-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, April 6, 2010

သွေးခွဲစရာမလိုသည့် လူထုနှင့် အောင်ဆန်းစုကြည်


မောင်ရစ်
ဧပြီ ၅၊ ၂၀၁၀
မတ်လ ၂၉ ရက်နေ့ အင်န်အယ်ဒီပါတီရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်ကြီုးဖြစ်တဲ့ “အင်န်အယ်ဒီပါတီသည် ၂၀၁၀ ရွေးကောက်ပွဲဥပဒေအတွက် ထပ်မံမှတ်ပုံတင်ရန် မလိုကြောင်း” ဆုံးဖြတ်ချက်ဟာ အင်န်အယ်ဒီပါတီ၊ ပါတီခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီဘက်တော်သား ပြည်သူလူထုကြီးတရပ်လုံးအတွက် ၁၉၉၀ ရွေးကောက်ပွဲပြီးရင် ဒုတိယအကြိမ်မြောက် ဒီမိုကရေစီအောင်ပွဲတခုဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီစကားကို အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်က ပြောခဲ့ပါတယ်။
နောက် အရေးကြီးတဲ့အချက်တခုက ဒီမိုကရေစီလိုလားသူ ပြည်သူလူထု၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အင်န်အယ်ဒီ လူကြီး၊ လူငယ်အသီးသီးရဲ့ တခဲနက်သော ဆုံးဖြတ်ချက်ဖြစ်တဲ့ “အင်န်အယ်ဒီဟာ ထပ်ပြီးတော့ မှတ်ပုံတင်စရာ မလိုဘူး” ဆိုတဲ့ သဘောထားနဲ့ အကျယ်ချုပ်ခံ၊ အဖြတ်တောက်ခံထားရတဲ့ တိုင်းပြည်ရဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ တထပ်တည်း တသားတည်း ကျနေတယ်၊ သဘောချင်း၊ ရင်ခုန်သံချင်းတူနေတယ်။ တသွေးတည်း တသားတည်း ဖြစ်နေတယ်ဆိုတာကို အထင်အရှား ပြလိုက်တာလည်း ဖြစ်ပါတယ်။
သည်နေရာမှာ ဆရာဦးဝင်းတင်က အလေးအနက် အရေးတကြီး ထောက်ပြတဲ့ အချက်ကတော့ - အင်န်အယ်ဒီပါတီဝင်တွေ၊ ပြည်နယ်နဲ့ တိုင်းက ခေါင်းဆောင်တွေက သူတို့ရဲ့ လွတ်လပ်တဲ့ ရဲရင်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာ ဖြစ်တယ်။ ဒါတွေကို ရက်စွဲအထောက်အထားနဲ့ ပြောမယ်ဆိုရင် မတ်လ ၁၅ ရက်နေ့ စီအီးစီအစည်းအဝေးမှာ စီစီတွေရဲ့ သဘောထားကို မတ် ၂၉ အစည်းအဝေးခေါ်ပြီးတော့ ဆုံးဖြတ်ကြမယ်လို့ မှတ်တမ်းတင်ခဲ့တယ်။ အဲသည်နောက် မတ်လ ၁၈ နောက်ပိုင်းမှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက စီစီ (ဗဟိုကော်မီတီတွေ) တွေ အများစုကနေပြီးတော့ မှတ်ပုံမတင်ရေးကို သဘောထားတွေ ထုတ်ပြန်လာကြတယ်။ မတ်လ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂ တွေမှာ တသွေးတည်း တသံတည်း ထွက်လာတဲ့ တိုင်းနဲ့ ပြည်နယ်တွေကတော့ ကရင်၊ မွန်၊ ရခိုင်၊ မကွေး၊ ကချင်၊ ချင်း၊ ပဲခူး၊ ဧရာဝတီ နဲ့ မန္တလေး ဆိုပြီး ၉ ခု ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါက ဆရာဦးဝင်းတင်နဲ့ စကားပြောမှတ်တမ်းအရနဲ့ ၎င်းမီဒီယာ အင်တာဗျူးများအရ ကောက်နုတ်ပြတာ ဖြစ်ပါတယ်။ အဲသည်လို အင်န်အယ်ဒီပါတီ မှတ်ပုံမတင်ရေး သဘောထားကို အများစုက တညီတညွတ်တည်း ပေးထားခဲ့ပြီးနောက်ပိုင်း မတ် ၂၃ မှာမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို အပြင်ကလူတွေက မီဒီယာတွေ၊ ပြန်ကြားရေးတွေကတဆင့် ကြားကြတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့သဘောထားအနေနဲ့ကတော့ ပါတီကို မှတ်ပုံမတင်လိုဘူး။ သို့သော် ပါတီရဲ့ သဘောထားကို လိုက်နာမယ်လို့ ဆိုလိုက်တာကို သိရှိကြရတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒေါ်စုရဲ့ သဘောထားဟာ ပါတီဝင် အများစုရဲ့ သဘောထားနဲ့ တထပ်တည်း ကျသွားတယ်။ ပြည်သူလူထုရဲ့ သဘောထားနဲ့လည်း တသားတည်း ဖြစ်နေတယ်။ ဒါကြောင့် မတ်လ ၂၉ ရက်နေ့မှာ အင်န်အယ်ဒီပါတီရဲ့ တခဲနက်သော ဆုံးဖြတ်ချက်ကို အားလုံးက ၀မ်းသာအားရ ကြိုဆိုကြတာဖြစ်ပါတယ်။
အများပြည်သူက ၀မ်းသာအားရဖြစ်ကြတယ် ဆိုတာက ပြည်တွင်းမှာဆိုရင် အနှစ် ၂၀ လုံးလုံး ရေငုံနှုတ်ပိတ်နေတဲ့ အင်န်အယ်ဒီရဲ့ ရဲရင့်တဲ့ တခဲနက်သော စည်းရုံးညီညွတ်မှုကို နှုတ်ကနေ ထုတ်ဖော်ပြီး ကြိုဆိုကြသံတွေ ကြားရတယ်။ ပြည်ပမှာဆိုရင်လည်း သာမန်ပြည်သူလူထုက ၀မ်းသာအားရနဲ့ မျှော်လင့်အားတက်ကြကြောင်း ထုတ်ဖော်ပြောကြတယ်။ ၀မ်းနည်းပက်လက်နဲ့ “ဟင်” ကနဲ “ဟာ” ကနဲ အာမေဓိတ်သံကြီး မကြားရပါကြောင်း ကျနော့်အနေနဲ့ သက်သေခံပြီး ပြောလိုက်ချင်ပါတယ်။
ဒါ့အပြင် ပြည်သူလူထုက အင်န်အယ်ဒီပါတီဝင်တွေ ခေါင်းဆောင်တွေအတွက် သူတို့ သတ္တိရှိရှိ ရပ်တည်မှုတွေအတွက် ဂုဏ်ယူကြတာနဲ့အတူ အားပေးစကားသံတွေ၊ သူတို့ အသက်အန္တရယ်တွေ ထိခိုက်လာမှာအတွက် စိုးရိမ်ပူပန်တဲ့ အကြောင်း၊ ၀ိုင်းဝန်း ရပ်တည်ထောက်ခံသွားမယ် ဖြစ်ကြောင်း မေတ္တာပို့သံတွေ ကြားကြရပါတယ်။ အင်း ခက်တာက မီဒီယာတွေ ရေဒီယိုတွေအပေါ်မှာတော့ ယခုကဲ့သို့ “တိတ်ဆိတ်ခြင်း ခံထားရတဲ့” ပြည်သူ့အသံက ဘယ်ကြားကြရမလဲဗျာ။ မောင်ရစ်က ဖော်ကောင်လုပ်ပြီး ဟောသည်က ပါချည်ပါချဲ့ မိုးမခစင်ကလေးကနေ သူတို့အစား အော်ရတယ် မှတ်ပါ။
ဒါကို ဘာကြောင့် စကားပလ္လင်ခံနေရတာလဲ ဆိုတော့ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတ်လ ၂၉ ရက်နေ့နောက်ပိုင်း တဆင့်စကားပါးတဲ့ စကား ၆ ခွန်းထဲက တခုကြောင့် ဖြစ်တယ်။ အင်န်အယ်ဒီပါတီဟာ ဒေါ်စုရဲ့ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ အခြားသူတဦး၏ အပိုင်လည်းမဟုတ်။ ပါတီမှာ အုပ်စုဖွဲ့တာ လူမွေးတာတွေကို ကျမကိုယ်တိုင် လက်မခံလို့ ပြောလိုက်တာဟာ ဒေါ်စုရဲ့ ရှေ့ရေးကို ကြိုမြင်မှု၊ အမျော်အမြင်ရှိမှုတွေကို မီးမောင်းထိုးပြလိုက်တာ ဖြစ်နေပါတယ်။
ဘာကြောင့်လဲ … ဘာကြောင့်လဲ … ။ ဆရာဦးဝင်းတင်ကိုယ်တိုင်ကလည်း အခုလို အရေးကြီးလှတဲ့ မြန်မာပြည်ဒီမိုကရေစီရေးရဲ့ ဒုတိယအောင်ပွဲလို့ ပြောနိုင်တဲ့ မတ် ၂၉ ဆုံးဖြတ်ချက်ကြီးဟာ အင်န်အယ်ဒီအများရဲ့ ဆုံးဖြတ်ချက်နဲ့ ဒေါ်စုသဘောထား တိုက်ဆိုင် ထပ်တူသွားတာ ဖြစ်တယ်လို့ အလေးအနက်ထောက်ပြနေရတာလဲ ဆိုတော့ … မောင်ရစ်လို ခပ်တုံးတုံး အတန်းပညာမတတ်တဲ့ မီဒီယာသမား အနုတ်စုတ် ဂုတ်စုတ်က ဘယ်လိုနည်းနဲ့မှ ဉာဏ်မမီတဲ့အတွက်ကြောင့် တည့်တည့်မေးကြည့်မိတော့မှပဲ ဘွားကနဲ ဉာဏ်အလင်းပွင့်ပါတော့တယ်။
မတ် ၂၉ နောက်ပိုင်းမှာ ပြည်တွင်းအားကိုး ပုဆိန်ရိုးတွေကော၊ ပြည်ပအားကိုး ပုဆိုးရိုးတွေကပါ ဒီဆုံးဖြတ်ချက်ကြီးကို တခဲနက်တည်း အိုးမည်းသုတ်ဖို့ ကြံစည်ပြောဆို ဝေဖန် ပြစ်တင်နေကြလို့ကိုး ဆိုတာ တဖက်က ဒဲ့ဒိုးကြီး ရှင်းပြလိုက်တော့မှပဲ မောင်ရစ်လို ခပ်တုံးတုံး သတင်းစာသမားယောင်ယောင်၊ အူကြောင်ကြောင်ကောင်က သဘောပေါက်တော်မူပါတယ် ခင်ဗျား။
ထုံးစံအတိုင်းပါပဲ ခင်ဗျာ … ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူကိုယ်တိုင် ရွေးကောက်ပွဲမ၀င်ရတဲ့အတွက် သူရဲ့ ခါးပိုက်ဆောင် ပါတီကို အသုံးချပြီး ဘေးတိုက် ကန့်လန့်တိုက် လိုက်တာပါတဲ့ ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလိုမျိုး ကြုံတောင့် ကြုံခဲ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆွမ်းကြီးလောင်းပွဲတော်ကြီးကို မနာလိုမရှုဆိမ့်တဲ့အတွက် သူလူတွေ၊ နောက်လိုက်တွေကို သွေးထိုးလှုံဆော်ပေးပြီး သွေးထိုးမြှောက်ပင့် သဲနဲ့ ပက်ဖို့ လုပ်တဲ့ အကွက်ပါတဲ့ ခင်ဗျ။ အဲသည်လိုပြောကြတဲ့သူတွေထဲမှာ ကာယကံရှင်စစ်အစိုးရက တော်တော်၊ ပြည်တွင်း ပြည်ပ ပုဆိန်ရိုးတွေက အတော်သည်းနေကြတယ် ဆိုတာကိုးလေ။
အော် ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ပါတီဆိုတာ ကျမတဦးတည်းပိုင်မဟုတ်ပါ။ ပါတီမှာ လူမွေးတာ၊ အုပ်စုဖွဲ့တာတွေကို လက်မခံပါလို့ ကြိုကြိုတင်တင် ရှင်းလင်းပေးထားတာ ဖြစ်သလို၊ ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဆရာဦးဝင်းတင်ကလည်း မတ် ၂၉ နောက်ပိုင်း အင်တာဗျူးတွေမှာ၊ စကားတွေ့ဆုံပြောဆိုတဲ့ဆီမှာ ဒီကိစ္စကို အလေးအနက် အရေးတကြီး မီးမောင်းထိုးပြနေတာပါလား ဆိုတာ မောင်ရစ်တို့လို မီဒီယာ့ မီဒီယာသမား (လို့) ဆိုသူတွေက ဆင်ကောင်ကြီး မြင်မှ အရိပ်လောက် သဘောပေါက်မိပါသဗျာ။
အော် … မြန်လိုက်ကြတာနော်။ ပြည်သူနဲ့ ဒေါ်စုအကြား ကြည်လင်နေတဲ့ မေတ္တာ၊ စေတနာ ရေစင်ကို အခုလိုမျိုး နောက်သွားအောင် နှောက်ချင်တဲ့သူတွေ၊ အုပ်စုတွေ၊ သံခင်းတမန်ခင်းသူတွေ၊ ဖျာလိပ်ထမ်းလာသူတွေ အတော်ကြီးကို များလှပါကလားလို့ အံ့သြမင်သက်မိကြောင်းပါ။
အဲဒါနဲ့ တဆက်တည်း မောင်ရစ် တွေးမိတာကတော့ - ဟိုရေဒီယိုတွေမှာ လာ လာနေတဲ့ သီချင်းအသွားကလေးပါ။ ဘာတဲ့ သံသယဆိုသည်မှာ အလကား၊ သံသယ ပျောက်ပါစေ၊ သံသယတို့ ပျောက်ပါစေလေ … ဆိုတဲ့ သီချင်းပါ။ မှန်တာပေါ့ခင်ဗျား။ ကျနော်တို့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူလူထုကြီးကို စစ်အစိုးရကကော၊ ဟိုလိုလို ဒီလိုလို အရေခြုံထားတဲ့ အင်အားစုတွေကပါ သံသယဆိုတဲ့ အမှောင်တိုက်ကြီး၊ အမိုက်တိုက်ကြီးနဲ့ သွေးခွဲထား၊ ပိတ်ဆို့ထား၊ လမ်းမှားအောင် လုပ်ထားတာကြောင့် ငါတို့တတွေ ခုချိန်ထိ အတိဒုက္ခရောက်နေပါကလား ဆိုပြီးတော့ပါ။
အထင်ရှားဆုံး ဥပမာ ၂ ခု ပေးပါမယ်။ ပထမ ဥပမာက ၂၀၀၃ မေလ ဒီပဲယင်း လုပ်ကြံမှုကြီးပါ။ အဲသည် ဒီပဲယင်းလုပ်ကြံမှုကြီးကို အမှောင်ချပြီး ဖုံးကွယ်ထားသူတွေဟာ အလွန်ကို အ-ကုသိုလ်ကြီးလှပါတယ်။ ဒေါ်စုကိုယ်တိုင်က အဲသည် ဒီပဲယင်းလုပ်ကြံမှုကြီးကို ကျမ ပြည်ဖုံးကားချလိုက်ပြီ။ ကျမ သင်ပုံးချေလိုက်ပြီ။ ကျမတို့ တိုင်းပြည်ကြီး ကောင်းကျိုးကို ဆက်လုပ်ကြဖို့ပဲ ဆန္ဒရှိတယ်။ ဒီအတိတ်ကို ကျမ ပြန်မလှန်တော့ပါဘူးဆိုပြီး အဲသည် ၂၀၀၃ မေ ဒီပဲယင်းလုပ်ကြံမှုကြီး ပြီးကတည်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသားရေးတမျက်နှာ၊ တိုင်းပြည်ရဲ့ တမျက်နှာကိုပဲ မျက်နှာမူပြီးတော့ လက်ကမ်းပြီး ကြိုဆိုနေခဲ့တဲ့ အကြောင်းကို မောင်ရစ်တို့လို ငတုံး ငအတွေ ဘယ်လောက် ကြာမှ သိကြရသလဲ?
“ ၇ နှစ် …” “ ၇ နှစ်” … ၇ နှစ်အကြာမှာမှ၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း၊ တပ်မတော်သား အင်န်အယ်ဒီခေါင်းဆောင် ဦးတင်ဦး အကျယ်ချုပ်က ထွက်လာတော့မှ ဆရာဦးဝင်းတင်ကနေတဆင့် မေးမြန်းမိတော့မှ ကျနော်တို့ ပြည်သူလူထုပရိသတ်ကြီးက သိကြရပါတယ်။ အဲသည်အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကိစ္စကို တိုင်းပြည်မျက်နှာတခုတည်းကို ကြည့်ပြီး မေ့ထားလိုက်ပြီ၊ တိုင်းပြည်အရေးကို ၀ိုင်းပြီး ကောင်းစားဖို့ လုပ်ကြစို့ ဆိုတဲ့ သဘောထားရပ်တည်ချက်ကို စစ်အစိုးရကိုယ်တိုင်ကော၊ စစ်အစိုးရ အလိုတော်ရိများက ဖုံးဖိထားပြီးတော့ မြန်မာပြည်သူလူထုကြီးကို သံသယအမှောင်တိုက်ကြီးထဲမှာ လှည့်စားထားခဲ့တယ်။ ၇ နှစ်။ ဒါက တခုပေါ့ဗျာ။
နောက် ဥပမာတခုကတော့ အမေရိကန်က မောင်ယက်တော။ ၂၀၀၉ မှာ ရေကူးပြီးတော့ ဒေါ်စုရဲ့ အိမ်ထဲ ခိုးဝင်ကျူးကျော်တာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ အဲသည်မတိုင်ခင် တနှစ်တုန်းကလည်း ယက်တော ခိုးဝင်ခဲ့ပြီးပြီ။ ဒေါ်စုကလည်း “သက်ဆိုင်ရာတွေ” ကို အကြောင်းကြားခဲ့ပြီးပြီ။ “သက်ဆိုင်ရာ” တွေက ဖုံးဖိထားတယ်။ လျို့ဝှက်ထားတယ်။ အရေးယူဆောင်ရွက်ခြင်း လုံးဝမရှိဘူး။ နောက်တကြိမ် - (ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ပြီးတော့မှ တိုက်တိုက်ဆိုင်ဆိုင်) စစ်အစိုးရ ယက်တော ကို လက်ပူးလက်ကြပ် အင်းယားကန်ရေပြင်ပေါ်မှာ ဖမ်းဆီးမိလို့ဆိုပြီး ဒေါ်စုကို အင်းစိန်ထောင်ထဲထည့် တရားစွဲ အရေးယူဖို့ လုပ်ကိုင်ခဲ့တယ်။ အဲသည်တုန်းကလည်း ပြည်သူလူထုကြီးဟာ “သက်ဆိုင်ရာ” တွေရဲ့ ဖုံးဖိ၊ လျို့ဝှက်ထားမှုတွေ၊ စကားဝှက်တွေ၊ အတိတ်စိမ်းပေးတာတွေ အောက်မှာ မျက်စိလည်ပြီး သံသယအမှောင်တွေ ဖုံးလို့ မတရားအမှုဆင်ခံရတဲ့ သူတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ကြားမှာ သံသယတံတိုင်းကြီးခြား၊ အင်းစိန်ထောင်ကြီး ခြားခဲ့ရတယ်။ အဲဒါ ... ကံကောင်းလို့နော် အကျယ်ချုပ်နဲ့ တက္ကသိုလ်ရိပ်သာလမ်း ပြန်ပို့ခံရတာကိုတောင် ဗိုလ်သန်းရွှေကြီးက သဘောထားကြီးရှာတယ်ဆိုပြီး သာဓုခေါ်နေတဲ့ ပုဆိန်ရိုးတွေက ရှိသေး။
ဆိုတော့ မောင်ရစ် ပြောချင်တာက ၂၀၀၃ ကနေ ၂၀၁၀ အတွင်းမှာ ကျနော်တို့တတွေ၊ ပြည်သူလူထုတတွေဟာ ကြားထဲက သံသယတွေ၊ သတင်းအမှား၊ လုပ်ကြံစကားတွေ၊ ဖုံးဖိလျို့ဝှက်ထားတာတွေ၊ ကောလဟလတွေကြောင့် ကြည်လင်နေတဲ့ ရေစင်တွေဟာ ရေနောက်တွေဖြစ်လို့ အယောင်အယောင် အမှားမှား ဒုက္ခတွေ ပွားကြရတယ်။ ကယ်တင်ရှင်လိုလို သူရဲကောင်းလိုလို အုပ်စုတွေ အိယောင်ဝါးတွေက အမှောင်ကိုခိုပြီး ပြည်သူလူထုကို အချောင်နှိုက်ဖို့ အစွမ်းကုန် ကြံစည်ခဲ့ကြတယ်။
အဲသည်အချိန်မှာ ၂၀၁၀ ဥပဒေတွေ၊ ၂၀၁၀ ရွေးကောက်ပွဲတွေကို ဆိုင်းတွေ ဗုံတွေနဲ့ မျောက်မင်းအူသံ ဇာတ်ခင်းပြီး ထုတ်လာချိန်မှာ ကံကောင်းထောက်မလို့ ပြည်သူလူထုကြီးရဲ့ ရင်ထဲ အသည်းထဲက သစ္စာကို အတိုင်းသား မြင်တဲ့၊ အမြင်ရှင်းတဲ့ နိုင်ငံရေးသီလ သန့်စင်တဲ့ အင်န်အယ်ဒီပါတီကလူကြီးလူငယ်တွေက (အများစုက) မှန်ကန်ညီညွတ်တဲ့ ဆုံးဖြတ်ချက်သဘောထားတွေကို အပိတ်ဆို့ အတားဆီး အဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသစ္စာ၊ သမာဓိနဲ့ သီလနဲ့ ထပ်တူထပ်မျှ၊ တစိတ်တ၀မ်းတည်း၊ တသွေးတည်း တသားတည်း အခုလိုမျိုး ချမှတ်လိုက်နိုင်တာ၊ ဆုံးဖြတ်လိုက်နိုင်တာသည် အလွန် ၀မ်းသာ ဂုဏ်ယူစရာကောင်းလှတာဟာ အလွန်မင်္ဂလာရှိတဲ့၊ သာဓုခေါ်ထိုက်တဲ့ ဖြစ်ရပ်မော်ကွန်းပါပဲလို့ မောင်ရစ်က ဆိုလိုက်ချင်တာပါပဲ ခင်ဗျာ။
ခေါင်းစဉ်ပေးထားတဲ့အတိုင်း ထပ်ပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူကို သွေးခွဲနေစရာ မလိုပါ။


© 2010 MoeMaKa Radio & Multimedia

No comments: