင်ပြခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်းလည်း ဖော်ပြထားပြီး ယင်းသို့ ကြိုးပမ်းချက်များကို နအဖက လုံးဝပြန်လည်တုံ့ပြန်မှုမရှိသဖြင့် မအောင်မမြင်ဖြစ်ခဲ့ရကြောင်း ဖော်ပြထားသည်။

ယခုအခါ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည်ဟုဆိုကာ ထုတ်ပြန်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများသည် ဥပဒေ၏သဘောသဘာဝ ဥပဓိရုပ်နှင့်မညီညွတ်၊ တရားမျှတမှုမရှိသည့်အတွက် မတ်လ (၂၉) ရက်တွင် ကျင်းပသည့် အဖွဲ့ချုပ်၏ ဗဟိုဦးစီးအစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ်၊ ထပ်မံ မှတ်ပုံတင်မည်မဟုတ်ကြောင်း အများသဘောတူ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စတင်တည်ထောင်သည်မှ ယနေ့အထိ ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ အာဏာပိုင်များ၏ ဖမ်းဆီး၊ ပြစ်ဒဏ်ချ၊ ခြိမ်းခြောက်၊ နှောင့်ယှက်ခံနေရသော်လည်း ဇွဲမလျော့ဘဲ ကြိုးပမ်းခဲ့သော်လည်း အကျိုးမဖြစ် အရာမထင်ဖြစ်ခဲ့သည့်အတွက် ပြည်သူလူထုအား အနူးအညွတ်တောင်းပန်ကြောင်း၊ သို့သော်လည်း အဖွဲ့ချုပ်သည် ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးတော်ပုံကို စွန့်ခွာသွားခြင်းမဟုတ်ဘဲ ပြည်သူလူထုနှင့် တသားတည်းရှိနေပြီး ဒီမိုကရေစီရေးအတွက် အကြမ်းမဖက်သော နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူသို့ ပန်ကြားထားသည်။

ယင်းပန်ကြားချက် ထုတ်ပြန်ရသည့် ရည်ရွယ်ချက်ကို အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက “အခုအချိန်အခါမှာ အန်အယ်လ်ဒီက ပါတီမှတ်ပုံတင်တာမလုပ်တော့ဘူး။ ရက်ပေါင်း (၆၀) ကာလအတွင်း ဒါမှမဟုတ်ရင်လည်း ကာလကျော်ပြီးတော့ အဖွဲ့ချုပ်က လိုအပ်ရင်လည်း ဆက်လက်ညှိနှိုင်းသွားမှာပေါ့။ ဒီလိုအခြေအနေတွေကို ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ အဖွဲ့ချုပ်စိတ်ဓာတ်တွေဟာ ဆက်လက်ရှိနေမယ်၊ ဒီမိုကရေစီရေးကို ဥပဒေဘောင်ထဲက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာကို ပြည်သူလူထုကို အသိပေးတာပါ” ဟု ပြောသည်။

အန်အယ်လ်ဒီသည် ပါတီအဖြစ် ရပ်တည်မှုမရှိတော့သော်လည်း ဆက်လက်ပြီး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမယ်၊ သေချာတာတခုက ကျနော်တို့ ဥပဒေဘောင်အတွင်းကပဲ ကြိုးပမ်းမယ်။
မအောင်မမြင်ဖြစ်ခဲ့တာကို ပြည်သူလူထုကို ကျနော်တို့က အမှန်အတိုင်း တောင်းပန်တယ်။ ဒါစိတ်လျှော့လိုက်တာမဟုတ်ဘူး။ ဆက်လက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာကို ပြည်သူတွေကို အသိပေးတာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအုံးကြိုင်ကလည်း “ကျနော်တို့သဘောထားက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ရင် ဒီမိုကရေစီအင်အားစုကြီးဟာ မပြိုမကွဲတည်ရှိနေမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အဲဒီအင်အားကြီးက မပြိုမကွဲရှိနေတဲ့အတိုင်းပေါ့ဗျာ။ ကျနော်တို့ တတ်နိုင်တာကို ကိုယ်ကျိုးစွန့်ဆက်ပြီးတော့ လှုပ်ရှားဆောင်ရွက်နေကြမယ်။ ကျနော်တို့က အခုလိုဆုံးဖြတ်လိုက်တာကလည်း ပြည်သူလူထုကို ယုံကြည်လို့ ဆုံးဖြတ်လိုက်ရတာပါ” ဟု ပြောကြားသည်။

No comments: