-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, December 28, 2010

အိုင်ယာလန်ငြိမ်းချမ်းရေးဆု ဆန်ကာတင်စာရင်း ဒေါ်စုပါဝင်

အိုင်ယာလန်နိုင်ငံက နှစ်စဉ် ချီးမြင့်တဲ့ ၂၀၁၀ ပြည့်နှစ်အတွက် Tipperary နိုင်ငံတကာ ငြိမ်းချမ်းရေးဆု အတွက် ပဏာမ ဆန်ကာတင် ဆုရှင် စာရင်းကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ဆုချီးမြင့်ရေးအဖွဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဆန်ကာတင် ဆုရှင်စာရင်းမှာ ပါဝင်တာကို ၀မ်းမြောက်ကြိုဆိုကြောင်း၊ ဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုက်တန်သူတဦး ဖြစ်ကြောင်း၊ အိုင်ယာလန်မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Action Ireland က ဒုတိယ ဥက္ကဋ္ဌ Eileen Seymour က ပြောပါတယ်။

၂၀၁၀ ပြည့်နှစ် ဆုအတွက် ပဏာမ အမည်စာရင်းကို အဖွဲ့ရဲ့ ကော်မတီက ရွေးချယ်တာ ဖြစ်ပြီး ဒီဆန်ကာတင် စာရင်းမှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အပြင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဟောင်း Mary Robinson၊ ထိုင်ဝမ် ဗုဒ္ဓဘာသာ သီလရှင်ကြီး Cheng Yen၊ ဂါဇာ ကမ်းမြောင်ဒေသ ဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အကိုင်ဌာန အကြီးအကဲ John Ging၊ အာဖဂန်နစ္စတန် လူ့အခွင့်အရေး ဥက္ကဋ္ဌ နဲ့ ဆူဒန်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဒေါက်တာ Sama Samar တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ပဏာမ ရွေးတဲ့အထဲ ထည့်သွင်းခဲ့တဲ့အတွက် အိုင်ယာလန်မှာရော နိုင်ငံတကာမှာပါ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ပိုသိလာအောင် နောက်တဆင့် ပံ့ပိုးနိုင်လိမ့်မယ်လို့လည်း Burma Action Ireland က Ms. Eileen Seymour က ပြောပါတယ်။

Tipperary ငြိမ်းချမ်းရေးဆုကို မနှစ်က ကွယ်လွန်သူ အမေရိကန် အထက်လွတ်တော် အမတ် Edward Kennedy ရရှိခဲ့ပြီး အရင်က တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ချီးမြင့် ခံခဲ့ရပါတယ်။

ဆရာအော်ပီကျယ် ရဲ့လက်ရာတွေထဲမှ (ပြုံးနိုင်ပါစေ)



ဒေါ်အောင်ဆန်းစုကြည်နှင့်လူငယ်၃၀၀ကျော်ယနေ့တွေ့



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်ပယ် အသီးသီးမှ လူငယ် ၃၀၀ ကျော်တို့ ယနေ့ တွေ့ဆုံကြရာ လူငယ် ၅၂ ဦးက ၎င်းတို့ ကြုံတွေ့နေရသော ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေး အခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြသည်။


“အကြောင်းအရာက တော်တော်စုံတယ်။ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက တက္ကသိုလ်တွေမှာ ပညာရေးနဲ့ ပတ်သက်ပြီး မပြည့်စုံတဲ့ အကြောင်း၊ ပညာရေးစနစ် ချို့ယွင်း နေတဲ့အကြောင်း၊ ကျန်းမာရေးဝန်ထမ်း လူငယ်တွေနဲ့ တရားရုံးမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေက သူတို့အခက်အခဲတွေနဲ့ နိုင်ငံရေး စနစ် ပြောင်းလဲဖို့ လိုအပ်တဲ့ အကြောင်းတွေကို တော်တော် ပြည့်ပြည့်စုံစုံ တင်ပြတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်း ထုတ်ကြတယ်” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော လူငယ်တဦးက ဆိုသည်။

လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လူငယ်အဖွဲ့အစည်းများ၊ ကျောင်းသားလူငယ်များ၊ ပြည်တွင်း သတင်းမီဒီယာများမှ လူငယ်များ၊ နိုင်ငံ့ ၀န်ထမ်း လူငယ်များ၊ ဥပဒေပညာရှင်လူငယ်များ၊ ကျန်းမာရေးဝန်ထမ်း လူငယ်များ၊ အခြေခံ လုပ်သား လူငယ်များ အပါအ၀င် ၃၀၀ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး လူမှုကွန်ရက်တခုကို ထူထောင် သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

အဆိုပါ ကွန်ရက်သည် ဆင်းရဲကျပ်တည်းလျက် ရှိသော မြန်မာနိုင်ငံတွင် ပညာရေး၊ လူမှုရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လူငယ် အဖွဲ့အစည်းများ ချိတ်ဆက်ထားသည့် လူမှုကွန်ရက် တခုဖြစ်ကြောင်း သိရသည်။

“အခုဆွေးနွေးပွဲပြီးတာနဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ စာရင်း ပေးသွင်းပါ။ လက်တွေ့ကျကျ စပြီး အလုပ်လုပ်မယ်။ နောက် တလ၊ ခြောက်ပတ်လောက် အကြာ ဒီလုပ်ငန်းတွေ ဘယ်လောက်ထိရောက်သလဲ ဆိုတာ သုံးသပ်ဖို့
ပြန်တွေ့ကြမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်များ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို “အမေ” ဟု ခေါ်ဝေါ် ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က လူငယ်များနှင့် ထမင်းလက်ဆုံ စားခဲ့သည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မီဒီယာသမား လူငယ်များက ဒေါ်အောင်ဆန်းစုကြည် ထူထောင်မည့် လူမှု ကွန်ရက်တွင် မြန်မာ သတင်းသမားများ ကွန်ရက်ဟူသော အမည်ဖြင့် လူမှုရေး၊ ပညာရေးနှင့် အီးမေးလ်၊ အင်တာနက် အပါအဝင် IT နည်းပညာများ ကူညီရန် အဆိုပြုသည်ဟု သိရှိရသည်။

“ဒီကွန်ရက်ကနေ လူမှုရေးလုပ်ငန်းတွေ၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်းတွေ အားလုံး စုပေါင်းလုပ်ကြမယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောတာက မြန်မာလူငယ်တွေ အဆင့်မြင့် ပညာရေးတွေ သင်ယူနိုင်ဖို့ အစီအစဉ်တွေ လုပ်သွားမယ်တဲ့။ အားတက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း တော်တော်အားရတယ်။ တော်တော် အောင်မြင်တဲ့ တွေ့ဆုံပွဲပါ” ဟု ဆွေးနွေးပွဲ တက်ရောက်သူ တက္ကသိုလ် ကျောင်းသား လူငယ်တဦးက ပြောသည်။

လူငယ်များက ဒုတိယပင်လုံ ညီလာခံကိစ္စ၊ တိုင်းရင်းသားအရေး၊ NLD ရှေ့ဆက် ရပ်တည်ရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲကိစ္စ ဆိုင်ရာများကိုလည်း မေးမြန်းခဲ့ကြပြီး ဒေါ်အောင်ဆန်း စုကြည်က လူငယ်များ၏ မေးခွန်းများအားလုံးကို ပြန်လည်ဖြေကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ရာ NLD ကို အတိုက်အခံ အင်အားစုအဖြစ် မြန်မာ့ နိုင်ငံရေးတွင်၏ ပါဝင်ခွင့် ပေးရမည်ဆိုသော တောင်းဆိုချက်နှင့် ပတ်သက်ပြီး လူငယ်တဦးက မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က “အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကNLD ကို အသိအမှတ်ပြုတာ ကြိုဆိုရမှာပါ။ မြန်မာ့ဒီမိုကရေစီအရေးမှာ အာဆီယံထောက်ခံမှုက အရေးကြီးပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အလုပ်ရှင်က အလုပ်သမားများအပေါ် ဖိနှိပ်သော ကိစ္စရပ်များ အတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့ (ILO) နှင့် NLD မှ ဥပဒေ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လူငယ် ဥပဒေ ပညာရှင်များအား ဥပဒေ ဆိုင်ရာ သင်တန်းများ ပေးသွားရန်ရှိကြောင်း၊ အဆိုပါ လူငယ် ဥပဒေ ပညာရှင်များအနေနှင့် NLD ဥပေဒပြု အဖွဲ့တွင် ပါဝင်ကြရန် ဖိတ်ကြားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးနှင့် နိုင်ငံရေးသည် ခွဲခြားမရဘဲ ဒွန်တွဲနေကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များကို လူမှုရေးအရ ဖြည့်ဆည်းပေးခြင်းဖြင့် ပြည်သူလူထု၏ ချစ်ခင်မှုကို ရရှိနိုင်ကြောင်း ရှင်းပြသည်။

အစိုးရသည် NLD ကို မတရားအသင်းအဖြစ် မကြေညာနိုင်ကြောင်း၊ မှတ်ပုံမတင်သော နိုင်ငံရေးပါတီ တရပ်အဖြစ်သာ ပြောဆိုနိုင်ကြောင်း၊ ပြည်သူလူထု ရပ်တည်နေသမျှ ကာလပတ်လုံး NLD ဆက်လက် ရပ်တည်နေမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က NLD ဆက်လက်ရပ်တည်ရေးနှင့် ပတ်သက်သည့် လူငယ်များ၏ မေးမြန်းချက်ကို ဖြေကြားသည်။

ဒုတိယပင်လုံညီလာခံ ကိစ္စကို အလွန်ကြောက်မက်ဖွယ်ကောင်းသော ခြိမ်းခြောက်မှု၊ နိုင်ငံရေးအားစမ်းမှု အဖြစ် ရှုမြင်မှုများရှိကြောင်း၊ အဆိုပါ သုံးသပ်ချက်များသည် လုံးဝ မှန်ကန်မှုမရှိကြောင်း၊ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွင် တိုင်းရင်းသား စည်းလုံညီညွတ်ရေးအတွက် ခေတ်နှင့်လျော်ညီသော ပင်လုံညီလာခံတခု မဖြစ်မနေလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်တွေ့ဆုံပွဲသို့ လာရောက်သော လူငယ်များကို စစ်အစိုးရ အာဏာပိုင်များက ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းတင်ခြင်းမှအပ တစုံတရာ အနှောင့်အယှက် မပေးခဲ့ပေ။

အမျိုးသားခေါင်းဆောင် တပ်မတော်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး မဟာသီရိသုဓမ္မ မိခင်ကြီးဒေါ်ခင်ကြည်ဂူဗိမာန်သို့ လူထုခေါင်းဆောင် သွားရောက်ဂါဝရပြု... (ဓာတ်ပုံ





ဒေါ်စုသတင်း ဖော်ပြရန် ပါကစ္စတန်သတင်းအဖွဲ့ တောင်းဆို

။ မြန်မာပြည်၌ ဒေါ်အောင်ဆန်းစုကြည် သတင်းများနှင့် အင်တာဗျူးများကို ထိန်းချုပ်ခြင်း မလုပ်ဘဲ ဖော်ပြခွင့်ပြုရန် ပါကစ္စတန် သတင်းဖောင်ဒေးရှင်း Pakistan Press Foundation - PPF က တောင်းဆိုလိုက်သည်။

စာပေစိစစ်ရေးနှင့် ပုံနှိပ်မှတ်ပုံတင်ဌာန (ဆင်ဆာဘုတ်) အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သတင်းများကို ပြန်လည် သုံးသပ်ရန်နှင့် စာနယ်ဇင်း လွတ်လပ်ခွင့်ပေးရန် ယခုလ ၂၄ ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပေးပို့ကာ PPF က တောင်းဆိုခြင်း ဖြစ်သည်။

“ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး အထိန်းချုပ်ခံရဆုံး နိုင်ငံတခုဖြစ်တယ်။ အာဏာပိုင်တွေအနေနဲ့ ဒီလို တင်းကျပ်ချုပ်ကိုင်မှုကို ပြောင်းလဲသင့်ပြီလို့ ထင်ပါတယ်” ဟု PPF အထွေထွေ အတွင်းရေးမှူး မစ္စတာ အိုဝေ့စ် အက်စ်လမ် အလီက မဇ္ဈိမကို ပြောသည်။

ယခုလအတွင်း ပြည်သူ့ခေတ်နှင့် ဗီးနပ်စ် အပါအဝင် ပြည်တွင်းဂျာနယ်အချို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိကာ ဓာတ်ပုံနှင့်တကွ အင်တာဗျူး စာမူကြမ်းများကို ဆင်ဆာဘုတ်အဖွဲ့သို့ ပုံနှိပ်ထုတ်ဝေခွင့် တင်ခဲ့ရာ ဆိုင်းငံ့ဟူ၍ သတ်မှတ်ခံခဲ့ရသည်။

“ဆိုင်းငံ့ဆိုပေမယ့် အချိန်ကာလ မရှိဘူး။ ဖြုတ်ခိုင်းတဲ့ သဘောပဲ။ ထုံးစံက စိစစ်ရေးက “ဆိုင်းငံ့” ဆိုရင် သတင်းကို ပုံစံပြန်ပြောင်းပြီး ရေးရတယ်။ ခပ်ပျော့ပျော့လေးဖြစ်သွားအောင် ဗားရှင်းပြောင်းပြီး ပြန်တင်ကြည့်။ ဒါမှ မရဘူးဆိုရင် အဲ့ဒီသတင်း သုံးလို့မရတော့ဘူး” ဟု ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက ရှင်းပြသည်။

ပါကစ္စတန်သည် အာဏာရှင်စနစ်အောက်မှ ၂ဝဝ၈ ဖေဖော်ဝါရီလကမှ လွတ်မြောက်လာခဲ့သော်လည်း စစ်အုပ်ချုပ်မှု လက်အောက်၌ နေစဉ်ကတည်းက သတင်းမီဒီယာ လွတ်လပ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင်မူ အလွန်အမင်း တင်းကျပ်ထားသဖြင့် ဒီမိုကရေစီနိုင်ငံဖြစ်ရန် နှောင့်နှေးဦးမည်ဖြစ်ကြောင်း မစ္စတာ အိုဝေ့စ် အက်စ်လမ် အလီက ပြောသည်။

“ဒီချုပ်ကိုင်ထားမှုတွေကို ပြောင်းလဲပစ်မှ ဒီမိုကရေစီနိုင်ငံဆိုတဲ့ ဘက်ကို ဦးလှည့်နိုင်မှာပါ” ဟု သူက ဆိုသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် နိုင်ငံတကာအဆင့် စံနှုန်းများဖြင့် မလုပ်ခဲ့ဘဲ၊ လက်ရှိလည်း ပြောင်းလဲမှု လမ်းကြောင်းပေါ် ရောက်ပြီဟု မထင်ကြောင်း သူက ဆက်ပြောသည်။

ဆင်ဆာဘုတ်သည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းသိမ်းခံမှ လွတ်မြောက်စဉ်က သတင်းနှင့် ဓာတ်ပုံများ ဖော်ပြခဲ့သည့် သတင်းဂျာနယ် ၇ စောင် အပါအဝင် ဂျာနယ် ၉ စောင်ကို ထုတ်ဝေခွင့် ယာယီ ပိတ်ခဲ့သေးသည်။ ထိုအထဲမှ အချို့ကို ၂ ပတ်စီနှင့် အချို့ကိုမူ တပတ်စီ ပိတ်ခဲ့သေးသည်။

ထိုအထဲမှ ဒေါ်အောင်ဆန်းစုကြည်သတင်း ဖော်ပြရာ၌ အချပ်ပိုအဖြစ် ဖော်ပြခြင်း၊ ဓာတ်ပုံများကို သတ်မှတ်သည့် အရွယ်ထက် ကြီး၍ ဖော်ပြသဖြင့် စည်းကမ်းနှင့် မညီဟုဆိုကာ 7Days နှင့် The Voice ကို တပတ်စီ ပိတ်ပင်ခဲ့သည်။

PPF ကို ၁၉၆၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး သတင်းမီဒီယာဖွံ့ဖြိုးရေးနှင့် သတင်းလွတ်လပ်ခွင့်အတွက် IFEX အပါအဝင် နိုင်ငံတကာ သတင်းအဖွဲ့အစည်း အများအပြားနှင့် ပူးပေါင်းဆောင်ရွက်နေသည်။

Saturday, December 25, 2010

ဒေါ်အောင်ဆန်းစုကြည်ကို ရုရှားသံအမတ်ကြီး တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးက ယမန်နေ့ နေ့လယ်၌ လာရောက်တွေ့ဆုံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။

မည်သည့် အကြောင်းအရာများ ဆွေးနွေးသည်ကို သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ယခုကဲ့သို့ ရုရှားနိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံမှုမှာ ထူးခြားတိုးတက်မှုတခုဟု ယူဆကြောင်း NLD ပါတီ ခေါင်းဆောင်တဦး ဖြစ်သည့် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

“NLD ပါတီမှာ အခမ်းအနားလုပ်တိုင်း ရုရှားသံရုံးကို ဖိတ်ပါတယ်။ တခါမှ မတက်ဘူး။ အခုလာတာ ထူးခြားမှုပေါ့” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ရုရှားသံအမတ်ကြီး လာရောက်တွေ့ဆုံသည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးစကလည်း ပထမအကြိမ် လာရောက်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ အရေးကိစ္စများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆွေးနွေးပါက တရုတ်နိုင်ငံနည်းတူ အမြဲတမ်း မြန်မာစစ်အစိုးရဘက်မှ ရပ်တည် အကာအကွယ်ပေးနေသည်။

ထိုသို့ သဘောထားရှိသော နိုင်ငံတနိုင်ငံမှ စစ်အစိုးရ၏ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံခြင်းကို ကြည့်လျှင် ဒီမိုကရေစီဘက်သို့ တိမ်းညွှတ်လာသည်ဟု စဉ်းစရာရှိကြောင်း ဦးအုန်းကြိုင်က ဆိုသည်။

ယခင် ဆိုဗီယက်ယူနီယံ မပြိုကွဲမီကာလက ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရကို မလိုလားသည့် တိုးတက်သော အယူအဆရှိသည်ဆိုသော လူငယ်တချို့ ရန်ကုန်မြို့ရှိ ဆိုဗီယက်သံရုံးနှင့် အဆက်အသွယ်ရှိခဲ့ကြသည်။ ဆိုဗီယက်သံရုံး ယဉ်ကျေးမှုဌာနက ၎င်းတို့နှင့် ပတ်သက်သည့် စာအုပ်စာတမ်းများစွာကို ထုတ်ဝေခဲ့သည်။

သို့သော် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ရုရှားနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံတွင် ဆက်လက်ရပ်တည်ချိန်၌ မြန်မာစစ်အစိုးရနှင့် အနီးကပ်ဆက်ဆံခဲ့ပြီး ဒီမိုကရေစီလိုလားသည့် အတိုက်အခံများနှင့် ဆက်ဆံရေးမှာမူ လုံးဝနီးပါး ရပ်တန့်သွားခဲ့သည်။

စစ်အစိုးရအား MIG- 29 တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ တင့်ကား၊ အမြောက် စသည့် စစ်လက်နက်ပစ္စည်းများကို ရောင်းချခြင်း၊ နျူကလီးယား နည်းပညာအတွက် စစ်အစိုးရက မြန်မာ အရာရှိများကို ရုရှားနိုင်ငံသို့ ပညာသင်စေလွှတ်ခြင်း စသည့် ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။

ရုရှားနိုင်ငံသည် စစ်အစိုးရအား ၁၀ မီဂါဝပ်ရှိသည့် အသေးစား သုတေသနသုံး နျုကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ပေးရန် ၂၀၀၁ ခုနှစ်က သဘောတူခဲ့သည်၊ သို့သော် နောက်ပိုင်းတွင် တည်ဆောက်မည့် အစီအစဉ် ပျက်သွားကြောင်းကို စစ်အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။

နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်လိုခြင်းမှာ ဆေးပညာနှင့် ငြိမ်းချမ်းစွာ အသုံးပြုရန်သာဖြစ်သည်ဟု ယခုနှစ် ဇွန်လအတွင်းက စစ်အစိုးရ သတင်းစာတွင် ကာကွယ်ရေးသားထားသည်။

ရုရှား ရေနံကုမ္ပဏီတခုဖြစ်သည့် Noble Oil ကုမ္ပဏီနှင့် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဥရုချောင်းဖျားတွင် ရေနံရှာဖွေမှုများ ပြုလုပ်နေသည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလက ဆင်ဟွာသတင်းတပုဒ်တွင် ဖော်ပြထားသည်။

ရုရှားကုမ္ပဏီတခုဖြစ်သည့် JSC Zarubezhneft Iteraaws ကုမ္ပဏီသည် မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက်အမှတ် M- 8 တွင် ၂၀၀၆ခုနှစ် ကတည်း စတင်လုပ်ကိုင်နေပြီး တခြားသော ရုရှားကုမ္ပဏီ ၂ ခုသည်လည်း စစ်ကိုင်းတိုင်း ပင်လယ်ဘူးဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။

ထို့အပြင် ရှမ်းပြည်နယ် တောင်ကြီးမြို့အနီးရှိ ပင်းပက်ဒေသတွင် သတ္တုတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်နေသည့် ရုရှားကုမ္ပဏီတခုလည်း ရှိသေးသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး ၁ လကျော်အတွင်း၌ အမေရိကန် အပါအ၀င် အနောက်နိုင်ငံများမှ သံအမတ်ကြီးများ၊ အာရှ၊ အာဖရိက နိုင်ငံများမှ သံအမတ်ကြီးများ လာရောက်တွေ့ဆုံခဲ့ကြပြီး ဗြိတိန်ဝန်ကြီးချုပ်၊ ထိုင်းဝန်ကြီးချုပ် အပါအ၀င် နိုင်ငံခေါင်းဆောင်များနှင့် ၎င်းတို့၏ ဇနီးများကလည်း ဖုန်းဖြင့် ဆက်သွယ်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် အားပေးခဲ့ကြသည်။

Friday, December 24, 2010

အန်အယ်ဒီက ပြည်ထောင်စု စိတ်ဓာတ် ဟောပြော

ပြည်ထောင်စု စိတ်ဓာတ်မှာ အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ရန်ကုန် အန်အယ်ဒီရုံးချုပ်၌ လူငယ် ၁ဝဝ ကျော်ကို ယနေ့ ဟောပြောခဲ့သည်။

ပြည်ထောင်စု (ပင်လုံ) စိတ်ဓာတ်အကြောင်းကို အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များနှင့်အတူ အန်အယ်ဒီ ခေါင်းဆောင်နှစ်ဦးက ဟောပြောရာ သုံးနာရီ ကြာမြင့်ခဲ့သည်။

“ဒီနေ့အခါမှာ ပင်လုံစိတ်ဓာတ်က အရင်က အင်္ဂလိပ်ရဲ့အောက်မှ လွတ်လပ်ဖို့၊ ဒီနေ့က အာဏာရှင် စစ်ကျွန်ဘဝကနေ လွတ်လပ်ဖို့။ ညီညွတ်မှသာလျှင် ပြည်တွင်းစစ်တွေကို တားဆီးနိုင်မယ်။ ပြည်ထောင်စု စိတ်ဓာတ်မှာ ဟိုတုန်းက လွတ်လပ်ရေး ရအောင်ယူမယ်၊ ပြည်ထောင်စု ဖွဲ့မယ်ဆိုတဲ့ စိတ်ဓာတ်။ ဒီနေ့အခါမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်မယ်ဆိုတာ ရှိတယ်ဆိုတော့ ဒုတိယပင်လုံစိတ်ဓာတ်ကို ရှင်းပြတာပေါ့။ ” ဟု ဦးဝင်းတင်က မဇ္ဈိမသို့ ပြာသည်။

ဇိုမီးအမျိုးသားကွန်ကရက် စစ်ကိုင်းတိုင်း ကလေးမြို့တွင် အောက်တိုဘာလ ၂၄ ရက်နေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး အဆိုပြုခဲ့သည်။ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ၎င်းအဆိုကို အကောင်အထည်ဖော်ရန် ဒေါ်အောင်ဆန်းစုကြည်ကို လွှဲပြောင်းတာဝန်ပေးခဲ့သည်။

လုပ်ငန်းအကောင်အထည်ဖော်ရေးနှင့် စစ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရေးတွင် ပင်လုံစိတ်ဓာတ် အရေးကြီးသဖြင့် လူငယ်များ သိရှိစေရန် ဟောပြောခဲ့ရာ၊ အန်အယ်ဒီ လူငယ်များသာမက နိုင်ငံရေးစိတ်ဝင်စားသူ ကျောင်းသားလူငယ်များပါ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

“ဘဘတို့ နှစ်ယောက်ရဲ့ Speech (မိန့်ခွန်း) ကို သေချာ ဂရုစိုက် နားထောင်ချင်လို့ လာတာပါ။ ကျနော်ကလည်း နိုင်ငံရေးအပိုင်းမှာ စိတ်အားထက်တန်တယ်လေ။ အဓိကတော့ ဖယ်ဒရယ် ပြည်ထောင်စု စိတ်ဓာတ် ဆိုတာပေါ့နော်။ ဖယ်ဒရယ်ဆိုတာက ပြည်ထောင်စု ခွဲထွက်ဖို့ မဟုတ်ဘူး။ တကယ့် ပြည်ထောင်စု စစ်စစ်ဆိုတဲ့ ဟာမျိုးတွေ ပြောတယ်” ဟု ဟောပြောပွဲတက်ရောက်သူ လူငယ်တဦးက ပြောသည်။

ဟောပြောပွဲ လာရောက်သူများက ရုံးချုပ်အနီး လက်ဖက်ရည်ဆိုင်ထိုင်စဉ် ရဲသတင်းတပ်ဖွဲ့ဝင်များက ဓာတ်ပုံရိုက်ယူသည်များ ရှိခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ရှမ်းပြည်နယ် ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်၊ ကချင်၊ ချင်း စသည့် တိုင်းရင်းသားများ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်အတူ ပြည်ထောင်စုထဲတွင် အတူတကွ နေထိုင်မည်ဟု ကတိကဝတ်ပြုသော စာချုပ်ကို ရေးထိုးခဲ့ရာက ပင်လုံစာချုပ်ဟု ခေါ်တွင်ခဲ့သည်။

Thursday, December 23, 2010


ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း ဒဏ်ခံခဲ့ရသော မြို့နယ်များမှ လေဘေးသင့် ဒုက္ခသည်များသည် မုန်တိုင်း တိုက်ခတ်ပြီး ၂ လ ပြည့်မြောက် သည့်တိုင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုံးဝ မစတင်နိုင်သေးကြောင်း သိရသည်။

giri-cyclone-09

ရခိုင်ပြည်နယ်အတွင်း ဂီရိမုန်တိုင်း ဝင်ရောက်တိုက်ခတ် သွားသည်မှာ ၂ လကြာမြင့်ပြီ ဖြစ်သော်လည်း ယခုထိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မစတင်နိုင်သေးပေ (ဓာတ်ပုံ - AP)
လေဘေး ဒုက္ခသည်များသည် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် တနိုင်တပိုင် ပြန်လည် ထူထောင်ရေး လုပ်လိုသော်လည်း စားရေရိက္ခာ မလုံလောက်သည့် အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံများက ပြောသည်။

“အဓိက လိုနေတာက စားဖို့ဆန်ပါ။ စပါးခင်းတွေက ပျက်စီးသွားပြီ။ ငါးဖမ်းလုပ်ငန်းကို ပြန်လုပ်ဖို့ ကျပြန်တော့လည်း ပိုက်ကွန်တို့၊ လှေတို့က မရှိတော့ ဘာမှ လုပ်စရာ မရှိသေးဘူး” ဟု မြေပုံဒေသခံ တဦးက ဧရာဝတီကို ရှင်းပြသည်။

ထိုဒေသရှိ ပြည်သူအများစုသည် လယ်ယာ လုပ်ငန်းနှင့် ရေလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင် စားသောက် ကြသည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီနှစ်တော့ လယ်တွေ ပြန်လုပ်လို့ရမယ့် အနေအထားမှာ မရှိတော့ဘူး။ ကျိုးသွားတဲ့ တာတမံတွေက ပြန်ပြုပြင်ဖို့ ကုန်ကျမှု စရိတ် များတဲ့အတွက်ပါ။ တာတမံတခုကို ပြုပြင်ဖို့ သိန်းရာချီ ကုန်ကျမယ်” ဟု ဂီရိဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ဧရာဝတီကို ပြောသည်။

ဦးအေးသာအောင်နှင့် NLDအဖွဲ့ဝင် တချို့သည် ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော မြို့နယ်များ၏ ပျက်စီးမှုများသော ကျေးရွာများကို သွားရောက်ကာ ဆန်၊ အ၀တ်အထည်နှင့်ဆေးဝါးများ လှူဒါန်းပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်တွင်းပြည်ပ NGOအဖွဲ့များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ၊ စေတနာရှင်များက ကူညီထောက်ပံ့မှု၊ လှူဒါန်းမှုများ လုပ်ဆောင်ပေးနေသော်လည်း စားဝတ်နေရေးအတွက် မလုံလောက်သေးဟု ရန်ကုန်အခြေစိုက် NGO အဖွဲ့၏ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ ပေးနိုင်တာက လေးငါးရက်စာ စားဖို့ဆန်နဲ့ တခြားလိုတာလေးတွေပါ။ လိုအပ်ချက်ကို ပြည့်မီဖို့ ရာခိုင်နှုန်းနဲ့တွက်ရင် ၁၀ ရာခိုင်နှုန်းတောင် မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံး၏ ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာကမူ ကုလသမဂ္ဂ (UN) လက်အောက်ခံ အဖွဲ့များ၊ NGO များက ၅၆ ရာခိုင်နှုန်းကျော် ပျက်စီးသွာသည့် စာသင်ကျောင်းများမှ ယာယီကျောင်းဆောင် ၁၀၀ ကျော် ဆောက်လုပ်ပေးထားပြီး စားဝတ်နေရေး ကိစ္စများလည်း အသင့်အတင့် ပြေလည်နေပြီဟု ရေးသားထားသည်။

ရန်ကုန်ရှိ ကုလသမဂ္ဂလူသားချင်း ဆိုင်ရာ ညှိနှိုင်းရေးမှူး ဘီရှော ပါရာဂျူလီ (Bishow Parajuli ) ကလည်း “သူတို့ဘ၀ ရေရှည် ရပ်တည်ဖို့အတွက် အရေးတကြီးလိုနေတာက အမိုးအကာရရှိရေးဖြစ်တယ်” ဟု ပြောဆိုကြောင်း အစီရင်ခံ၌ ဖော်ပြထားသည်။

လယ်ယာလုပ်ငန်းများ၊ ရေလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် အထောက်အကူပြုမည့် အကူအညီများ အရေးတကြီး လိုအပ်ကြောင်း အစီရင်ခံစာ က ဆိုသည်။

ဥရောပကော်မရှင်ကလည်း ဂီရိလေဘေးသင့် ပြည်သူများအတွက် ယူရိုငွေ ၃ သန်းကို ရန်ကုန်အခြေစိုက် ဥရောပ ကော်မရှင် ရုံးခွဲနှင့် UN လက်အောက်ခံအဖွဲ့များမှ တဆင့်ကူညီပေးသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း VOA အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။ ကူညီထောက်ပံ့မှုများ ထိရောက်မှု ရှိ မရှိကိုလည်း စောင့်ကြည့်သွားမည်ဟု ကော်မရှင်ကဆိုသည်။

ဂီရိလေဘေးဒေသတခုလုံး၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၇ သန်းကျော်လိုအပ်ပြီး လက်ရှိ၌ ၂၁ သန်းသာ ရရှိသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ကွပ်ကဲမှုရုံး (UNOCHA ) ၏ ဒီဇင်ဘာလ ၂၀ ရက်နေ့ထုတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ NGOအဖွဲ့များက စားဝတ်နေရေး ပြဿနာနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တတ်နိုင်သလောက် လုပ်ဆောင်ပေးနေသော်လည်း စစ်အစိုးရကမူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စိတ်ဝင်စားမှု မရှိကြောင်း ဒေသခံများက ဆိုသည်။

စစ်အစိုးရအဖွဲ့၏ ခေါင်းဆောင်တချို့သည် စားသောက်ရန် ရိက္ခာများကို ကူညီခဲ့သော်လည်း ဒုက္ခသည်များထံ တိုက်ရိုက် မပေးဘဲ ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့်ပေးသောကြောင့် ထိရောက်မှု မရှိဟု ဒေသခံများက ပြောသည်။

“လူတယောက်အတွက် တထောင်ဖိုးပေးရင် ဒုက္ခသည်တွေက တရာဖိုးပဲရတယ်။ ကျန်တာကို ဒေသအာဏာပိုင်တွေက ပြန်ရောင်းစားတယ်။ ဒေသအာဏာပိုင် အများစုက ကြံ့ဖွံ့တွေပါ။ သူတို့ပဲ အပိုင်စီးသွားတယ်” ဟု ကျောက်ဖြူ ဒေသခံတဦးက ပြောသည်။

ဂီရိဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၂ ရက်နေ့က တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် ရခိုင်ကမ်းရိုးတန်း ဒေသ တလျှောက် တိုက်ခတ်ခဲ့ရာ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ မာန်အောင်၊ ပေါက်တော၊ ပုဏ္ဏကျွန်း၊ စစ်တွေ စသည့်မြို့နယ်များ
၌ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့ပြီး လူ ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ကုလ အနုမြူ စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးခွင့်ပေးရန် စစ်အစိုးရကို တောင်းဆို



ကုလသမဂ္ဂ၏ အနုမြူ စောင့်ကြည့်ရေးအဖွဲ့ကြီးဖြစ်သော အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က မြန်မာနိုင်ငံတွင် အနုမြူစက်ရုံများ ရှိနေသည်ဟု စွပ်စွဲ ပြောဆိုခြင်း ခံနေရသော နေရာများသို့ လာရောက်စစ်ဆေးခွင့်ပြုပါရန် မြန်မာစစ်အစိုးရကို မကြာသေးမီက စာရေးသား တောင်းဆိုခဲ့သည်ဟု အမည်ဖော်ပြမထားသော အမေရိကန် အရာရှိများကို ကိုးကားပြီး ဝေါလ်စထရိဂျာနယ်က ရေးသားသည်။

`မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စက်ရုံများတွင် အနုမြူ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုများ ရှိနေသည်ဟူသော စွပ်စွဲချက်အပေါ် ရှင်းလင်းမှုများ လုပ်ပေးပါရန်´ မြန်မာနိုင်ငံ အစိုးရသို့ ယခင်စာနှစ်စောင် ပေးပို့အပြီး ယခု တဖန် အိုင်အေအီးအေ ကာကွယ်လုံခြုံရေးဌာန အကြီးအကဲ Herman Nackaerts က ထပ်မံ ပေးပို့ အကြောင်းကြားခဲ့သည်ဟု အဆိုပါဂျာနယ်က အမေရိကန်အရာရှိများကို ကိုးကားဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အနုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကို iaea1လက်မှတ်ရေးထိုးထားသော နိုင်ငံတနိုင်ငံ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံတွင်ရှိသည်ဟု စွပ်စွဲပြောဆိုနေကြသော အနုမြူ စက်ရုံနေရာများသို့ စစ်ဆေး ကြည့်ရှုခွင့်ပေးရန် အိုင်အေအီးအေက မေတ္တာရပ်ခံပိုင်ခွင့် ရှိပါသည်။ သို့သော် နိုင်ငံတကာ ဥပဒေများအရ အဆိုပါ မေတ္တာရပ်ခံချက်များကို မြန်မာနိုင်ငံက ငြင်းပယ်ခွင့်လည်းရှိပါသည်။

အိုင်အေအီးအေ၏ ယခုနောက်ဆုံးစာသည် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အနုမြူဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေ၍ အမေရိကန်အစိုးရက စိုးရိမ်ပူပန်နေသည် ဟူသောသတင်းများပါသည့် လျှို့ဝှက်ကြေးနန်းများကို ဝီကီလိ ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

မသင်္ကာဖွယ် ပစ္စည်းအများအပြားကို မကွေးတိုင်း မင်းဘူးအနီးရှိ အနုမြူဓာတ်အားပေး စက်ရုံ ဆောက်လုပ်နေသည်ဟု ကောလဟလများ ထွက်ပေါ်နေသည့်နေရာသို့ သယ်ဆောင်နေကြောင်း သတင်းရင်းမြစ်တခုက ရန်ကုန်ရှိ အမေရိကန် သံရုံးသို့ ပြောကြားခဲ့သည်ဟု အဆိုပါ ကြေးနန်းတွင် ဖော်ပြထားသည်။

အဆိုပါကြေးနန်းများတွင် ရန်ကုန်ရှိ သြစတြေးလျ သံအမတ် မီရှဲလ်ချန်းကိုလည်း မြန်မာအစိုးရ အရာရှိတဦးက `မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ရဲ့ ဆက်ဆံမှုဟာ သမရိုးကျ လက်နက်များအတွက်သာ မဟုတ်ဘဲ မြန်မာနိုင်ငံတွင် ကြာမြင့်စွာ ဖြစ်ပေါ်နေခဲ့သည့် လျှပ်စစ်ဓာတ်အား မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ရည်ရွယ်သည့် ငြိမ်းချမ်းစွာ အနုမြူစွမ်းအင် အသုံးပြုရေးလဲ ပါဝင်ကြောင်း´ လွန်ခဲ့သော သြဂုတ်လက ပြောဆိုခဲ့သည်ဟုလည်း ဖော်ပြထားသည်။

သို့သော် ထူးထူးခြားခြားပင် အထက်ပါ ပြောဆိုချက်ကို အဆိုပါသတင်းရင်းမြစ်က ပြန်လည် ရုတ်သိမ်းသွားခဲ့ပြီး မြန်မာနှင့် မြောက်ကိုရီးယား နိုင်ငံအကြား အနုမြူ အစီအစဉ်တရပ် အမှန်စင်စစ် လုပ်ကိုင်နေခြင်း မရှိကြောင်း ပြောဆိုသွားခဲ့သည်ဟု နောက်ပိုင်းပေးပို့သော ကြေးနန်းများတွင် ဆက်လက် ဖော်ပြခဲ့သည်။

ဤသို့ပထမပြောဆိုချက်ကို ပြန်လည် ရုတ်သိမ်းသွားမှုကို တုံ့ပြန်သည့် အနေဖြင့် ရန်ကုန်ရှိ အမေရိကန်သံရုံး၏ ဝန်ထမ်းတဦးက လွန်ခဲ့သည့် နိုဝင်ဘာလက ကောက်ချက်ချရာတွင် `လိုရင်းအချက်-မြန်မာအစိုးရနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများသည် ဆက်လက်၍ လျှို့ဝှက်နေဆဲပင် ဖြစ်သည်။ တခုခု ဖြစ်ပွားနေသည်မှာတော့ သေချာသည်။ အဆိုပါ တစုံတခုတွင် အနုမြူ လက်နက်များလည်း ပါဝင်ပြီး သံရုံးက အစီရင်ခံရမည့် အထူးဦးစားပေး အဆင့်အတန်းတွင် ဆက်လက် ရှိနေသည်´ ဟု ရေးသားထားသည်။

မဇ္ဈိမမှကူးယူဖော်ပြသည်။

ယနေ့ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ကျင်းပ ပြုလုပ်တဲ့ ပြည်ထောင်စု စိတ်ဓာတ်အကြောင်း ဟောပြောပွဲအခမ်းအနား သတင်းဓာတ်ပုံ..






Saturday, December 4, 2010

ဒီဇင်ဘာ ၃ရက်နေ့ရ အဖွဲ့ချုပ်သတင်း.. အမေစုသတင်းများ..



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့မနက်ပိုင်းက ဘန်ကောက် အခြေဆိုက် ဘယ်လ်ဂျီယန်နိုင်ငံ သံအမတ်ကြီးမှ လာရောက်တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာတော့ ရန်ကုန်အခြေဆိုက် သြစတြေးလျ သံအမတ်ကြီးတို့မှ လာရောက်တွေ့ဆုံခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယနေ့ မနက်ပိုင်းကလည်း ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဆက်လက် ပြောဆိုသွားပါတယ်..။

လူထုခေါင်းဆောင် အမေစုသတင်းများ

လာမည့် ဒီဇင်ဘာလ ၈ရက် ဗုဒ္ဓဟူးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်များအား ဆွမ်းလောင်းလှူပွဲ ပြုလုပ်မှာ ဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဆွမ်းလောင်းလှူမှာ ဖြစ်ပါတယ်..။ လာမယ့်ရက်ပိုင်းအတွင်းမှာလည်း ဘားလမ်းရှိ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံကို သွားရောက် လေ့လာမှာ ဖြစ်ကြောင်း အဖွဲ့ချုပ် နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်မှ ပြောဆိုပါတယ်..။

နိုဝင်ဘာလ (၂၃)ရက်နေ့က မိခင်နှင့်သား တွေဆုံစဉ် ဓာတ်ပုံ..
ကိုထိန်လင်း လာမည့် အင်္ဂါနေ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည်..

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၃)ရက်နေ့က ၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် Kim Aris ဟာ ပြည်ဝင်ခွင့် ဗီဇာ(၂)ပတ်ပြည့်မယ့် လာမည့် ဒီဇင်ဘာလ (၇)ရက်နေ့ အဂါင်္နေ့မှာ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။ မနေ့က အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ကမ္ဘာ့ AIDS နေ့ အခမ်းအနားမှာလည်း ကိုထိန်လင်းဟာ မြန်မာပြည်သား အနုပညာရှင်များနဲ့ တွဲဘက်ပြီး တက်တက်ကြွကြွ ပါဝင်ဖျော်ဖြေခဲ့သလို.. ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀)ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်စဉ်မှာလည်း မိခင်ဖြစ်သူ လုံခြုံရေးအတွက် အထူးစောင့်ရှောက် ပေးခဲ့ပါတယ်..။ ကိုထိန်လင်း ခေါ် Kim Aris ဟာ ယခုလက်ရှိ အင်္ဂလန်နိုင်ငံမှာ နေထိုင်လျှက်ရှိပါတယ်...။

Friday, November 26, 2010

စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိပါ၍ BLOG အားခေတ္တရပ်နားထားသည်။

Sunday, November 14, 2010

ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ဖွဲ့ရေးတွင်ဂျပန်နိုင်ငံမှ သဘောတူလက်ခံရေး SIGN CAMPAIGN လှုပ်ရှားကျင်းပ



ဂျပန်( နာဂိုယာ)မြို့ ရှိ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူများမှလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်

လွတ်မြောက်လာခြင်းကိုကြိုဆို၍ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့်မြန်မာနိုင်ငံတွင်းလူ့ အခွင့်

အရေးချိုးဖောက်မှု့ များအားဖော်ထုတ်ရေးတို့ ၌ဂျပန်အစိုးရမှပူးပေါင်းပါဝင်ဆောင်ရွက်ပေးရေးတောင်းဆိုမှု့ 

Saign Campaign အား ယနေ့  ၁၄.၁၁.၂၀၁၀ နေ့တွင်ဂျပန်လူမျိုးများကပါပူးပေါင်းပါဝင်၍အောင်မြင်စွာကျင်းပခဲ့ကြပါသည်...။

News From LDB(Nagoya)



မြန်မာနိုင်ငံစစ်အာဏာရှင်များကို ထိရောက်စွာအရေးယူစစ်ဆေးရန် အမေရိကန်၊ဗြိတိန်အပါအဝင် နိုင်ငံပေါင်း(၁၅)နိုင်ငံမှ ကုလသမဂ္ဂကဦးဆောင်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့ရန်သဘောတူထောက်ခံခဲ့ကြရာ၊ ဂျပန်နိုင်ငံမှပါ သဘောတူထောက်ခံပေးစေရန် ဂျပန်ပြည်သူပြည်သားများထံမှလက်မှတ်ကောက်ယူခြင်းလှုပ်ရှားမှု(SIGN CAMPAIGN)ကို ယနေ့(၁၄-၁၁-၂၀၁၀)တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံ၊နဂိုယာမြို့၊SAKAEတွင် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(နဂိုယာနယ်မြေ)မှ ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ဂျပန်ဌာနခွဲ၊နဂိုယာစည်းရုံရေးဒေသမှ အဖွဲ့ဝင်များက နေ့လည်(၁)နာရီမှ(၃)နာရီ အထိပူးပေါင်းလှုပ်ရှားသွားခဲ့ကြသည်။

Saturday, November 13, 2010

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမေစု လွတ်မြောက်လာပြီ




မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင် လူထု၏ ခေါင်းဆောင်ဖြစ်သော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမေ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့(၁၃-၁၁-၂၀၁၀) မြန်မာစံတော်ချိန် ညနေ(၅)နာရီခန့်တွင် နေအိမ်အကျယ်ချုပ်မှ နအဖစစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

Sunday, November 7, 2010

အတုအယောင်ရွေးကောက်ပွဲအား ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချဆန္ဒပြ




မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲအား ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချဆန္ဒပြပွဲကို ယနေ့(၇-၁၁-၂၀၁၀)တနင်္ဂနွေနေ့၌ ဂျပန်နိုင်ငံ၊နဂိုယာမြို့၊SAKAEတွင် နေ့လည်(၁၂)နာရီမှ(၃)နာရီအထိ မြန့်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(နဂိုယာနယ်မြေ)မှ ဒီမိုကရေစီအင်အားစုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ဂျပန်ဌာနခွဲ၊နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များကစုံညီစွာ ပူးပေါင်းပါဝင်ဆန့်ကျင်ရှုံ့ချ ဆန္ဒပြလှုပ်ရှားခဲ့ကြသည်။

Sunday, October 24, 2010

(၂၀၁၀)ရွေးကောက်ပွဲအား ဆန့်ကျင်ဆန္ဒပြ



News from LDB (Nagoya)


မြန်မာနိုင်ငံ(၂၀၁၀)ရွေးကောက်ပွဲအား ဆန့်ကျင်ရှုံ့ချဆန္ဒပြပွဲကို ယနေ့(၂၄-၁၀-၂၀၁၀)တနင်္ဂနွေနေ့၊ နေ့လည်(၁-၃)နာရီအထိ ဂျပန်နိုင်ငံ၊ နဂိုယာမြို့၊ SAKAE တွင်မြန်မာ့ဒီမိုကရေစီအင်အားစုများက တက်ကြွစွာလှုပ်ရှားခဲ့ကြသည်။ အဆိုပါဆန္ဒပြပွဲအား မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(နဂိုယာ)မှအဖွဲ့ဝင်အင်အားစုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ဂျပန်ဌာနခွဲ နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များက စုံညီစွာတက်ရောက် လှုပ်ရှားခဲ့ကြပြီး၊ လက်ရှိပြည်တွင်းရေးကို နားလည်စေရန် စာဆောင်များ ဖြန့်ဝေခဲ့ကြသည်။

Monday, October 18, 2010

ကုလနဲ့ပူးပေါင်းလုပ်ကိုင်မှု အားနည်းလို့ မြန်မာအပေါ် ကုလအတွင်းရေးမှူးချုပ် စိတ်ပျက်

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေး အကျပ်အတည်းကိုရော လက်နက်ကိုင် ပဋိပက္ခတွေကိုပါ နှစ်ခုစလုံး ကျော်လွှားနိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်ရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ မြန်မာအစိုးရဟာ ပျော့ပြောင်းလာတဲ့ လက္ခဏာအချို့ တွေ့ရပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး ဖမ်းဆီးထားတာကြောင့် စိုးရိမ်စရာ အခြေအနေ ရှိနေတုန်းပဲလို့လည်း အတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတာ သိသာအထင်ရှားဆုံး လုပ်ရပ်အနေနဲ့ အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုမယ်လို့ အခု ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် မနေ့က အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာထဲမှာ ထည့်သွင်း ရေးထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကြုံနေရတဲ့ အဓိက ပြဿနာ နှစ်ရပ်ကိုလည်း အတွင်းရေးမှူးချုပ်က ထောက်ပြခဲ့တယ်လို့ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူ Martin Nesirky ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်းရော လက်နက်ကိုင် ပဋိပက္ခကိုပါ နှစ်ခုစလုံး ကျော်လွှားနိုင်ဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။ လူ့အခွင့်အရေး လေးစားလိုက်နာဖို့ရော အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းရေး ကိစ္စတွေပါ။ ဒါတွေဟာ မြန်မာနိုင်ငံအနေနဲ့ တပြိုင်နက်တည်း ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေ ဖြစ်တယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။”

မြန်မာအစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်အောင် လုပ်ပေးဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ခြေလှမ်းကောင်းတွေ စတင်ဖို့ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာအစိုးရကို အတန်တန် ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရဖက်က ဒီတောင်းဆိုမှုတွေကို လျစ်လျူပြုခဲ့တာအပြင် အတွင်းရေးမှူးချုပ်ရုံးနဲ့ ဆက်စပ်ပြီး နိုင်ငံတကာက ကျေနပ်လာအောင် အပြောင်းအလဲတွေ မလုပ်နိုင်ခဲ့တာတွေအတွက် စိတ်ပျက်စရာပါပဲလို့ အတွင်းရေးမှူးချုပ်က အဲဒီ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ နိုင်ငံရေး အင်အားစုတွေအကြား စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ပေါ်လာဖို့ ဆောင်ရွက်မယ့် အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ အထူး ကိုယ်စားလှယ်ဟာလည်း မြန်မာနိုင်ငံတွင်းကို မသွားရောက်နိုင်ခဲ့ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်အစိုးရဖက်က ပျော့ပြောင်းလာတဲ့ လက္ခဏာအချို့ ရှိတယ်လို့ မစ္စတာဘန်ကီမွန်းက ယူဆပုံရပါတယ်။ ဒီလို ပျော့ပြောင်းလာတဲ့ လက္ခဏာတွေ တွေ့လာရပေမဲ့ နိုင်ငံရေးအကျဉ်းသား အတော်များများ ဆက်ဖမ်းထားတာကိုတော့ အတွင်းရေးမှူးချုပ်က မနှစ်လို့ဘူးလို့ ပြောခွင့်ရသူ Martin Nesirky က ပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့ အချို့နေရာတွေမှာ ပျော့ပြောင်းလာတယ် ဆိုတဲ့ လက္ခဏာတွေ ရှိလာပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဆက်ထားတာနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်ထိန်းသိမ်းထားတာဟာ အလွန် စိုးရိမ်စရာအခြေအနေအဖြစ် ဆက်ရှိနေတုန်းပါပဲ ဆိုတာကို အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အထွေထွေညီလာခံကို တင်ပြတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။”

မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ပတ်သက်လို့တော့ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တိုးတက်မှု အလားအလာကောင်းတွေ အတွက် အရေးကြီးတဲ့ စမ်းသပ်ချက် ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ်က ထောက်ပြခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်နိုင်ဖို့၊ အားလုံး လက်ခံနိုင်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ပိုပြီးလိုအပ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်အတိုင်း ယုံကြည် လက်ခံလောက်တဲ့ အရပ်သား အုပ်ချုပ်မှုစနစ်တရပ် ပေါ်ထွန်းဖို့ ဗဟိုစံနစ်နဲ့ နိုင်ငံတော်မူဝါဒ ချမှတ်ရေးပိုင်းမှာ ပြည်သူအများ ပါဝင်လာနိုင်ဖို့ အပြောင်းအလဲတွေ လုပ်သွားဖို့ လိုမယ်လို့လည်း အတွင်းရေးမှူးချုပ်က ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့ကျရင် နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ပါတီစုံ ရွေးကောက်ပွဲတွေ စတင်တော့မှာပါ။ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် လုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ပထမအကြိမ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရပေမဲ့ စစ်တပ်က အာဏာမလွှဲခဲ့ပါဘူး။ အခု ရွေးကောက်ပွဲကိုတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ထားပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်း ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ဖို့ လမ်းဖွင့်ပေးပါလို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

VOA

အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင်နှင့် ယခု စင်္ကာပူအတွေ့အကြုံများ (၁)

တပ်မှူးတပ်သား ပြောစကား (၀၃၀)

စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ မျက်စေ့ခွဲစိပ်ကုသမှုခံယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ အောက်တိုဘာလ(၁၂)ရက်နေ့က ရန်ကုန်မြို့ကို ပြန်ပြီး ရောက်ရှိလာခဲ့ပါတယ်။ စစ်မှု ထမ်းဘ၀မှာ စစ်ရေးတာဝန်တွေနဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က စစ်ရေးလေ့ကျင့်မှုနဲ့ဆက်စပ်နေတဲ့ စစ်ရေးနိုင်ငံရေး အတွေ့အကြုံ တွေကို ဦးတင်ဦးက ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ပြောပြထားပြီး ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ အန်ကယ်ဦးတင်ဦး ခင်ဗျာ၊ ကျနော်တို့ ၀မ်းသာပါတယ်။ သတင်းတွေမှာ အန်ကယ်ရဲ့ မျက်စေ့ ဆေးကုသမှုဟာ အပြည့်အ၀ အောင်မြင်ပြီးတော့၊ အန်ကယ်ဟာ အခုဆိုရင် မိတ်ဟောင်း၊ ဆွေဟောင်းတွေက အစ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ပြန်မြင်ရတယ်။ နောက် စင်္ကာပူမှာလည်း ၀ိုင်းဝန်းပြီးတော့ အန်ကယ့်အပေါ်မှာ မေတ္တာ စေတနာနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ထားရှိတဲ့ ဂါရ၀ ကိုလည်း ၀မ်းသာပါတယ် အန်ကယ်။ အခု အန်ကယ်နဲ့ မေးရင်းပြောရင်းနဲ့ပဲ ကျနော် ပြောသွားလိုက်တော့မယ် နော်။

ဦးတင်ဦး ။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။

ဦးရော်နီညိမ်း ။ ။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးရဲ့ (၄၁) မျက်နှာစာတမ်းမှာ သူ ရေးသားခဲ့တယ်။ သူလည်း ဂျပန်စစ်လျှော်ကြေး စစ်မစ်ရှင် အဖွဲ့တွေနဲ့ နိုင်ငံခြားခရီး သွားဖူးတာပဲ။ သို့သော်လည်း သူ အကြာကြီး နိုင်ငံခြား မသွားဖြစ်ဘဲနဲ့ မသွားနိုင်ဘဲနဲ့၊ ၁၉၈၈ နီးတော့မှ သူ သွားခွင့်ရလို့ သွားတဲ့အခါမှာ သြစတြေလျကို သွားတာ။ သွားတဲ့အခါမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို ရောက်ရုံနဲ့တင် မျက်ရည်ဝဲခဲ့ရတယ်ပေါ့။ သူများ တိုင်းပြည် တိုးတက်ကြီးပွားနေတာကြည့်ပြီးတော့ သူက အဲဒီလို ခံစားခဲ့ရဖူးပါတယ် ဆိုပြီးတော့ သူ ရေးသွားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှ သူ့ရဲ့နိုင်ငံရေးကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်တာက တပိုင်းပေါ့ နော်။ တလောလေးကပဲ “နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေး ကော်မတီ” အဖွဲ့ဝင် အဖြစ်ကနေ အနားယူသွားတဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်ကလည်း သူရေးခဲ့တဲ့ စာအုပ်ထွက်လာတဲ့ အခါမှာ၊ သူလည်း တပ်မှူးငယ်ဘ၀မှာ အမေရိကားကို သွားပြီး သင်တန်းတက်တဲ့အခါကျတော့ သူ့စိတ်ထဲမှာ ဒွန်မောင်းလေဆိပ် ကိုရောက်တဲ့အခါ မှာ ထိုင်းနိုင်ငံက ဒွန်မောင်း လေဆိပ်ဟာ ငါတို့ ရန်ကုန်က မင်္ဂလာဒုံလေဆိပ်လောက်တောင် မသားနားဘူး၊ ဒို့က သာတယ် ဆိုတာမျိုး သူခံစားမိတဲ့ အကြောင်း သူရေးခဲ့တယ်ပေါ့။ ဒီလိုဆိုတော့ အန်ကယ်ရော စင်္ကာပူလေဆိပ်ကို စရောက်ပြီး စင်္ကာပူနိုင်ငံကို မြင်လိုက်တဲ့အခါမှာ အန်ကယ် စတင်ပြီး ဘယ်လိုခံစားရပါသလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ ဘယ်လိုခံစားရသလဲဆိုတော့ MRTV တို့ ဘာတို့မှာ တလောတုန်းက လေယဉ်ကွင်းကြီး ပြီးသွားတာကို ခမ်းနားကြီးကျယ်ပုံတွေ၊ လုပ်ငန်းတွေ ဘယ်လို အထွေ ထွေ များပုံတွေ၊ ဆန်းကျယ်ပုံတွေ စသည်ဖြင့် သီချင်းဆိုပြီး ပြတော၊့ ကျနော်တို့ကလည်း ဒီမှာ အပြင်လည်း မရောက်တော့ကာ၊ ဒီမှာ ရှိနေတဲ့ ထပ်မံပြီး မွမ်းမံချယ်သထားတဲ့ မင်္ဂလာ ဒုံလေဆိပ်ကြီးဟာ တော်တော်ပဲ ကြီးကျယ်ခမ်းနားပြီးတော့ ဖြစ်နေပါပြီလား ဆိုပြီးတော့၊ ဪ ဒါ ပြည်သူပြည်သားတွေအတွက် သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကိုင်ပေးလိုက် တာပဲ၊ တောတော်ကြီးက်ျပါလားလို့ ထင်လိုက်တာပေါ့ ဗျာ။ ကိုယ်ကလည်း မတွေ့ဖူးပဲကိုး။ ဒါနဲ့ သွားရင်းနဲ့ပဲ ချန်ဂိ (Changi) လေဆိပ်ကို ဆင်းလိုက်တာနဲ့ တပြိုင်တည်းပဲ၊ ချန်ဂိလေ ဆိပ်ဟာ ကျနော်တို့ မင်္ဂလာဒုံမှာရှိတဲ့လေဆိပ်နဲ့က အပြတ်ကွာသွားတာပေါ့ဗျာ။ ကျနော် ဟိုး စစ်အတွင်းတုန်းက တပ်မှူးငယ်ဘ၀နဲ့ ဒီ ချန်ဂိလေဆိပ်ကို ဆင်းဖူးတယ် ခင်ဗျ။ ချန်ဂိလေ ဆိပ်ဟာ အဲဒီတုန်းကတော့ တောလေဆိပ်လို ပါပဲ။ ဒီလောက် မကြီးဘူး မကျယ်ဘူး ခင်ဗျ။ နောက်တခေါက် ဆင်းတုန်းကလည်း၊ အဲဒီအခါ ကျနော် တပ်ရင်းမှူးအနေနဲ့ သွားတဲ့အခါကျ တော့ ချန်ဂိလေဆိပ်ဟ အလတ်တန်းစားလောက်ပဲ။ နောက်ဆုံးတခါ ဆင်းတော့ ကျနော် ဒုကာကွယ်ရေးဦးစီးချုပ်ဘ၀နဲ့ ဒုဝန်ကြီးပေါ့ ဗျာ။

ဦးရော်နီညိမ်း ။ ။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး အနေနဲ့ သွားတာပေါ့ နော်။

ဦးတင်ဦး ။ ။ ဟုတ်ကဲ့ ဒုဝန်ကြီး ဘ၀နဲ့ on transit ပေါ့ဗျာ၊ ကျနော်က ပထမဦးဆုံး ကွာလာလမ်ပူ (Kuala Lumpur) ကနေ ဆာရာဝက် (Sarawak) သွားတယ်။ ဆာရာဝက်က အပြန်မှာ ချန်ဂိမှာ ဆင်းတာပေါ့။

ဦးရော်နီညိမ်း ။ ။ သြော် မလေးရှားက အပြန်ပေါ့။

ဦးတင်ဦး ။ ။ ကျနော် ကျောင်းတက်ခဲ့တဲ့နေရာ Bokujima ကျောင်းတောင်မှ မရှိတော့ဘူး။ အဲဒီနေရာမှာ တိုက်တွေ ဘာတွေ ဖြစ်နေပြီ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ အန်ကယ် ဘယ်လိုခံစားရပါသလဲ ခင်ဗျ။ အရင်တုန်းက ကိုယ်ကသာ နေရာ ကနေ အခု သူများက ကိုယ့်ထက် အပြတ်သာသွားတာကို။

ဦးတင်ဦး ။ ။ အရင်တုန်းက ကျနော်တို့က သာနေတယ် ခံစားရတာကိုး။ အခုတော့ …….။ ပြောနေရင်း ဗျာ၊ ဦးရော်နီညိမ်း ရေ။ အခု ခင်ဗျားနဲ့ ကျနော် ပြောနေရင်း မီးပြတ်သွားလို့ မီးငြိမ်းသွားပြီး ဗျ။ မှောင်သွားပြီ။ အဲဒီတော့ ကိစ္စ မရှိဘူး၊ အမှောင်ထဲမှာ ပဲ။ အမှောင်ထဲမှာ စမ်းပြီး ပြောကြတာပေါ့။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ချုပ်အောင်ကြီးကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို လုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်တိုင်းပြည်ဟာ အရမ်းကို ခေတ်နောက်ကျသွားတယ်လို့ သူ့ စိတ်ထဲမှာ ခံစားရတဲ့သဘောမျိုး ရေးထားပါတယ်။ အန်ကယ်ကော နိုင်ငံရေးအရ အခု ဘယ်လိုခံစားရပါသလဲ။

ဦးတင်ဦး ။ ။ အဲဒီလိုပဲ ခံစားရတာပေါ့။ တော်တော့်ကို နောက်ကျသွားတယ်လို့ ခံစားရတာပေါ့။ နောက်ကျတယ် ဆိုတာက ဒီလိုလေ။ ကျနော့်တို့ မြန်မာနိုင်ငံမှာ တချိန်တုန်းက ပညာရေးဌာနနဲ့ပတ်သက်ပြီးတော့ အကြီးအကဲလုပ်သွားခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တယောက်က ကုလသမဂ္ဂကိုသွားပြီး ပညာရေးဌာနမှာ ၀န်ထမ်းကောင်းတစ်ယောက်အဖြစ်နဲ့ တာဝန် ထမ်း ဆောင်ခဲ့ပြီး အခုတော့ အငြိမ်းစား ယူသွားပြီ။ နံမည်တော့ မပြောတော့ပါဘူး။ သူက ကျနော်နဲ့ အင်မတန် ခင်မင်ပါတယ်။ အခု ဒီရောက်တော့ သူ့ကို ကျနော်လှမ်းပြီး ဆက်သွယ်လိုက် တော့ ကျနော်တို့ စကားပြောဖြစ်တဲ့အခါ၊ ကျနော်က စင်္ကာပူနဲ့ ကျနော်တို့ နိုင်ငံနဲ့ဟာ တော်တော်လေးကို ကွာခြားသွားပြီ နှစ်(၅၀)လောက် နောက်ကျသွားပြီလို့ ပြောတော့ အဲဒီ ပညာရှင်ကြီးက ပြန်ပြောပါတယ်။ သူက မဟုတ်ဘူးတဲ့။ နှစ်(၁၀၀) လောက်တောင် နောက်ကျ သွားပြီ တဲ့။ သေချာကြည့်ပါ တဲ့။ အားလုံး နှစ်(၁၀၀)လောက် နောက်ကျသွားတယ်တဲ့။ အစစအရာရာပေါ့ လေ။ သူက အဲဒီ လို နောက်ကျသွားပြီလို့ ပြောတာပါပဲ။

ဦးရော်နီညိမ်း ။ ။ သူတို့က ၁၉၆၅ ခုနှစ်ကမှ လွတ်လပ်ရေးရတာ။ ကျနော်တို့ထက် အများကြီး နောက်ကျတယ်။ (၁၇)နှစ်လောက် နောက်ကျတယ်။ နောက် သူတို့ စင်္ကာပူမြို့ကြီး ရဲ့ စည်ပင်သာယာရေး ဆိုရင်၊ ဒါကို ဘယ်လိုလုပ်ရမလဲ ဆိုပြီးတော့ ရန်ကုန်မြို့မှာ လာပြီး လေ့လာခဲ့ရတဲ့ ဘ၀။ အဲဒီလိုမျိုးကနေမှ အခု ဒီလောက် အနေအထား ဖြစ်သွားတဲ့အပေါ်မှာ အန်ကယ် ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုမျိုး ပြန်ဖြစ်စေချင်သလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒီလိုမေးတော့ ကျနော်ပြောရဦးမယ်။ ကျနော်က ဗိုလ်ချုပ်အောင်ဆန်းကို အများကြီး ကျေးဇူးတင်တယ်။ ကျနော်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသားခေါင်း ဆောင်ကြီး၊ တပ်မတော်ဖခင်ကြီးပေါ့ဗျာ။ အင်မတန်မှကို သူ့ ဂုဏ်ကျေးဇူးက ကြီးမားပါတယ် ခင်ဗျ။ ကျနော်တို့ commission (စစ်အရာရှိအဖြစ် စတင် ခန့်အပ်ခံရခြင်း) ရတော့၊ ကျနော်တို့ဟာ British Subject Commission (ဗြိတိသျှစစ်အရာရှိ အဖြစ် စတင်ခန့်အပ်ခံရခြင်း) သဘောမျိုးပေါ့ လေ။ ဗြိတိသျှတပ်မတော်မှာရှိတဲ့ အရာရှိဆိုတော့၊ အရာရှိငယ်တွေ အနေနဲ့ ကျနော်တို့ အဲဒီမှာ ကျောင်းသွား တက်ရတာပေါ့။ အဲဒါက ၁၉၄၇ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတဲ့နှစ် နောက်ပိုင်းမှာ ကျနော်တို့ ကျောင်းတက်ရတာပေါ့ နော်။

ဦးရော်နီညိမ်း ။ ။ အန်ကယ် ဘယ်နိုင်ငံမှာ သွားတက်တာလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒီမှာ ပေါ့။ စင်္ကာပူပေါ့ ဗျ။ ၁၉၄၇ ခုနှစ်မှာ သွားတက်ရတာ။

ဦးရော်နီညိမ်း ။ ။ အန်ကယ် သွားတဲ့အချိန်တုန်းက မလေးနဲ့ စင်္ကာပူနဲ့က မခွဲရသေးဘူး ပေါ့။

ဦးတင်ဦး ။ ။ မခွဲရသေးဘူး။ လွတ်လပ်ရေး မရသေးဘူး။ ဘာမှ မရသေးဘူး။ ဒီ State Settlement (ဗြိတိသျှ အစိုးရလက်အောက်ခံ) ပဲ။ မလေးယား (Malaya) ပဲ။ British Settlement Malaya (ဗြိတိသျှအစိုးရ လက်အောက်ခံ မလေးယား)ပဲ။ မလေးရှား (Malaysia) တွေ ဘာတွေ မဟုတ်သေးဘူး။ အဲဒီမှာ ဘယ်မှာ တက်ရသလဲဆိုတော့ Royal Army Service Corps (ဗြိတိသျှ ဘုရင့်တပ်မတော် စစ်ဝန်ထမ်းကျောင်း)၊ RASC ဆိုတာက ကျနော်တို့ အရာရှိငယ်တွေကို Regimental Duty (တပ်ရင်းအဆင့် တာဝန်များ) သင် ပေးတဲ့ ကျောင်းပေါ့ဗျာ။ အဲဒီမှာ ကျောင်းတက်တုန်းက ကျနော်တို့ကို သိပ်ပြီးတော့ လေးစားကြတယ်ခင်ဗျ။ ဟိုတုန်းကတော့ သိတဲ့အတိုင်းပဲ၊ တနိုင်ငံနဲ့တနိုင်ငံ သွားကြလာကြ ဆို တော့၊ မြန်မာဆိုတာကို တော်တော်ကို ရိုသေတယ် လေးစားတယ်၊ မြန်မာ commissioned officer တယောက်အနေနဲ့ သူတို့က တော်တော်လေးစားကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကို ကျနော်က အများကြီး ကျေးဇူးတင်တယ် ဆိုတာက အဲဒါကြောင့်။ အဲဒီအချိန်တုန်းက မြန်မာပြည်မှာ အုပ်ချုပ်ရေးပညာနဲ့ ပတ်သက်လို့ သိပ်ပြီးတာ့ မြင့်မားနေတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီမှာ ICS (Indian Commissioned Service) (အိန္ဒိယပဋိဥာဉ်ခံဝန်ထမ်း) လို တော်တော်များများ trained လုပ်ထားတဲ့ အဖွဲ့တွေရှိတော့ သူတို့လာပြီး အုပ်ချုပ်ရေး ပညာသင်ရတဲ့ အကြောင်းတွေလည်း ပြောတယ်ခင်ဗျ။ အထူးသဖြင့် နောက်တခုက CID (Criminal Investigation Department) (မှုခင်းစုံ စမ်းစစ်ဆေးရေးဌာန) ပေါ့။ မှုခင်းစစ် ဆေးတာနဲ့ ပတ်သက်တဲ့ ပညာရပ်ကို သူတို့ ဒီမှာ (မြန်မာနိုင်ငံမှာ) လာပြီး သင်တယ်။ နောက်ပြီးတော့ ရဲအရာရှိသင်တန်းတက်ဖို့ ဆိုပြီးတော့လည်း မန္တလေးက ဆပ်ကျောင်း (ရဲသိပ္ပံ) ၊ ရဲအုပ် ဖြစ်အောင် သင်ပေးတဲ့ကျောင်းမှာ သူတို့တွေ လာပြီး တက်နေကြရတဲ့အချိန်မျိုးမှာ၊ ကျနော်တို့က ဒီက (မြန်မာနိုင်ငံက) လာတာဆိုတော့ သူတို့ တော်တော်လေးစားကြတယ်။ ဒါ တကြိမ်ပေါ့။ နောက်တခါ တပ်ရင်းမှူးဘ၀နဲ့ ကျနော်သွားတဲ့ အချိန်ကျတော့ ဥပမာ မြူနီစီပယ်(စည်ပင်သာယာ) ဌာနပိုင်းက ပုဂ္ဂိုလ်တွေဆိုလည်း အရင်က ဒီဘက်မှာ(မြန်မာနိုင်ငံ မှာ) ပညာလာသင်ပြီး ဟိုမှာ (စင်္ကာပူမှာ) ပြန်ပြီး ဖြန့်ဖြူးသင်ကြားပို့ချပေးတဲ့ သဘောမျိုးလေးတွေ ရှိတယ်။ နောက်ပြီးတော့ ရေနံကိစ္စနဲ့ပတ်သက်လို့လည်း သူတို့ ပြောတာတွေ ရှိ တယ်။ ရေနံကတော့ ဒီမှာ သိပ်အများကြီး ရှိပုံတော့ မပေါ်ဘူး။ သို့သော်လည်း ပညာရပ်နဲ့ပတ်သက်လို့ ချောက်မှာလည်း သင်ဖူးတယ် တဲ့။ ဓနိတောက ဘီအိုစီမှာလည်း သင်ဖူး တယ်တဲ့။ အဲဒီတော့ ဟိုတုန်းက ပညာက ဟိုက ဒီကို လာသင်ကြတာ၊ အခုကျတော့ ဒီလို မဟုတ်တော့ဘူး။ ကျနော်တို့က အကုန် ကျကျန်ရစ်ခဲ့ပြီး၊ အဲဒီလို ဖြစ်ကုန်တာပဲ။

ဦးတင်ဦး ။ ။ တနည်းအားဖြင့် ပြောရရင်တော့လည်း ဗျာ၊ လွတ်လပ်ရေးရပြီးစ အချိန်မှာ ဒီမှာက insurrection (ပုန်ကန်ထကြွမှု) ဖြစ်တာကိုး။ သူတို့ဆီမှာလည်း insurrection ဖြစ်တာပဲဗျ၊ ဒါပေမယ့် သူတို့ဆီမှာ ဖြစ်တဲ့ insurrection ကို သူတို့ စီမံခန့်ခွဲပြီးတော့ အုပ်ချုပ်ပုံနည်းလမ်းက စနစ် သိပ်ကျသွားတယ်။ ဘယ်လိုလဲဆိုတော့ အဲဒီ ကျနော်တို့ သွားတက် တုန်းက ကျနော်က Tangalli မှာလေ၊ ကျနော်တို့ Far Eastern Land Forces Headquarter (အရှေ့ဖျားဒေသ ဗြိတိသျှမြေပြင်တပ်ဖွဲ့များ ဌာနချုပ်) ခေါ်တာပေါ့လေ။ အဲဒီမှာ ကျနော်တို့က တက်ရတာ၊ Advance Senior Officer Course (အဆင့်မြင့် အရာရှိကြီးများ သင်တန်း) တက်ရတာကိုး၊ တပ်ရင်းမှူးတွေ ဆိုတော့ အဲဒီမှာ တက်ကြရတယ်။ အဲဒီမှာ တက်တုန်းက၊ သူတို့မှာက သောင်းကျန်းမှုရှိပေမယ်လိှု့Singapore itself (စင်္ကာပူ တခုထဲ အနေနဲ့) ကတော့ အေးချမ်းတယ်။ လုံခြုံရေးကတော့ တော်တော်ယူထားတယ်။ ဒါပေမယ့် ဒီ Main Malaya (မလေး ကျွန်းဆွယ်ဒေသ) ပေါ့နော်၊ အဲဒီမှာ သောင်းကျန်းမှုက တော်တော်လေး ဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ သင်တန်းသွား တက်တဲ့ အခါကျတော့ သူတို့ Briggs’s Plan ဆိုတာရှိတယ်။ Strategic Hamlet Policy (ဗျူဟာမြောက်စုစည်းခြင်း) ပေါ့။ Brigadier General Briggs (ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးချုပ် ဘရစ်ဂ်စ်) ဗျ။ General Tembla (ဗိုလ်ချုပ်ကြီး တယ်မ်ဘလာ)က General Brigg ကို တာဝန်ပေးတာက strategic hamlet တွေလုပ်တာပေါ့ဗျာ။ အဓိပ္ပါယ်ကတော့ဗျာ၊ အေးဆေးတဲ့မြို့တွေ မှာ ဘေးနားမှာရှိတဲ့ ရွာတွေကို စုပြီးတော့ အရံအတားနဲ့ ထားပြီးတာ့ အရပ်သူအရပ်သားတွေ ကို identity card (မှတ်ပုံတင်ကဒ်) ထုတ်ပေးပြီးလို့ရှိရင်၊ သူတို့ စားဖို့သောက်ဖို့ provision (ရိက္ခာ) အတွက် ၀ယ်ချင်တယ် ဆိုရင်၊ လုံခြုံရေး အစီအစဉ်နဲ့ သွားဝယ်၊ ပြီးရင် ပြန်လာကြပေါ့လေ၊ (၇) ရက်စာဖြင့် (၇) ရက်စာ၊ (၁၀)ရက်စာ ဖြင့် (၁၀) ရက်စာပေါ့၊ strategic hamlet ဗျူဟာမြောက် ကျေးရွာများပေါ့။ အဲဒါတွေကို တည်ဆောက်တယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီဟာက ကျနော်တို့ဆီမှာ ဟိုဟာနဲ့ သွားမတူဘူးလား ခင်ဗျာ။ ကျနော်တို့ ဆီမှာ မြစ်ဝကျွန်းပေါ် ရှင်းလင်းရေး လုပ်တုန်းက “ဖြတ်(၄)ဖြတ်” နဲ့ နည်းနည်း မတူဘူးလား။

ဦးတင်ဦး ။ ။ အဲဒီလိုမဟုတ်ဘူးဗျ၊ သူတို့က ညက်တယ်၊ ကျနော်တို့ဟာက သိပ်မညက်လှဘူး ခင်ဗျ၊ ကျနော် ကာကွယ်ရေးဦးစီးချုပ်တုန်းက ဒီ ကိစ္စ လုပ်ဖူးပါတယ်။ သိပ်မညက်ဘူး။ မညက်ဘူး။ သူတို့က သိပ်ညက်တယ်။ ကျနော် ပြောပြမယ်။ လူတွေကို ဒီမိုကရေစီနဲ့ ပတ်သက်ပြီး လူသားအမြင်နဲ့ ညက်တာကို ကျနော်ပြောတာပါ။

ဦးတင်ဦး ။ ။ ဘယ်လိုလုပ်သလဲ ဆိုရင် မလေးယားကျွန်းဆွယ်တခုလုံးမှာ အင်မတန် သောင်းကျန်းမှုဖြစ်တဲ့ နေရာတွေမှာ အဲဒီလိုပဲ လုပ်ကြရတယ်။ ပထမတော့ ကျနော်တို့သွား တုန်းက လူတွေက ဆူတယ်ခင်ဗျ၊ ဆူတယ် ဆိုတာက ဒီလို လုပ်တာ မလွတ်လပ်ဘူး၊ တရား မမျှတဘူး၊ သူတို့ လူမျိုးကို နှိမ်တယ်ပေါ့ ဗျာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ လူတွေက သူတို့ဘာသာ သူတို့ သဘောပေါက်သွားပြီးတော့ သိပ်ကြိုက်သွားတယ် ဗျ၊ ဘာကြိုက်သွားလဲ ဆိုတော့ နံပါတ်(၁)က သူတို့ စားဖွယ်သောက်ဖွယ်နဲ့ ပတ်သက်တာ အားလုံးကို သူတို့ အကုန်လုံး စားရတယ်။ ဟိုပေး ဒီပေး (သူပုန်ထနေသော မလေးရှားကွန်မြူနစ်များသို့) လုပ်စရာမလိုတော့ဘူး။ နောက်တစ်ခုက သူတို့ ရတဲ့ လုပ်ခလခတွေ သူတို့ အပြည့်သုံးရတယ်။ ခွဲကြေး ဆက်ကြေး မပေးရတော့ဘူး။ နောက်ပြီးတော့လည်း လုံခြုံနေတော့၊ ဟိုက (သူပုန် ဘက်က) ခေါ်ခိုင်းတဲ့ကိစ္စတွေလည်း သွားပြီး အပိုလုပ်ပေးရတာ မရှိတော့ဘူး။ သူတို့ တော်တော်လေး သဘောကျသွားပြီးတော့၊ သူတို့က ကျေနပ်သွားတော့၊ ပြီးတာနဲ့ တစ်နှစ်တောင် မကြာပါဘူး။ ဘာမှ မကြာပါဘူး။ နောက် တစ်နှစ်လောက်မှာ ဒါ Merdeca (မလေးဘာသာ) လွတ်လပ်ရေး ရသွားတာပါပဲ။ အဲဒါနဲ့ မလေးရှားဟာ ငြိမ်းချမ်းသွားခဲ့တာပဲ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ ဟိုဟာကော မကွာဘူးလား ခင်ဗျ၊ ဟိုမှာလုပ်သလို ဒီမှာလည်း လုပ်တဲ့အခါ ကျတော့ ဟိုဘက်က သူပုန်ဘက်ကတော့ ရပ်သူရွာသားတွေ ကို ဘာမှ လာပြီး ဒုက္ခပေးလို့ မရတော့ဘူး။ ဒါပေမယ့် ကိုယ့်တပ်က ပြန်ပြီးတော့ အဲဒီ ရပ်သူရွာသားတွေကို ဒုက္ခ ပြန်ပေးနေတာကျတော့၊ အန်ကယ် ဘယ်လိုနှိုင်းယှဉ်ပြီး ပြောမလဲ။

ဦးတင်ဦး ။ ။ အဲဒါက ကျနော်တို့ ဒီမှာလည်းပဲ ဟိုပုံစံတော့ မဟုတ်ဘူးလေ။ ဒီ Briggs’s Plan, Strategic Hamlet ဆိုတာ ကျနော် တပ်ထဲမှာကတည်းက စလုပ်မယ် ဆိုပြီး တော့လည်း နောက်ပိုင်း “ဖြတ်(၄)ဖြတ်” တို့ ဘာတို့ဆိုတာ အဲဒီကနေ လာတာပဲလေ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့လေ။ နောက်ပိုင်းတော့လည်းပဲ အေးဆေးတော့ အေးဆေးသွား တယ်။ လူထုကတော့ အတော်ခံလိုက်ရတာတော့ ဖြစ်သွားခဲ့တာပေါ့လေ။

ဦးရော်နီညိမ်း ။ ။ ဒုတိယကမ္ဘာစစ်ကြီးပြီးစ မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေး မရခင်မှာ ဗြိတိသျှတွေအုပ်ချုပ်ကွပ်ကဲတဲ့ ဗမာ့တပ်မတော်ရဲ့ တပ်မှူးငယ်တယောက်အနေနဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး စင်္ကာပူနဲ့မလေးရှားကဗြိတိသျှစစ်တပ်မှာ စစ်ဘက်ဆိုင်ရာသင်တန်းတွေ တက်ရောက်ခဲ့စဉ်က အတွေ့အကြုံ၊ တပ်ရင်းမှူးအဆင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) စတဲ့ အဆင့်မြင့်ရာထူးကြီးတွေမှာ ထမ်းဆောင်ခဲ့စဉ် မလေးရှားနဲ့ စင်္ကာပူက အတွေ့အကြုံတွေကို တင်ဆက် ပေးခဲ့တာပါ ခင်ဗျာ။ နောက်သီတင်းပတ် အောက်တိုဘာလ(၂၄)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ” နိုင်ငံရေးပါတီရဲ့ ဒုတိယဥက္ကဌ လူထုခေါင်းဆောင်ဘ၀မှာ မြန်မာနိုင်ငံသားတဦးအနေနဲ့ စင်္ကာပူမှာ သွားရောက် မျက်စေ့ခွဲစိတ်ကုသမှုခံယူစဉ် မတူခြားနားကွဲပြားတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ ပြောစကားတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။



VOA

Friday, October 15, 2010

နိုဝင်ဘာ ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ထပ်မံ သတိပေး




DVB

တရားစွဲဆိုထားသည့် ကာလ NLD ပါတီ ရပ်တည်မှု ပျက်ပြယ်ခြင်းမရှိ

ကြာသပတေး, 14 အောက်တိုဘာ 2010


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ဥပဒေကြောင်းအရ တရားဝင် အဖွဲ့အစည်းတခုအဖြစ် ဒီကနေ့အထိ ဆက်ပြီး ရပ်တည်နေတုန်းပဲ ဆိုတဲ့အကြောင်း ပါတီအတွင်း ကြေညာချက် တစောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က NLD ပါတီကို မတရားအသင်း ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး NLD ဘက်က တရားစွဲဆိုမှုကို နိုင်ငံတော် တရားရုံးချုပ်က လက်ခံထားတာကြောင့် ပါတီ မပျက်ပြယ်သေးတဲ့ သဘောလို့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

NLD ပါတီဟာ ဒီကနေ့အထိ တရားဝင် နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ပြီး ရပ်တည်နေတုန်းပဲ ဆိုတဲ့အကြောင်း တနိုင်ငံလုံးမှာရှိတဲ့ NLD ပါတီဝင် အင်အားစုတွေကို ဒီကနေ့ပဲ စာပို့လိုက်တဲ့အကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်ကတည်းက တရားဝင် မှတ်ပုံတင်ထားတယ်။ အခု ရွေးကောက်ပွဲ ဥပဒေတွေ ပေါ်ပေါက်လာတဲ့ အခါမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ထပ်မံ မှတ်ပုံမတင်ရင် အလိုအလျောက် ပျက်ပြယ်တယ်လို့ ဖော်ပြတယ်။ အဲဒီ ဖော်ပြချက်နဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အစိုးရကို နိုင်ငံတော် တရားရုံးချုပ်မှာ တရားစွဲဆို ဆောင်ရွက်နေတယ်။ ဒီ တရားစွဲဆို ဆောင်ရွက်နေတဲ့ အမှုကိုလည်း နိုင်ငံတော် တရားရုံးချုပ်က လက်ခံပြီး မှတ်ပုံတင်နံပါတ် ပေးထားပါတယ်။

“ဒါကြောင့် အခုလို တရားစွဲထားတဲ့အတွက် ဒီကာလမှာ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက် ရပ်တည်နေတယ်လို့ ကျနော်တို့ အဖွဲ့ချုပ် စည်းရုံးရေး အဖွဲ့တွေကို အကြောင်းကြားတဲ့စာပါ။”

NLD ပါတီဘက်က တရားဝင်နေတုန်းပဲလို့ ပြောနေပေမဲ့ ဒီအချက်ကို စစ်အစိုးရ အာဏာပိုင်တွေဘက်က ဘယ်လို သဘောထားတယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“အဲဒါ ကျနော်တို့ မသိဘူး။ အာဏာပိုင်တွေ သူတို့ စဉ်းစား သုံးသပ်တဲ့ကိစ္စ။ ကျနော်တို့ကတော့ ဥပဒေအရ NLD ဟာ ပျက်ပြယ်ခြင်း မရှိဘူး၊ ဆက်လက်ရပ်တည်တယ် ဆိုတာ ဥပဒေ အချက်အလက်များပေါ်မှာ အခြေခံပြီး တရားစွဲတင်ထားတာပါ။”

အရင်ကာလတွေတုန်းကဆို NLD ပါတီရဲ့ လှုပ်ရှားမှုတွေ မှန်သမျှ စစ်အစိုးရ အာဏာပိုင်တွေဘက်က အမြဲမပြတ် စောင့်ကြည့်တာတွေ၊ သတိပေး ခြိမ်းခြောက်တာတွေ၊ ဖိအားပေးတာတွေ၊ ဖမ်းဆီး အရေးယူတာတွေကို အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီက မပါဝင်တော့ဘူးလို့ ပြောခဲ့ပြီးနောက်ပိုင်း NLD ရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေဘက်က ဘာမှ အရေးယူ ဆောင်ရွက်တာ မရှိတော့ပါဘူး။ ဒီလို ထူးခြားချက်တဲ့ အခြေအနေတွေဟာ ဘာကြောင့်ဖြစ်လာတယ်လို့ ထင်သလဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“ကျနော်တို့က ရွေးကောက်ပွဲ မ၀င်တော့ဘူး။ NLD ဆိုတာလည်း သူတို့ပြောတဲ့ ဥပဒေအရဆို မရှိတော့ဘူး။ ဒီအခြေအနေမျိုးမှာ NLD ကို သူတို့ အနှောင့်အယှက်ပေးရင် NLD ရှိတယ်ဆိုတဲ့ အဓိပ္ပာယ် ရောက်နိုင်တယ် ဆိုတာလည်း စဉ်းစားစရာ အချက်တချက်လို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်။”

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ကျရင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အထူးအယူခံလွှာကို တရားရုံးချုပ် ရန်ကုန်မှာ ကြားနာဖို့ရှိလို့ မနက်ဖြန်ကျရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားဥပဒေဆိုင်ရာ ကိစ္စတွေ ပြောဆိုခွင့်ရရေး ရှေ့နေ ဦးဉာဏ်ဝင်းနဲ့အဖွဲ့ဟာ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အာဏာပိုင်တွေဆီမှာ ခွင့်တောင်းထားတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

VOA

ထိုင်းက ပြန်ပို့မည်ကို မြန်မာအတိုက်အခံများဝေဖန်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၃ မိနစ် . Share1vote
nowBuzz up!
ချင်းမိုင်(မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးလျှင် မြန်မာဒုက္ခသည်များနှင့် မြန်မာအတိုက်အခံ အင်အားစုများကို နေရပ်ရင်း ပြန်ပို့မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်မှာ လူသားချင်း စာနာမှုမရှိဟု ထိုင်းနိုင်ငံရှိ မြန်မာ့အရေး လှုပ်ရှားသူများက ဝေဖန်ပြစ်တင်လိုက်ကြသည်။

ပြီးခဲ့သည့်လ ၃ဝ ရက်နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပသည့် Asia Society Forum ဆွေးနွေးပွဲ၌ ထိုင်းဝန်ကြီး ကဆစ်ဖိရွမ်း တက်ရောက်နေစဉ် မြန်မာများကို နေရပ်ရင်း ပြန်ပို့မည်ဟု Radio Australia မှ သတင်းထောက် Cochrane ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော် ဘန်ကောက်ကို ပြန်သွားပြီးတော့ ပထမဆုံး ကျနော်ဆောင်ရွက်မယ့် ကိစ္စတခုကတော့ ဒုက္ခသည်စခန်းထဲက မြန်မာတွေ၊ အိမ်ရာပစ်ပြေးထားရတဲ့ ဒုက္ခသည်တွေ၊ ဘန်ကောက်နဲ့ ချင်းမိုင်က ပညာတတ်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ မြန်မာပြည်ကို ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ပိုပြီးထိရောက်တဲ့ ကြိုတင်ပြင်ဆင်မှု အစီအစဉ် ပရိုဂရမ်တခုကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကိစ္စပါ” ဟု မစ္စတာ ကဆစ်က ပြောဆိုခဲ့သည်။

ဤပြောဆိုချက်နှင့်ပတ်သက်၍ HREIB ခေါ် လူ့အခွင့်အရေး ပညာပေးဋ္ဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “အခုလို ပြန်ပို့ခြင်းက ကျနော်တို့ရဲ့ အသက်အိုးအိမ်တွေကို ထိခိုက်နိုင်တဲ့အပြင် လူသားချင်းစာနာမှု ဥပဒေကို အတိအလင်း ချိုးဖောက်ခြင်းပဲ ဖြစ်တယ်။ အဲဒီတော့ သူတို့ကုလသမဂ္ဂမှာ ပြောထားတဲ့အချက်နဲ့ အခုလက်ရှိလုပ်တဲ့ အချက်တွေက အရမ်းကို ကွာခြားမှုတွေ ဖြစ်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာအမျိုးသမီးသမဂ္ဂ BWU မှ ဒေါ်တင်တင်ညိုကလည်း “သူတို့ကို ပြန်ပို့မယ်ဆိုရင် သေချာတာတခုက ဒီလူတွေ အားလုံးက ထောင်ကျအောင်၊ ပြီးတော့ ဟိုမှာပြန်ရောက်ပြီးလို့ရှိရင် ဒုက္ခဆင်းရဲပေါင်းစုံ ရောက်အောင်၊ လုပ်ပေးလိုက်တာနဲ့ အတူတူပဲ ဖြစ်မယ်” ဟု ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ပြန်ကြားရေးတာဝန်ခံ ဦးညိုအုန်းမြင့်ကမူ ထိုင်းအစိုးရအနေဖြင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် စစ်အစိုးရအပေါ် ယခုလို လိုက်လျောမှု ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းအစိုးရမှ မြန်မာဒုက္ခသည်များနှင့် အတိုက်အခံ အင်အားစုများကို အတင်းအကျပ် နေရပ်စေလွှတ်ပါက မြန်မာ့အရေး ထောက်ခံသည့် ထိုင်းလူမှုအဖွဲ့အစည်းများမှတဆင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာဒုက္ခသည်များမှာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းပေါင်း ၉ ခုတွင် နေထိုင်လျက်ရှိကာ လူဦးရေအားဖြင့် တသိန်းခွဲခန့် ရှိသည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved.

မြန်မာ့ ရွေးကောက်ပွဲ ဂျပန် စောင့်ကြည့်မည်

ဆလိုင်းထွန်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၁၂ မိနစ် .5
Share1vote
nowBuzz up!0diggs
digg
နယူးဒေလီ (မဇ္ဈိမ) ။ ။ စစ်အစိုးရ ရွေးကောက်ပွဲကို အသိမှတ်မပြုရန် ဆုံးဖြတ်နိုင်သည့် အချက်အလက် ရှိသော်လည်း စောင့်ကြည့်သွားဦးမည်ဟု ဒုတိယ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Yamahana Ikuo က ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများကို ယမန်နေ့တွင် ပြောဆိုခဲ့သည်။

တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မြန်မာ့ရေးရာရုံး (ဂျပန်) အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသည့် မြန်မာအဖွဲ့ ၇ ဖွဲ့အပြင် ဂျပန် အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်၊ မြန်မာ့ရေးရာဆိုင်ရာ ဂျပန်လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့တို့မှ ကိုယ်စားလှယ် ၁ဝ ဦးကို တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“၂ဝ၁ဝ ရွေးကောက်ပွဲကို အသိမှတ်မပြုဖို့ ပြောတော့ ဒုဝန်ကြီးက အသိအမှတ်မပြုဖို့ ဆုံးဖြတ်လို့ မရနိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘူး၊ (NLD က မလျှောက်လို့ မပါတာလို့ မပြောဘူး) ပါလို့မရအောင် လုပ်ထားကြောင့်မို့ NLD လည်း ရွေးကောက်ပွဲကို ပါလို့မရဘူး။ ဒါကို ဆုံးဖြတ်နိုင်ဖို့ အချက်လက် ရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်ကြည့်မယ်လို့ ပြောတယ်” ဟု မြန်မာ့ရေးရာရုံး (ဂျပန်) မှ အတွင်းရေးမှူး ဒေါက်တာမင်းညိုက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ ခုနှစ် ဥပဒေသည် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရာ မရောက်ခြင်း၊ လုပ်အားပေးခိုင်းစေမှုကို လုပ်ခွင့်ပေးခြင်းနှင့် ယခုရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် ပိုမိုဆိုးရွားလာနိုင်ခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် အသိမှတ်မပြုရန် မြန်မာအင်အားစုများက တောင်းဆိုခဲ့ရာ ဝန်ကြီးက ယခုလို တုံ့ပြန်ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“၂ဝဝ၈ အခြေခံဥပဒေက စစ်အာဏာရှင်နိုင်ငံ တည်ထောင်တာ။ ILO က လို့ပြောနေတဲ့ အဓမ္မ လုပ်အားပေးတဲ့ဟာကို တရားဝင် လုပ်ပိုင်ခွင့်ရှိတယ်။ လိုအပ်ရင် လိုအပ်သလို သုံးနိုင်တယ်လို့ အတိအလင်းပါတယ်။ ၅ ဦးကော်မတီလို့ခေါ်တဲ့ သမ္မတက စစ်တပ်က မဟုတ်တောင် ၄ ဦးက စစ်တပ်က လူတွေပါ။ လက်ရှိသွားတဲ့ပုံက ဒီမိုကရေစီလမ်းကြောင်း သွားတာ မဟုတ်ဘူး။ သုံညကို ရောက်တယ်လို့ သူတို့က ပြောတယ်” ဟု ဒေါက်တာမင်းညိုက ဆိုသည်။

သူက ဆက်ပြီး “နိုင်ငံခြားရေး ပေါ်လစီမှာ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျဉ်သားတွေကို လွှတ်ပေးရမယ်။ ရွေးကောက်ပွဲမှာ အားလုံးပါရမယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ရမယ်၊ မျှတရမယ်လို့ ပါတယ်။ သူတို့က ငြင်းနိုင်စရာ မရှိဘူး၊ ရွေးကောက်ပွဲရလဒ်အပေါ် အမေရိကန်နဲ့ EU တို့နဲ့ တသံတည်းဖြစ်လိမ့်မယ်။ ကျနော်တို့ လုပ်ဆောင်မှုကို ထောက်ခံလာဖို့များတယ်။ ၁ဝဝ ရာခိုင်နှုန်းမရောက်ရင်တောင် ၆ဝ ရာခိုင်နှုန်းထိ ရောက်လာမယ်” ဟု ပြောသည်။

မြန်မာအင်အားစုများက စစ်အာဏာပိုင်များ၏ ရာဇဝတ်မှုများကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေး ထောက်ခံပေးရန်နှင့် စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေသည့် တရုတ်အစိုးရကို ဝိုင်းဝန်းထိန်းပေးရန် တောင်းဆိုခဲ့ကြသေးသည်။

“စုံစမ်းရေးကော်မရှင်ဆိုတဲ့ ကိစ္စကို ၁၃ နိုင်ငံက ထောက်ခံတာ တွေ့တယ်။ ဂျပန်အစိုးရကလည်း ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အတွက် အသိမှတ်ပြု ထောက်ခံပေးပါလို့ တောင်းဆိုတယ်။ နောက်ဆုံးအချက်က စစ်အစိုးရက နောက်ကနေ ငွေအား၊ စီးပွားရေး အမျိုးမျိုး ထောက်ခံပေးနေတဲ့ တရုတ်နိုင်ငံကို ဂျပန်အစိုးရအနေနဲ့ တတ်နိုင်သလောက် ဝိုင်းထိန်းပေးဖို့ တင်ပြတယ်” ဟု ဒေါက်တာမင်းညိုက ပြောသည်။

မစ္စတာ Yamahana Ikuo က ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကိစ္စကို လေ့လာနေကြောင်းနှင့် လေ့လာမှု ပြီးစီးပါက ဂျပန်အစိုးရအနေဖြင့် ဆုံးဖြတ်ချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ဂျပန်သည် အာရှတွင် အဖွံ့ဖြိုးဆုံးဖြစ်ကာ စက်မှုလက်မှု စက်ကိရိယာနှင့် နည်းပညာအရာတွင် အထွန်းကားဆုံးဖြစ်ပြီး ကုန်သွယ်စီးပွားတွင်ပါ တရုတ်၊ အိန္ဒိယထက် ပိုမိုမြင့်မားသဖြင့် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် နိုင်ငံဖြစ်ကြောင်း ဒေါက်တာမင်းညိုက ပြောဆိုသည်။

ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားသူများအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အသိမှတ်မပြုရေးအတွက် ဂျပန်အစိုးရနှင့် လွှတ်တော်သို့ပါ စည်းရုံးတိုက်တွန်းသွားမည်ဟု သိရသည်။


© Copyright 1998 - 2009 Mizzima News. All Rights Reserved.

ရွေးကောက်ပွဲနဲ့ ပြည်မအေး၊ အားလုံး ကြေလည်အောင် ဆွေးနွေးရမယ်”

| ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၂၂ မိနစ် .5
Sharevote
nowBuzz up!0diggs
digg
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး စင်္ကာပူနိုင်ငံသို့ မျက်စိကုသရန် ရောက်ရှိနေစဉ် မဇ္ဈိမ သတင်းထောက် ခင်ဖြူဝင်းက တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

NLD ဆက်လက် ရပ်တည်ဖို့နဲ့ ရှေ့အလားအလာကို ဘယ်လိုမြင်ပါသလဲ။

သူတို့က NLD ဆက်လက်ရပ်တည်ခွင့် မရှိတော့ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်၊ ဒါပေမဲ့ NLD ဟာ NLD ပါပဲဗျာ၊ NLD ဆက်ရပ်တည်ဖို့ အခွင့်အလမ်းတွေရှိပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ ပြန်တောင်းဆိုဖို့ NLD အခန်းကဏ္ဍ ပြန်ရောက်လာအုံးမှာပါ။

NLD ရဲ့ လုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ဘယ်လို ဆက်လုပ်မယ် ပြင်ထားပါသလဲ။

သူတို့က NLDကို မရှိတော့ဘူး၊ ပျက်ပြယ်ပြီ၊ ဖျက်သိမ်းလိုက်ပြီ ဆိုပေမယ့် ဥပဒေအရ သူတို့ ဖျက်သိမ်းလို့ မရဘူး၊ ဘာကြောင့်လဲဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ရလာတဲ့ ရလဒ်အရ မြန်မာတပြည်လုံးက NLD ကို လွှတ်တော် ကိုယ်စားလှယ်တွေ အများဆုံး ရွေးပေးခဲ့တာဖြစ်တယ်။ အဲဒီအခွင့်အာဏာက ပြည်သူလူထုက ပေးတဲ့ ပြည်သူလူထုကပေးတဲ့ ကိုယ်စားလှယ်တွေအပေါ်မှာပဲ ရှိနေသေးတယ်။ အဲဒါကြောင့် ဒီလို ရွေးကောက်ပွဲက ရလာတဲ့ ရလဒ်ရှိနေရဲ့သားနဲ့ ဘာမှလဲ မလုပ်ရသေး၊ ဘာမှလဲ မဆောင်ရွက်ရသေး၊ ဘာအပြစ်မှလဲမလုပ်၊ ဘာအမှုအခင်းမှလဲ မလုပ်ဖူး တိုင်းပြည်အတွက် ဥပဒေဘောင် အပြင်ဘက်ကနေ ဖေါက်ဖျက်တာမျိုးလဲ မရှိဘဲနဲ့ ဒါကို ပျက်ပြယ်ပြီ၊ ဖျက်လိုက်ပြီ ဆိုတာက အဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့် NLDက ရှိနေသေးတယ်။ တခုရှိတယ် သူတို့ထင်သလို NLD ပါတီမရှိဘူး၊ အဲဒါမှန်တယ်ထားလိုက်။ဒါပေမဲ့ NLDဟာ ပြည်သူ့ပါတီအနေနဲ့ ပြည်သူလူထုထဲမှာ အစဉ်ရှိသွားမယ်။ ပြည်သူလူထုရဲ့ အားပေးမှု ထောက်ခံမှု သူတို့ရဲ့ ကြင်နာမှု ထောက်ထားမှု၊ စာနာမှု အားလုံးကိုရရှိပြီး ပြည်သူလူထုထဲကို ဝင်တိုးတဲ့ ပြည်သူ့ရဲ့ပါတီ အနေနဲ့ ပြည်သူအားကိုးတဲ့ ပါတီအနေနဲ့ အသက်ရှင်လျက်ရှိတယ်၊ အသက်ရှင်လျက်ရှိမယ်၊ နောင်ကိုလည်း တလျောက်လုံး ရှင်လာမယ်။ ပြီးတော့မှ ပြန်လုပ်စရာရှိတာတွေလဲ ပြည်သူလူထုရဲ့ ထောက်ခံချက်နဲ့ လုပ်လာနိုင်မှာဖြစ်တယ်။ ဒါက ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အချက်ပါ။

ကျနော်တို့ အခွင့်အရေး တွေကို ကျနော်တို့ ပြန်တောင်းဆိုမယ်။ ဥပဒေမှာရှိတယ်၊ အရင်တုန်းက ထုတ်ပြန်ထားတဲ့ ဖြစ်တည်ပြီးရှိနေတဲ့ ကိစ္စအရပ်ရပ်မှာ နောက်ဥပဒေက ထုတ်လိုက်လို့ ဒီဥပဒေက ရှေ့မှာရှိနေတဲ့ လူဥပဒေတယောက် အတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း နစ်နာမယ်ဆိုရင် အဲဒီ နစ်နာချက် တွေကို တရားဥပဒေက ကုစားပေးရမယ်။ ဒါကြောင့် ဒီအချက်တွေကို ကျနော်တို့ တရားရုံးကို တင်ထားပြီးသား ဖြစ်တယ်။ အခု အဲဒီ နစ်နာမှုတွေဟာ NLD အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာတာမဟုတ်ဘူး။ ပြည်သူလူထုက သူတို့ ဆန္ဒနဲ့ သူတို့ လိုချင်ပါတယ်ဆိုတဲ့ လေဘာတီရယ်၊ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် အဲဒီနစ်နာချက်တွေကို တရားရုံးက ကုစားပေးရမယ်။

အဲဒီလို ကုစားပေးဖို့ ၁၉၄၅ ခုနှစ် ဥပဒေမှာ ဆိုထားတာက ရှေ့မှာရှိနေတဲ့ အဖွဲ့အစည်းတခုခုအား သူတို့ လုပ်ကိုင်ဆောင်ရွက်ချက်တွေအားလုံးကို သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း လုပ်ကိုင် ဆောင်ရွက်နေလျက်သားနဲ့ နောက်တခု ဥပဒေထုတ်လိုက်လိုက်လို့ ဒါကို ထိခိုက် နစ်နာတယ်ဆိုရင် ရှေ့ကခံရတဲ့လူတွေနဲ့ အဖွဲ့အစည်းဟာ တရားရုံးမှာ မိမိတို့ သက်သာခွင့်ကို ရယူလျှောက်ထားခွင့် ရှိတယ်ဆိုတာကို ဥပဒေနဲ့အညီ ကျနော်တို့ တင်ထားတယ်။ အဲဒါကြောင့် ဒီဥပဒေအရ တရားရုံးက NLD အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာတာ မဟုတ်ဘူး။ ပြည်သူလူထုက သူတို့ ဆန္ဒနဲ့ သူတို့ လိုချင်ပါတယ်ဆိုတဲ့ လေဘာတီရယ်၊ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် အဲဒီ နစ်နာချက်တွေကို တရားရုံးက ကုစားပေးရမယ်။
မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးရမယ်ဆိုတာ ယုံကြည်ထားတယ်။ အဲဒါ ဆုံးဖြတ်ပေးမပေး ဆိုတာကိုတော့ ကျနော်တို့ တင်ထားဆဲ ဖြစ်တဲ့အတွက် လျှောက်လဲဖို့အတွက် ကျနော်တို့ စောင့်နေတယ်။ ဒါကြောင့် ကျနော်တို့ဥပဒေကြောင်းအရလဲ NLDက ရှိနေသေးတယ်။

ဆိုင်းဘုတ်တို့၊ အလံတို့၊ ရုံးတို့ အရေးမကြီးဘူး၊ ရွေးကောက်ပွဲတို့ ဘာတို့ အရေးမကြီးဘူး၊ အရေးကြီးတာက နိုင်ငံတော်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး တည်ငြိမ်မှုရဖို့ဟာ ရွေးကောက်ပွဲတခုတည်းနဲ့ ဆုံးဖြတ်ပြီး လုပ်လို့မရဘူး။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဟာ လုပ်ငန်းစဉ်တခု အဲဒါ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ငန်းစဉ်တခုတည်းနဲ့ နိုင်ငံကြီးတခုလုံး နိုင်ငံရေးအရ တည်ငြိမ်သွားပြီဆိုတာ မဖြစ်နိုင်ဘူး။ နိုင်ငံရေးအရ တည်ငြိမ်တယ်ဆိုတာဟာ နိုင်ငံသူ နိုင်ငံသားအားလုံး စစ်တပ်အုပ်ချုပ်တဲ့သူကော၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကော တိုင်းရင်းသားအားလုံးကော ညှိနှိုင်းဆွေးနွေးပြီးတော့မှ သဘောတူညီမှု ရပြီး ဆောင်ရွက်ချက်သာလျှင် နောင်မှာ အရှည်ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်တဲ့အတွက် NLD သည် ဒီအပေါ်မှာ ရပ်တည်ထားတဲ့အတွက်ကြောင့် ဘယ်တော့မှ မပျက်ပြယ်ဘူး၊ အသက်ရှင်လျက်ရှိမယ်၊ အခုလဲရှိမယ် နောင်လဲရှိမယ်၊ နောင်ကိုလဲ ပြည်သူလူထု ဆန္ဒအရ လုပ်လို့ရလာအုံးမယ်ဆိုတာကို တကယ်ယုံကြည်ပြီး ဆောင်ရွက်နေတယ်၊ ရဲရဲဝံ့ဝံ့ပဲ အားလုံးဆောင်ရွက်နေတယ်။

၉ဝ ရွေးကောက်ပွဲမှာ ပြည်သူက NLD ကို လုပ်ပိုင်ခွင့် အာဏာတွေ အများကြီး ပေးခဲ့တယ်။ အခု လုပ်မယ့် ရွေးကောက်ပွဲမှာကော NLD အနေနဲ့ မဲပေးမယ့်သူတွေကို ဘာပြောချင်ပါသလဲ။

တိုင်းရင်းသားချင်း ပေးချင်တယ်ဆိုတာ တိုင်းရင်းသားတွေထဲကကော သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူညီမျှရေး၊ သူတို့ လိုလားတဲ့ ဖယ်ဒရယ်မူကို ရမလား၊ ရမယ်လို့ ယုံကြည်ရင် မင်းတို့သဘောပဲ...
ကျနော်တို့က မှတ်ပုံလဲမတင်ဘူး၊ ရွေးကောက်ပွဲလဲ မဝင်ဘူး ဆိုတော့ရှင်းနေပြီ၊ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ပေါ့။ ဒါကြောင့် ကျနော်တို့က ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း ပြောထားတာက သပိတ်မှောက်တယ်၊ ကန့်ကွက်တယ်၊ ဒါကြောင့် လူထုအနေနဲ့ မဲပေးဖို့ဆိုတာ ဒီမိုကရေစီ အစဉ်အလာအရ မဲပေးရမယ်လို့ ဥပဒေက ဆိုထားတယ်။ သို့သော်လဲ မဲမပေးဘဲ နေပိုင်ခွင့်လဲ ရှိတယ်ဆိုတော့ သူတို့ မကြိုက်ရင် မဲမပေးပဲ နေရုံပဲပေါ့၊ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့ စကားအတိုင်းပဲ၊ ပြည်သူလူထုကပြောတယ်၊ ကြံ့ဖွံ့ကော တစည ကိုကော မကြိုက်ဘူး၊ နောက် ရွေးကောက်ပွဲဝင်တဲ့လူတချို့ဟာလဲ တချိန်က လူထုအတွက် ဘာမှ လုပ်လာတာမဟုတ်ဘူး၊ ရွေးကောက်ပွဲဆိုမှ ထလာတဲ့လူတွေဖြစ်တဲ့အတွက် ဒီလူတွေကိုလဲပဲ မယုံကြည်ဘူး၊ အဲလိုဆိုရင် NLD ကိုပဲ မဲပေးချင်တဲ့လူတွေက NLD မရှိရင် မပေးဘဲနေကြပေါ့။ အဲဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲကို သပိတ်မှောက်ကြလို့ လူထုနားလည်အောင် ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမပြောရင် လူထုက ဟိုလို ဒီလိုထင်ပြီးတော့ ရွေးကောက်ပွဲ သပိတ်မှောက်ပါလဲပြောတယ်၊

ရွေးကောက်ပွဲအကြောင်းလဲ ပြောနေတယ်ဆိုရင် အဓိပ္ပာယ်က ရှေ့နောက် မညီဘူး။ အဲဒီတော့ ပြတ်ပြတ်သားသားပဲ ရွေးကောက်ပွဲကို သပိတ်မှောက်ကြလို့ပဲ ကျနော်တို့ ပြောလိုက်တယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့လဲ မေးလာတာတွေရှိတယ်၊ တိုင်းရင်းသားတွေထဲမှာ တိုင်းရင်းသားအချင်းချင်း ပေးချင်တာတွေရှိပါတယ်တဲ့၊ NLD က ခုလိုပြောတဲ့အတွက် သူတို့မှာ အခက်အခဲ ရှိပါတယ်တဲ့၊ မှန်ပါတယ် တိုင်းရင်းသားချင်းပေးချင်တယ်ဆိုတာ တိုင်းရင်းသားတွေထဲကကော သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူညီမျှရေး၊ သူတို့လိုလားတဲ့ ဖယ်ဒရယ်မူကိုရမလား၊ ရမယ်လို့ ယုံကြည်ရင် မင်းတို့သဘောပဲလို့ ပြောလိုက်တယ်။

တဦးချင်း အမြင်အနေနဲ့ အခုလောလောဆယ် အခြေအနေမှာ တပ်မတော်ထဲက အသစ်တက်မယ့် ဗိုလ်ချုပ်တွေရဲ့ အလားအလာကို ဘယ်လို မြင်ပါသလဲ။

စစ်တပ်ဆိုတာကတော့ အမိန့်ပေး အုပ်ချုပ်ပြီး လာတာပေါ့ဗျာ၊ စစ်တပ်ထဲမှာလဲ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ စိတ်ဓာတ်တွေရှိနေတယ်၊ ရှိမှာပဲလို့ ကျနော် ယုံကြည်တယ်။ ဘာဖြစ်လဲဆိုတော့ သူတို့လည်း ပြည်သူလူထုပဲ၊ တပ်မတော်သားတွေလည်း ပြည်သူပြည်သားတွေပဲ။ ပြည်သူပြည်သားတွေ ဆင်းရဲ ဒုက္ခရောက်တာနဲ့အမျှ သူတို့ ဆွေမျိုးသားချင်းတွေ ဒုက္ခရောက်ကြတာမြင်တဲ့အတွက် တပ်မတော်သားအကုန်လုံးက သူတို့ရှေ့လာမယ့် စစ်အုပ်ချုပ်ရေးလို အာဏာရှင်အုပ်ချုပ်ရေး တပါတီ အုပ်ချုပ်ရေုး အဲဒီလိုမျိုးတွေ မလိုချင်ကြပါဘူး။ ဒါကြောင့် သူတို့ထဲမှာလဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုချင်နေတဲ့ စစ်သားတွေ အများကြီးရှိပါတယ်။ သို့သော်လဲပဲ သူတို့က အမိန့်ပေး အုပ်ချုပ်တာဖြစ်တဲ့အတွက် အခုချိန်မှာ မလုပ်နိုင်သေးပေမယ့် တချိန်မှာတော့ သူတို့ဟာ နိုင်ငံရေးအရ ပွင့်လင်းလာပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်ပြီး ဒီမိုကရေစီဘက် မျက်နှာမူလာပြီး ပါဝင်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ တပ်မတော်သားအားလုံးက ဒီပုံစံအတိုင်းသွားမယ်လို့တော့ ကျနော်မထင်ဘူး။

နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး တဦးချင်းအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

နယ်ခြားစောင့်ဖွဲ့တဲ့ကိစ္စကတော့ ကျနော့်အနေနဲ့ ဝင်ပြီးတော့ မပြောချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပြောလိုက်ရင်လဲ ရှုပ်ထွေးသွားလိမ့်မယ်၊ အဲဒီတော့ ဒီကိစ္စက သူတို့ ငြိမ်းချမ်းရေး ယူတုန်းက ဘယ်လိုကတိတွေထားသလဲ၊ အဲဒီ ထားတဲ့ကတိကို တည်အောင်လုပ်ရင်တော့ ကောင်းကြမယ်ပေါ့နော်။ သူတို့ ပြောနေတာ ကြားတာကတော့ ဟိုဘက်ကလဲ ဒီလိုပြောတယ်၊ ဒီဘက်ကလဲ ဟိုလိုပြောတယ်။ အမျိုးမျိုး ပြောနေတဲ့ အပေါ်မှာ ကျနော်တို့က မဝေဖန်ချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဝင်ပြီး ပါလိုက်လို့ရှိရင် အခြေအနေတွေက အကုန်ရှုပ်ထွေးသွားမယ် ထင်တယ်။ အဲဒီတော့ သူတို့ ကိစ္စက အခုလုပ်နေတဲ့လူတွေနဲ့ပဲ အေးအေးချမ်းချမ်းနဲ့ ငြိမ်းချမ်းအောင် လုပ်ပါလို့ပဲ ကျနော်က ပြောချင်တယ်။

ပါလီမန်ထဲမှာ တပ်မတော်က ၂၅ ရာနှုန်း နေရာယူထားတယ်၊ ဒါဟာ မဖြစ်သင့်ဘူးလို့ တချို့က ယူဆကြတယ်။ အဲဒါကိုကော ဘယ်လိုမြင်ပါသလဲ။

ဒီမိုကရေစီ သွားမယ်လို့ သူတို့ကပြောတယ်၊ ဒီမိုကရေစီကို စစ်မှန်သော ဒီမိုကရေစီ၊ နောက်ပြီးတော့ စည်းကမ်းရှိသော ဒီမိုကရေစီလို့ သူတို့ကပြောတယ်၊ အဲဒီလို ပြောပြီးတော့မှ ၂၅ ရာခိုင်နှုန်းလဲထည့် ဒါက ရွေးကောက်ပွဲ မလုပ်ဘဲနဲ့ကိုဝင်မယ်။ အခုဆိုရင် သူတို့ထဲက ခေါင်းဆောင်တွေ ဟိုးအရင်တည်းက ဘာပဲဖြစ်ဖြစ် သူတို့က အနိုင်ယူပြီးတော့ တပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံးကို စစ်ကျွန်လုပ်မယ် ဆိုတဲ့သဘောနဲ့ တရားဝင် ထောက်ခံမှုရအောင် ကြိုးစားပြီးတော့ ကမ္ဘာကို မျက်လှည့်ပြတာပဲ။ အမှန်ကတော့ ဒီမိုကရေစီကို အမှန်တကယ် ယုံတယ်ဆိုရင် ဒီ ၂၅% ဆိုတာလဲ ထည့်ဖို့ မလိုဘူးပေါ့။
အကြံအစည်အတိုင်း လုပ်နေကြပြီလေ၊ ဒါတင်မကဘူး သူတို့က ပိုသေချာအောင် ထပ်ပြီးတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းပေါ့၊ ပထမတုန်းက လူမှုရေးပဲလုပ်မယ်လို့ဆိုတယ်၊ စပြီး လုပ်ကထဲက လူတွေကိုစု နအဖ စစ်အစိုးရရဲ့ သဘောထားတွေကို ကြေညာခိုင်း၊ ဆန္ဒပြခိုင်း အော်ခိုင်း ဟစ်ခိုင်း ဆိုထဲက နိုင်ငံရေးလုပ်မယ်ဆိုတာကို ကျနော်တို့ကသိတယ်။ အဲဒါကြောင့် ကျနော်တို့ကလဲ ဒီအဖွဲ့ကို ကန့်ကွက်တာပဲ။ ဒါပေမဲ့ ခုတော့ ရှင်းသွားပြီလေ၊ ဒီအဖွဲ့ကြီးတခုလုံး ပါတီ ပြောင်းလိုက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ ငွေကြေး၊ ပိုက်ဆံ၊ ဘဏ္ဍာ၊ ပစ္စည်းပစ္စယ အားလုံးကို သုံးပြီး ဝင်အရွေးခံမှာ၊ ဘာပဲဖြစ်ဖြစ် သူတို့က အနိုင်ယူပြီးတော့ တပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံးကို စစ်ကျွန်လုပ်မယ်ဆိုတဲ့သဘောနဲ့ တရားဝင်ထောက်ခံမှုရအောင် ကြိုးစားပြီးတော့ ကမ္ဘာကို မျက်လှည့်ပြတာပဲ။

အမှန်ကတော့ ဒီမိုကရေစီကို အမှန်တကယ် ယုံတယ်ဆိုရင် ဒီ ၂၅% ဆိုတာလဲ ထည့်ဖို့မလိုဘူးပေါ့။ ဒီမိုကရေစီဆိုတာက အရွေးခံရပြီးတော့မှ ကိုယ်စားပြုရမယ်။ အဲဒီတော့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်နဲ့လွဲနေပြီ၊ ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်မယ့်အစိုးရကို ကိုယ့်ပြည်သူလူထုက တင်မြှောက်တဲ့လူကပဲ လုပ်ရမယ်လို့ပြောတာကို မတင်မြှောက်တဲ့လူက ခု ၂၅% ပါနေတယ်ဆိုတော့ ဒီဟာက ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ ဟုတ်မလဲ။ ကြံ့ခိုင်ရေးလို အသင်းတွေကလဲ အတင်းအဓမ္မ ကြိုတင်မဲတွေကော၊ ဝန်ထမ်းတွေကိုလဲ သူတို့ပဲပေးရမယ်ဆိုတာတွေကော၊ ချေးငှားစရိတ်တွေပေးပြီးတော့ လူတွေကို ကြံ့ခိုင်ဖွံ့ဖြိုးအသင်းထဲ ဝင်အောင်လုပ်၊ နောက်ပြီး ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်ဆိုတဲ့ သဘောတွေလုပ်ဆိုတော့ ပြန်ကောက်ရရင် ၂၅% ထည့်ကထဲက ကျနော်တို့က ဒီမိုကရေစီ သွားမယ်ဆိုတာ မယုံကြည်ဘူး။ ဒါတွေကို ကျနော်တို့က စောစောစီးစီးသိတယ်၊ အဲဒါကြောင့် ကျနော်တို့ တလျှောက်လုံး ပြောဆိုလာတာ ဖြစ်ပါတယ်။

နောက်လာမယ့် ရွေးကောက်ပွဲတွေမှာကော NLD အနေနဲ့ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ပြန်ဝင်နိုင်မလား။

ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပါ၊ အခု ရွေးကောက်ပွဲပြီးလို့ အရွေးခံရတဲ့ ပါတီတွေ ဘယ်လောက် လုပ်နိုင်တယ်ဆိုတာ ကြည့်ရမှာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတကာက တရားမျှတမှုမရှိဘူး ပြောတာများလာတယ်ဆိုရင် တမျိုးပေါ့။ နောက်ပြီးတော့ သူတို့ ဒါကို လုပ်လာကိုင်လာရင်းနဲ့ ဒီမိုကရေစီကို သူတို့တကယ်ပဲ ယုံယုံကြည်ကြည်နဲ့ ပြောင်းလဲမှုတွေ လုပ်လာမယ်ဆိုရင်လဲ ဒါကတမျိုးပေါ့။ အဲဒါလောက်ပဲ ပြောနိုင်မယ်၊ အခု အခင်းအကျင်းအားလုံးကတော့ ဒီမိုကရေစီ တိုင်းပြည်ဖြစ်လာမယ့် အလားအလာ မရှိသေးဘူး။



© Copyright 1998 - 2009 Mizzima News. All Rights Reserved.

ဦးတင်ဦးနှင့် တွေ့ဆုံခြင်း

Thursday, October 14, 2010

မဲမပေးရေး လှုပ်ရှားမှုတွင် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်လာ

မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၅ မိနစ် . Sharevote
nowBuzz up!0diggs
digg
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ မဲမပေးရေး စည်းရုံးလှုပ်ရှားမှုတွင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP မှ ခေါင်းဆောင်များပါ ပါဝင်လာပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇ ရက်ကြာ ကချင်ပြည်နယ် ခရီးစဉ်ကို ရန်ကုန်မြို့မှ ယမန်နေ့တွင် ထွက်ခွါလာရာ၊ CRPP အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ခေါင်းဆောင် ဦးအေးသာအောင် လိုက်ပါလာပြီး ယနေ့တွင် မန္တလေးတိုင်းအတွင်းရှိ ၁၁ မြို့နယ်မှ NLD မြို့နယ်စည်း၊ ရပ်/ကျေးအဖွဲ့ဝင်များနှင့် ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“NLD ကို အာဏာပိုင်တွေက ဖျက်သိမ်းခဲ့ပြီး နောက်ပိုင်း အဖွဲ့ချုပ် ရပ်ကျေး၊ မြို့နယ်စည်းတွေနဲ့ အခုလို ပထမဆုံး တွေ့ဆုံရတာ ဝမ်းသာတယ်၊ အားတက်မိတယ်။ အဓိက ခရီးစဉ်က ကချင်ပြည်နယ် ခရီးစဉ်” ဟု CRPP အတွင်းရေးမှူးလည်း ဖြစ်သည့် ဦးအေးသာအောင်က ပြောသည်။

မန္တလေးတိုင်းရှိ မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ပုသိပ်ကြီး၊ တံတားဦး၊ အမရပူရ၊ စဉ့်ကိုင်၊ ပြင်ဦးလွင်မှ NLD မြို့နယ်စည်းနှင့် ရပ်/ကျေး အဖွဲ့ဝင်များကို ဗဟိုအလုပ်အမှုဆောင်ဝင် ဦးအုန်းကြိုင်၊ အမျိုးသမီးအဖွဲ့ဝင်များဖြစ်သည့် မဖြူဖြူသင်း၊ ဒေါ်လှလှမိုး၊ ဒေါ်အေးအေးမာ၊ လူငယ်ဖော်ဆောင်ရေးအဖွဲ့ဝင် ကိုမျိုးညွန့်နှင့်အတူ ဦးအေးသာအောင်က ရွေးကောက်ပွဲ မဲမပေးရေးကို ယနေ့ ဆွေးနွေးဖလှယ်ခဲ့ကြသည်။

NLD ခေါင်းဆောင်အချို့နှင့် CRPP အဖွဲ့ဝင်များဖြစ်သည့် ဇိုမီးအမျိုးသားကွန်ကရက် ZNC ဥက္ကဋ္ဌ ပူးကျင်ရှင်းထန်က ရှမ်းပြည်တောင်ပိုင်း၊ ကယားပြည်၊ ဒီမိုကရေစီပါတီမှ ဦးစိုးဝင်းက ပဲခူးတိုင်းအနောက်ခြမ်းသို့ လိုက်ပါခဲ့ပြီး ဖြစ်သည်။

ဦးအေးသာအောင်က ကချင်ပြည်နယ်သို့ ရောက်သည့်အခါ CRPP ၏ ပြီးခဲ့သည့်လ ၃ ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည့် မဲမပေးရေး အပါအဝင် ဆုံးဖြတ်ချက်အချို့ကို ရှင်းလင်းတင်ပြမည်ဟု ဆိုသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲမပေးဘဲ သပိတ်မှောက်ရေး၊ တိုင်းရင်းသားများ ရင်ဆိုင်နေရသည့် အခက်အခဲနှင့် ပြဿနာများကို ဆွေးနွေးရန်၊ အပစ်ရပ်များအနေဖြင့် နယ်ခြားစောင့်တပ် ဖွဲ့ရေးနှင့် ၂ဝဝ၈ ဥပဒေကို လက်မခံသဖြင့် နှစ်ဖက်အကြား တင်းမာလာပြီး ပြည်တွင်းစစ်မီး တောက်လောင်မည်ကို စိုးရိမ်ကြောင်းနှင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အခွင့်အရေး ဖော်ဆောင်ပါက ပင်လုံစိတ်ဓာတ် အခြေခံသည့် ဥပဒေ ပြဋ္ဌာန်းမှသာ ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု ပြောဆိုရန် CRPP က ဆုံးဖြတ်ခဲ့သည်။

ဦးအေးသာအောင်က “ကချင်က ပြောထားတယ်၊ ပင်လုံသဘောတူချက်နဲ့သာ ပြည်ထောင်စုကို ဖွဲ့စည်းမယ်ဆိုလို့ရှိရင် ကချင်တွေဟာ လက်နက်ကိုင်စရာ မလိုတော့ဘူးဆိုတဲ့ ကိစ္စနဲ့ CRPP အနေနဲ့ အနာဂတ်မှာ ပြည်ထောင်စုကို ဖွဲ့တဲ့အခါ ပင်လုံမူနဲ့ ဘယ်လို သဘောတူညီချက်ဖွဲ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက် အပါအဝင် အခုဖြစ်နေတဲ့ တိုင်းရင်းသားနဲ့ နအဖ၊ နအဖ အပေါ် ယုံကြည်မှုမရှိလို့ လက်နက်တွေကို မဖြုတ်သေးတဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက်အမှတ် ၉၇/၂ဝ၁ဝ ကို ထုတ်ပြန်ခဲ့ရာ သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်း မရှိသဖြင့် NLD အပါအဝင် ပါတီဟောင်း ၅ ပါတီကို ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ကြောင်း ကြေညာပြီးနောက် NLD က ရွေးကောက်ပွဲ မဲမပေးရေးကို လိုက်လံရှင်းပြခဲ့ရာ ယခုအခါ တိုင်းနှင့် ပြည်နယ် ၁ဝ ခုနီးပါး ပြီးစီးပြီဖြစ်သည်။

“ပါတီဝင်ထုတွေက ပိုပြီး စည်းလုံးမှုတွေ ရှိလာတယ်၊ အင်အားလည်း ပိုကောင်းလာတယ်။ ပါတီကျစ်လစ်မှုရှိပြီး ရှင်သန်ပြီဆိုတဲ့ ထူးခြားတဲ့ တိုးတက်မှု ရလဒ်လို့ ပြောလို့ ရတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မဲမပေးနဲ့ ဆိုတာကတော့ ပါတီဝင်တွေက နားထောင်ကြတယ်။ တချို့လူတွေက ကြောက်နေရလို့ မဲသွားပေးရင် နောင် ဒီအကြောက်တရားက လွတ်မှာ မဟုတ်ဘူး။ သို့သော် ဘယ်သူတွေ ဘယ်လောက်ပဲ မဲမပေးဘဲနေမယ် ဆိုတာကိုတော့ ရွေးကောက်ပွဲပြီးမှ ပြောလို့ရမယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

CRPP ကို ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၈ဝ ရာခိုင်နှုန်းကျော်တွင် အနိုင်ရခဲ့သည့် NLD နှင့် တိုင်းရင်းသား ပါတီများအချို့က လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

CRPP တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းပြည်နယ် ကိုးကန့် ဒီမိုကရက်တစ်ပါတီ SSKDP ၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF ၊ ဇိုမီးအမျိုးသားကွန်ဂရက် ZNC ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD တို့လည်း ပါဝင်သည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved.

အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး ပြန်လည်ရောက်ရှိ




DVB

ဒေါ်အောင်ဆန်းစုကြည် မဲပေးဖို့ ငြင်းဆို


အင်္ဂါ, 12 အောက်တိုဘာ 2010

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုတာဟာ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လွဲချော်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြလိုက်သလို ရွေးကောက်ပွဲမှာ သူမဲပေးမှာ မဟုတ်ဘူးလို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောလိုက်တယ်လို့ သူ့ကို ဒီကနေ့ သွားတွေ့ခဲ့တဲ့ ရှေ့နေတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် အကြောင်းကြားစဉ် အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုတဲ့အကြောင်း မကြာသေးခင် ရက်ပိုင်းကပဲ နေအိမ်မှာ သွားရောက် အကြောင်းကြားခဲ့တဲ့ အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ဥပဒေကြောင်းနဲ့ လွဲချော်နေတယ်လို့ ပြန်လည်ထောက်ပြခဲ့တာပါ။ ဒါကလည်း ပြီးခဲ့တဲ့ မတ်လက စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေထဲမှာ ပြစ်ဒဏ်ကျခံနေရသူများဟာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိသလို မဲပေးပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားတာမို့ အခု သူ့ကို မဲပေးခွင့် ပေးလိုက်တာဟာ ဥပဒေအရ ကြည့်မယ် ဆိုရင် လွဲချော်နေတယ်လို့ ပြောကြောင်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားတွေ့ခဲ့တဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာ စကားရပ်တခု ပါတယ်။ ထောင်ဒဏ် ကျခံနေရသူ၊ အဲတော့ တရားရုံး တရုံးရုံးက ပြစ်ဒဏ် စီရင်ထားသူကို ဆိုလိုသည်တဲ့။ ထိုသူက အဲဒီ ချမှတ်တဲ့ ပြစ်ဒဏ်ကို မကျေနပ်လို့ အယူခံထားသူလည်း ပါဝင်သည်လို့ ဆိုတော့ ဒေါ်စုက အဲဒီအထဲ ပါနေတာပေါ့။ အခု အယူခံထားတာလည်း မကျေနပ်လို့ အယူခံထားတာ။ အဲတော့ သူက ထောင်ဒဏ်ကျခံနေရသူ ဆိုတဲ့ဘက်မှာ သွားပါတဲ့သဘော ဖြစ်နေတယ်။ ဒေါ်စုက သူ့မှာ Voting Right၊ မဲပေးပိုင်ခွင့် မရှိဘူးဆိုပြီးတော့ အဲဒါကို ရှင်းပြလိုက်တယ်။”

ဒါ့အပြင် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအပေါ် အထူးအယူခံလွှာကို လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ တရားရုံးချုပ် ရန်ကုန်မှာ ကြားနာမှာမို့ ဒီအယူခံလွှာ ကိစ္စအတွက် ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ၂ ဦး ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

“အဓိကတော့ ကျနော်တို့ ပြင်ဆင်လာခဲ့ကြတာနဲ့ ရေးသား လျှောက်လဲချက်ကို ဒေါ်စုကို သွားပြတာ။ အဲတော့ သူကလည်း အဲဒီဟာကို ကျနော်တို့နဲ့ ဖတ်လည်း ဖတ်ကြည့်တယ်၊ ဆွေးနွေးလည်း ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့မှ အချက် လေးငါးချက်ပဲ ထပ်ပြီးတော့ ဖြည့်သင့်တယ်လို့ ပြောတယ်။ ဖြည့်ပေးစေချင်တယ်လို့ ပြောတယ်။ အဲတော့ အဲဒီ လေးငါးချက် ကျနော်တို့ဆီမှာ ပါတယ်။ ကျန်တဲ့ဟာတွေလည်း ရှင်းပြခဲ့တယ်။”

မနှစ် သြဂုတ်လ ၁၁ ရက်နေ့က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်အတွက် မူလ အင်းစိန်တရားရုံးမှာ ၀င်ခဲ့တဲ့ အယူခံကိုလည်း ပယ်ချခဲ့သလို ရန်ကုန်တိုင်း တရားရုံးမှာ မနှစ် စက်တင်ဘာ ၄ ရက်နေ့က တင်တဲ့ အယူခံလွှာကိုလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ ပလပ်ခဲ့ဖူးတာမို့ ၂ ကြိမ်ထိ လက်မခံဘဲ ရှိထားခဲ့ပြီး အခုတော့ တရားရုံးချုပ်မှာ အထူးအယူခံလွှာ လက်ခံ မခံ ကြားနာမှာလည်း ဖြစ်ပါတယ်။

ဒါဟာလည်း စစ်အစိုးရက ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေနဲ့ အစားထိုးခဲ့တယ်လို့ ကြေညာထားပြီးကာမှ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာမှာ အခြေခံဥပဒေဟောင်းကို အသုံးပြုထားတာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ထောက်ပြပါတယ်။

“အင်မတန် အရေးကြီးတဲ့အချက်၊ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ၈၈ ခုနှစ်က ရပ်ဆိုင်းသွားတယ် ဆိုတာကို ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချခဲ့တယ်။ အဲဒါက ကျနော်တို့ရဲ့ အမြတ်၊ အောင်ပွဲ၊ အဲလို ပြောနိုင်တယ်။ သို့သော် တရားသူကြီးက အဲဒီနေရာလေးမှာ အဲဒီလမ်းကြောင်းပေါ် ရောက်ပြီးကာမှ ပြန်ပြီးတော့ ဂကွေ့ ကွေ့ပြီးတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅ ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလ အခွင့်အရေးတွေပေါ့ဗျာ၊ Fundamental Rights တွေ ကန့်သတ်တာပေါ့။ လှည့်ပတ်ပြီး ထွက်သွားတာ။”

ရှေ့နေ ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအတွက် လိုအပ်တာတွေကို ထပ်မံဖြည့်စွက်ပြီးရင် အမှုကို ကြားနာမယ့် အောက်တိုဘာ ၁၈ ရက် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။


VOA

ကျမ ကြားခဲ့ မြင်ခဲ့ဖူးသော


Posted by admin on October 2nd, 2010

ကျမတို့ တိုင်းပြည်က လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပါလီမာန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ပါတယ်။ တခြားရွေး ကောက်ပွဲတွေအကြောင်းကို အထွေအထူး မကြားဘူးပေမယ့် ၁၉၆၀ ခုနှစ်မှာ စစ်တပ်က ဦး ဆောင်ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲ အကြောင်းကို တော့ အဖိုးအဖွားတွေပြောပြ လို့ ကြားဖူးခဲ့ပါတယ်။ ဦးနု၊ ဦးတင် ဦးဆောင်တဲ့ နုတင် အဖွဲ့က သန့်ရှင်းဖဆပလ၊ ဦး ကျော်ငြိမ်း၊ ဦးဘဆွေ ဦးဆောင်တဲ့အဖွဲ့က တည်မြဲဖဆပလ တို့ဖြစ်ပြီး အဲဒီ ၂ ပါတီက အဓိက ပြိုင်ဖက်တွေပါ။ သန့်ရှင်းက အဝါရောင်ကို ဆင်မြန်းပြီး၊ တည်မြဲက အနီရောင်ကို ဝတ်ဆင်ပါတယ်။ တည်မြဲအဖွဲ့ကို စစ်တပ်က ထောက်ခံပါတယ်။ ဒါကြောင့် ရွေးကောက် ပွဲမတိုင်ခင်မှာ မဲဆွယ်စည်းရုံးပေခဲ့ပြီး၊ ရွေးကောက်ပွဲ ရက်တွေမှာ မဲလိမ်၊ မဲခိုးတာတွေ ပြုလုပ်ခဲ့ပါတယ်။ ပြူစောထီးလို လက်နက်ကိုင်အဖွဲ့တွေကို မွေးမြူပြီး တောနေပြည်သူ တွေကို လက်နက်နဲ့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဘယ်လောက်ပဲ မတရား လုပ်လုပ် ပြည်သူတွေက နုတင်ကိုပဲ မဲပေးခဲ့ကြလို့ သန့်ရှင်းက အာဏာရခဲ့ပါတယ်။ ဒါကြောင့်လဲ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်းက စစ်တပ်ကို အသုံးချပြီး အာဏာသိမ်းခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ တပါတီစနစ်ကို အတည်ပြုပြဋ္ဌာန်းဖို့ ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပခဲ့ပါတယ်။ ပြည်သူတွေက တပါတီစနစ်ကို မနှစ်သက်ပေ မယ့် မဲခိုး၊ မဲလိမ် စတဲ့ အောက်လမ်းနည်းတွေကိုသုံးပြီး တနိုင်ငံလုံးက ထောက်ခံပါ တယ်လို့ ကမ္ဘာကိုပါ ကြေညာခဲ့ပါတယ်။ ဦးနေဝင်း လက်ထက်မှာလည်း ရွေးကောက်ပွဲ တွေ ကျင်းပ ပေးခဲ့ပါတယ်။ ဗဟိုကချပေးတဲ့ လူကိုပဲ ပြည်သူတွေက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရွေးချယ်ခဲ့ ကြရပါတယ်။ မဲရုံတွေမှာ အဖြူပုံးက ထောက်ခံမဲ၊ အမဲ ပုံးက ကန့်ကွက်မဲဆိုပြီး ခွဲခြားထားပါတယ်။ ထူးခြားတာက အဖြူပုံးကို အရှေ့မှာထားပြီး၊ အမဲပုံးကို နောက်မှာထားပါတယ်။ မဲပုံးတွေထားတဲ့အခန်းကို အောက်ဘက်က လက်တ တောင်လောက် လွှတ်ထားပါတယ်။ မဲထည့်သူက အမဲပုံးကိုထည့်မယ်ဆိုရင် အခန်းအ တွင်းပိုင်းကို ဝင်သွားတယ်ဆိုတာကို အပြင်က ထိုင်ကြည့် နေတဲ့ မဲရုံတာဝန်ခံတွေက တွေ့နေရပါတယ်။ ဒါကြောင့် တချို့လူတွေက မဲပြားတွေကို ဘယ်ပုံးထဲမှ မထည့်ဘဲ ကိုယ့်အိပ်ထဲ ကိုယ်ထည့်လာပါတယ်။ မဲရေတွက်တဲ့ အချိန်မှာ မဲပြားတွေပျောက်တော့ မဲရုံမှူး ဦးနှောက်စားပါတယ်။

၁၉၈၈ မတိုင်ခင် နောက်ဆုံး ရွေးကောက်ပွဲမှာ ကျမတို့ သင်္ဃန်းကျွန်း မြို့နယ်မှာ ပြဿ နာတခု ဖြစ်သွားခဲ့ပါတယ်။ ဘယ်သူကမှ တွေးထင်မထားခဲ့လို့ နဲနဲတော့ လှုပ်လှုပ်ရှား ရှားဖြစ်သွားခဲ့ပါတယ်။ အဲဒါက ကျမတို့ မြို့နယ်က ကိုယ်စားလှယ်လောင်းကို ကန့်ကွက် ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယအကြိမ် မဲထပ်ထည့်ခိုင်းတော့ ပြည်သူတွေကို ထပ်မထည့်ခိုင်းတော့ဘဲ သူတို့ ပါတီ၊ ကောင်စီတွေပဲ လက်သိပ်ထိုး မဲထည့် ကြရပါ တယ်။ နောက်တကြိမ် မဲထည့်ရတော့မှ ကိုယ်စားလှယ်လောင်းခင်မျာ အသက်ရှူလို့ ရ သွားပါတယ်။ ဒီနေရာရဖို့ သူမှာလည်း ရင်းနှီးထားရတာ ကိုး။

၁၉၈၈ အရေးတော် ပုံကြီးကို ဖြိုခွင်းအပြီးမှာ နဝတ က ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပြုခဲ့ ကြပါတယ်။ နိုင်ငံတကာကိုလဲ လွပ်လပ်ပြီး တရားမျှတရ ပါ့မယ်လို့ အာမခံ ပေးခဲ့ပါတယ်။ ဒါအပြင် ရွေးကောက်ပွဲ ပြီးရင် စစ်တပ်ကစစ်တန်းလျား ကို ပြန်မယ်လို့လည်း တရားဝင်ဂတိပေးခဲ့ပါသေးတယ်။ ကျမရဲ့အမြင်ကို ပြောရမယ်ဆို ရင်တော့ လုံးဝလွတ်လပ်ပြီး တရားမျှတခဲ့တာတော့ မဟုတ်ပါဘူး။ တစည (တိုင်းရင်း သား စည်းလုံးညီညွတ်ရေး) ပါတီက အရင်တုန်းကပိုင်ဆိုင်ခဲ့တဲ့ ကားတွေ၊ ပစ္စည်းတွေကို ဆက်လက်အသုံးပြုခွင့် ရခဲ့ပါတယ်။ မဲဆွယ်စည်း ရုံးရာမှာလည်း အဲဒီတုန်းကမှ စတည် ထောင်တဲ့ ပါတီတွေမရတဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဘယ်ပါတီမှ ရပ်ကွက်တွေထဲ မှာ တအိမ်တက်တအိမ်ဆင်း မဲဆွယ်စည်းရုံးခွင့် မရပေမယ့် တစည ပါတီကတော့ တ အိမ်တက်ဆင်း မဲဆွယ်စည်းရုံးခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ကျမတို့ ရပ်ကွက်ထဲကို တစည က စည်းရုံးရေးဆင်းမယ်ဆိုတော့ ကျောင်းသားလူငယ်တွေ စုပေါင်းတိုင်ပင်ကြပါတယ်။ ပြီးတော့ ကျမတို့ကို ပိုက်ဆံလှူမယ့် လူတွေဆီကငွေကို အလှူခံပြီးတော့ NLD ရဲ့ အ မှတ်အသားဖြစ်တဲ့ ခမောက်တွေဝယ်ယူပြီးတော့ ခမောက်မဝယ်ရသေးတဲ့ အိမ်တွေကို ခမောက်ဝယ်ပေးလိုက်ပြီး တစည အမတ်လောင်း ဒေါက်တာကျော်စိန် ရပ်ကွက်ထဲလာ တော့ အိမ်တွေက တခါးပိတ်ထားပြီး အိမ်ရှေ့မျက်နှာစာမှာ ခမောက်တွေကိုပဲ ထုတ် ထားလိုက်ပါတယ်။ ဒေါက်တာကျော်စိန်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေလဲ ငိုက်စိုက်ငိုက် စိုက်နဲ့ ရပ်ကွက်ထဲက ထွက်သွားကြရပါတယ်။

NLD ပါတီ စည်းရုံးရေးဆင်းတဲ့အခါ တချို့နေရာတွေမှာ ထောက်လှမ်းရေးရဲ့ စောင့် ကြည့်နှောက်ယှက်ခြင်း ခံရတတ်ပါတယ်။ တချို့ နေရာတွေမှာတော့ NLD ကို ထောက် ခံတဲ့ ပြည်သူတွေကို ထောက်လှမ်းရေးက ခြိမ်းခြောက်တတ်ပါတယ်။ ဒါပေမယ့် အဲဒီ အ ချိန်တုန်းက နဝတ အနေနဲ့ ဒီလောက်ကြီး ခွက်ခွက်လန်အောင် ရှုံးမယ်မထင်လို့ရော၊ ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြား တက်ကြွနေမှုကို လန့်နေသးတာရောကြောင့် အတင်း အကြပ်နှိပ်ကွက်တာမျိုးတော့ မလုပ်ခဲ့ပါ ဘူး။ ဒါပေမဲ့ မသိမသာ ဘက်လိုက်မှုတွေတော့ ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် စာရွက်စာတန်း ထုတ်ဝေရာမှာတော့ ဘာအတား အစီးအ နှောက်အယှက်မှ မရှိပါဘူး။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ၁၅ မိနစ်စာ ဟောပြောရာ မှာလည်း ဘာအတားအစီးမှ မရှိပါဘူး။ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ဇနီး ဒေါ်မြရီက သူတို့ ပါတီ အနိုင်ရရင် သန့်ရှင်းအာဏာရစဉ်က ကုန်ဈေးနှုန်းမျိုးဖြစ်အောင် လုပ်ပေးမယ်ဆို လို့ ကျမတို့တောင် ငြင်းခုံခဲ့ဖူး ပါတယ်။ ကျမတို့ စဉ်းစားမိတာက အဲဒါ သိပ်မဖြစ်နိုင်ဘူး လို့ ထင်ခဲ့မိတာပါ။ NLD ပါတီကတော့ “စုနိုင်မှ ချမ်းသာမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲ ဆွယ်စည်းရုံးရေး ဆင်းခဲ့ကြပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို ရွေးချယ်ရာမှာလဲ မျှတတယ်လို့ ပြောနိုင်ပါတယ်။ ရပ်ကွက် အဆင့်တွေကို ရပ်ကွက်ကလူတွေရဲ့ ဆန္ဒနဲ့ ခန့်အပ်ခဲ့ပါတယ်။ အဲဒီအချိန်က မဲရုံမှူးတွေ က အများအားဖြင့် ရပ်ကွက်က ရပ်မိရပ်ဖတွေကိုပဲ ရွေးချယ် ခန့်အပ်ပါတယ်။ ကျမရဲ့ အဖိုးတောင် သူနေတဲ့ ရပ်ကွက်က မဲရုံမှာ မဲရုံမှူး လုပ်ခဲ့ရပါတယ်။ မဲရုံရဲ့ လုပ်အားပေး တွေအဖြစ် ဆရာတွေ၊ ဆရာမတွေ ကို ခန့်အပ်ပါတယ်။ အဲဒီအချိန်က ဆရာ၊ ဆရာမ တွေဆိုတာက ကျောင်းသားတွေကို လမ်းမပေါ်မှာ ပစ်သတ်ခဲ့တဲ့ နဝတ အပေါ်မှာ အစာ မကြေသူတွေက အများသား။ ပြီးတော့ ၂၆ နှစ်ကြာ တိုင်းပြည်ကို ဖျက်စီးခဲ့တဲ့ တစညကို လည်းမကြိုက်ကြသူတွေများပါတယ်။ ဒီအပြင် ပါတီတခုက ကိုယ်စားလှယ် ၂ ဦးစီ မဲရုံ မှာစောင့်ခွင့်အပြင် မဲရေတွက်ရာမှာ ပါဝင်ခွင့် ရှိပါတယ်။ မဲရေတွက်ရာမှာလည်း မဲရုံကို ဖွင့်လိုက်ပြီး ပြည်သူတွေရှေ့မှာပဲ မဲရေတွက်ပါတယ်။ အဲဒီတုန်းက ကျမရဲ့ အသက်က ၂၁ နှစ်ဆိုတော့ ပထမဦးဆုံး မဲပေးခွင့်ရခဲ့တာပါ။ ကျမတို့က မဲရုံဖွင့်ဖွင့်ချင်းဘဲ ကျမတို့ ရဲ့ ဆန္ဒမဲကို သွားရောက်ထည့်ခဲ့ပါတယ်။ ပြီးတော့မှ ရပ်ကွက်ထဲက လူကြီးတွေကို မဲ ဘယ်လို ပေးရတယ်။ ခမောက်ကိုမဲပေးချင်ရင် ခမောက်ပုံ တည့်တည့်မှာ အမှန်ခြစ်တဲ့ တံဆိပ်တုံးကို ထုပါ။ နာရီကို မဲပေးချင်ရင် နာရီနဲ့ တည့်တည့်မှာ အမှန်ခြစ်တဲ့ တံဆိပ်တုံး ပုံကို ထုလိုက်ပါ ဆိုတာမျိုး ရှင်းလင်းပြောပြခွင့် ရပါတယ်။

ကျမတို့ အုပ်စုလိုက် မဲရုံရှေ့မှာ အလုပ်ရှုပ်နေပေမဲ့ ဘယ်သူကမှ တရားဝင် တားမြစ်တာ မျိုး မ လုပ်ခဲ့ပါဘူး။ ကျမတို့အုပ်စုက ရပ်ကွက်ထဲက ဒီမိုကရေစီလိုလားသူ လူကြီးသူမ တွေကို မဲရုံကို သွားနိုင်အောင်လဲ အကူအညီပေးခဲ့ကြပါတယ်။ ပြည်သူလူထုအနေနဲ့ လည်း ရွေးကောက်ပွဲကို အထူးစိတ်ဝင်စားကြပါတယ်။ မဲရုံက ညနေ ၄ နာရီမှာ ပိတ် သိမ်းပါတယ်။ တချို့ ရပ်ကွက်တွေမှာ နေ့လည်လောက်ကတည်းက မဲပေးခွင့်ရှိသူတွေ အားလုံး မဲပေးပြီး ကြပါပြီ။ လူထုရဲ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို မဲအပြတ်အသတ်နဲ့ အနိုင်ရစေချင်ပါတယ်။ ဒါမှ ပြည်သူတွေ မျော်လင့်နေတဲ့ ဒီ မိုကရေစီ စနစ်နဲ့ တိုင်းပြည်ဖွံဖြိုး တိုးတက်မယ်လို့ ထင်မြင်ယူ ဆကြပါတယ်။ အဲဒီတုန်း က ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် အယူအဆပြင်းထန်သူလို့ ထင်ရသူတွေကို အကျဉ်းချထားပါတယ်။ ကျမတို့က ရွေးကောက်ပွဲ ပြီးဆုံးသွားရင် ယုံကြည်ချက်ကြောင့် အကျဉ်းကြနေသူတွေ ဒေါ်စု အပါအဝင် ကျောင်းသားပြည်သူတွေအားလုံး လွတ်မြောက် နိုင်မယ်လို့ ယူဆခဲ့ဘူးကြပါတယ်။ လွတ်လည်းလွတ်စေချင်ပါတယ်။ ဒီမိုကရေစီအစိုးရ လက်ထက်ရောက်ရင် ကျမတို့တွေ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်း မယ်ဆိုတဲ့ အိပ် မက် ရှည်ကြီးကိုလည်း မက်နေကြဆဲပါ။

ညနေ မဲရုံမှာ မဲရေတွက်တော့ မဲဆန္ဒရှင် တွေကိုလဲ မဲရုံထဲမှာ ဝင်ရောက်ကြည့်ရှူခွင့်ပြုပါ တယ်။ ကျမတို့ ရပ်ကွက်မှာဆိုရင် ကျောင်းသားအုပ်စုတွေက ရှေ့ဆုံးမှာနေရာယူကြပါ တယ်။ မဲရေတွက်ပုံကတော့ ခမောက်တံဆိပ် ရိုက်ထားတဲ့ စာရွက်ကို တပုံ၊ စပါးနှံ အမှတ်အသားပါတဲ့ စာရွက်က တပုံ ၊ သူတို့ ပါတီအမှတ်အသားအလိုက် အရင်ဦးဆုံး ပုံ ကြပါတယ်။ ပြီးတော့မှ ပါတီတွေရဲ့ ကိုယ်စားလှယ်တွေရှေ့မှာပဲ ရေတွက်ကြပါတယ်။ တခါတလေ မဲစာရွက်တွေကို သူ့အပုံနဲ့သူ ပုံစဉ်မှာ စာရွက်တွေမှားပြီး အပုံမှားထည့်လို့ ကတော့ ကျမတို့ ကျောင်းသားအုပ်စုက “စာရွက် မှားသွားပြီ” ဆိုပြီးအော်ကြပါတယ်။ ဒါဆိုနောက်က ပြည်သူတွေက “ဟေး ဒါမျိုး မလုပ်ပါနဲ့” ဆို တာမျိုး ဝိုင်းအော်ကြပါတယ်။ မဲရေတွက်တာ ည ၈ နာရီ ဝန်းကျင်လောက်မှ ပြီးဆုံးပါတယ်။ ပြည် သူတွေရှေ့မှာပဲ ဘယ်ပါတီ ဘယ်နှစ်မဲနဲ့ အနိုင်ရတယ်ဆိုတာမျိုး ကြေညာပေးပြီးမှ မဲရုံကို ပိတ် သိမ်းပါ တယ်။

ကျမ အဖိုးတွေ နေထိုင်တဲ့ ရန်ကင်း မြို့နယ်မှာ ဆိုရင်လဲ မဲရေတွက်ဖို့ ပြင်ဆင်ချိန် ကြာ မြင့်လို့ ပြည်သူတွေက အမြန်ဖွင့်ပြီး ရေတွက်စေဖို့အတွက် မဲဆန္ဒရှင်တွေက အော်ဟစ် တောင်းဆိုကြတယ်တဲ့။ ပြည်သူတွေ စိုးရိမ်တာက မဲခိုးမှာကိုပါ။ အမှန်ကတော့ ပြည်သူ တွေ စိုးရိမ်လွန်တာပဲဖြစ်ပြီး အထဲမှာ ပါတီတွေကလွတ်ထားတဲ့ ကိုယ်စားလှယ်တွေ အ ထဲမှာရှိတယ်ဆိုတာ ပါပဲ။ ည ၈ နာရီ သတင်းကစပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ် တချို့ရဲ့ ရွေးကောက်ပွဲ ရလာဒ်တွေကို စတင်ကြေညာခဲ့ပါတယ်။ မြို့နယ်တိုင်းလိုလိုမှာ NLD ပါတီက အနိုင်ရသွားလို့ မြန်မာ့အသံမှာ သတင်းတောင် အရှည်ကြီး မကြေညာနိုင် လောက်အောင် အိနြေ္ဒပျက်ခဲ့ကြပါတယ်။ စစ်တပ်နယ်မြေတွေမှာ တစည နိုင်မယ်လို့ တွက်ထားခဲ့ပေမယ့် ဒဂုံမြို့နယ်၊ ကိုကိုကျွန်း၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီလို မြို့နယ်မျိုး တွေမှာတောင် NLD ပဲ အနိုင်ရခဲ့တော့ နဝတ အနေနဲ့ ရလာတဲ့အဖြေကို အံအားသင့်ခဲ့ပုံ ရပါတယ်။

တပတ်လောက် အထိ မြန်မာ့ အသံက တိတ်ဆိတ်ငြိမ်သက်ခဲ့ ပါတယ်။ NLD ပါတီရုံးရှိ ရာ ရွှေဂုံတိုင်မှာလဲ အောင်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြပါတယ်။ အနိုင်ရလာတဲ့ အ မတ်တွေကို ပြည်သူတွေက ပန်းကုန်းစွပ်ပြီး ကြိုဆိုကြပါတယ်။ ဒီအဖြစ်အပျက်ဟာ နဝ တ ကို လုံးဝသွေးပျက်စေခဲ့ပါတယ်။

နဝတ ဟာ ဒီအဖြစ်အပျက်ကို သင်ခန်းစာယူပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မှာ သူ့ဘက်က အပြည့်အစုံ ပြင်ဆင်ထားခဲ့ပါတယ်။ ၂၀၀၇ သံဃာ့အရေးအခင်းမှာ ချက် ခြင်း မဖြိုခွဲသေးပဲ ရက်နဲနဲကြာအောင် စောင့်ကြည့်နေခဲ့ပါတယ်။ ဦးဆောင်သူတွေ တော် တော်များများကို သိတော့မှ အရေးတော်ပုံ တခုလုံးကို စိစိညက်ညက်ချေမွ ပြစ်လိုက်ပါ တယ်။ ရပ်ကွက်တွေထဲကို သူတို့လိုချင်တဲ့ ဦးဆောင်နိုင်သူတွေရဲ့ ဓါတ်ပုံတွေကို ကြံ့ဖွံ တွေ ကိုယ်တိုင် လိုက်လံဝေငှပြီး စေ့စေ့စပ်စပ် ဖမ်းဆီးခဲ့ပါတယ်။

နာဂစ်မုန်တိုင်းကြောင့် ပူဆွေးသောက ရောက်နေသူတွေကို အတင်းထောက်ခံ မဲထည့် ခိုင်းပြီး မထည့်ရင် အကူအညီပေးတာတွေ ရပ်ဆိုင်းပြစ်မယ်လို့ ချိမ်းခြောက်ခဲ့ပါတယ်။ ကိုဇာဂနာလို လူမျိုးကိုတော့ ထောင်ထဲထည့်လိုက်ပြီး သူတို့ခိုင်းလို့ရနိုင်တဲ့ လူမျိုးတွေ ကိုတော့ ဒေသခံ NGO ဖွဲ့ခွင့်ပေးပြီး လုပ်ပိုင်ခွင့်တွေ အပ်နှင်းခဲ့ပါတယ်။ ဒီလိုနဲ့ ပြည်သူ တွေ ဆန္ဒမပါတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

အခုတော့ ပြည်သူတွေကို အဆိပ်တိုက်ဖို့ အတွက် ၂၀၁၀ ရွေးကောက်ပွဲ ကြီးကို ကျင်းပ ပါလိမ့်မယ်။ ရွေးကောက်ပွဲကော်မရှင်က စစ်အာဏာရှင်ရဲ့ ရုပ်သေးရုပ်ပါ။ ကြံ့ဖွံပါတီက လုပ်ပိုင်ခွင့်တွေ အများကြီးရနေပေမယ့် တခြားပါတီတွေက လုပ်ပိုင်ခွင့် နဲနဲလေးအတွင်း မှာ ကျိုးစားလုပ်ကိုင်နေ ရတာပါ။ အခုလဲ ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ၁၅ မိနစ် ထုတ်လွင့်ခွင့်ကို ကန့်သတ်ချုပ်ချယ်မှုတွေ အများကြီးနဲ့ ခွင့်ပြုပေးပါတယ်။ ဒီဆောင်းပါး ကို ရေးနေချိန်အထိ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ စ တဲ့ ပါတီတွေရဲ့ ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးမှုကို ငြင်းဆန်ထားပါတယ်။

စစ်အစိုးရ ကြောထောက်နောက်ခံပြုထားတဲ့ ကြံ့ဖွံပါတီဟာ အမတ်နေရာအပြည့် ဝင်ပြိုင် ဖို့ ကြိုတင် ပြင်ဆင်ခဲ့ပေမဲ့ တခြားပါတီတွေအတွက် အချိန်လုံးဝမပေးဘဲ ၂ ပတ်အတွင်း ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းဖို့ ဖိအားပေးခဲ့တာကို အားလုံးအသိပင် ဖြစ်ပါ တယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ ဘယ်သူမှ ဝင်မပြိုင်ရင် ကြံ့ဖွံကနိုင်ပြီးသား ဖြစ်မှာပါ။ နိုင်ငံတော်ငွေ ကို မိမိငွေလို အသုံးပြုခွင့်ရထားတဲ့ ကြံ့ဖွံပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေက မိမိ အောင်နိုင်ရေးအတွက် ငွေကို ရေလိုသုံးနေချိန်မှာ ကျန်ပါတီတွေအတွက် မဲရုံမှာ စောင့် ကြည့်ပေးမယ့် ကိုယ်စားလှယ်တောင် ခေါ်ဖို့ကုန်ကျစရိတ် မတတ်နိုင် ဖြစ်နေကြပါ တယ်။ မဲဆန္ဒနယ်တခုရဲ့ မဲပေးနိုင်တဲ့ စာရင်း ကူးယူဖို့တောင် ငွေက သိန်း ၂၀ နဲ့ သိန်း ၃၀ ကြား အကုန်ခံရမယ်ဆိုတော့။

၁၉၉၀ ခုနှစ်က ကျမတို့ သင်္ဃန်းကျွန်း မြို့နယ်က ကျယ်ဝန်းလို့ မဲဆန္ဒနယ်ကို ၂ ပိုင်းခွဲပြီး အမတ် လောင်း၂ ဦး ရွေးချယ်ခွင့် ရခဲပေမဲ့ ၂၀၁၀ မှာတော့ အမတ်လောင်း တဦးပဲ ရွေး ချယ်ခွင့် ရကြမှာ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်က မဲရုံ တရုံကို မဲပေးနိုင်သူ ၅၀၀၀ ယောက် သတ်မှတ်ခဲ့ပေမယ့် ယခု ရွေးကောက်ပွဲမှာတော့ မဲရုံတရုံကို လူ ၁၀၀၀ သာ မဲပေးခွင့်ရ မှာဖြစ်တဲ့အတွက် မဲရုံ အရေအတွက် ၅ ဆ ကျော် တိုးလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီတွေက မဲရုံတိုင်းမှာ မဲရုံစောင့်ကြည့်ဖို့ ကိုယ်စားလှယ်ထားရန် အခက်အခဲ ရှိပါ တယ်။ ကြံ့ဖွံ့ပါတီက စာစောင်ထုတ်ဝေရာမှာ နဝတ လုပ်ထားတဲ့ တံတားဖေါက် လမ်း ချဲ့အလုပ်တွေကို သူတို့ ပါတီကပဲ လုပ်ခဲ့လေဟန် စာစောင် မျက်နှာဖုံးမှာ ဖေါ်ပြခွင့်ရပေ မဲ့ ဒီမိုကရက်တစ်ပါတီရဲ့ စာစောင်ကိုတော့ ဒဏ်ငွေ ၂ သိန်း ၇ သောင်းချပြီး နှောင့်နှေး အောင် ရွေးကောက်ပွဲကော်မရှင်က မကြာခင်က ဖန်တီးခဲ့ပါသေးတယ်။

သိန်းနဲ့ချီတဲ့ နိုင်ငံတွင်းလှည့်လည် အလုပ်လုပ်ကိုင်နေသူတွေလည်း မဲဆန္ဒရှင် စာရင်းထဲ မပါဝင်ပါဘူး။ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း မဲပေးခွင့် မရရှိ ကြပါဘူး။ နိုင် ငံသားတိုင်းဟာ မဲပေးနိုင်ခွင့်ရှိသလို၊ မဲမပေးဘဲနေခွင့် ရှိရမှာဖြစ်ပေမယ့် မဲပေးခြင်း မ ပေးခြင်းဟာ မိမိရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပဲဖြစ်ပြီး၊ ကော်မရှင်က ကန့်သတ်တာမျိုး၊ တစုံ တဦးက ချုပ်ချယ်ဖယ်ရှားထားတာမျိုး မဖြစ်သင့်ပါဘူး၊ တဆက်တည်းပဲ ရွေးကောက်ပွဲ ဝင်လိုတဲ့ ကချင်တိုင်းရင်းသားပါတီကို ပါတီထူထောင်ခွင့်မပြုပါဘူး။ ပိုဆိုးတာက ပါတီထူထောင်ခွင့်မရလို့ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးခံဖို့ကိုလည်း လက်မခံပါ ဘူး။

၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာကို မျက်လှည့်ပြဖို့သက်သက် ပြုလုပ်တဲ့ပွဲပါ။ စစ် အာဏာရှင်စနစ်ကို တရားဝင် ထူထောင်လိုက်တာပါ။ ကျမတို့ မျိုးဆက်တွင် စစ်အာ ဏာရှင် လက်ထဲရောက်မှာ မဟုတ်ဘဲ မျိုးရိုးစဉ်ဆက် ကျရောက်ကြရတော့မှာမို့လို့ တ ရားမျှတမှုကို မြတ်နိုးသူတိုင်း ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် သတင်းလေး ဖြစ်ဖြစ် ပေးကြပါ။ မဲမထည့်ဖို့၊ မဲရုံကိုမသွားဖို့၊ လက်လေးလောက်တော့ တို့ဖြစ်အောင် တို့လိုက်ကြပါ။

ခင်ငြိမ်းသစ်။


Copyright © နေ့သစ် - Just another WordPress site