-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, April 17, 2010

အ၀ါး မ၀သော


Written by သုမောင်
Friday, 26 March 2010 05:01


၁၉၉၁ ခုနှစ်လောက်က ဖြစ်သည်။ ကျွန်တော့်ထံ စာရေးဆရာ လေသူရဲတစ်ဦး(ဦးလှဝင်း- ကျောက်မျက်ကုန်သည်) ရောက်လာပါသည်။ သူ၏ ကျောက်မျက် သင်တန်းတွင် ၆ လမျှ အခမဲ့ သင်တန်း တက်ပါရန် လာရောက် အကူအညီ ပေးခြင်းပင်။ ကျွန်တော်သည် ကျောက်မျက်ဝေးလို့ အနုပညာ စီးပွားရေးပင် စိတ်ဝင်စားသူ မဟုတ်ပေရာ ငြင်းဆိုခဲ့ပါသေးသည်။ သူက ဇွတ်အတင်း တောင်းဆိုသဖြင့် ပညာတစ်ရပ် တတ်ထားလည်း မနည်းဘူး ဟူ၍ သဘောတူလိုက် ပါသည်။ တကယ်လည်း ကျောက်မျက်နှင့် ပတ်သက်၍ သိပ်ကျွမ်းကျင်စွာ မတတ်မြောက်ခဲ့ သော်လည်း စက်မှုပုံဆွဲ တတ်ကျွမ်းထားသော ကျွန်တော့်အဖို့ ကျောက်မျက်တို့၏ အလင်းတန်း ယိုင်ပုံ၊ ကျောက်မျက်ပုံ ပေါ်ပုံ၊ ကျောက်မျက် အလှသွေးပုံ စသည်များ လေ့လာခွင့် ရပါသည်။ အထူးသဖြင့် ကျောက်မျက်များကို လည်ဆွဲ၊ လက်စွပ်၊ လက်ကောက် စသည်ဖြင့် ဆင်မြန်းသဖြင့် ကျန်းမာရေး စိတ်ဓာတ်များနှင့် ဆက်နွယ်ပုံများ၊ ကျောက်မျက် ရှေးဟောင်း ဒဏ္ဍာရီများကို သိရှိခွင့် ရခဲ့ပါသည်။

ထိုအတော အတွင်းမှာပင် မြန်မာ မဂ္ဂဇင်း လောက၌ အလွန် အောင်မြင်သော စီးပွားရေး မဂ္ဂဇင်းကြီး တစ်စောင် ထွက်ရှိနေပါသည်။ ဦးလှဝင်းလည်း ပါဝင် ရေးသား နေပါသည်။ ဦးလှဝင်းက “ကိုသုမောင်လည်း ၀င်ရေးစမ်းပါ။ ပိုပြီး လှပတဲ့ ဆောင်းပါးတွေ ဖြစ်လာလိမ့်မယ်” ဟု အဆိုပြုရာ စိတ်ဝင်စားသွားပါသည်။ နောက်တစ်ကြောင်းမှာ ထိုစီးပွားရေး မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာမှာ ကျွန်တော်က တစ်ဖက်သတ် လေးစားနေသော စာရေးဆရာ ဖြစ်နေခြင်းပင်။ ထူးခြားတာက ထိုစာရေးဆရာမှာ စီးပွားရေး မဂ္ဂဇင်းတွင် အယ်ဒီတာ လုပ်နေသော်လည်း သူ၏ ၀တ္ထုတိုများမှာ အခြေခံ ဘ၀ အောက်ခြေ လူတန်းစားများ အကြောင်းဖြစ်နေခြင်းပင်။ (ဒါကတော့ ဒီကနေ့ ကိုယ်ပိုင်ကားနှင့်၊ တိုက်နှင့် နေထိုင်ပြီး ဆင်းရဲသားများ အကြောင်း ဒိုင်ခံ ရေးနေသော စာရေးဆရာများစွာ ရှိနေသဖြင့် မပြောပလောက်ပါပေ။) ရေးဖော်ရသည်ကိုပင် ချီးကျူး ဂုဏ်ပြုရပေသည်။

သို့နှင့် ထိုအယ်ဒီတာထံ ကျွန်တော် ဖုန်းဆက်လေသည်။
“ဆရာ ကျွန်တော် စာမူတစ်ပုဒ် ပို့ချင်လို့ပါ”

ထိုအချိန်က ကျွန်တော့်မှာ မဂ္ဂဇင်း၊ ဂျာနယ် အယ်ဒီတာများ ၀ိုင်းဝိုင်းလည် နေသော ကာလဖြစ်သဖြင့် ကိုယ့်ကိုယ် ကို အထင်ရောက်နေတာလည်း ပါပါ လိမ့်မည်။ စောစောက ပြောသလို ပုဂ္ဂိုလ် ခင်လို့ တရားမင်တာလည်း ပါပါသည်။ ထိုအခါ သူ့စကားပြန်ကို တအံ့တသြ ကြားရပါသည်။
“ကိုသုမောင်က ကျွန်တော့်မဂ္ဂဇင်း မူဝါဒကို သိလို့လား”
တဲ့။ ကျွန်တော်လည်း ရှက်ရှက်နှင့် တယ်လီဖုန်း အသာချလိုက်ရပါ သည်။ တကယ်တော့ “ကျောက်မျက်” ဒဏ္ဍာရီ အကြောင်း ရေးချင်သည်ကို နိဒါန်း ပျိုးရမှာ ကျွန်တော် မေ့သွားပါသည်။ ခဏနေတော့ သူ့ထံ ဖုန်းပြန် ဆက်ရာ သူမရှိတော့ပေ။ လက်ထောက် အယ်ဒီတာလေး လာကိုင်ပါသည်။

“ဆရာလေးရေ ခင်ဗျားတို့ မဂ္ဂဇင်းမူနဲ့ ကျွန်တော့်စာမူ ခွင်မကျလို့ မပို့တော့ ပါဘူးဗျာ”

ဆိုတော့ အားနာစွာ၊ နားလည်စွာ ပင် အယ်ဒီတာလေးက ပြန်ပြောရှာပါသည်။
“ဆရာ့ကို ကျွန်တော် နားလည်ပါတယ် ဆရာ”
တဲ့။ နောက်ပိုင်း ထိုမဂ္ဂဇင်းကြီးနှင့် အတူ ထိုဘ၀ စာရေးဆရာ အယ်ဒီတာလည်း ပျောက်ကွယ်သွားပါသည်။

တစ်လောက အယ်ဒီတာနှင့် ထုတ်ဝေသူ အမျိုးသမီးငယ်များ ကျွန်တော့်ထံ ရောက်လာကြပါသည်။ ထုံးစံအတိုင်း စာမူ တောင်းရန်ဖြစ်ပါသည်။ သူရို့ ပြန်လည် အသက်သွင်းမည့် မဂ္ဂဇင်းကြီး အတွက်ဖြစ်ပါသည်။ ထိုမဂ္ဂဇင်းကြီး ပထမအကြိမ် ထုတ်ဝေ အောင်မြင်စဉ်က ပထမဆုံး တစ်အုပ် အမှတ်(၁)မှ ရပ်တန့် သွားသည်အထိ အယ်ဒီတာပုဂ္ဂိုလ်စွဲဖြင့် ကျွန်တော် ရေးသားပေးခဲ့ပါသည်။ နောက်တော့ တိမ်မြုပ် ပျောက်ကွယ်သွားရာမှ ယခုတစ်ဖန် ပြန်လည်ဆန်းသစ်မှာ ဖြစ်သည်။ ပြဿနာမှာ ယခုထုတ်ဝေမည့်သူများ၊ အယ်ဒီတာများကို ပုဂ္ဂိုလ်ရေး မကျေနပ်သူ စာရေးဆရာ အချို့က သပိတ်မှောက်သဖြင့် သူရို့ မကျေမနပ် ဖြစ်နေကြရှာပါသည်။ ကျွန်တော် ကမူ “လူငယ်မိန်းကလေးများ” ဟူသော အသိ ဖြင့် ချက်ချင်းပင် စာမူပေးပါမည့် အကြောင်း ကတိပြုလိုက်ပါသည်။ ကနေ့လူငယ်များ မိဘ ပိုက်ဆံ ချမ်းသာလို့ဖြစ်ဖြစ်၊ ၀ါသနာကြောင့် ဖြစ်ဖြစ် စာပေ လုပ်ငန်းသို့ ၀င်လာလျှင် ကျွန်တော် ဦးစားပေးပြီး စာမူချက်ချင်းပေးပါ သည်။ ကုန်ကုန်ပြောရလျှင် တစ်နေ့စာ တစ်ပုဒ် ပြီးအောင် ရေးသော ကျွန်တော့်မှာ တစ်လ တစ်လ၊ တစ်ပတ်တစ်ပတ် ဂျာနယ်၊ မဂ္ဂဇင်း တွေ လက်ဆောင်ရတာ အိမ်မှာပုံနေသည်။ သို့သော် မီးပွိုင့်လို၊ လက်ဖက်ရည်ဆိုင်လို နေရာ မျိုးမှာ လက်ပွေ့ဂျာနယ် ရောင်းသော လူငယ် လေးတွေတွေ့လျှင် ကိုယ့်ရှိပြီးသားပေမည့်ထပ် ၀ယ်အားပေးပါသည်။

ဆိုကြပါစို့ရဲ့။ ထိုမဂ္ဂဇင်း ပထမအုပ် အတွက် စာမူပေးသော အခါ စေတနာပိုပြီး ဆက်တိုက် ပေးနိုင်မည့် စာမူ အမျိုးအစားကို ရေးပေးပါ သည်။ (သူရို့ကလည်းလစဉ်တောင်းတာပါ။) အောင်မယ် စာမူခနှင့် အတူ အရက် အကောင်းစား တစ်ပုလင်းပါ ပါလာသေး၏။ ဟော ဒုတိယ အုပ်လည်းကျရော စာမူတော့ ပါပါရဲ့၊ စာအုပ် လက်ဆောင်နှင့် စာမူခ ခုထိ လာမပို့သည့်ပြင် ကျွန်တော့်ထံ လုံးဝ အဆက်အသွယ် မလုပ်တော့ပါ။ မဂ္ဂဇင်းပဲ ရပ်တန့်သွားတာလား၊ ဘုရားပြီး ငြမ်းဖျက်တာလား မသိရပါပေ။

တစ်ခါကလည်း လူငယ်တစ်စု ဂျာနယ် အသစ်တစ်စောင် အတွက် စာမူ တောင်းလာပါ သည်။ ခွေးမြီးကောက် သုမောင်သည် လူငယ် ဆိုလိုက်သည်နှင့် (စာပေကိစ္စဆိုတာနှင့်) ချက်ချင်းပင် သဒ္ဓါ၊ စေတနာတွေ ရေစီးကမ်းပြို လိုက်တော့၏။ သူရို့ကလည်း အပတ်စဉ်လိုချင် သည်ဟု နှမ်းထောင်းဖြူးလေရာ ကျွန်တော့်မှာ သူငယ်ချင်း အယ်ဒီတာ တစ်ယောက်၏ ဂျာနယ်တွင် နိဒါန်းပျိုးထားသော အခန်းဆက်ဆောင်း ပါးကို တောင်းပန်ပြီး လူငယ်လက်သစ်များသို့ လွှဲပေးလိုက်ပါသည်။ ဘာကြာမလဲ သုံးလေး ပတ်လည်းရှိရော “ဖုတ်လေတဲ့ငါးပိ” ဖြစ်သွား ပါတော့သည်။ သတင်းစုံစမ်းတော့ ကျွန်တော့် ဆောင်းပါးနှင့် သူရို့ဂျာနယ် မူမကိုက်လို့တဲ့။ လက်ကလေး ၆ ခါ လှုပ်ရုံနှင့်၊ “ဟယ်လို” ဟု တစ်ခွန်း ပြောရုံနှင့် ကျွန်တော့်အား အကျိုး အကြောင်း ပြောလို့ ရပါသည်။ သို့သော် အားနာလို့လား၊ သောက်ဂရုမစိုက်လို့လား မသိ။ ခပ်တည်တည်ပင် အဆက် ဖြတ်လိုက်ကြလေသည်။ ဒါတောင် ကျွန်တော့် အခန်းဆက် ဆောင်းပါးနှင့် ပတ်သက်ပြီး အသုံးပြုရန် ကျွန်တော့်အား ရှုထောင့်ပေါင်းစုံမှ ဓာတ်ပုံပေါင်း များစွာ ရိုက်သွား၏။ ထိုဆောင်းပါး အတွက် အသုံးပြုရန် လိုအပ်သော သရုပ် ဖော်ပုံအတွက် ကျွန်တော်ပိုင် ပစ္စည်းများ၊ ပန်းချီကားများ တစ်နေကုန် ဓာတ်ပုံ ရိုက်သွားသေး၏။ ဘယ့်နှယ် စဉ်းစား ရမှန်း မသိတော့ပေ။ တစ်ခါတစ်ရံ စာပေ ပွဲများတွင် တွေ့သောအခါများကျတော့ လည်း ဘာမျှမဖြစ်သလို “ဆရာ နေကောင်းလား”တဲ့။ စကတည်းက ယခုတိုင် မကျဆုံးသေးသော မဂ္ဂဇင်း ကြီးတစ်စောင်က ပုံမှန်အခန်းဆက် ဆောင်းပါး တောင်းသဖြင့် “သမီးစိုးအိမ် သူထံ ပေးစာ” သဘောလူငယ်လုံမငယ် ပညာပေးစာ သဘောရေးပေးခဲ့ရာ အပုဒ် ၂၀ ခန့် ရှိသွားခဲ့ပါသည်။

တစ်ခါတွင် စာဖတ်သူပေးစာကဏ္ဍတွင်-
“သုမောင်ရဲ့ သမီးထံပေးစာ ဆောင်းပါးဟာ သုံးမရတဲ့ အလကား အပေါစားပဲ။ ဒီလို မဂ္ဂဇင်းမှာ မသုံးသင့်ဘူး။ ဆက်မထည့်သင့်ဘူး”
စသည်ဖြင့် ပက်ပက်စက်စက် အကြံပြုထားပါသည်။ ရိုးရိုးသားသား ပြောရလျှင် ကျွန်တော်၏ စာမူမှန်သမျှ စေတနာမပါတာ မရှိပါ။ ထိုစာမူများ မှာလည်း မိန်းကလေးငယ်တို့အား ယဉ်ကျေးမှု အခြေခံများ ရှင်းပြထားခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်သည် မျိုးချစ် မျက်ကန်း မဟုတ်ပါ။ ရိုးရာမှ ရိုးရာ မဟုတ်ပါ။ ရိုးရာကိုလည်း ကောင်းတာ လေးတွေ ပြန်သုံး၊ ခေတ်ပေါ်ထဲမှလည်း ယူသင့်တာယူဖို့ သမီးကိုပြောပြနေသည့် သဘောဖြစ်သည်။ တကယ်က သမီး စိုးအိမ်သူကိုပြောနေသော်လည်း သမီး နှင့် တစ်ရွယ်တည်းသော လုံမငယ်အား လုံးကို ပြောနေခြင်းသာ ဖြစ်သည်။ အယ်ဒီတာပုဂ္ဂိုလ်စွဲဖြင့် ရေးမိတာ ကျွန်တော့် အမှားဟုပင် ဆိုရပါမည်။ တကယ်တော့ ထိုမဂ္ဂဇင်း ရပ်တည်နေ သည်မှာ အတို့အထောင်၊ ပုဂ္ဂိုလ်ရေး ထိပါးမှု၊ အကန်အခတ်၊ အပုပ်ချမှု စသော အတုအယောင် ဝေဖန်ရေးစာမူ များကြောင့်သာဖြစ်ကြောင်း ကျွန်တော် သတိမထားမိခဲ့ပါ။ ဤတွင် ထိုမဂ္ဂဇင်း၌ စာရေးဆရာများသာမက၊ စာဖတ် သူပေးစာကဏ္ဍမှ ပုဂ္ဂိုလ်များကပါ သံယောင်လိုက်ပြီး ဒီစာရေးဆရာဖြင့် ဆော်ပလော်တီးလိုက်ဦးမှဆိုပြီး ပေးစာ ကဏ္ဍမှ နာမည်ရ စာရေးဆရာများကို ဘုန်းကြီးခေါင်းခေါက် လုပ်လာပါတော့ သည်။ တကယ်တော့ ထိုပေးစာရေးသူ မနူးမနပ်များအပြစ် မဟုတ်ပါ။ သူရို့ကလည်း လူကြီးပခုံး ဖက်လျှင် နာမည်ကြီးမည်ဟု ခံယူထားသူ စိတ်ဓာတ် အောက်တန်းကျလှသူများသာ ဖြစ်သည်။ တကယ်တော့ ကိုယ်တိုင် တကူးတက စာမူအခန်းဆက်တောင်းခံပြီး လစဉ် ပုံမှန် တယုတယ ထည့်ပေးနေသော မိတ်ဆွေ အယ်ဒီတာမှာသာ တာဝန်ရှိလေ သည်။ သူသည် သူ့မဂ္ဂဇင်းရပ်တည် ရေးအတွက် မည်သည့် “ဆူးလှည်း” ကိုမဆို တွန်းဆွဲနေသော သူသာတည်း။ ကျွန်တော်လည်း ဆက်မရေးတော့ပါ။ ပေးစာရေးသူကြောင့်လည်းမဟုတ်၊ အယ်ဒီတာကြောင့်လည်း မဟုတ်။ သမီးထံ ရေးစရာ အကြောင်းအရာ ရှားပါးလာသောကြောင့်သာ ဖြစ်၏။ သူရို့ကိုပင် ကျေးဇူးတင်ရလေတော့သည်။ ထို အခန်းဆက် ဆောင်းပါးကို စောင့်ဖတ်သော စာဖတ်သူများကိုဖြင့် အားနာရ လေသည်။

တစ်လောက ကွာလတီ မဂ္ဂဇင်း တစ်စောင်မှ လမ်းထွက် အယ်ဒီတာမလေး တစ်စု အိမ်ရောက်လာသည်။ “စာမူ” ကိစ္စပင်ဖြစ်သည်။ ခေတ်ပေါ် အ၀တ်အစားများ ၀တ်ဆင်ထားကြပြီး လှပငယ်ရွယ် တက်ကြွနေကြသည်။ ထုံးစံအတိုင်း လူငယ်များကို စေတနာ ရေစီးကမ်းပြို လိုက်မိပြန်သည်။
“အေး အေး ရေးပေးမယ် သမီး ရို့။ စာမူပြီးရင် လေးလေး ဖုန်းဆက် လိုက်မယ်”

ပြီးရောပေါ့။ အဲ သဒ္ဓါပိုပြီး
“ဟဲ့ ညည်းရို့တိုက်က ဘယ်နားလဲ။ လေးလေးက တစ်ပတ် တစ်ခါနှစ်ခါ ဂျာနယ်၊ မဂ္ဂဇင်းတိုက်တွေ အလည် ထွက်တယ်။ ကြုံရင် ၀င်လည်ရတာပေါ့”
ဟု သွားပြောမိသည်။ ထိုအခါ
“ဆရာတို့ ခြံရှေ့က ဘတ်စ်ကား ၃၄ စီး၊ တာမွေမှာဆင်း၊ (__)ပြန်စီး။ ဘယ်မှတ်တိုင်ဆင်း၊ ဘယ်လမ်းထဲ လျှောက်ဝင်။ အမှတ်ဘယ်လောက်။ ဘယ်နှလွှာ...” စသည်ဖြင့် လမ်းညွှန် လေရာ ရင်မောရလေသည်။ ရယ်ချင် ပက်ကျိဖြစ်ရလေသည်။ ကျွန်တော်တို့ လို စာရေးဆရာကြီးတွေ ကိုယ်ပိုင်ကား မရှိဟု ထင်နေသော အစွဲကား မပျောက် သေးပါတကား။ စာရေးဆရာ ဟူသမျှ ငမွဲတွေဟု ယူဆသော ၀ါဒသည် ခေတ်မီ ပါသည်ဟုဆိုသော သူငယ်မများအား ဘာကြောင့် ခုတိုင် လွှမ်းမိုး နေပါသနည်း။ ကနေ့ စာရေးဆရာတွေ ဂျင်းဘောင်းဘီ ၀တ်ပြီး စူပါဆလွန်း စီးနေတာ မသိလေရော့ သလား။ သုမောင်ကြီးမှာ ကားတစ်စီးတော့ ရှိပါကြောင်း၊ အနည်းဆုံး ဖိုးသောကြာ ကားလောက်တော့ ကပ်စီးနိုင်ကြောင်း မသိတာ အံ့သြစရာ ဖြစ်သည်။ သည်အတွက် ဂုဏ်ယူနေတာ မဟုတ်ပါ။ အထင်သေး ခံရခြင်း အတွက်လည်း ၀မ်းနည်းစရာ မဟုတ်ပါ။ သို့သော် သူရို့၏ ခေတ်မီ အ၀တ်အစား၊ အနေအထိုင်၊ အပြောအဆို၊ အလုပ် အကိုင်နှင့် အယူအဆ၀ါဒ မဟပ်မိတာကိုသာ စိတ်မကောင်း ဖြစ်နေပါသည်။

No comments: