-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, April 4, 2010

ဝင်းဖေ လွယ်အိတ် ၂၁


ဝင်းဖေ
ဧပြီ ၃၊ ၂၀၁၀

သောတရှင်များခင်ဗျား။

မြန်မာခေတ်သစ်ပန်းချီ ဒုတိယမျိုးဆက်သစ်အကြောင်းအကျဉ်းကို ပြီးခဲ့တဲ့အပတ်က တင်ပြခဲ့ပါတယ်။ တတိယ မျိုးဆက်ကတော့ ပန်းချီပေါ်သိမ်း၊ အောင်တိတ်၊ ခင်ဝမ်း၊ မောင်ဒီ၊ အောင်မြင့်၊ မသိင်္ဂီ၊ ဘိုင်ရွန်လောရုံ၊ စန်းမြင့် စသူတွေ ဖြစ်ကြပါတယ်။ မြန်မာ့ခေတ်သစ်ပန်းချီ တတိယမျိုးဆက်မှာ အတော်ကလေး အင်အားတောင့်လာ ပါတယ်။ ကျနော် ပြည့်စုံအောင် မဖော်ပြနိုင်ပါဘူး။
ဒီကနေ့ခေတ်ကိုတော့ မြန်မာ့ခေတ်သစ်ပန်းချီ စတုတ္တမျိုးဆက်လို့ ခေါ်ရပါမယ်။ အတော်ကြီးကို အင်အား တောင့်တင်းသွားပါပြီ။ ဒါပေမယ့် မလုံလောက်သေးပါဘူး။ မြန်မာနိုင်ငံ အဘက်ဘက်က တိုးတက်လာနိုင်ဖို့ အနုပညာ အရည်အသွေးရော အရေအတွက်ပါ အဆင့်မြင့်ရပါမယ်။

မြန်မာပြည်မှာ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့  ၁၉၉ဝ သာသာလောက်အထိ ပန်းချီပြပွဲဆိုတာမျိုးတွေ အလွန် ရှားပါးလှပါတယ်။ တနိုင်ငံလုံးပါဝင်ပြသနိုင်တဲ့ အမျိုးသားပြပွဲကြီးတွေတောင် နှစ်စဉ်မှန်မှန် မကျင်းပနိုင်ပါဘူး။ အုပ်စုလိုက်ပြပွဲငယ်ကလေးတွေကလည်း အလွန်နည်းပါတယ်။ ဂယ်လာရီပြခန်းတွေလည်း သိပ်ရှားပါတယ်။ ရန်ကုန်၊ အမျိုးသားပြတိုက်မှာ ပန်းချီကားတွေ နိုင်ငံပိုင် ဝယ်ယူချိတ်ဆွဲပြသထားတာရှိပေမယ့် အများပြည်သူ လူထုနဲ့ အထိအစပ် အတော်ခက်ခဲနည်းပါးပါတယ်။ အစိုးရများကလည်း နိုင်ငံတော်ပန်းချီပြခန်းကို ပြည်သူလူထု သွားရောက်ကြည့်ချင်စိတ် ပေါ်လာအောင် ဆွဲဆောင်ပညာပေးတာမျိုး အလွန်ရှားပါးပါတယ်။

၁၉၇ဝ ဝန်းကျင်လောက်ကျတော့မှ လောကနတ် ပန်းချီပြခန်းပေါ်လာပါတယ်။ အနုပညာတွေကိုမြတ်နိုးတတ်တဲ့ ရှေ့နေကြီး ဦးရဲထွန်းပိုင်ဆိုင်တဲ့ ပန်းဆိုးတန်းက တိုက်ခန်းနေရာကျယ်ကြီးတခုကို ရှေ့နေကြီး ဦးရဲထွန်းက အနုပညာ အားပေးလိုစိတ်နဲ့ ခွင့်ပြုကူညီတာကြောင့် ဗိုလ်မှူးကြီးဟောင်း ဓမ္မိကဘသန်း ပန်းချီဘဏ်ဦးခင်မောင်၊ ပေါ်ဦးသက်၊ ဝင်းဖေ၊ ပန်းချီဦးလှရှိန်၊ ပန်းချီဦးစံဝင်း၊ ပန်းချီပေါ်သိမ်း စသူတွေပါဝင်ပြီး စတင်တည်ထောင်ခဲ့ကြပါ တယ်။

ပန်းချီပေါ်သိမ်းက အဲဒီလောကနတ်ပန်းချီပြခမ်းမှာပဲ ညနေပန်းချီကျောင်း တခုတည်ထောင် သင်ကြားပြသ အောင်မြင်ခဲ့ပါတယ်။ နောက် ဥဒေါင်း Peacock Gallery ကိုပန်းချီပေါ်သိမ်းက သီးခြားထူထောင်ပြီး သင်တန်းတွေလည်း ဆက်ဖွင့်ပါတယ်။ အဲဒီနောက်မှာမှ ဗိုလ်ချုပ်ဈေးထဲမှာ ဒီတုန်းက ပန်ချီပန်းပုကောင်စီက ပိုင်တဲ့ အရောင်းပြခန်းကို စတင်ထူထောင်နိုင်ပါတယ်။ ဘာပဲပြောပြော ၁၉၉ဝ နှစ်များထက်တော့ ပန်းချီပြတိုက် ပြခန်း အလွန်ရှားပါးခဲ့ပါတယ်။

တခါက ဂျူဘလီဟောလ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပန်းချီပန်းပုကောင်စီဗဟိုက ဦးဆောင်ကြီးမှူးပြီး တနိုင်ငံလုံး က ပန်းချီဆရာတွေ ပါဝင်ပြသတဲ့ တမျိုးသားလုံးအတိုင်းအတာနဲ့ ပန်းချီပြပွဲကြီးတရပ်ကို ကျင်းပပါတယ်၊ အဲဒီ ပြပွဲကြီးမှာ ပန်းချီကား တထောင်ကျော်ပါဝင်တဲ့အတွက် နိုင်ငံ့ထိပ်တန်း သတင်းစာကြီးက အလွန်အားရဖွယ် ပန်းချီကား တထောင်ကျော် ပါဝင်ပြသကြောင်း ဝမ်းသာအားရ ဂုဏ်ယူရေးသားပါတယ်။

သေသေချာချာ စဉ်းစားတွက်ချက်ကြည့်မယ်ဆိုရင် အဲဒီပြပွဲကြီးမှာပေးပို့တဲ့ ပန်းချီကားအရေအတွက်က တထောင်ကျော်ဆိုတော့ ပန်းချီဆရာတွေက ရှစ်ရာလောက်ရှိပါတယ်။ ဒီတုန်းက မြန်မာပြည်လူဦးရေက သန်းပေါင်း ၄၀ လောက်ရှိပါတယ်။ လူသန်းပေါင်း ၄၀ မှာမှ ပန်းချီဆရာ ၈၀၀ လောက်ပဲရှိတယ်ဆိုတော့ လူပေါင်း ၅ သောင်းမှာမှ ပန်းချီဆရာ တယောက်ပဲထွက်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဝမ်းသာရမယ် ကိစ္စမဟုတ်ပါဘူး။ ဝမ်းနည်းအားငယ်ဖို့ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။

ခုခေတ်ထိလည်း မြန်မာနိုင်ငံမှာ အနုပညာစိတ်ဝင်စားသူ လိုက်စားသူအရေအတွက် အများကြီး နည်းနေတုန်းပဲ ဖြစ်ပါတယ်။ ဒီပြဿနာဟာ ရှုပ်ရှုပ်ထွေးထွေး ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် မှားယွင်း ကျဉ်းမြောင်းနေသေးတယ်ဆိုတာကို ပြသနေတာပါ။

စိတ်ဓာတ်အကျခံပြီး မရှိတာတွေ မပြည့်စုံတွေကိုတွေးမနေဘဲ ရှိတာကလေးတွေကိုပဲပြောရရင်တော့ ဘုရားတန်းစောင်းတွေမှာ ချိတ်ဆွဲပြသထားတဲ့ နိပါတ်တော်ပန်းချီတွေကို ပြည်သူထု ဘုရားဖူးတွေက အလွန် နှစ်သက်ကြပါတယ်။ အဲဒီဘုရားတန်ဆောင်းတွေဟာ မြန်မာပြည်သူလူထုအတွက် အကောင်းဆုံး ပန်းချီ ပြတိုက်ကြီးတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီအစဉ်အလာကို ဆက်လက်ထိမ်းသိမ်းထားကြဖို့ ကောင်းပါတယ်။

နိပါတ်တော်ပန်းချီရေးနည်းဆိုတာ သီးခြား မြန်မာပန်းချီတရပ်ဖြစ်ပါတယ်။ ဗုဒ္ဓဝင် မဟာဝင်ဇာတ်တော်တွေကို အများပြည်သူက အလွန်စိတ်ဝင်စားကြပါတယ်၊ သိခဲ့ရသလောက် အများဆုံး သွပ်ပြားပေါ်မှာ ခံဆေးသုတ်ပြီး အိမ်သုတ် ဆီဆေးတွေနဲ့ ရေးဆွဲကြတာများပါတယ်။ မန္တလေးကဆရာကြီး ဦးစောမောင်တို့၊ ဆရာကြီး ဦးစံမြ စတဲ့ ပန်းချီဆရာကြီးတွေဟာ နိပါတ်ပန်းချီလောကမှာ ထိပ်တန်းဆရာကြီးတွေဖြစ်ကြပါတယ်။

နိပါတ်တော်ပန်းချီတွေအပြင် မြန်မာပြည်သူလူထုဟာ ပန်းချီနဲ့ပတ်သက်လို့ မဂ္ဂဇင်းသရုပ်ဖော်ပုံတွေကတဆင့် အထိအတွေ့ ပိုများပါတယ်။ မဂ္ဂဇင်းဂျာနယ် ရုပ်ပြဆိုတာတွေဟာ မြန်မာပြည်အနှံ့ရောက်ရှိတဲ့အတွက် မြန်မာ ပြည်သူလူထုနဲ့ အများဆုံးထိတွေ့နိုင်ကြတာဖြစ်ပါတယ်။

ဒုတိယကတော့ စီးပွားရေးဆိုင်းဘုတ် ပန်းချီတွေနဲ့ ရုပ်ရှင်ရုံဆင် ပိုစတာပန်းချီများ ဖြစ်ပါတယ်။ စစ်ပြီးခေတ် မြန်မာ မဂ္ဂဇင်း ဂျာနယ်စာစောင်ရုပ်ပြတွေမှာ နာမည်ကြီးတဲ့ ပန်းချီဆရာကြီးတွေကတော့ ဦးငွေကိုင်၊ ဦးဘကြည်၊ ဦးကိုလေး၊ ဦးအုန်းလွင် ဦးစန်းလွင်၊ ဦးမြတ်ကျော် စတဲ့ ပုဂ္ဂိုလ်ကြီးတွေဖြစ်ပါတယ်။ ဆရာကြီးဦးငွေကိုင်၊ ဦးဘကြည်၊ ဦးမြတ်ကျော် စတဲ့ ဆရာကြီးတွေဟာ စီပွားရေးသရုပ်ဖော်ပန်းချီတွေအပြင် Fine Art ပန်းချီကားကြီးတွေလည်း ရေးဆွဲကြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး မြန်မာပန်းချီလောက အခြေအနေ တစေ့တစောင်းကို ရှေ့အပတ်တွေမှာ ဆက်လက်တင်ပြပါမယ်။

ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော် ဝင်းဖေပါ။

(၁၂-၁၁-၀၈ (ကြာသပတေးနေ့) ဘီဘီစီ မြန်မာပိုင်းအစီအစဉ် မှ ပြန်လည်ကူးယူဖော်ပြပါသည်
© 2010 MoeMaKa Radio & Multimedia

No comments: