-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, April 26, 2010

မြန်မာ့နိုင်ငံရေးဓလေ့


ဦးအောင်ခင် (သုံးသပ်ချက်)


၂၆/ ဧပြီ ၂၀၁၀


အစိုးရစနစ်ကို လေ့လာရာမှာ လူများစုအုပ်ချုပ်ရေး၊ လူတစုအုပ်ချုပ်ရေး၊ အကြွင်းမဲ့အာဏာရှင်စနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ် စသဖြင့် အမျိုးမျိုးခွဲခြားသတ်မှတ်ပြီး ကောင်းကျိုးဆိုးပြစ်ကို ဆန်းစစ်လေ့ရှိတယ်။ အခုခေတ်မှာ အကြွင်းမဲ့အာဏာရှင်စနစ်နဲ့ ဘုရင်စနစ်ကို လက်မခံကြတော့ဘူး။ အစဉ်အလာအရ ဘုရင်စနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာလည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကသာ အာဏာရှိပြီး ဘုရင်ဟာ အမည်ခံသာဖြစ်လာတယ်။ လူတစုအုပ်ချုပ်ရေးစနစ်နဲ့ အာဏာရှင်စနစ်ကို မကောင်းတဲ့အစိုးရစနစ်အဖြစ် သတ်မှတ်ထားကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအပါအ၀င် တိုင်းပြည်အချို့မှာ မကောင်းတဲ့အစိုးရစနစ်တွေ သက်ဆိုးရှည်နေတဲ့အတွက် နိုင်ငံရေးသိပ္ပံလေ့လာရာမှာ အုပ်ချုပ်ရေးစနစ် ပုံစံကိုသာမကဘဲ ဒီလိုအစိုးရစနစ်မျိုးကို လက်ခံထားတဲ့ လူ့အဖွဲ့အစည်းကိုလည်း ဆန်းစစ်ဖို့ လိုတယ်လို့ ယူဆလာကြတယ်။

ဒီမိုကရေစီအမည်ခံပြီး ရှင်ဘုရင်လို အာဏာရှင်စနစ်ကျင့်သုံးတာကို လက်ခံထားတဲ့ နိုင်ငံတွေရှိတယ်။ အစိုးရတခုရဲ့ အာဏာရှိမှု အတိုင်းအတာဟာ ဒီအစိုးရကို တိုင်းသူပြည်သားက ဘယ်လောက်လက်ခံထားသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ တနည်းဆိုရင် တိုင်းပြည် (သို့မဟုတ်) လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံဟာ ကျင့်သုံးတဲ့အစိုးရစနစ်မှာ ရောင်ပြန်ဟပ်နေတဲ့သဘောပဲ။ တိုင်းပြည်ရဲ့ နိုင်ငံရေးဓလေ့ဟာ နေ့ချင်းညချင်း ပေါ်ထွက်လာတာမဟုတ်ဘူး။ သမိုင်းက မွေးထုတ်တာပါ။ ဒါပေမယ့် လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံနဲ့ စိတ်နေစိတ်ထားဟာ သမိုင်းကြောင်းကို ပြောင်းလဲစေနိုင်တဲ့ အကျိုးအာနိသင်ရှိတယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်။

နှစ်ပေါင်း (၁,၀၀၀) လောက် အကြွင်းမဲ့အာဏာရှင် ဘုရင်စနစ်အောက်မှာ နေခဲ့ရပြီး ဗြိတိသျှကိုလိုနီဘ၀မှာ နှစ်ပေါင်း (၁၀၀) လောက်နေခဲ့ရတဲ့ မြန်မာပြည်ဟာ ဘုရင်စနစ်ရဲ့ လောင်းရိပ်က ပိုပြိးကြီးမားနက်ရှိုင်းတယ်လို့ ကွယ်လွန်သူ သမိုင်းပါမောက္ခတွေ ဖြစ်တဲ့ ဒေါက်တာမောင်မောင်ကြီးနဲ့ ဒေါက်တာကျော်သက်တို့က သုံးသပ်ကြတယ်။ ဗြိတိသျှအုပ်ချုပ်ရေးက ထွက်ပေါ်လာတဲ့ တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေး စတဲ့ လစ်ဘရယ် (Liberal) သဘောတရားတွေကို လွတ်လပ်ရေးရပြီး ဒီမိုကရေစီ အစိုးရစနစ် တည်ထောင်တဲ့အထိ မြန်မာပြည်သားအများစုက ကောင်းကောင်းနားလည်သေးတာမဟုတ်ဘူးလို့ ပါမောက္ခ ဦးမောင်မောင်ကြီးက ဆိုတယ်။

တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်ကို လေ့လာတဲ့အခါ Political Culture လို့ အနောက်တိုင်းပညာရှင်တွေခေါ်တဲ့ နိုင်ငံရေးဓလေ့ကို ဆန်းစစ်ဖို့လိုတယ်။ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ နိုင်ငံရေးယုံကြည်ချက် အယူအဆအတွေးအခေါ်နဲ့ ရိုးရာဓလေ့ဟာ ဒီကနေ့အထိ တနည်းမဟုတ်တနည်းနဲ့ ဆက်လက်ရှင်သန်နေတုန်းပါပဲ။ ကွယ်ပျောက်ဖို့ အလွန်ခဲယဉ်းတယ်။ သေဆုံးသွားတဲ့မျိုးဆက်တွေ ထားရစ်ခဲ့တဲ့ ရိုးရာအစဉ်အလာတွေဟာ အသက်ရှင်နေသူတွေရဲ့ စိတ်သဘာဝကို အိပ်မက်ဆိုးကြီးလို ဖိစီးနေတယ်လို့ Karl Marx ကThe 18th Brumaire of Louis Bonaparte (ဘရူးမဲရား- လူးဝီဘိုးနာပတ်) ဆိုတဲ့ စာတမ်းမှာ ရေးထားတယ်။ အာဏာရှင် ဆန့်ကျင်တဲ့ ပြင်သစ်တော်လှန်ရေးထဲက အာဏာရှင်စနစ် ပေါ်လာပုံကို ရေးတာပါပဲ။ ပြင်သစ်တော်လှန်ရေးပြက္ခဒိန်မှာ ၁၇၉၉ နိုဝင်ဘာလ (၉) ရက်နေ့ကို ဘရူးမဲရား (၁၈) ရက်နေ့လို့ ခေါ်တယ်။ အဲဒီနေ့မှာ နပိုလီယံက စစ်အာဏာသိမ်းတဲ့အတွက် ပြည်သူ့တော်လှန်ရေးဟာ အာဏာရှင်ဘုရင်စနစ်အဖြစ် အသွင်ပြောင်းသွားပုံကို ဖော်ပြတာပါပဲ။

လွတ်လပ်ရေးရချိန်ကစပြီး ၁၉၅၈ ခုနှစ်အထိ (၁၀) နှစ်ကျင့်သုံးခဲ့တဲ့ ပါလီမန်ဒီမိုကရေစီ စနစ်ဟာ ဒီမိုကရေစီမစစ်မှန်ဘူးလို့ အဲဒီခေတ်အတိုက်အခံတွေက မကြာခဏ ဝေဖန်ကြတယ်။ ဒီမိုကရေစီနည်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်ပေမယ့် အာဏာရှင်ဆန်ဆန် အတိုက်အခံတွေကို ထင်သလို ဖမ်းဆီးထောင်ချမှု၊ ပြည်သူလူထု ပါဝင်တဲ့ အခန်းကဏ္ဍ နည်းပါးမှု စတဲ့အားနည်းချက်တွေကြောင့် ဒီမိုကရေစီမစစ်ဘူးလို့ ဝေဖန်ခဲ့ကြတာပါပဲ။ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို ဗိုလ်ချုပ်နေ၀င်းက သစ္စာဖောက်ပြီး ၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းလိုက်တယ်။ အဲဒီအချိန်ကစပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ပြန်လည်ရှင်သန်အောင် စစ်အစိုးရ အဆက်ဆက်က အပတ်တကုတ် ကြိုးပမ်းနေတယ်။ ဗမာဘုရင်စနစ်ကို နေပြည်တော်ဆောက်တဲ့ ဗိုလ်သန်းရွှေအုပ်စုက အားကျနေတယ်။

ဒါကြောင့် အကြွင်းမဲ့အာဏာရှင် ဗမာဘုရင်စနစ်အကြောင်း ပထမဆုံး အကျဉ်းချုံးတင်ပြပါရစေ။ ရှေးဗမာတွေ နားလည်တဲ့ တခုတည်းသော အစိုးရစနစ်ဆိုတာ ဘုရင်စနစ်ပါ။ တိုင်းပြည်မှာ ဘုရင်ဟာ အာဏာအရှိဆုံး၊ ဘုန်းတန်ခိုးအရှိဆုံး၊ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတယ်။ မဟာသမ္မတ မင်းမျိုးက ဆင်းသက်သလိုလို ယုံထင်၊ ကြောင်ထင် ဖြစ်အောင် လုပ်ထားတာကြောင့် မင်းမျိုးမင်းနွယ်ကသာ တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရှိတဲ့ သဘောမျိုးပါပဲ။ တိရစ္ဆာန်ကိုတောင် နန်းတွင်းမှာ မွေးထားရင် မြင့်မြတ်တယ်လို့ ယူဆကြတယ်။

မြန်မာ့သမိုင်းဆိုတာ ရှင်ဘုရင်တွေရဲ့ မှတ်တမ်းပါ။ မှန်နန်းရာဇ၀င်ဟာ ဘုရင့်အမိန့်အရ ရေးတဲ့စာတမ်းပါ။ ဒါကိုအားကျပြီး ဗိုလ်နေ၀င်းကလည်း န၀တအစိုးရလက်ထက်မှာ ‘သမိုင်းမှန်’ ပြုစုရေးဆိုပြီး သမိုင်းဆရာတစုကို စာအုပ်ရေးခိုင်းပါသေးတယ်။ စာပေ အနုပညာဆိုတာ ဘုရင့်နန်းတော်အသိုင်းအ၀ိုင်းမှာသာ ရှင်သန်ကြီးထွားနိုင်တာကြောင့် ရှေးဗမာတွေရဲ့ဘ၀ဟာ ကျဉ်းမြောင်းလှပါတယ်။ ဘုရင့်အသိုင်းအ၀ိုင်းဟာ အမြဲတမ်းမာန်မာန ထောင်လွှားပြီး ဘ၀င်မြင့်နေတာမို့ အပြင်လောကနဲ့ အဆက်အဆံ သိပ်မလုပ်ကြပါဘူး။ ဒါကြောင့် အသိဉာဏ်ဗဟုသုတနည်းပါးပြီး ကမ္ဘာ့အကြောင်းလည်း မသိတာများပါတယ်။ အပြင်လောကနဲ့ အဆက်အသွယ်နည်းလေ တိုင်းသူပြည်သားကို အယုံသွင်းရလွယ်လေပါပဲ။

တိုင်းသူပြည်သားကို အခိုင်းအစေ၊ ကျေးတော်မျိုး၊ ကျွန်တော်မျိုးလို့ သတ်မှတ်ပြီး ဘုရင်ကိုတော့ သက်ဦးဆံပိုင် အရှင်သခင်အဖြစ် သတ်မှတ်တယ်။ မင်းမျိုးမင်းနွယ်ဆိုတာ သာမန်လူသားမဟုတ်ဘဲ အထွတ်အမြတ်ထားရာ ကိုးကွယ်ရာ ဖြစ်တယ်လို့ နှစ်ပေါင်းများစွာ ၀ါဒဖြန့်ခဲ့တာကြောင့် မင်းမျိုးမင်းနွယ်ရဲ့ သွေးမြေမကျကောင်းဘူးလို့ ယုံကြည်ကြတယ်။ ဒါကြောင့် အချင်းချင်းအာဏာလုလို့ သတ်ကြဖြတ်ကြ အကြမ်းဖက်ကြတဲ့အခါမှာ ဓားနဲ့မခုတ်ဘဲ လည်မျိုကို တုတ်နဲ့ ရိုက်သတ်တာမျိုး မကြာခဏ လုပ်တတ်တယ်။ တိုင်းသူပြည်သားအချင်းချင်း သဘောတူချက်ရယူပြီး အစိုးရဖွဲ့တာကို လူမှုပဋိညာဉ်လို့ ခေါ်တယ်။ အင်္ဂလိပ်လို Social Contract လို့ လူသိများတယ်။

ဒီမိုကရေစီအစိုးရစနစ်ဟာ ဒီသဘောတရားမှာ အခြေခံတယ်။ အများပြည်သူသဘောတူတဲ့ လူမှုပဋိညာဉ်ကြောင့် အစိုးရနစ် ပေါ်ပေါက်ရပုံကို မြန်မာ့ရိုးရာနိုင်ငံရေး အတွေးအခေါ်မှာလည်း တွေ့နိုင်တယ်။ မြန်မာ့ရိုးရာလို့သာပြောရတယ် အိန္ဒိယက လာတာပါ။ ယဉ်ကျေးမှုဆိုတာ အမြဲတမ်းပြောင်းလဲနေတာမို့ ကိုယ်ပိုင်မရှိပါဘူး။ အကုန်ရောနှောနေတယ်။ မဟာသမ္မတမင်း (သို့မဟုတ်) အစိုးရပေါ်လာပုံနဲ့ ပတ်သက်ပြီး အိန္ဒိယပြည် မဇ္ဈိမဒေသက နိုင်ငံရေးအတွေးအခေါ်ကို မြန်မာမင်းအဆက်ဆက်က လက်ခံခဲ့တာ တွေ့ရတယ်။

မင်းကျင့်တရား (၁၀) ပါးဆိုတာ ရှိပေမယ့် လိုက်နာတဲ့မင်း အင်မတန်ရှားပါတယ်။ လက်တွေ့မှာ ဘုရင်က စိတ်ကြိုက်လုပ်ရတာ များတယ်။ အုပ်ချုပ်မင်းလုပ်သူတွေ လိုက်နာရမယ့် ၀တ္တရားရှိပေမယ့် မလိုက်နာလို့လည်း ဘာမှမဖြစ်ပါဘူး။ ဒါကြောင့်မို့ ‘တရားဥပဒေနဲ့အညီ’ (သို့မဟုတ်) ‘ဓမ္မဓိဋ္ဌာန်ကျကျ’ စတဲ့အယူအဆတွေကို ဗမာမင်းလက်ထက်မှာ ကျင့်သုံးခဲ့တာမဟုတ်ဘဲ အင်္ဂလိပ်အုပ်ချုပ်မှ သုံးလာတာလို့ ပါမောက္ခ ဆရာမောင်မောင်ကြီးက ဆိုတယ်။

အာဏာကို အကန့်အသတ်လုပ်တာမျိုး ဗမာမင်းက လက်မခံနိုင်ဘူး။ အောက်မြန်မာပြည် အင်္ဂလိပ်လက်ထဲ ကျသွားတာကို လက်မှတ်ထိုးအသိအမှတ်ပြုဖို့ မင်းတုန်းမင်းက ငြင်းဆန်ခဲ့တယ်။ လက်ရှိ စစ်အစိုးရကလည်း နိုင်ငံခြားအကူအညီ လိုချင်ပေမယ့် စည်းကမ်းသတ်မှတ်လာရင် လက်မခံနိုင်ဘူးလို့ ကြွေးကြော်တာဟာ ရှေးဗမာမင်းရဲ့ လုပ်ကိုင်ပုံနဲ့ အတော်တူတယ်။ အာဏာကို ကန့်သတ်လာရင် ဗမာမင်းက လက်မခံနိုင်တာမို့ နောက်ဆုံးမှာ မရှုနိုင် မရှိုက်နိုင်ဖြစ်တော့မှ အဖြစ်မှန်ကို သဘောပေါက်ကြတာ များတယ်။ အဲဒီအခါမှာ အချိန်လွန်ပြီး ရောဂါကျွမ်းနေပြီ။ နေရာတကာမှာ အာဏာရှင်ဘုရင်က ကြီးစိုးနေတာမို့ မကျေနပ်ရင် ပုန်ကုန်ရုံကလွဲပြီး အခြားနည်းလမ်းမရှိတော့ပါ။

ဗမာမင်းဟာ အာဏာရူးပဲ။ မင်းကျင့်တရား (၁၀) ပါးထဲက ‘အ၀ိရောဓန’ တရားကို ကုန်းဘောင်ခေတ်စာပေမှာ အထူးဖော်ပြတယ်။ အဓိပ္ပာယ်က အုပ်ချုပ်မင်းလုပ်သူဟာ ရဟန်းရှင်နဲ့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး မလုပ်ရဘူးလို့ ဆိုတာပဲ။ ပြည်သူ့ဆန္ဒဆန့်ကျင်တဲ့ အစိုးရကို ပြည်သူလူထုကပဲ ဖျက်ဆီးပစ်လိမ့်မယ်လို့ ယောအတွင်းဝန် ဦးဖိုးလှိုင်ရေးတဲ့ ရာဇဓမ္မသင်္ဂဟ ကျမ်းက ဆိုတယ်။ ဒီကျမ်းဟာ သီပေါမင်းကို ဆုံးမဖို့ရေးတဲ့ ကျမ်းဖြစ်တယ်။ ဘုရင်ရူးသန်းရွှေ ပျဉ်းမနားကြပ်ပြေး ရောက်သွားတာလဲ ပြည်သူ့ရန်ကြောက်လို့ပဲ။ ပုဂ္ဂိုလ်ကိုးကွယ်မှုကို အခြေခံပြီး ဘုရင်စနစ်တည်ဆောက်တာကို ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေတို့က သက်သေပြနေတယ်။ အခုအထိတော့ မြန်မာ့နိုင်ငံရေးဓလေ့ဟာ ပုဂ္ဂိုလ်ကိုးကွယ်မှုအဆင့်ပဲ ရှိနေသေးတယ်။


::: Copyright © 2004 The New Era Journal :::

No comments: