-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, April 26, 2010

လွမ်းတော်မူ စာကိုစီ



နှင်းပန်းအိမ် | တနင်္လာနေ့၊ ဧပြီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၄၁ မိနစ် .




ကဆုန်လဆန်း ၁၄ ရက် အဖိတ်နေ့မို့ လမင်းကြီးကလည်း ဒုက္ခသည်စခန်းကို ငုံ့ကြည့်ရင်း တလောကလုံးကို လရောင်တွေနဲ့ ဆွတ်ဖျန်းပေးနေတယ်။ မိုးရွာပြီးစ မြေသင်းနံ့က ညလေညင်းနဲ့အတူ နို့ဖိုးတောင်ဘက်ကနေ ဝေ့တက်လာတယ်။ အဖိတ်နေ့ညမို့ မြို့မငြိမ်းရဲ့ “နှစ်ယောက်တည်း နေချင်တယ်ဆိုတဲ့ လရောင်”၊ မဟာမြိုင်တောက လရောင်၊ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ထဲက လရောင်တွေကို ကျမ သတိရနေမိတယ်။

လမင်းထိန်ထိန်သာတဲ့ လရောင်အောက်မှာ ဝိုင်းဖွဲ့စကားပြောတတ်တဲ့ စကားဝိုင်းမျိုး ဒီမှာမရှိဘူး။ လရောင်ကို လွတ်လွတ်လပ်လပ် ခံစားနိုင်ဖို့ နေရာကျယ်ကျယ်လည်း မရှိပါဘူး။ ည ၉ နာရီ မီးရောင်မမြင်ရဆိုတဲ့ နေရာမှာ လူရိပ်လူယောင်လည်း မမြင်ရတော့ဘူးပေါ့။ ဒီတော့ ကိုယ့်တဲအိမ်လေးတွေထဲမှာ တိတ်ဆိတ်ငြိမ်သက်နေရတဲ့ ဒုက္ခသည်တွေ အိပ်ပျော်အောင် အိပ်သူလည်းရှိ၊ အိပ်မပျော်သူတွေကလည်း မြို့မငြိမ်းရဲ့ နှစ်ယောက်တည်းဆိုရင် ဆိုတဲ့ သီချင်းစာသားကို အဓိပ္ပာယ်ဖွင့်ကြပေါ့။ ဒီလိုနဲ့ ဒုက္ခသည်စခန်းလေးက တိတ်ဆိတ်ငြိမ်သက်လို့ တစစအိပ်မောကျသွားသလို လမင်းကြီးလည်း တဖြည်းဖြည်း လင်းထိန်လို့လာတယ်။

ဒီလိုလရောင်အောက်မှာ ကျမနဲ့ သားငယ် ကလေးမြို့ ထောင်ဝင်စာခရီးကအပြန် ချင်းတွင်းမြစ်ထဲက မော်တော်ပေါ်မှာ အိပ်ခဲ့ဖူးတယ်။ လှိုင်းက မော်တော်ကိုပုတ်ရင် လူးလိမ့်သွားတဲ့အခါ ပုခက်ထဲ ကလေးချော့သိပ်သလိုမို့ သားက အိပ်ပျော်ပေမယ့် ကျမ အိပ်မပျော်ခဲ့ဘူး။ ကလေးအကျဉ်းထောင်ထဲမှာ ကျန်ခဲ့တဲ့ ခင်ပွန်းသည်ကို စိတ်မချတဲ့အပူ၊ ကျမတို့သားအမိရဲ့ ဘဝရှေ့ရေး စတာတွေကို တွေးပြီး လရောင်အောက်မှာ ကျမ ငိုဖူးတယ်။ ကောင်းကင်က လမင်းကို တမိုးအောက်မှာ အတူကြည့်ခွင့်မရတဲ့ ကျမတို့ ဘဝကို တွေးပြီး ထိထိခိုက်ခိုက် ဖြစ်ရတာလေ။ ကျမရဲ့ အလွမ်းကို ကူပံ့ခဲ့တာ တန်ဆောင်မုန်းလပြည့်ပေါ့။

တိမ်စတွေကင်းပြီး လမင်းထိန်ထိန်သာနေတဲ့ ချင်းတွင်းမြစ်က နံရိုးပြိုင်းပြိုင်းထလို့။ အဲဒီနံရိုးတွေရဲ့ ကမ်းစပ်ကိုင်းတောထဲမှာ တဲအိမ်လေးတွေ ရှိတယ်။ မြစ်ထဲမှာ ပိုက်ချနေတဲ့ တံငါလှေကလေးတွေဆီက မီးမှိန်မှိန်လေးတွေကလည်း မျက်စပစ်ပြနေသေးတာ။ တန်ဆောင်တိုင်ပွဲတော်ညဆိုတော့ ကမ်းစပ်ရွာတွေမှာ ဇာတ်ပွဲပြနေကြတာမို့ မော်တော်သမားတွေက မုံရွာကို မနက် ၆ နာရီမှ ဝင်ရမယ့်အတူတူ ဒီမှာ မော်တော်ကမ်းကပ်ပြီး ပွဲကြည့်မယ်လို့ ခရီးသည်တွေကို ပြောတယ်။ ယောက်ျားခရီးသည်၊ မိသားစုအဖွဲ့ခရီးသည်တွေက လက်ခံကြတယ်။ မုံရွာတံတားမရောက်ခင် အလုံစစ်ဆေးရေးဂိတ် ကမ်းကပ်ပြီး မိုးအလင်းစောင့်ရမယ့်အတူတူ ဒီမှာ ပွဲဝင်ကြည့်တာမှ တော်သေးတယ်လို့ တွေးပုံရကြတယ်။ ကျမတို့သားအမိကတော့ စိတ်ဒဏ်ရာရနေသူမို့ ပွဲကြည့်နိုင်ဖို့ စိတ်ခွန်အား မရှိပါဘူး။ ဒီတော့ သက်ကြီးရွယ်အို မိန်းမခရီးသည်တွေနဲ့အတူ မော်တော်ပေါ်မှာပဲ ကျန်ခဲ့တယ်။




တတယ်ဆို အမြန်ယာဉ်မော်တော်က မုံရွာဆိပ်ကမ်းကို ညနေ ၃ နာရီ ရောက်ရမှာလေ။ ဒါပေမဲ့ သင်တောမှာ ထမင်းစားနားပြီး မော်တော်ပြန်အထွက်မှာ စက်ပျက်သွားတဲ့အတွက် သင်တောရွာက မော်တော်အသေးလေးကို အမြန်ယာဉ်နဲ့တွဲပြီး ချင်းတွင်းမြစ်ကို စုန်ခဲ့တာ။ ရေစုန်မျောတယ်ဆိုတာ ဒါမျိုးကို ခေါ်တာပေါ့။ ခရီးက ခရီးသည်ရှဲု သဘောမဟုတ်ဘူးဆိုတာ နှလုံးသွင်းထားနိုင်ကြတယ်။ စက်ချို့ယွင်းလို့ ချင်းတွင်းမြစ်ထဲမှာ အမြန်ယာဉ်တွေမှောက်လို့ ခရီးသည်ဘယ်နှဦး သေသွားတယ်ဆိုတဲ့ သီတင်းတွေကြားမှာပဲ ခရီးတွေ သွားနေကြရတာ။

ချင်းတွင်းမြစ်ရဲ့ အထင်ကရရှိလှတဲ့ အထက်မှာ ပေ၊ အောက်မှာ ရွှေ၊ အလယ်ဝက်သိုက် မျက်ဖြူစိုက်ဆိုတဲ့ အထင်ကရရှိလှတဲ့ ဝဲတွေကလည်း မိုးတွင်းဆို ကြောက်ဖို့ကောင်းလှတယ်။ ဝဲနေရာတွေရောက်ပြီဆို မော်တော်သမားတွေ စက်ရှိန်လျှော့ထားသလို ကျမတို့ခရီးသည်တွေလည်း စိတ်ကိုလျှော့ပြီး ပိုင်ရာဆိုင်ရာ နတ်ဒေဝါတွေကို တိုင်တည်မေတ္တာပို့ ဆုတောင်းကြတယ်။ ဝဲကြီးရဲ့ အော်မြည်သံတွေကြားမှာ ရေသတ္တဝါတွေကို အစာကျွေးကြတယ်။ အန္တရာယ်ကင်းအောင်ဆိုတဲ့ စိတ်နဲ့ပေါ့။

မြစ်ရေတိုးတဲ့ ဝါဆိုဝါခေါင်သာ ကြောက်ဖို့ကောင်းတဲ့ ချင်းတွင်းက တန်ဆောင်မုန်းလမှာတော့ ချစ်ဖို့ကောင်းနေပြန်တယ်။ သဘာဝတရားရဲ့ အလှတရားတွေဟာ အံ့မခန်းနိုင်ရှိခဲ့တယ်ဆိုတာ ချင်းတွင်းက သက်သေပြခဲ့ပါတယ်။ ချင်းတွင်းမြစ်ထဲက မော်တော်ပေါ်အထိ ပျံ့လွင့်လာတဲ့ သီချင်းသံက လွမ်းလွမ်းဆွေးဆွေး အသံဝါဝါနဲ့ သီဆိုလိုက်တဲ့ ဇာတ်မင်းသားရဲ့ သီချင်းကလည်း ရှားရှားပါးပါး “လက်ဝဲသုန္ဒရ” တဲ့။

နေရောင်မထိုး၊ ညှိုးငယ်စိတ်ဝယ်မောအောင် တောတောင်ရေမြေ ……
ပင်မြင့်တွေ၊ ပင်စောက်တွေ၊ အပင်အောက်ခြေ ………
ဝင်ရောက်သူလည်း အသည်းဝယ်ဖိုမလေ …….
အထက်ဆိုက်ဘဝဂ်ကို တက်မလိုညို့ဆိုင်း ……
မို့မို့မိုမို ညို့ညို့ ညိုညို ရှုမျှော်တိုင်းအုံ့မှိုင်းသီခေါင်ဗွေ …….
ဝေးရပ်ဆီနယ်မြေလွမ်းစ တဝေဝေ …… တဲ့။

တကယ်ပါပဲ။ သီချင်းသံက မော်တော်ပေါ်က ကျမတို့ကို မျက်ရည်ကျအောင် လုပ်လိုက်တယ်။ ပွဲပြီးလို့ ပြန်လာတဲ့ မော်တော်သမားတွေ၊ ခရီးသည်တွေက မော်တော်ပေါ်မှာ ကျန်ခဲ့တဲ့ ကျမတို့ကို အိပ်ပျော်နေကြလားလို့ နှုတ်ဆက်တယ်။ ကျမတို့က ပွဲခင်းကအသံတွေ နားထောင်နေရတာ ပွဲကြည့်နေသလိုပဲဆိုတော့ ဟုတ်လားတဲ့။ ပွဲက သိပ်ကောင်းတာပဲလို့လည်း ပြောကြတယ်။ မော်တော်ထွက်တော့ ကောင်းကင်မှာ ရောင်နီသန်းနေပြီ။ မော်တော်ဆရာက လက်ဝဲသုန္ဒရသီချင်းဆိုတော့ ကျမတို့က ဒီမော်တော်ကို ဒီဇယ်နဲ့ မောင်းတာမဟုတ်ဘူး။ သီချင်းနားထောင်ပြီး မျက်ရည်ကျတဲ့ ခရီးသည်ရဲ့ မျက်ရည်နဲ့ မောင်းတာဆိုတော့ ရယ်လိုက်ကြတာလေ။

ဘဝဆိုတာ စိတ်ကူးယဉ်တာတွေ၊ ဖြစ်ချင်တာတွေ၊ မဖြစ်ချင်တာတွေ၊ ဖြစ်နိုင်တာတွေ၊ မဖြစ်နိုင်တာတွေနဲ့ ဖွဲ့စည်းထားတာလို့ ကျမ ခံစားမိတဲ့အချိန်က ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဖြစ်နေတဲ့ အချိန်ပေါ့။ ဘဝဆိုတာ ထင်သလို မဖြစ်ဘဲ၊ ဖြစ်ချင်တာ ဖြစ်ပါလားဆိုပြီး ကိုယ်ဖြစ်လာတဲ့ဘဝကို ရင်ဆိုင်ရပါတော့တယ်။ ကျမတို့ ဘဝသစ်မှာ သတင်းတွေကို အထူးနားထောင်ရတယ်။ ကန့်ရဲ့ စခန်းတွင်း အခြေအနေကို ထုတ်ပြန်တဲ့ သတင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးက အလှူရှင်တွေ၊ ဒုက္ခသည်တွေအပေါ်ထားတဲ့ သဘောထားတွေ၊ ကိုယ့်အမိမြန်မာပြည်က နိုင်ငံရေးအခြေအနေတွေ အစရှိတာတွေကိုပေါ့။ ဒီရက်ထဲမှာပဲ BBC ရဲ့ သတင်းပေးပို့ချက်က ဒုက္ခသည်စခန်းတခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားရပါတော့တယ်။

ဒုက္ခသည်တွေကို ၁၉၈၃ ခုနှစ်ကတည်းက လက်ခံထားရတဲ့အတွက် ထိုင်းနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေကိုပါ ထိခိုက်လာတယ်။ ဒုက္ခသည်တွေဟာ ကမ္ဘာ့အလှူရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။ အဲဒီ့လိုကြောင့် မြန်မာပြည်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးရင် ဒုက္ခသည်တွေကို နိုင်ငံတကာအဆင့်မီ ပြန်ပို့မယ်တဲ့။

ဒီသတင်းက ဒုက္ခသည်တွေရဲ့ ကံကြမ္မာနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ သတင်းမို့ ရေဒီယိုသတင်း နားထောင်ရသူက နားမထောင်ရသူတွေကို လက်တို့ သတင်းပို့ပါတယ်။ သတင်းကြားရသူတွေက မောစရာကြားက ရယ်စရာဖြစ်အောင် အပူရုပ်ကို ဟန်လုပ်ကြသူတွေ ရှိတယ်။ တဲအိမ်တွေ ပြင်ကြဆင်ကြ၊ မိုးကြကာကြချိန်မို့ ဒီအတိုင်းပဲ ထားရမလား၊ ဆက်ပြင်ရမလား၊ ဆက်မိုးရမလားဆိုတဲ့ အတွေးတွေလည်း ဝင်လာရတယ်။

မိုးကလည်း ဟန်ရေးတပြပြနဲ့ ရွာမယ်လို့ဟန် တပြင်ပြင်။ ဒီတော့ ဒုက္ခသည်တွေ ဆင်နင်းရင်တောင် ထူးမပြားဘူးဆိုပြီး အိမ်ဆက်မိုးကြတယ်။ အိမ်မိုးတဲ့သူတွေက တဲအိမ်ခေါင်မိုးပေါ်ကနေ ဘယ်သူရေ ဘယ်ဝါရေ တို့တွေ ပြန်ပို့ခံရရင် နေပြည်တော်မှာ ခြေရင်းခေါင်းရင်းနေကြမယ်။ မခွဲဘူးနော်သိလား။ ကိုယ့်ဘိုင်အို ငြိမှာ မပူရဘူး။ လက်ဗွေ ငြိမှာ မပူရဘူး။ Hold ဟိုးဖြစ်မှာ မပူရဘူး။ ဆေးစစ်စရာ မလိုဘူး။ ဆေးမအောင်မှာ မပူရဘူး။ နာမည်တူ မကြောက်ရဘူးလို့ ဆိုတဲ့သူက ဆိုကြတယ်။ ဟိုးတို့၊ ပယ်ချတို့ဆိုတာ ဒုက္ခသည်တွေထဲမှာ ထပ်ဆင့်ဒုက္ခခံနေရသူတွေပေါ့။ ဘယ်အချိန်မှ ဘယ်နိုင်ငံက ခေါ်မယ်ဆိုတာ မသိရသူတွေ။ ဘယ်လောက်ကြာကြာ ဒုက္ခခံရဦးမယ်ဆိုတာ မသိရသူတွေပါ။

သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို လူသစ်ဒုက္ခသည် ကျမတို့ စာနာနိုင်ပါတယ်။ တာဝန်ရှိသူတွေလာလို့ သူတို့ရဲ့ သောင်မတင်ရေမကျ အခြေအနေကို မေးဖို့ တွန့်ဆုတ်ဝန်လေးနေကြသူတွေပါ။ တာဝန်ရှိသူတွေရဲ့ ထိုင်းနိုင်ငံတခုထဲက ဒုက္ခသည်ကိုပဲ ဖြေရှင်းရတာ မဟုတ်ဘူး။ နိင်ငံ ၁၅ နိုင်ငံရှိတယ်ဆိုတဲ့ လေသံက ဆောင်းလေလိုပဲ။ ဒီစကားသံတွေက ဒုက္ခသည်ကို စိတ်ဒုက္ခ အဆစ်ပေးလိုက်သလိုပဲ။ ဒုက္ခသည်ကို မေးမြန်းတဲ့ အင်တာဗျူးက ဘဝစာမေးပွဲပါ။ ဒီစာမေးပွဲဖြေရတဲ့ ဒုက္ခသည်ရဲ့ အဖြေက ဘယ်လောက်သမိုင်းဝင် မှန်ကန်နေပါစေ၊ ကိုယ့်ကိုခေါ်မယ့် နိုင်ငံရဲ့ ဥပဒေနဲ့ အမှတ်ပေးတာမို့ ကိုယ်ဖြေဆိုတုန်းက အခြေအနေက တမျိုး၊ အောင်စာရင်းထွက်ခါနီးမှ တမျိုးဖြစ်ပြီး Hold ဟိုးဖြစ်သွားတာကတော့ ကံကိုယိုးမယ်ဖွဲ့ရတော့မယ်။ တချို့ကလည်း ဆန်းဆန်းပြားပြား၊ တတိယနိုင်ငံထွက်ဖို့ အင်တာဗျူးတွေအားလုံး အိုကေ…။ ဒါပေမဲ့ ကိုယ့်လက်ဗွေက ခေါ်မယ့်နိုင်ငံက လူဆိုးစာရင်းထဲကသူရဲ့ လက်ဗွေနဲ့တူလို့ အချိန်ဘယ်လောက်ကြာမယ် မပြောနိုင်ဘူး။ အမှုရှင်းနိုင်မှ အကြောင်းကြားမယ်ဆိုတဲ့ အဖြေက ဒုက္ခသည်အတွက် နက်ဖြန် သို့မဟုတ် ဘယ်သောအခါပေါ့။

ဒုက္ခသည်အခွင့်အရေး တခုရတိုင်း ဂုဏ်သိက္ခာတွေ ဖဲ့ဖဲ့ပေးရသလို ခံစားရတယ်လို့ ကျမ ပြောခဲ့ဖူးပါပြီ။ ကျမတို့ ရိက္ခာရဖို့ နှစ်ချီစောင့်ခဲ့ရတယ်။ ၁ နှစ်ကျော်မှ ရိက္ခာရပါတယ်။ ကျမတို့ရဲ့ ဘဝတန်ဖိုးကို ဆန်တဗုံး၊ ဆီတလီတာနဲ့ နှိုင်းယှဉ်ခံရတိုင်း သိပ်ကိုကြေကွဲရပါတယ်။ ဆန်၊ ဆီ၊ မီးသွေး ရပေမယ့် နေ့စဉ်စားဖို့ ဟင်းစားကို ဖန်တီးရတဲ့ ဒုက္ခသည်အတွက် တွေးသာကြည့်ပေတော့။ အပြင်ထွက် အလုပ်လုပ်မရ။ စခန်းထဲမှာလည်း အလုပ်က ရှားရှားပါးပါး။ ဒီတော့ တတိယနိုင်ငံရောက်နေတဲ့ မိတ်ဆွေ၊ မိဘဆွေမျိုးဆီ အကူအညီတောင်းရတဲ့ အသံတွေက စခန်းတခုလုံး ဆူလို့ညံလို့။ တတိယနိုင်ငံက သူက အဆင်မပြေတာကြောင့် မပေးနိုင်လို့၊ မပေးချင်လို့ရှိရင်” ဟဲလို မကြားရဘူး၊ ဘယ်က ဆက်တာလဲ၊ ဘယ်သူလဲ၊ ဖုန်းလိုင်းမကောင်းဘူး” ဆိုပြီး ဖုန်းချသွားရော။ ဒီဘက်ကသူက တကယ် ဖုန်းလိုင်းမကောင်းဘူးထင်ပြီး အော်ပြော။ ဖုန်းဆိုင်ကို စိတ်ဆိုး၊ ဆိုင်ဖွင့်ပြီး လိုင်းကောင်းအောင် မလုပ်ဘူးပေါ့။ ရတယ်၊ လိုင်းကောင်းတဲ့ဆိုင် သွားမယ်ဆိုပြီး ဆက်လည်း ဒီအတိုင်းပဲ။ နောက်မှ သဘောပေါက်ကြတာ။ ဒါပေမဲ့လည်း မာနနဲ့ တင်းမခံရဲပါဘူး။ မေ့လောက်ရင် သွားဆက်ရတာပဲ။

စစ်ပြေးဒုက္ခသည် ပအိုဝ့်မလေးက ဒုက္ခသည်ရိက္ခာကို နို့သက်ခံ မစို့ချင်ပါဘူး။ မလွှဲသာလို့ စားနေတာ။ တနေ့တနေ့ ထမင်းချက်စားလိုက်၊ မိုးလင်းလိုက်၊ မိုးချုပ်လိုက်နဲ့။ လူက ဘာနဲ့တူသလဲဆိုတော့ ဝပ်ကျင်းထဲက ထလာတဲ့ နွားလိုပဲ။ လုပ်ငန်းခွင်ထဲ ရောက်တော့ နွားက ခိုင်းမရတော့ဘူး။ အကျင့်ဖြစ်သွားပြီ။ လူက အလုပ်မလုပ်ရတော့ ဘယ်လိုနေရမှန်းကို မသိတော့တာ။ အရမ်းအလုပ်လုပ်ချင်တယ်” တဲ့။ သူက မိန်းကလေးဆိုပေမယ့် သူ့အိမ်အတွက် ရိက္ခာရတဲ့ ဝါးအင်ဖက်ကို ကိုယ်တိုင်သယ်၊ အိမ်ကို ကိုယ်တိုင်မိုးတဲ့ သူပါ။

ကျမတို့ဒုက္ခသည်တွေ စားရတဲ့ ဟင်းစားက ရေခဲအဆင့်ဆင့် ရိုက်ထားတဲ့ သားငါးတွေ။ အသီးအရွက်က ရှားတယ်။ တခါတရံ ရေချိုငါး စားချင်တဲ့၊ လတ်ဆတ်တဲ့ သားငါး အသီးအနှံ စားချင်တာ အရမ်း။ ရာသီစာဆိုတာ ဒီမှာမရှိဘူး။ ရာသီမသိ ပန်းနဲ့ညှိလို့ရတဲ့ နေရာမဟုတ်ဘူး။ ဒီလိုနေရာမှာ နိုင်ငံတကာ အလှူရှင်တွေအတွက် ဒုက္ခသည်တွေက ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီဆိုတဲ့ သတင်းစကားက စိတ်နှလုံးညှိုးနွမ်းရပါတယ်။ ကျမတို့က လက်ဝါးဖြန့်ချင်သူတွေ မဟုတ်ပါဘူး။ လက်သီးဆုပ်ချင်ကြတဲ့ သူတွေပါ။

ကျမတို့နိုင်ငံမှာ ဒုက္ခသည်တွေရဲ့ မိရိပ်ဖရိပ်၊ ဆွေရိပ်မျိုးရိပ်တွေ ရှိတယ်။ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတွေ ရှိတယ်။ ချစ်ခင်နှစ်လိုဖွယ် ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ရှိတယ်။ ဇာတိသွေး ဇာတိမာန်တွေ ရှိတယ်။ ဒုက္ခသည်ကျမတို့ မျှော်နေရတာက ကျမတို့တိုင်းပြည်မှာ ဒီမိုကရေစီရဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေ လွတ်မြောက်ဖို့။ စစ်အာဏာရှင် မရှိတော့ဘဲ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ တည်ဆောက်တဲ့ ခေတ်သစ်မြန်မာနိုင်ငံမှာ ကျမတို့ စုပေါင်းပြီး ခေတ်ခရီးကို အတူလျှောက်ကြမယ်။ ကျမတို့ တတ်နိုင်တဲ့ အားနဲ့ တိုင်းပြည်ကို ပုခုံးထမ်းတင်ကြမယ်။ ဒီလိုစိတ်ကူး ဒုက္ခသည်မှမဟုတ်ဘူး နေရာဒေသအသီးသီးမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာလူမျိုးတိုင်းမှာ ရှိပါတယ်။ အဲဒီနေ့ကို ရောက်ရမှာ မလွဲပါဘူး။ အဲဒီအချိန်ကျရင် အေဝမ်းဆရာညှာရဲ့ အောင်စည်ရွှမ်းသံနဲ့ ပြည်တော်ဝင်ကြမယ်။




ကျမတို့အားလုံး လွမ်းရတဲ့အထဲမှာ ဘုရားပုထိုးစေတီတော်တွေ ပါတယ်။ အခါကြီးရက်ကြီးမှာ ဒေသအသီးသီးက လူတွေ ဘုရားကျောင်းကန်သွားပြီး ကိုယ်ထိလက်ရောက် ကုသိုလ်ဒါန ပြုကြမယ်။ ကုသိုလ်စိတ်နဲ့ နေကြမယ်။ လူ့အဖွဲ့အစည်း အကြီးကြီးထဲမှာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနေကြရော့မယ်။ အခု ကျမတို့နေတဲ့ နေရာမှာ ဘုရားပုထိုးစေတီမရှိ၊ မုခ်ဦးမရှိ၊ တံတိုင်းမရှိ၊ ခြင်္သေ့မရှိ၊ လေအဝှေ့မှာကြားရတဲ့ ဘုရားဆီက ဆည်းလည်းသံလည်း မကြားရ။ လွမ်းရတဲ့ အလွမ်းများတော့။

ဓလေ့ထုံးစံတွေနဲ့ ဝေးနေရတဲ့ ကျမတို့တွေ သင်္ကြန်အကြိုနေ့မှာ သင်္ကြန်ဒိုးသံ၊ သင်္ကြန်သီချင်းတွေနဲ့ သင်္ကြန်ကို မကြိုရဘဲ သင်္ကြန်အကြိုနေ့ မနက် ၁ နာရီမှာ သေနတ်သံတွေနဲ့ နိုးခဲ့ရပါတယ်။ သေနတ်သံဆိုတာကို စစ်ပြေးဒုက္ခသည်တွေ ကြောက်သလို၊ နိုင်ငံရေးဒုက္ခသည် ကျမတို့လည်း ထိတ်လန့်တုန်လှုပ်ရတာလေ။

၁၉၆၂ ခုနှစ် 7 ဂျူလိုင် အရေးအခင်း သေနတ်သံကနေ ရှစ်လေးလုံး အရေးတော်ပုံက သေနတ်သံ၊ ရွှေဝါရောင် သံဃာ့အရေးအခင်း ကတ္တရာလမ်းပေါ်က သေနတ်သံတွေအထိ ပြည်သူလူထုကို ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ သေနတ်သံတွေပေါ့။ အခုလည်း ဒုက္ခသည် ကျမတို့ သေနတ်သံတွေကြားတော့ အိပ်ယာထဲကနေ ငုတ်တုတ်ထထိုင်တဲ့အထိ ကြောက်သွားရတာ။ ကျမတို့အားလုံး ဘယ်ပြေးရမှန်းမသိ၊ ဘာ့ကြောင့် သေနတ်သံတွေ ကြားရမှန်းမသိနဲ့ ငုတ်တုတ် မိုးလင်းစောင့်ပြီး သီတင်းစုံစမ်းရတယ်။ ညတွင်းချင်း အပြင်ထွက် စုံစမ်းလို့မရ၊ သံချောင်း ခေါက်မရ၊ ဗျို့ဟစ်မရတဲ့ နေရာလေ။ စခန်းအုပ်ချုပ်ရေး ထိုင်းအာဏာပိုင်တွေကို သြဆော်လို့ ခေါ်ကြပါတယ်။ စခန်းအပြင်ဘက် ဘုရင့်ဘေးမဲ့သစ်တော စောင့်ရှောက်သူတွေကို ပါမိုက်လို့ ခေါ်ကြပါတယ်။ ထိုင်းလူမျိုး သြဆော်နဲ့ ပါမိုက်တို့ သင်္ကြန်ကို သေနတ်ပစ်ဖောက်ပြီး အပြိုင်ကြိုကြတာပါတဲ့။ ကောင်းပါလေ့။

ကဆုန်လပြည့်အကြို လရောင်အောက်မှာ လရောင်ကို ခံစားရင်း ချင်းတွင်းမြစ်ထဲရောက်လိုက်၊ စစ်ကိုင်းတောင်ရိုး၊ ဧရာဝတီ၊ ရွှေတိဂုံ၊ မဟာမြတ်မုနိ၊ အို.. စုံလို့.. စုံလို့။ ကျမ စိတ်နဲ့ ရောက်နေလိုက်တာ…။ လက်ရှိမှာတော့ ဒုက္ခသည်စခန်းထဲက ဝါးနဲ့ ဆောက်ထားတဲ့ တဲအိမ်လေးထဲမှာ။ တောတောင်တွေ အထပ်ထပ်ကို ကျော်ဖြတ်ပြီးမှ ရောက်ရတဲ့ နေရာလေ။ တောင်တွေ ဝန်းရံထားတဲ့ နေရာပေါ့။ ကျမရောက်နေတဲ့ နေရာက မဲဇာဆိုရင် တမျိုးများ ဖြစ်သွားမလား။ ကျမ မဲဇာက လက်ဝဲသုန္ဒရရဲ့ မဲဇာမဟုတ်သလို၊ ဆရာကြီးဒဂုန်တာရာရဲ့ မဲဇာလည်း မဟုတ်ပါဘူး။ ကျမရင်ထဲက ခံစားနေရတဲ့ မဲဇာအသစ်ပါ။ လက်ဝဲသုန္ဒရရဲ့ မဲဇာ၊ ဆရာကြီးဒဂုန်တာရာတို့ရဲ့ မဲဇာက ဂုဏ်သိက္ခာရှိတဲ့ မဲဇာပါ။

ဝေးရပ်ဆီနယ်မြေ၊ လွမ်းစတဝေဝေ ………………….
အကြိုက်စရိုက် အလိုလိုက်ခဲ့တဲ့ မောင်တို့ဖေ ……….
ရှေးဝဋ်ကြွေးမကင်းပြန်၊ ရာဇဒဏ်မြေ ……………….။

ချင်းတွင်းမြစ်ကမ်းဘေး ဇာတ်ပွဲက ဇာတ်မင်းသားရဲ့ သီချင်းသံကို ကြားယောင်ပြီး ကြက်သီးထအောင် တမြေ့မြေ့ ခံစားလိုက်ရပါတယ်။ ကိုယ့်ကြမ္မာ၊ ကိုယ့်ဂုဏ်သိက္ခာကို မေ့ထားပြီး နေရတဲ့ ဒုက္ခသည်စခန်း မဲဇာကနေ စိတ်သွားတိုင်း ကိုယ်ပါကြေးဆို ကျမတို့ အမိမြန်မာပြည်ကို ရောက်နေပြီ။

ဘယ်သူမှ နိုင်ငံတကာ အဆင့်မီနည်းနဲ့ ပို့စရာကို မလိုပါဘူးဆို …..။ ။



.
..© Copyright 1998 - 2009 Mizzima News. All Rights Reserved

No comments: