-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, December 29, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ၏ အလုပ်အမှုဆောင်သက်တမ်းညီလာခံကျင်းပ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ၏ ၂၀၀၈-၂၀၁၀နှစ်၏ တတိယခြောက်လပတ်ညီလာခံကို ဂျပန်နိုင်ငံ တိုကျိုမြို့(IKEBUKURO KENKO PLAZA)(၇)ထပ်တွင် (၂၇.၁၂.၂၀၀၉)တနင်္ဂးနွေနေ့ နံနက်(၉)နာရီ မှ ညနေ (၅)နာရီ အထိ ကျင်းပခဲ့သည်။အဆိုပါညီလာခံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှ အဖွဲ့ဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) နာဂိုယာ(စည်းရုံးရေးဒေသ)မှအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Tuesday, December 22, 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ- ( မြတ်လေးငုံထံမှကူးယူဖေါ်ပြပါသည်)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများ....

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လည်လွတ်မြောက်ရေးတောင်းဆိုမှု


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်စေရန်
ဆန္ဒပြတောင်းဆိုမှုကို ၂၀.၁၂.၂၀၀၉ ရက်(တနင်္ဂနွေနေ့) နေ့လည် ၁နာရီ မှ ၃နာရီ အထိ ဂျပန်နိုင်ငံ နဂိုယာမြို့ Kanayamaဘူတာရှေ့တွင် ကျင်းပခဲ့သည်။ အဆိုပါဆန္ဒပြတောင်းဆိုပွဲအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ နဂိုယာစည်းရုံးရေးဒေသမှ အဖွဲ့ဝင်များက ဆန္ဒပြတောင်းဆိုခဲ့ကြပြီး လက်ရှိမြန်မာနိုင်ငံတွင်းရှိ အခြေအနေများကို ဂျပန်ပြည်သူပြည်သားများ ပိုမိုသိရှိနားလည်စေရန် လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြသည်။

Friday, December 18, 2009

Friday, December 18, 2009 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏(၄၈)နှစ်ပြည့်ဂုဏ်ပြုအမှတ်တရ


မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အားဆေးတစ်ခွက်
(သို့မဟုတ်)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး အဖမ်းမခံရမီ
စက်တင်ဘာ (၂၆) ရက်နေ့ညတွင် ပြောကြားခဲ့သော စကားများ


“ကျွန်တော်တို့ သက်ရှိထင်ရှားမရှိတော့ရင်တောင်မှ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ ရိုးမကြီးတစ်လျှောက်လုံးမှာ ပျံ့နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်၊ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား … ”


ကိုကိုကြီးတို့ကို စက်တင်ဘာ ၂၇ ရက်နေ့က ဖမ်းသွားပြီးတော့ နှစ်ပတ်လောက်အကြာမှာ သူငယ်ချင်းတစ် ယောက်က ကိုကိုကြီးနဲ့ ပြောထားတာတွေကို အီးမေးလ်နဲ့ ပို့ပေးလိုက်ပါတယ်။ ကျွန်တော်ဖတ်ဖို့ ပို့လိုက်တာ ဖြစ်ပေမယ့် အားလုံးအတွက် ဖော်ပြချင်တဲ့အတွက် ဖော်ပြခွင့် တောင်းလိုက်ပါတယ်။ တကယ်တော့ ဒီအင် တာဗျူးဟာ ဘယ်သူက ဘယ်နေရာမှာ ပြုလုပ်တယ်ဆိုတာကို မသိရသလို ကျွန်တော့်သူငယ်ချင်းဆီကို ဘယ် လိုရောက်လာသလဲ ဆိုတာလည်း မသိပါဘူး။ ဒါ့ကြောင့် တစ်စုံတစ်ရာ မှားယွင်းမှုရှိရင် ဘားမားတူဒေးမှာသာ အပြစ်ရှိပါကြောင်းနဲ့ ဒီသတင်းဟာ စိတ်ချရတဲ့သတင်းရပ်ကွက်က ရရှိတယ်လို့ပဲပြောပါရစေခင်ဗျာ။ ကိုကိုကြီး ဘာတွေပြောထားခဲ့သလဲ ဖတ်ကြည့်ရအောင်ပါ။

အခုတလောမှာပေါ့လေ။ ကိုကိုကြီးတို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့ပတ်သက်ပြီးတော့ သတင်း စာထဲမှာ ဆက်တိုက်ဆိုသလို စွပ်စွဲတာတွေ၊ တိုက်ခိုက်တာတွေ တောက်လျှောက်တွေ့နေရပါတယ်။ အဲဒီတော့ တချို့ကလည်း စိုးရိမ်တာတွေ ရှိတယ်ပေါ့လေ။ ကိုကိုကြီးတို့ကို မကြာခင်မှာ ဖမ်းဆီး တာတွေ၊ အရေးယူတာတွေများ ဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်ကြတာတွေရှိပါတယ်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကိုကိုကြီးရဲ့အမြင်လေး သိပါရစေ။

ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးတာတွေ၊ အရေးယူတာတွေ ဆိုတာက အထူးအဆန်းတော့ မဟုတ်ပါဘူး၊ ကျွန် တော်တို့ ကိုယ်တိုင်လည်း ထောင်ထဲမှာ ၁၄ ၊ ၅ နှစ် နေခဲ့ရပြီးပြီ။ ထောင်ထဲမှာ ဘယ်လိုနေရထိုင်ရမယ် ဆိုတာ လည်း ကျွန်တော်တို့ အကျွမ်းတ၀င် ဖြစ်ပြီးသားပါ။ တစ်ခုပဲ၊ ကျွန်တော်တို့က အဖမ်းခံရမှာ မကြောက်ဖူး၊ အ လုပ်မလုပ်နိုင်မှာပဲစိုးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့က အကျဉ်းကျနေတဲ့ဘ၀၊ လွတ်လပ်မှုဆိတ် သုဉ်းနေတဲ့ဘ၀မှာ လူငယ်ဘ၀တစ်ခုလုံး ပေးဆပ်ခဲ့ရတဲ့ အခါကျတော့ လွတ်လပ်မှုရဲ့တန်ဖိုးကို တခြားသူတွေ ထက် ပိုပြီးတော့လည်း သိတယ်၊ ပိုပြီးတော့လည်း ခံစားနိုင်တယ်။ ကျွန်တော်တို့ဟာ လွတ်လပ်မှုကို မြတ်နိုးပါ လျက်နဲ့ ဘာ့ကြောင့် ကျွန်တော်တို့ဟာ ဒီလိုမျိုး အဖမ်းဆီးခံရမယ့် အချုပ်နှောင်ခံရမယ့် အလုပ်မျိုးကို လုပ်နေ သလဲဆိုတော့ သန်း (၅၀) ကျော် ပြည်သူတွေ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ထိတ်ထိတ်လန့်လန့်နဲ့ နေနေရနေတဲ့ ဘ၀တွေကနေ လွတ်မြောက်ဖို့အတွက်၊ လွတ်လပ်တဲ့ ငြိမ်းချမ်းတဲ့ ဘ၀တွေ ခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ တဦးချင်းရဲ့ လွတ်လပ်မှုတွေကို ပေးဆပ်ပစ်မယ်၊ စတေးပစ်မယ်လို့ ကိုယ့်ကိုယ်ကို ပိုင်းဖြတ်ပြီးသားဖြစ်ပါ တယ်။

ဒါပေမယ့် လုပ်ကတည်းက ကမူးရှူးထိုးနဲ့ ဖမ်းသွားပလေ့စေ၊ ဖမ်းရင် ဖမ်းသွားပလေ့စေဆိုပြီးတော့ မျက်ကန်း တောတိုး လုပ်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ၁၄၊ ၅ နှစ် ထောင်ထဲမှာ အကျဉ်းကျနေတဲ့ ကာလတွေ အ တွင်းမှာလည်းပဲ ကျွန်တော်တို့ အလေးအနက် စဉ်းစားပါတယ်။ ကျွန်တော်တို့နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ် ပေါ်ပြောင်းလဲသွားအောင် ကျွန်တော်တို့ ဘယ်လိုကြိုးပမ်းကြမလဲ၊ ဘယ်လိုချဉ်းကပ်ကြမလဲလို့ ကျွန်တော်တို့ ထောင်ထဲမှာကတည်းက၊ အကျဉ်းကျနေတဲ့ဘ၀မှာကတည်းက ကျွန်တော်တို့ အလေးအနက်စဉ်းစားပါတယ်။

ဒါ့ကြောင့်လည်းပဲ ကျွန်တော်တို့ ပြန်ထွက်လာတဲ့ အချိန်ကစပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အ ရေးတကြီး ဆောင်ရွက်ကြဖို့၊ ဒါဟာ ကျွန်တော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး အကျပ်အတည်းအားလုံး၊ ဒုက္ခသုက္ခအားလုံးရဲ့ အခြေခံဇစ်မြစ်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးပဲလို့ လေးလေးနက်နက်ကို ခံယူတဲ့အတွက်ကြောင့် လွတ်လာကတည်းက ကျွန်တော်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အကုန်လုံးက တိုင်ပင်ထားသလိုပဲ တညီတညွတ်တည်း ဒါကို ရေငတ်သလို တစာစာ တောင်းလာခဲ့တာပါ။ တိုက်တွန်းလာခဲ့တာပါ။ အခုအချိန်ထိပါပဲ။

အဲ့ဒီတော့ ကျွန်တော်တို့ရဲ့ စေတနာ ကျွန်တော်တို့ နိုင်ငံသားတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်ထွန်းတိုးတက် စေ ချင်တဲ့ စေတနာ အဲ့ဒီအထဲမှာ နိုင်ငံသားဆိုလို့ ကိုယ့်ကိုထောက်ခံတဲ့သူတွေ ကိုယ့်ကိုအားပေးတဲ့သူတွေ သက် သက်ကိုပဲ ပြောနေတာမဟုတ်ဘူး။ တပ်မတော်သားတွေ၊ တပ်မတော်သားမိသားစုတွေ၊ အရာထမ်း အမှုထမ်း တွေ၊ နောက်ဆုံး ကျွန်တော်တို့ကို ဖမ်းဆီးထောင်ချပစ်လိုက်တဲ့ ပုဂ္ဂိုလ်တွေအားလုံး အကျုံးဝင်တယ်။ ကျွန် တော်တို့ ခံစားစေချင်တဲ့ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းအရသာကို ခံစားစေချင်တဲ့ သူတွေထဲမှာ သူ့လူကိုယ့်လူ မခွဲဘူး၊ အားလုံး အသီးသီး ညီတူမျှတူ ခံစားစေချင်တယ်။ ဒါ ကျွန်တော်တို့ စေတနာပဲ။

အဲ့ဒီအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ရင်းနဲ့ ကျွန်တော်တို့ အဖမ်းခံသွားရလည်း ကျွန်တော်တို့ ပျော် ပျော်ကြီးပဲ အဖမ်းခံပစ်လိုက်မှာပဲ။ အဲ့ဒီတော့ လူကို ဖမ်းလို့ရတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်တွေ၊ ကျွန် တော်တို့ရဲ့ ယုံကြည်မှုတွေကိုတော့ ချုပ်နှောင်ထားလို့မရဘူး၊ သတ်ဖြတ်ပစ်လို့ မရဘူး။ ကျွန်တော်တို့ သက်ရှိ ထင်ရှားမရှိတော့ရင်တောင်မှ ကျွန်တော်တို့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေတနာတွေဟာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်၊ ရိုးမကြီးတစ်လျှောက်လုံးမှာ ပျံ့နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်၊ တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား …။

အဲ့ဒီတော့ … တကယ်လို့ အဖမ်းခံရရင်လည်း ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်သွားမှာပါ။ အဲ့သလို ကြုံလာရတဲ့အခါမျိုးမှာလည်း ကျွန်တော်တို့ကို တရားခံတယောက်လို စစ်မေးတာမျိုးကိုလည်း ကျွန်တော်တို့ လက်ခံမှာမဟုတ်ဘူး၊ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို ရှင်းရှင်းပဲ ကျွန်တော် တို့ပြောမယ်။ ကျွန်တော်တို့ဟာ အကျိုးဆောင်တွေ တနည်းအားဖြင့် ရှေ့နေတွေ၊ ပြည်သူတွေရဲ့ ခံစားနေရတဲ့ ဝေဒနာတွေကို၊ ခံစားနေရတဲ့ အခက်အခဲတွေကို သူတို့ကိုယ်စား ကျွန်တော်တို့က အကျိုးဆောင်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ အဲ့ဒီတော့ ရှေ့နေကို တရားခံလို စစ်မေးတာမျိုးကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။

ကျွန်တော်တို့ကို ကျွန်တော်တို့ စိတ်ကူး၊ စိတ်သန်းတွေ တိုင်းပြည်ကို ကျွန်တော်တို့ဖြစ်စေချင်တဲ့ စေတနာတွေ နဲ့ပတ်သက်လို့ ဆွေးနွေးခွင့်ရခဲ့ရင် ကျွန်တော်တို့ ဆွေးနွေးမယ်။ အဲ့သလိုမှ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို စာ ရွက်တစ်ရွက်နဲ့ ဘောလ်ပင်တစ်ချောင်း ဘယ်ကရသလဲ၊ ဘယ်လိုလုပ်သလဲ ဆိုတာမျိုးကို ကလေးကလားကိစ္စ မျိုးကို ကျွန်တော်တို့က တရားခံပုံစံမျိုးနဲ့ ကျွန်တော်တို့ အစစ်မေးခံမှာ မဟုတ်ဘူး။ အဲ့ဒါတွေကို ကျွန်တော်တို့ ဖြေကြားနေမှာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ဟာ အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့ တမျိုးသားလုံးပြန်လည် သင့်မြတ်ရေးကို ကျွန်တော်တို့ ကြိုးပမ်းနေတာ၊ ဆောင်ရွက်နေတာ၊ အဲ့ဒီအတွက် နိုင်ငံရေးအရ အရေးပါတဲ့ သူတွေ၊ အဖွဲ့အစည်းတွေအားလုံး ဒီအမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့အတွက် ကျွန် တော်တို့ ကြိုးစားမှာပဲ။ စိတ်ရှည်လက်ရှည်နဲ့ ကျွန်တော်တို့ ကြိုးစားမှာပဲ။

ကျွန်တော်တို့တင် မဟုတ်ဘူး၊ ဘက်အသီသီးက ပုဂ္ဂိုလ်အားလုံးလည်း စိတ်ရှည်ရှည်နဲ့ သဘောထားကြီးကြီးနဲ့ အားလုံးကို ထိတွေ့ဆွေးနွေးနိုင်အောင် ကြိုးစားဖို့ကိုလည်း ကျွန်တော်တို့ ထပ်ခါတလဲလဲ တိုက်တွန်းနေတယ်။ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ နိုင်ငံရေးယုံကြည်ချက်က ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်ရေး အတွက် အကြမ်းမဖက်အနုနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုတာ ကျွန်တော်တို့ ရဲ့အဓိဋ္ဌာန်ပဲ။ သန္နိဋ္ဌာန်ပဲ။ အဲ့ဒီတော့ ကျွန်တော်တို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်လမ်း စဉ်နဲ့ ပတ်သက်တဲ့ ဟာတွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှလည်း လုပ်မှာ မဟုတ်ဘူး၊ ကျွန်တော် တို့မှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းမှန်သမျှကိုတော့ ကျွန်တော်တို့ အသုံးချသွားမှာဖြစ် တယ်။

အဲ့တော့ ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူတွေနဲ့ ပတ်သက်တဲ့ အပိုင်းလည်းရှိတယ်။ ပြည်သူတွေအနေနဲ့ နိုင်ငံ ရေး ပြဿနာဟာ နိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တယ်။ နိုင်ငံရေးပါတီတွေနဲ့ပဲ ဆိုင်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ တစ်ဦးချင်းက ကိုယ့်ကိုယ်ကိုယ် ငါ့မှာလည်း တာ ၀န်ရှိတယ်။ ငါတတ်နိုင်တဲ့ အပိုင်းကနေ ငါဆောင်ရွက်ပြမယ်ဆိုတဲ့ စိတ်နှလုံးမျိုး မွေးမြူနိုင်မှ၊ ဒီလိုစိတ်အခံမျိုး ထားနိုင်မှ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံး လျင်လျင်မြန်မြန်နဲ့ ဖြစ်ပေါ်ပြောင်းလဲနိုင် မယ်လို့ ကျွန်တော် ပြောချင်တယ်။

ဒီနေရာမှာ ကိုကိုကြီးက ပြည်သူတွေပါဝင်ဖို့ အပိုင်းကို ပြောတယ်။ ပြည်သူတွေအနေနဲ့က စားဝတ် နေရေး အကျပ်အတည်းတွေက တစ်မျိုး၊ နေ့စဉ်ရုန်းကန်ရ လှုပ်ရှားရတာတွေနဲ့ အဲ … တစ်ဖက်က လည်းပဲ ဟိုလူကြောက်ရ၊ ဒီလူကြောက်ရနဲ့ အထိတ်ထိတ် အလန့်လန့်နဲ့ နေနေရတဲ့ ဘ၀မျိုးတွေမှာ ပြည်သူတွေ ပါဝင်ဖို့ဆိုတာ၊ ဘယ်လို ပါဝင်ဆောင်ရွက်ရမလဲ၊ အဲ့ဒါလေးတော့ တိတိကျကျ ပြည်သူ တွေလည်း သိသွားအောင်ပေါ့လေ ပြောပြနိုင်လို့ရှိရင် ကိုကိုကြီးအနေနဲ့ ပြောပြပေးပါ။

ကျွန်တော့်အမြင်မှာတော့ ပြည်သူဆိုတာ ပြည်သူပဲ။ နိုင်ငံရေးသမားမဟုတ်ဘူး၊ နိုင်ငံရေးသမားတွေလိုမျိုး အ ယူဝါဒဆိုင်ရာတွေ၊ သီအိုရီတွေ အဲ့ဒါတွေသိမှ နိုင်ငံရေးလုပ်လို့ရတယ် ဆိုတာလည်း မဟုတ်ဘူး၊ နိုင်ငံရေးသ မားတွေလို တခါတည်း တစ်သက်လုံးပဲ ထောင်ထဲနေရနေရ၊ အငတ်ငတ်အပြတ်ပြတ်နဲ့ သူ့ဘ၀တစ်ခုလုံး နိုင်ငံ ရေးထဲမှာပဲ မြုပ်နှံထားတယ် ဆိုတာလည်း ပြည်သူတွေအနေနဲ့ လိုက်မလုပ်နိုင်ဘူး၊ ဒါ သဘာဝပဲ။

ပြည်သူဆိုတာက သူ့တစ်ဦးချင်းရဲ့ ထမ်းဆောင်နိုင်တဲ့ အကန့်အသတ် ရှိတယ်။ သူ့မှာ မိသားစုနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်။ သူ့ရပ်ကွက်၊ ရပ်ရွာနဲ့ ပတ်သက်တဲ့ တာဝန်ရှိတယ်။ အဲ့ဒီတော့ နိုင်ငံရေးသမားနဲ့ ထပ်တူတော့ ပြည်သူက လိုက်မလုပ်နိုင်ဘူး၊ နိုင်ငံရေးသမားတွေ တွေးသလိုလည်း ရှုပ်ရှုပ်ထွေးထွေးတွေ မတွေးနိုင်ဘူး။ ပြည်သူတွေအနေနဲ့ တွေးနိုင်တဲ့အပိုင်း လုပ်နိုင်တဲ့ အပိုင်းကတော့ ရိုးစင်းပါတယ်။ အဓိကက ပြည်သူတစ် ယောက်ရဲ့ အဓိကသူနေ့စဉ်ဖြေရှင်းနေရတဲ့ စားဝတ်နေရေးပြဿနာ။ အဲ့ဒီတော့ စားဝတ်နေရေးပြဿနာ ဖြေ ရှင်းရေးနဲ့ မလွဲမရှောင်သာ ဒီအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ထိစပ်နိုင်ရမယ်၊ ပတ်သက်နိုင်ရမယ်။ အဲ့ဒီအခါကျ တော့မှ ဘာကိစ္စပဲ လုပ်လုပ်၊ စီပွားရေးလုပ်ငန်းတစ်ခုခု လုပ်ပြီဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးရ၊ ကမ်းရ၊ ဟိုကနေပြီးတော့ ဖြတ်ပိုင်းလာလည်း ဖြတ်ရ၊ မလှူချင်လည်း လှူရ၊ စသဖြင့် ရင်ဆိုင်နေရတာတွေရှိ တယ်။ ဆိုတော့ အဲ့ဒါတွေကို မကျေနပ်ဘဲနဲ့လည်း အောင့်သီးအောင့်သက် ပေးနေရတယ်။ အဲ့ဒါဘာလဲဆို တော့ အဓိက ကြောက်လို့ပဲ။

အဲ့ဒီကြောက်တာနဲ့ ပတ်သက်ပြီးတော့ သေချာပြန်ပြီး လေ့လာဖို့လိုမယ်။ ပြန်ပြီး ဆန်းစစ်ဖို့လိုမယ်။ နိုင်ငံရေး သမားတွေ လုပ်နေတာကို ဂဃနဏ မသိရင်တောင်မှ ဒီလူတွေ အနစ်နာခံပြီး လုပ်နေတယ်။ သူတို့ မလုပ်ရဲ တာတွေ လုပ်နေတယ် ဆိုပြီးတော့ တိုးတိုးတိတ်တိတ် ကျွန်တော်တို့ကို ထောက်ခံကြတာတွေ ရှိတယ်။ တချို့ လည်း တဆင့်စကားနဲ့ လှမ်းပြီးတော့ ချီးကျူးကြတာ၊ အားပေးကြတာတွေရှိတယ်။ သို့သော် သူတို့ကတော့ မ လုပ်ရဲဘူး၊ နောက်တခါ နိုင်ငံရေးသမားနဲ့ သွားစကားပြောရင် သူနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလို့ရှိရင် အန္တရာယ်ရှိ တယ် ဆိုတဲ့အသိ၊ အဲ့ဒါကြီးကလည်း ကျွန်တော်တို့ ပြည်သူတွေကြားထဲမှာ ခြိမ်းခြောက်နေတယ်။ အဲ့ဒီတော့ နိုင်ငံရေးကိုတော့ ထောက်ခံတယ်။ နိုင်ငံရေးသမားတော့ မဆက်ဆံရဲဘူး၊ ဆိုတော့ ဒါလည်း မဟုတ်သေးဘူး။

နိုင်ငံရေးသမားဆိုတာက ပြည်သူတွေနဲ့ မထိစပ်လို့မရဘူး၊ ပြည်သူတွေရဲ့ထောက်ခံမှု မရဘူးဆိုရင် ဘာမှလုပ် လို့မရဘူး။ အဲ့ဒီတော့ ပြည်သူတွေလုပ်နိုင်တဲ့အပိုင်း၊ အနိမ့်ဆုံးလုပ်နိုင်တဲ့ အပိုင်းကတော့ ဆက်ဆံပါ။ နိုင်ငံရေး သမားကို ရဲရဲတင်းတင်း ဆက်ဆံပါ။ ထောက်ခံပါ။ ဆူပူမှု လုပ်နေတာ မဟုတ်ဘူး၊ အကြမ်းဖက်မှု လုပ်နေတာ မဟုတ်ဘူး။

နိုင်ငံရေးမှာ ပြည်သူတွေ ပါဝင်ဖို့ လိုတယ်။ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ ပြောတာတွေ ကျွန်တော်တို့ ကြားရပါတယ်။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့က ဘာတွေ လုပ်ပေးရမလဲ၊ ဘယ်လို ပါဝင်ရမလဲ၊ အဲ့ဒါတော့ နည်းနည်း ရှင်းရှင်းလေး ပြောပြပေးစေချင်ပါတယ်။

ကျွန်တော်တို့ ပြောပြောနေတာက ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာ ဒါ ကျွန်တော်တို့ ထပ် ခါတလဲလဲလည်းပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ၅၄ သန်းရဲ့ လူနေမှုဘ၀တွေ ဒီလူ့အဖွဲ့အစည်းကြီး တစ် ခုလုံး ပြောင်းလဲပစ်ဖို့ဆိုတာ နိုင်ငံရေးသမား ထောင်ဂဏန်းနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေ ဆိုတာ လောက်နဲ့ ဘယ်လိုမှမလုပ်နိုင်ပါဘူး၊ အဲ့ဒီတော့ နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီအဖွဲ့အစည်း ဆိုတာကလည်း ပြည်သူတွေ နဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားဆိုတာ ရေနဲ့ ကြာလိုပါပဲ။ ရေမရှိဘဲနဲ့ ကြာလည်း မရှိနိုင်ဘူး၊

အဲ့ဒီတော့ နိုင်ငံရေးသမားနဲ့ ပြည်သူနဲ့ကို နောက်တစ်နည်း ဥပမာပေးရမယ်ဆိုရင် အမှုသည်နဲ့ ရှေ့နေနဲ့ တူပါ တယ်။ အမှုသည်က ဥပဒေ နားမလည်ဘူး၊ သူ ဘယ်လိုခံရတယ်။ မတရားသဖြင့် သူ ဘယ်လိုခံရတယ်။ သူ ဘာတွေ နစ်နာတယ်ဆိုတာကို သူ မကျေနပ်တာလောက်ပဲ ရှိတယ်။ အဲ့ဒါကို ဥပဒေကြောင်းအရ တရားခွင်မှာ ထိထိရောက်ရောက် လျှောက်လဲနိုင်ဖို့အတွက် စွဲဆိုနိုင်ဖို့အတွက် ရှေ့နေ ငှားရမယ်။ အဲ့ဒါ ရှေ့နေတော့ ငှား လိုက်ပါရဲ့၊ အမှုသည်က ရှေ့နေနဲ့ ပူးပေါင်းမှု မရှိဘဲနဲ့ ဖာသိဖာသာ သူနဲ့မဆိုင်သလိုမျိုး နေမယ်ဆိုရင် အဲ့ဒီရှေ့ နေက ဘာမှလုပ်လို့မရဘူး၊ အဲ့တော့ အမှုသည်က ဖြစ်ကြောင်းရယ်ကုန်စင် ရှေ့နေကို ပြောပြဖို့လိုတယ်။ ရှေ့ နေနဲ့ ထိတွေ့ဆက်ဆံဖို့လိုတယ်။ အဲ့ဒီလို အခြေအနေမျိုး မရှိဘူးဆိုရင် ရှေ့နေချည်းသက်သက်နဲ့ ဘာမှလုပ်လို့ မရဘူး၊ အဲ့ဒါကြောင့်မို့လို့ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေနဲ့ ဆိုတာကလည်း အမြဲတမ်း ဆက်စပ်ဖို့ လိုတယ်။

အဲ့တော့ ဒီနေရာမှာ ပြည်သူတွေကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မဆက်ဆံရဲအောင် ဖိ အားပေးတာတွေ၊ ခြိမ်းခြောက်တာတွေ၊ နေရာအနှံ့မှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနေတယ်။ အဲ့ဒါကြောင့်လည်း ပြည် သူတွေအနေနဲ့ နိုင်ငံရေးလုပ်တဲ့ သူတွေကို မခေါ်ရဲ၊ မပြောရဲ၊ မဆက်ဆံရဲ ဖြစ်နေကြတာလည်း ရှိတယ်။ အဲ့ဒီ တော့ ပြည်သူတွေအနေနဲ့ လုပ်နိုင်တဲ့အပိုင်းက ဘာလဲဆိုတော့ ကိုယ့်ရှေ့နေကိုတော့ ကိုယ့်အကျိုးဆောင်ကို တော့ ကိုယ်ရဲရဲတင်းတင်း ဆက်ဆံရဲဖို့ လိုတယ်။ နိုင်ငံရေးသမားတွေလိုမျိုး သိပ်ပြီးတော့ အန္တရာယ်ရှိတဲ့ ကိစ္စ မျိုး နှစ်ရှည်လများ အဖမ်းဆီးခံ ထောင်ချခံရမယ့် ကိစ္စမျိုး မလုပ်ရဲဘူး ဆိုရင်တောင်မှ နိုင်ငံရေးသမားတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံပြီးတော့ ကိုယ့်အခက်အခဲတွေ၊ ကိုယ်ကြုံတွေ့ရတဲ့ ပြဿနာတွေ အဲ့ဒါတွေကို ရင်ဖွင့်ဖို့ တိုင်ပင်ဖို့လိုတယ်။

အဲ့တော့ နိုင်ငံရေးသမားနဲ့ ဆက်ဆံလို့ လာပြီး မေးတာမြန်းတာတွေ ရှိတယ်။ ဒီလူနဲ့ ဘယ်လိုသိသလဲ၊ ဘယ် တုန်းက သိတာလဲ၊ အခုဘာတွေပြောသလဲ၊ သူက ဘာတွေပြောသလဲ၊ ဒါမျိုးတွေ လာပြီးမေးတာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော် အကြံပေးချင်တာ၊ တိုက်တွန်းချင်တာက အဲ့ဒီတော့ ခင်ဗျားက အဲ့ဒီလိုမျိုး လာအမေးခံ ရရင် ကြောက်တယ်။ တကယ့်တကယ်တော့ သေသေချာချာ စဉ်းစားကြည့်၊ ခင်ဗျားကို လာမေးတဲ့လူ ကိုယ် နှိုက်ကလည်း ကြောက်နေတာပဲ။ အဲ့ဒါကို ကျွန်တော်တို့က သတိမထားမိဘူး။ လာမေးတဲ့သူက သူက သာမာန် ၀န်ထမ်းပဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုခုက ၀န်ထမ်းပဲ။ အဲ့တော့ သူ့မှာရှိတဲ့ အကြောက်တရားက သူ့ အထက်အဆင့်ဆင့်ကို သူက အစီရင်ခံစာ မတင်သွင်းနိုင်မှာ သတင်းမပို့နိုင်မှာ အဲ့ဒါကြောက်တယ်။ တကယ် လို့ သူက ဘာမှသတင်းမပို့နိုင်ဘူးဆိုရင် သူ့ကို အရေးယူမှာ အပြစ်ပေးမှာ အဲ့ဒါကို သူက ကြောက်တယ်။ ပြီး တော့ ခင်ဗျားတို့ကို လာမေးပြီဆိုကတည်းက သူကိုယ်နှိုက်က ခင်ဗျားတို့ကို ကြောက်လို့ လာမေးတာ၊ အဲ့ဒါကို ခင်ဗျားတို့ကလည်း ဘာမှ မစူးစမ်း မဆင်ခြင်တော့ဘဲနဲ့ တန်းပြီ်းတော့ ကြောက်ပစ်လိုက်ကြတာပဲ။

အဲ့တော့ မကြောက်ခင်မှာ ခဏလေး ရပ်ပြီးတော့ စဉ်းစားကြည့်စမ်းပါ။ အော် … ငါကသာ ကြောက်နေတာ၊ သူကလည်း ကြောက်ကြောက်နဲ့ လာမေးတာပါလားဆိုရင် ကြောက်တဲ့လူအချင်းချင်းမှာ ခင်ဗျားက ပိုပြီးတော့ ကြောက်စရာ အကြောင်းမရှိတော့ဘူး၊ အဲ့ဒီတော့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြီးတော့ ရင်ဆိုင်ပါ။ ကျွန်တော်တို့ နင်ပဲငဆ ပြောစရာ မလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံသားအချင်းချင်း သူလည်း သူ့စားဝတ်နေရေးအတွက် ဒီအ လုပ်ကို လုပ်နေရတာ။ ကြောက်လို့ ခင်ဗျားကို လာမေးနေတာ။

အဲ … တစ်ခုတော့ရှိတယ်။ အကြောက်လွန်တဲ့အခါမှာ ခြိမ်းခြောက်တာမျိုး ဖြစ်တတ်တယ်။ ခြိမ်းခြောက်တာ အကြောက်လွန်လို့ ခြိမ်းခြောက်တာ။ အဲ့ဒီတော့ ဘာတွေ ဖြစ်လာတတ်လဲဆိုတော့ လာမေးတဲ့သူက တာဝန်ရှိ တဲ့အဆင့် တစ်ယောက်ယောက်က ခင်ဗျား အဲ့ဒီလူနဲ့ မဆက်ဆံဖို့၊ ခင်ဗျား အဲ့ဒီအိမ်မသွားပါနဲ့၊ အဲ့ဒီတော့ သွား ရင်၊ ဆက်ဆံရင်တော့ ခင်ဗျား ဒုက္ခရောက်လိမ့်မယ် သို့မဟုတ် ခင်ဗျား အရေးယူခံရလိမ့်မယ်။ အဲ .. ကျွန်တော် တို့ ကလေးတွေအတွက် နောက်စရာ၊ ရယ်စရာစကားလုံးတွေနဲ့ ကျွန်တော်တို့ ပြောနေရတာပေါ့။ ဘယ် လောက်အဆင့်ရှိတဲ့ သူမှန်းတော့ မသိဘူး။ အဲ့ဒီမှာ စပီကာနဲ့၊ အသံချဲ့စက်နဲ့ လျှောက် လျှောက်ပြီး အော်နေ တယ်။ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဆိုတာကို၊ တည်ဆဲဥပဒေဆိုတာက ဘာဥပဒေလဲမသိ၊ ဘယ်လို အရေးယူရမယ်မှန်းလဲမသိ။ အဲဒါကို ခံတွင်းတွေ့ပြီးတော့ မိုင်ကရိုဖုန်းကိုင်တဲ့ ပုဂ္ဂိုလ်တိုင်းက ရွာရိုးကိုး ပေါက် လှည့်ပြီးတော့ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဆိုပြီးတော့ အော်နေတာ။ ကျွန်တော်တို့နိုင်ငံ မှာ နေ့စဉ်ကြုံနေရတဲ့ ပြဿနာပါ။

အဲ့ဒီတော့ ကျွန်တော်တို့ ကြောက်တာလည်း တစ္ဆေ၊ သရဲ ကြောက်သလိုပေါ့၊ ဘာမှန်း ညာမှန်းမသိ၊ ဟာ … တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဆိုပြီး စဉ်းစားမနေတော့ဘဲ တန်းပြီး ကြောက်ပစ်လိုက်ကြတာ၊ ကြောက်ပစ်လိုက်တာပဲ အန္တရာယ်ကင်းတယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ တွေးပုံခေါ်ပုံတွေက ခေါက်ရိုးကျိုးနေ ပြီ။ အဲ့ဒီတော့ တကယ့်တကယ် ကြောက်တော့ ကြောက်ပါ။ ကြောက်အောင် လုပ်ရင်တော့ ကြောက်ပါတယ်။ သူသူကိုယ်ကိုယ် ကြောက်အောင်လုပ်ရင်တော့ ကြောက်ပါတယ်။ သို့သော် မကြောက်ခင်မှာ ခဏလေး ရပ်ပြီး တော့ စဉ်းစားကြည့်ကြပါ။ အဲ့ဒီသက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို နည်နည်းလေးတော့ ပြန်မေးဖို့လို တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူကိုယ်တိုင်ကြောက်နေတာကို လူတိုင်းကသိပါတယ်။ ကြောက် ကြောက်နဲ့ လျှောက်လုပ်နေတာ။

အဲ့ဒီတော့ ယဉ်ယဉ်ကျေးကျေး ကျေးဇူးပြုပြီးတော့ ကျွန်တော် တဆိတ်မေးပါရစေ။ ခင်ဗျားသိချင်တာလည်း ကျွန်တော်ပြောမယ်။ ခင်ဗျားရဲ့ နာမည်၊ ဘယ်အဖွဲ့အစည်းကလဲ၊ ဘာရာထူးအဆင့်လဲ၊ ခင်ဗျားရဲ့ တာဝန်အ ဆင့်အတန်းက ဘာလဲသိပါရစေ။ အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကြုံနေရတာက ဘယ် သူလဲမသိ၊ ဘာဝါမှန်းမသိ၊ ယူနီဖောင်းလည်းမပါ၊ အရပ်ဝတ်ဆိုရင်ကို သူတို့ ကြောက်နေကြတယ်၊၊ အဲ့ဒီတော့ ကျွန်တော်တို့ဟာ ဘယ်သူကလာပြီး ခြိမ်းခြောက်မှန်းမသိ ဖြစ်နေတယ်။ အဲ့ဒီတော့ တကယ်လို့ တာဝန်ရှိတဲ့ အဖွဲ့အစည်းက တာဝန်ရှိတဲ့ပုဂ္ဂိုလ် တစ်ယောက်ယောက်က ကျွန်တော်တို့ကို လာမေးတာဆိုရင် တိတိကျကျ သိပါရစေ။ အဲ့ဒီလောက်တော့ မေးခွင့်ရှိတယ်၊ ဒါဟာ သူ့ကို ကျွန်တော်တို့က ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ လည်းမဟုတ်၊ ဒါက ပထမအဆင့်ပေါ့။

သူက ကောင်းကောင်းမွန်မွန်၊ သူ ဘယ်အဖွဲ့စည်းကပါ။ တာဝန်အရ မေးရတာ ဖြစ်ပါတယ်။ ဟုတ်ပြီ ဖြေလိုက် ပါတယ် ဒီလူနဲ့ ကျွန်တော်က ခင်တယ် ငယ်ငယ်တည်းက သူငယ်ချင်း သို့မဟုတ် ဘယ်တုန်းက သိတယ်။ သူ ဖိတ်လို့ ကျွန်တော်သွားတာ လမ်းမှာတွေ့တော့ စကားပြောတာ ကျွန်တော်တို့ ဘာမှလည်း ဖုံးကွယ်ထားစရာ မလိုဘူး။ နိုင်ငံရေးလုပ်တဲ့အလုပ်ကို ခိုးကြောင်းခိုးဝှက်လုပ်ရမယ့် အလုပ်လည်း မဟုတ်ဘူး။ တနိုင်ငံလုံးအရေး အတွက် လုပ်နေတာ၊ အဲ့ဒီတော့ မေးရင် ဖြေရုံပဲပေါ့၊၊

နောက်တစ်ခု၊ နောက်တစ်ဆင့်တက်ပြီးတော့ ဘာလာလုပ်တာလဲ၊ ဘယ်မသွားနဲ့။ တကယ်လို့ ခင်ဗျား မလိုက် နာဘူးဆိုရင် ခင်ဗျား ဒုက္ခရောက်သွားလိမ့်မယ်၊ အရေးယူ ခံရလိမ့်မယ်လို့ သူက ပြောလာပြီဆိုရင် ယဉ်ယဉ် ကျေးကျေး သိမ်သိမ်မွေ့မွေ့ပဲ ပြန်တော့ပြောပါ၊ ဟုတ်ကဲ့ ဥပဒေအရ တားမြစ်တာ၊ ကန့်သတ်တာ ဆိုရင်တော့ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ရာထူးအဆင့်အတန်း ဘယ်သူဘယ်ဝါကနေ ဒီလူနဲ့ မဆက်ဆံပါနဲ့၊ ဒီနေရာကို မသွား ပါနဲ့လို့ တားမြစ်တယ်၊ ချိုးဖောက်ရင် အရေးယူမယ်လို့ အသိပေးတယ်ဆိုတာကို စာနဲ့ပေနဲ့ ဥပဒေအရ ဘောင် ၀င်အောင် ကျွန်တော့်ကို လုပ်ပေးပါ။ ကျွန်တော် တရားဥပဒေ စိုးမိုးရေးကို လေးစားပါတယ်။ ကျွန်တော် ကိုယ် တိုင်ကလည်းလိုက်နာပါတယ်။ ဥပဒေအရ မဟုတ်တဲ့ ဥပဒေမဲ့ ခြိမ်းခြောက်တာမျိုးဆိုရင် ကျွန်တော် လက်မခံ နိုင်ဘူး။

အဲ့ဒီလောက်တော့ ကျွန်တော်တို့ ပြည်သူတစ်ဦးချင်းက နေပြီးတော့ အဲ့ဒီလောက် လုပ်ရဲတယ်ဆိုရင် ဒါဟာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေကို ကျွန်တော်တို့က ရန်လိုနေတာလည်း မဟုတ် သူတို့နဲ့ ကျွန်တော်တို့ ထိပ် တိုက်ရင်ဆိုင်နေတာလည်း မဟုတ်၊ ကျွန်တော်တို့ ကိုယ်တိုင်က ဥပဒေစိုးမိုးရေးကို စောင့်ရှောက်နေတာ ဖြည့် ဆည်း ပံ့ပိုးပေးနေတယ် ဆိုတဲ့အသိနဲ့ ဒီလောက် ပြည်သူတို့ဖက်ကနေ တုန့်ပြန်ရဲတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအပြောင်းအလဲ ဖြစ်ဖို့အတွက် ဒီမိုကရေစီ ပေါ်ထွန်းဖို့အတွက် အင်မတန် နီးကပ်လာပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော် လေးလေးနက်နက်နဲ့ အကြံပေးချင်တာက ဘုမသိဘမသိ ကြောက် မပစ်လိုက်ပါနဲ့။ မကြောက်ခင်မှာ ခဏလေး ရပ်လိုက်ပါ၊ စောင့်လိုက်ပါ။ ပြီးတော့ ကိုယ်မေးသင့်တာ ပြန်မေးပါ။

ခုနကလိုပေါ့။ ယဉ်ယဉ်ကျေးကျေးနဲ့ အဲ့ဒီလောက်တော့ ပြန်ပြောပေါ့၊ တချို့ကြတော့လည်း လက်လွတ်စပယ် လုပ်ပိုင်ခွင့်ကို အလွန်အကျွံသုံးတဲ့ ပြဿနာမျိုးတွေ ရှိခဲ့လို့ရှိရင် သူ့ဖာသာသူ ပြန်ထိန်းသိမ်းသွားပါလိမ့်မယ်။ ပြန်ဆုတ်သွားပါလိမ့်မယ်။ တကယ့်တကယ် နှုတ်ပိတ်တဲ့အနေနဲ့ လက်လွတ်စပယ်ခြိမ်းခြောက်တာမျိုးဟာ စာ နဲ့ပေနဲ့ ရေးပြီးတော့ ခင်ဗျားတာဝန်ယူပြီး ခြိမ်းခြောက်တယ်ဆိုတာကို ခင်ဗျားတာဝန်ယူပြီး လက်မှက်ထိုးပါဆို ရင် ဘယ်သူမှ မထိုးရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုခု ပြဿနာဖြစ်ပြီဆိုရင် အပေါ်က ဘယ်သူကမှ အကာ အကွယ် မပေးဘူး၊ ရုပ်ပျက်ဆင်းပျက် တရားလက်လွန် ဖြစ်ပြီဆိုရင် သူတိုခံရမှာ၊ အဲ့ဒီတော့ သူတို့ကိုယ်၌က လည်း ကြောက်ကြောက်နဲ့ ခင်ဗျားတို့ကို လာပြောနေတာ။ အကြောက်လွန်ပြီးတော့ ခင်ဗျားတို့ကို လက်လွတ် စပယ် ခြိမ်းခြောက်နေတာပါ ဆိုတာကိုတော့ ခင်ဗျားတို့ သိထားဖို့လိုတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီလိုတုန့် ပြန်တာဟာ ပုဂ္ဂိုလ်ရေး အာဃာတ မပါဘူး။ ဘယ်သူရယ် ဘယ်ဝါရယ် ဆိုပြီးတော့ ကျွန်တော်တို့ ရန်လိုမုန်း တီးတဲ့ စိတ်နဲ့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခွင့်အရေး လုပ်သင့်လုပ်ထိုက်တာကို တုန့်ပြန်တဲ့သ ဘော ကိုယ့်အခွင့်အရေးကို ကိုယ်ကာကွယ်တဲ့သဘော၊ ကျင့်သုံးတဲ့သဘောသာဖြစ်တယ်။ အဲ့ဒီလောက်တော့ လုပ်ဖို့လိုတယ်။

အဲ ... နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့ နယ်ပယ်အသီးသီး၊ ဒေသအသီးသီး၊ ဥပဒေမဲ့ ပြုကျင့်တာတွေ၊ ပြုကျင့်ခံနေရတာတွေ၊ အဂတိလိုက်စား နေတာတွေ၊ အာဏာအလွဲသုံးစား လုပ်နေတာတွေ အဲ့ဒါမျိုးတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ခံစားရတဲ့ သူတွေအနေနဲ့ မိမိ ဒီလိုပြုကျင့်ခံရတယ် ဆိုတာကို သက်ဆိုင်ရာ တရားရုံး တွေမှာ ဦးတိုက်ပြီးတော့ လျှောက်ပါ။ အဲဒါဟာ ကျွန်တော်တို့ ဆူပူလှုံ့ဆော်ဖို့ အုံကြွဖို့ လုပ်နေတာ မဟုတ်ပါ ဘူး။ ဥပဒေဘောင်အတွင်းကနေ နိုင်ငံသားတစ်ယောက်ရဲ့ရပိုင်ခွင့်ကို ကျင့်သုံးတာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းကာကွယ်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ဥပဒေ ဘောင်အတွင်းက ရင် ဆိုင်ရဲတဲ့ ရင်ဆိုင်တတ်တဲ့ အလေ့အကျင့်တွေကိုလည်း ပျိုးထောင်ဖို့လိုပါတယ်။

ဒီနေရာမှာ ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေရဲ့ အခန်းကဏ္ဍတွေက အရေးကြီးပါတယ်။ သူတို့အတွက် တရားဥ ပဒေဘက်တော်သားတွေပါ။ တရားဥပဒေကို စောင့်ရှောက်ရမယ့် ကာကွယ်ရမယ့် တာဝန်ဟာ သူတို့ရဲ့အဓိက တာဝန်ပါ။ ဒါ့ကြောင့်မို့လို့ တချို့ရှေ့နေတွေက မတတ်နိုင်ဘူး၊ မတရားတာကြီးကို ပေးကမ်းနေရတဲ့ အဖြစ် ပျက်မျိုးတွေဟာ ဒေသအသီးသီး၊ နယ်ပယ်အသီးသီးမှာ ရှိပါတယ်။ အဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ တရားဥ ပဒေစိုးမိုးရေး ရှုဒေါင့်ကနေပြီး ကူညီပေးကြဖို့ ဥပဒေပညာရှင်တွေ၊ ရှေ့နေအသီး သီးတွေကိုလည်းပဲ ကျွန် တော်တို့အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ပါတီစုံဒီမိုကရေစီ ရှင်သန်ဖို့၊ ဖွံ့ဖြိးဖို့ဆိုတာက တရားဥပဒေ စိုးမိုးရေးဟာ အဓိအကျဆုံးပါပဲ။ အဲ့ဒီတော့ ဒီတရားဥပဒေ စိုးမိုးရေးကို အုတ်မြစ်ချဖို့၊ ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ တရားဥပဒေဘက်တော် သားတွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ အခန်းကဏ္ဍ အင်မတန် အရေးကြီးပါတယ်။ အဲ့ဒီတော့ ပြည်သူတွေ အနေနဲ့ကလည်းပဲ မိမိကိုအဓမ္မပြုကျင့်တယ်၊ ဥပဒေမဲ့ ပြုကျင့်ခံရတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ တရား ခွင်နယ်မှာ ဦးတိုက်ပြီးတော့ လျှောက်ထားရဲတဲ့၊ တင်ပြရဲတဲ့ သတ္တိမျိုးကို မွေးမြူကြဖို့ လိုပါတယ်။

အဲ့ဒီနေရာမှာတော့ ပြောစရာ ရှိတာပေါ့နော်။ တရားစွဲလည်း မထူးပါဘူး သူတို့က သူတို့ဘာသာ ဆုံးဖြတ်ချင် သလို ဆုံးဖြတ်နေတာပဲ၊ ဒါက ကျွန်တော်တို့ အရပ်စကား ပြောတာပေါ့နော်။ တကယ့်တ ကယ်မှာကျတော့ ကျွန်တော်တို့မှာ (၈၈)နဲ့ မတူတဲ့ အချက်ကတော့ သတင်းမီဒီယာတွေ ပွင့်လင်းတာတာ။ အဲဒီတော့ ဥပဒေမဲ့ပြု ကျင့်ခံရတယ်၊ အဲဒါကို ရုံးတက် တရားစွဲတဲ့အခါ တရားရုံးက မတရား စီရင်ချက်ချတယ် ဆိုရင်လည်း တိုးတိုး တိတ်တိတ်နဲ့တော့ ပြီးမသွားပါဘူး။ ကျွန်တော်တို့ ဒီခေတ်မှာ သတင်းပြန်ကြားရေးစနစ်ဟာ အင်မတန်မှ လျင် မြန်ပါတယ်။ အဲ့ဒီတော့ ဒီတရားရေးအဖွဲ့က နေပြီးတော့မှ မလျော်သြဇာသုံးမယ် မတရားစီရင်ချက်ချမယ်၊ မ မှန်မကန် ဆုံးဖြတ်တယ်ဆိုရင်လည်းပဲ ဒါဟာ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တည်ဆဲတရားဥပဒေ စိုးမိုးရေးအခြေ အနေ ဘယ်လောက်ရှိသလဲဆိုတာကို စမ်းသပ်နေတဲ့ ဖော်ထုတ်နေတဲ့ အခြေအနေတရပ်တော့ ဖြစ်သွားမှာပါ။

အဲဒါဟာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဦးတည်ပြီးတော့ ကျွန်တော်တို့ တိုက်ခိုက်နေတာ၊ ရန်လိုမုန်းတီးတဲ့ စိတ်နဲ့ လုပ်နေတာလည်း မပါပါဘူး။ ကျွန်တော်တို့ သွားနေတာက တရားမှုနဲ့ မတရားမှုနဲ့ကြားမှာ တရားတဲ့ဖက်၊ အ မှန်တရားဖက်ကနေ ရပ်ခံသွားဖို့ ရပ်တည်သွားဖို့ တိုက်တွန်းခြင်းဖြစ်ပါတယ်။ အဲ့တာကလည်း နိုင်ငံရဲ့တည်ဆဲ တရားဥပဒေစိုးမိုးရေးဘောင်ထဲက ကြိုးပမ်းတာဖြစ်တဲ့အတွက်ကြောင့်၊ အဲ့ဒီအတွက် လက်လွတ်စပယ်အရေး ယူလို့ အပြစ်ပေးလို့ မရပါဘူး။ ပြည်သူတွေအနေနဲ့ မိမိနေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ ဥပဒေ ကြောင်းအရ ရင်ဆိုင်လို့ရတဲ့ ကိစ္စတွေကိုလည်း ရဲရဲတင်းတင်း ရင်ဆိုင်စေချင်ပါတယ်။ အဲ့ဒီလို အမှုအခင်းတွေ ရုံးထုတ်တဲ့ အမှုချိန်းစွဲဆိုတဲ့နေ့တွေ ဆိုလည်းပဲ အခြားစိတ်ဝင်စားတဲ့ ပြည်သူတွေ၊ ဘ၀တူပြည်သူတွေ အနေနဲ့ တရားခွင်မှာ သွားရောက် နားထောင်ခြင်းအားဖြင့် တရားခွင် ဗဟုသုတတွေ ရရှိစေသလို ကိုယ်တိုင်ကြုံတွေ့ တဲ့အခါမှာလည်း ဘယ်လိုမျိုး တရားခွင်ကို ချဉ်းကပ်ရသလဲ။ တရားခွင်မှာ ဘယ်လိုလျှောက်လဲရသလဲဆိုတာ အလေ့အကျင့် ဗဟုသုတတွေကို ဆင့်ပွားရရှိစေမှာ ဖြစ်ပါတယ်။

အဲဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံမှာ တရားမျှတတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့အတွက် ပြည်သူတစ်ဦးချင်း က လုပ်နိုင်တဲ့ အပိုင်းတွေကို ကမူးရှူးတိုးနဲ့ သွေးပူပြီး လုပ်ဆောင်တဲ့အပိုင်း မဟုတ်ဘဲနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ စနစ်တကျ ဆောင်ရွက်နိုင်တဲ့ အခွှင့်အလမ်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒီလို အခွင့်အလမ်းတွေကို အသုံးချ ပြီးတော့ ပြည်သူတစ်ဦးချင်း အနေနဲ့ပါ နိုင်ငံရဲ့တရားဥပဒေ စိုးမိုးရေးနဲ့ အမှန်တရား ပေါ်ထွန်းရေးအတွက် ဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍတွေကို ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့အတွက် ကျွန်တော် တိုက်တွန်း ချင်ပါတယ်။ အကြံပေးချင်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်များအနေနဲ့ကလည်းပဲ ပြည်သူတွေရဲ့ နေ့စဉ်ဒုက္ခတွေကို ကျွန်တော်တို့က ကိုယ်စားပြုပြီးတော့ ဖော်ထုတ်နေရမှာ ဖြစ်သလို နိုင်ငံရေး အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် ဖြစ်နိုင်တဲ့နည်းလမ်းပေါင်းစုံကိုလည်း ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကျွန်တော် တို့က ရှာဖွေဖော်ထုတ်နေရမှာ၊ ချဉ်းကပ်နေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ လုပ်ရမယ့်အပိုင်း၊ လုပ် နိုင်တဲ့အပိုင်းကို ပြည်သူတွေဖက်က တာဝန်ကျေဖို့ လိုသလို နိုင်ငံရေးသမားတွေ နိုင်ငံရေး ဦးဆောင်နေတဲ့ သူ အနေကလည်း ကျွန်တော်တို့က မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေ နည်းလမ်းရှားဖွေမှုတွေ ပြည်သူ တွေနဲ့ ထိစပ်ပြီးတော့ ပြည်သူတွေရဲ့ဘ၀၊ ပြည်သူတွေရဲ့ အခက်အခဲတွေ ထင်ဟပ်ဖော်ထုတ်နိုင်ရန် အတွက် လည်း ကျွန်တော်တို့က ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုသာ တက်ညီလက်ညီနဲ့၊ ဟန်ချက်ညီညီနဲ့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် သွားမယ်ဆိုရင် လက်ရှိ တပ်မတော် အကြီးအကဲ အနေနဲ့ကလည်းပဲ ဒါဟာ လွယ်လွယ်ကူကူ လက်ညှိုးထိုးပြီးတော့ အဖျက်အမှောက် ဆူပူမှုတွေလို့ စွပ်စွဲလိုက်ရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး။ ဒီလူဒီလူတွေဟာ စနစ်တကျနဲ့ တရား ဥပဒေဘောင်အတွင်းကနေ ကြိုးပမ်းနေတယ်။ ချဉ်းကပ်နေတယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း တကယ်လိုလိုလားလားနဲ့ ဆောင်ရွက်နေတာကို အသိအမှတ်ပြုဖို့လိုပါတယ်။ အဲ့ဒီလို ဘက်အသီးသီးမှ နေပြီး တော့ ကျွန်တော်တို့ ဆောင်ရွက်သွားကြမယ်ဆိုရင် ဆုံမှတ်တစ်ခုမှာ အားလုံးလိုလားတောင့်တနေတဲ့ ဖြစ်စေ ချင်နေတဲ့ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိးတိုးတက်ရေး လမ်းကြောင်းပေါ်ကို မလွဲမသွေ ရောက်ရှိလာ မှာ ဖြစ်ပါတယ်လို့ ကျွန်တော် ပြောကြားလိုပါတယ်။

(ဘာမားတူးဒေး ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)

Thursday, December 17, 2009

သက်ကြီးရွယ်အို ခေါင်းဆောင်များကို ဒေါ်စု ဂါရ၀ပြု


သက်ကြီးရွယ်အို ခေါင်းဆောင်များကို ဒေါ်စု ဂါရ၀ပြု

16 December 2009


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ အပါအ၀င် ဗဟိုအလုပ်အမှုဆောင် ၃ ဦးကို ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံ ဂါရ၀ပြုခွင့် ရခဲ့ပါတယ်။ ဒီလိုတွေ့ဆုံရာမှာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြန်ဖွဲ့ဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သလို လူကြီး ၃ ဦးကလည်း သဘောတူခဲ့တဲ့အပြင် NLD CEC တွေကရော၊ CRPP ကပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ NLD အရေးကိစ္စ ဆောင်ရွက်မှုတွေကို ထောက်ခံကြောင်း အားပေးစကား ပြောကြားခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် သူ၏နေအိမ်တွင် သတင်းထောက်များအား ရှင်းလင်း ပြောကြားနေသည့် NLD ပါတီ အတွင်းရေးမှူး ဦးလွင်။
ဒီဇင်ဘာ ၁၆၊ ၂၀၀၉။
ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို နိုဝင်ဘာလ ၁၁ ရက်နေ့က ရေးသားပေးပို့တဲ့ စာထဲမှာ အသက်အရွယ် ကြီးရင့်ပြီဖြစ်တဲ့ NLD ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ပါတီအတွင်းရေးမှူး ဦးလွင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလွန်းတင်တို့ကို တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့အပြင် NLD ပါတီက ခေါင်းဆောင်အားလုံး ပါဝင်တဲ့ ပုံမှန်အစည်းအဝေးတွေ ကျင်းပနိုင်ခွင့် ရဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ နိုင်ငံတော် အစိုးရ ဧည့်ဂေဟာမှာ လူကြီး ၃ ဦးနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အန်ကယ် ဦးအောင်ရွှေရယ်၊ ဦးလွင်ရယ်၊ အန်ကယ် ဦးလွန်းတင်ရယ် ၃ ယောက်ပါ။ စောစောပိုင်းက ကျနော် အန်ကယ် ဦးလွန်းတင်နဲ့ စကားပြောနေတယ်။ သူပြောပြတာတွေပေါ့၊ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေး၊ NLD အရေးကိစ္စတွေ ဆောင်ရွက်တဲ့နေရာမှာ နောက်ဆံမတင်းနဲ့၊ NLD CEC ရော၊ CRPP ရော လုံးဝ ဒေါ်အောင်ဆန်းစုကြည်အတွက် ထောက်ခံနေတယ်ဆိုတာ သူ့ကို အားပေးတဲ့စကားတွေ ပြောလာခဲ့တယ်။ ကျန်တာတော့ ကျန်းမာရေး၊ သာရေးနာရေးက များပါတယ်။ နိုင်ငံရေးအရတော့ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်း လူကြီးတွေက ပြောခဲ့တယ်။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြန်ဖွဲ့ဖို့ပါ သဘောတူခဲ့တဲ့အတွက် ဒါဟာ NLD ပါတီက လူငယ် မျိုးဆက်သစ်တွေပါ ပါဝင်ဆောင်ရွက်ခွင့် ရလာတော့မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ ရှေ့နှစ် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြင်ဆင်တာမျိုး ဟုတ်မဟုတ် မေးကြည့်တဲ့ အခါမှာတော့ ဦးဉာဏ်ဝင်းက အခုလို ဆက်ပြောပါတယ်။


“ရွေးကောက်ပွဲကိစ္စ အန်ကယ်တို့က အဖွဲ့ချုပ်အနေနဲ့ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဥက္ကဋ္ဌရော အားလုံး တသဘောတည်း ရှိတာက အခုအချိန်မှာ ဒါ ဘာမှ စဉ်းစားစရာ မလိုဘူး။ ကျနော်တို့က ရွေးကောက်ပွဲ ဥပဒေတို့၊ ကော်မရှင် ဥပဒေတို့ ဒါတွေကို ကြည့်ရဦးမယ်။ ဒီဟာတွေ ဘာပါမှန်းမသိဘဲနဲ့ အန်ကယ်တို့ ရွေးကောက်ပွဲဆိုင်ရာ ပြောကြားချက်ကို ပြောမှာမဟုတ်ဘူး။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အသက် ၈၅ နှစ်အရွယ် ပါတီအတွင်းရေးမှူး ဦးလွင်နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အသက် ၈၈ နှစ် ရှိပြီဖြစ်တဲ့ ဦးလွန်းတင်တို့နဲ့ ၄၅ မိနစ်ကြာ တွေ့ဆုံခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အခုလို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် တွေ့ခွင့်ရတဲ့အတွက် နှစ်ဘက် ၀မ်းမြောက်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် အသက်အရွယ် ကြီးရင့်ပြီဖြစ်တဲ့ လူကြီးတွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးလည်း အခုလို ပြောပါတယ်။

“ကျန်းမာရေး အခြေအနေက အန်ကယ်က သီးခြား ထူးထူးခြားခြား ရောဂါတော့ မရှိဘူး။ သို့သော် အသက်အရွယ်ကြောင့် သူက ကိုယ်တိုင် လမ်းမလျှောက်နိုင်တော့ဘူး။ တွဲတာတောင် မဟုတ်ဘူး၊ ဖက်ပြီးတော့ကို လျှောက်ရတယ်။ အဲဒီအခြေအနေပါ။ ဦးအောင်ရွှေလည်း ဒီလိုပေါ့၊ အသက်အရွယ်ကြောင့် လှေကားတွေဘာတွေ သိပ်မတက်နိုင်ဘူး။ အန်ကယ် ဦးလွင်က ခါးရိုးပြားထားတယ်။ လေကလည်း ဟိုတုန်းက ဖြတ်ထားဖူးတော့ သူကလည်း တယောက်တည်း လျှောက်လို့မရဘူး။

“သူတို့ပြောတာကတော့ အခုလို မတွေ့တာလည်း ကြာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရတာ သူတို့လည်း အရမ်း ၀မ်းသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အရမ်း ၀မ်းသာကျေနပ်နေတယ်လို့ သူတို့ သိရတယ်။ ဒါကို ပြောပြတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

Shwekhamauk 106

Shwekhamauk 106[1]

Wednesday, December 16, 2009

အန်အယ်လ်ဒီခေါင်းဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဂါရ၀ပြု


အန်အယ်လ်ဒီခေါင်းဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဂါရ၀ပြု
NEJ / ၁၆ ဒီဇင်ဘာ ၂၀၀၉


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်ရွှေအပါအ၀င် ဗဟိုအလုပ်အမှုဆောင် (၃) ဦးကို ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်း၌ စိမ်းလဲ့ကန်သာဧည့်ရိပ်သာတွင် တွေ့ဆုံဂါရ၀ပြုခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်သိရသလောက်တော့ မနက် (၁၁) နာရီက (၁၂) နာရီထိပါ။ စိမ်းလဲ့ကန်သာဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်က အရင်ဆုံးရောက်ပါတယ်။ နောက် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့က ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒီက ကြိုဆိုပြီးတော့ အဲဒီပုဂ္ဂိုလ် (၃) ဦးကို လှူဖွယ်ပစ္စည်းတွေနဲ့ ကန်တော့ပါတယ်” ဟု ပြောသည်။

ဒီဇင်ဘာ (၁၄) ရက်တွင် နအဖစစ်အစိုးရ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေနေအိမ်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်အား ဂါရ၀ပြုရေးအစီအစဉ်နှင့်ပတ်သက်၍ သဘောထားမေးမြန်းခဲ့ပြီးနောက် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့ (၃) ဦးကို တနေရာတည်းတွင် စုစည်း၍ ဒေါ်အောင်ဆန်းစုကြည်က ဂါရ၀ပြုခွင့် ရရှိခြင်းဖြစ်သည်။

အန်အယ်လ်ဒီမှ ခေါင်းဆောင်ကြီး (၃) ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သီးခြားတွေ့ဆုံစကားပြောကြားခွင့် ရသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒီနေ့ သူတို့ (၄) ယောက်က သီးခြားစကားပြောကြတယ်လို့ သိရပါတယ်။ ကျနော်သိသလောက်တော့ အန်ကယ်ဦးလွန်းတင်က ဒေါ်စုရဲ့ အခုရပ်တည်ချက် နိုင်ငံရေးဆောင်ရွက်ချက်အားလုံးကို ထောက်ခံတယ်။ အဲဒီတော့ ဆက်လုပ်ပါလို့ အားပေးခဲ့တယ်လို့ သိရပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အသက်အရွယ်ကြီးသူ အန်အယ်လ်ဒီ ခေါင်းဆောင်ကြီး (၃) ဦးအား တွေ့ဆုံကာ ဂါရ၀ပြုရသည့်အတွက် အင်မတန် ကျေနပ်ဝမ်းသာဖြစ်နေသည်ဟု သိရကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်စုက ပြန်လာတဲ့အခါမှာ သူတော်တော်ကျေနပ်တယ်ဆိုတာ ကျနော်သိရတယ်။ နောက်ပြီးတော့ လူကြီးတွေကို သူမတွေ့ရတာကြာပြီး တွေ့ရလို့ အထူးဝမ်းမြောက်ဝမ်းသာရှိတယ်ဆိုတာ ကျနော်သိရပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် နိုဝင်ဘာ (၁၁) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည့်စာတွင် ကျန်းမာရေးအရ မိမိတို့နေအိမ်အသီးသီးတွင်သာ နေထိုင်လျက်ရှိကြသော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်တို့ကို ၎င်းတို့နေအိမ်အသီးသီးတွင် သွားရောက်ဂါရပြု ကန်တော့လိုသည့်အတွက် စီစဉ်ဆောင်ရွက်ပေးပါရန် ထည့်သွင်းမေတ္တာရပ်ခံခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ခေါင်းဆောင်(၃)ဦးအား ဒေါ်အောင်ဆန်းစုကြည်မှ ဂါရဝပြု ကန်တော့ခွင့်ရမည် ဖြစ်ကြောင်း


နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နေ့လည် (၂) နာရီမှ (၄း၃၀) နာရီ အထိ နှစ်နာရီခွဲကျော် တွေ့ဆုံ ဆွေးခွင့်ရခဲ့ကြောင်းနှင့် မနက်ဖြန်မှာ အာဏာပိုင်တွေစီစဉ်ပေးမည့် နေရာတစ်နေရာ၌ အဖွဲ့ချုပ်ခေါင်းဆောင်(၃)ဦးအား ဒေါ်အောင်ဆန်းစုကြည်မှ ဂါရဝပြု ကန်တော့ခွင့်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

' ဒီကနေ့ နေ့လည် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ရှေ့နေလေးဦး နေ့လည်(၂) နာရီကနေ (၄း၃၀) အထိ နှစ်နာရီခွဲကျော် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်...။ အဓိကကတော့ လာမည့် (၂၁) ရက်နေ့မှာ လျှောက်လဲချက်ပေးရမယ့် ရေးသားထားတဲ့ မှတ်တမ်းကို စာစုံဖတ်ပြီး အတည်ပြုတာပါ....။

နောက်တစ်ခုကတော့ မနက်ဖြန်မှာ အဖွဲ့ချုပ် ဗဟို ကော်မတီ အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့ကို အာဏာပိုင်တွေနဲ့ ညှိနှိုင်းချက်အရ နေရာတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က ဂါရဝပြုကန်တော့ ခွင့်ရပါမယ်..။ နေရာကတော့ မသိရပါဘူး...။ ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

နိုဝင်ဘာ (၁၁)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယစာတစောင် ရေးသားပေးပို့ခဲ့ပါတယ်။ ထိုစာ၌ ကျန်းမာရေး မကောင်းဖြစ်နေသော အဖွဲချုပ်ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့အားသွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပြုရန် တောင်းဆိုထားခဲ့ပြီး ထိုစာပါအကြောင်းအရာထဲမှ တစ်ခုအားအာဏာပိုင်များမှ လိုက်လျောခြင်းဖြစ်ပါသည်။ အဓိကစာပါ အကြောင်းအရာ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ကိစ္စအား ယခုအထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး....။


ဒေါ်အောင်ဆန်းစုကြည်နေအိမ်ပြင်ဆင်မှုအခြေအနေ


ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ဆက်လက် ပြောဆိုရာမှာ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို အလုပ်သမားတွေ ပြင်ဆင်နေတာကို အန်ကယ်တို့ တွေ့ခဲ့ရပါတယ်... အိမ်ပြင်တာ တော်တော်လေး အချိန်ယူရပါမယ်....။ အိမ်ကဟောင်းနေတော့ တစ်ခုလုပ်ရင်း နောက်နေရာတစ်ခုက ပြင်စရာပေါ်လာရင်း ဖြစ်နေတယ်လို့ ပြောပါတယ်...။ ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

Tuesday, December 15, 2009

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် တွေ့မည်၊ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့ခွင့်ရဖွယ်ရှိ



Tuesday, 15 December 2009 13:50 ကိုထွေး

အယူခံနှင့်ပတ်သက်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုလျှောက်လဲချက်အတွက် တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ ညနေပိုင်းတွင်သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လက်ခံရေးအတွက် တရားရုံးချုပ်၌ လာမည့် ၂၁ ရက်နေ့တွင် လျှောက်လဲချက် ပေးရမည်ဖြစ်သဖြင့် ယင်းကဲ့သို့ သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ညနေပိုင်းလောက်မှာ တွေ့မယ်၊ တရားရုံး ရှေ့နေကိစ္စ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံခွင့်ပေးရန် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီနှင့် ရဲမှူးကြီး တို့သည် ယမန်နေ့ နံနက်ပိုင်းက သဘောထားများ လာရောက် မေးမြန်းခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။

“ဒေါ်စုနဲ့တွေ့ဖို့ရာ တနေရာတည်းမှာ ၃ ဦး ကန့်တော့ ခံမယ်ဆိုရင် ဘယ်လို သဘောရလဲ လာမေးတယ်၊ ဗုဒ္ဓ ဘာသာထုံးစံရှိပါတယ် ကန်တော့ခံတယ် ဆိုတာက ကန်တော့ ခံတဲ့သူဆီကို ကန်တော့မယ်သူက လာရရိုး ထုံးစံ ရှိပါတယ် သီးခြားစီ ကန်တော့ခံချင်ပါတယ်လို့ ပြန်ပြောလိုက်တယ်တဲ့၊ ဒါပေမဲ့ ဒေါ်စု သဘောထားက အားလုံးကို တွေ့ပြီးတော့မှ ကန်တော့ဖို့ လုပ်မယ် ဆိုရင်လည်းပဲ ငြင်းစရာ မရှိပါဘူးလို့ ပြန်ကြားလိုက်တယ် ဆိုတော့ ဗိုလ်ချုပ် ခင်ရီက ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားတွေ့မယ်လို့ ပြောသွားတယ်” ဟု ၎င်းက ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံရန် အာဏာပိုင်တို့က စီစဉ်နေခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ရေးသားပေးပို့၍ ကျန်းမာရေး ချွတ်ယွင်း နေသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး တောင်းဆိုထားသည်။

ထို့အပြင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။

ဦးဉာဏ်ဝင်းက“ဒီလို တွေ့ခွင့်ရတာ ကောင်းတဲ့လက္ခဏာပါပဲ၊ စကားတွေပြောဖို့လည်း ခွင့်ပေးမှာပါ၊ ကျနော် ခန့်မှန်းတာကတော့ တပတ်အတွင်း ဖြစ်မှာပါ” ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်အတွင်း ယင်း အဖွဲ့နှင့် မတွေ့ဆုံမီ ဦးတင်ဦးကို ချန်လှပ်၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေး သော်လည်း ဒေါ်အောင်ဆန်း စုကြည်က ကျေနပ်မှုမရှိသဖြင့် ငြင်းပယ်ခဲ့သည်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုနှင့် ၁၉၉၁ ကျောင်းသား လှုပ်ရှားမှု


Friday, 11 December 2009 18:30 ခင်ငြိမ်းသစ်

၁၉၉၁ ခုနှစ်၊ အောက်တိုဘာ လထဲမှာ ပြည်ပ သတင်းမီဒီယာ တွေကနေ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရရှိကြောင်း ကြေညာခဲ့ပါတယ်။ ဒီသတင်းကို ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေက လှိုက်လှိုက် လှဲလှဲ ကြိုဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်ခင်တဲ့ ပြည်သူထဲမှာ ကျမလည်း အပါအ၀င် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတာက သူ့ရဲ့ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်နိုင်တာတွေ၊ ပညာဉာဏ်မြင့်မားတာတွေ စတဲ့ သူ့ရဲ့ အရည်အချင်းတွေ ကြောင့်ပါ။ ချစ်ခင်တာကတော့ သူဟာ မြန်မာ ပီသပြီး ကျက်သရေရှိတဲ့ အမျိုးသမီး တဦး ဖြစ်တဲ့ အပြင် ဗိုလ်ချုပ်ရဲ့သမီး ဖြစ်တာကြောင့်လည်း ပါဝင်ပါတယ်။

ကျမ ခပ်ငယ်ငယ်က ဇူလိုင် ၁၉ ရက်နေ့ ရောက်တိုင်း ကျမအဖေက တာဝါလိန်းလမ်းမှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ကို ခေါ်သွားလေ့ရှိပါတယ်။ ရောက်တိုင်းလည်း သူ ဘယ်က ကြားလာမှန်းမသိတဲ့ စကားတခွန်းကို ပြောပြလေ့ရှိပါတယ်။

အဖေက “ဗိုလ်ချုပ်က ပြောဖူးတယ် ရေနစ်ပြီးသေသွားတဲ့ အောင်ဆန်းလင်းက အထက်ဆုံး၊ ပြီးရင် အောင်ဆန်းစုကြည်ပဲ” လို့ ပြောတတ်ပါတယ်။

၁၉၈၈ သြဂုတ်လ ၂၆ ရက် နေ့က ရွှေတိဂုံ စေတီ အနောက်မြောက်ဘက် လူထုအစည်းအဝေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် တရားဟောတော့ ဗမာပြည် လူငယ်လွတ်မြောက်ရေးတပ်ဦး (BYLF) က ဒုဥက္ကဋ္ဌ ကိုအောင်ဒင် က ကျမနဲ့ မတင်တင်ဦးကို အန်တီ့ရဲ့ လုံခြုံရေး ယူဖို့ ခေါ်သွားခဲ့ပါတယ်။ အဲဒီတုန်းကမှ အန်တီ့ကို အနီးကပ် တွေ့ခဲ့ဖူးတာပါ။ ကျမ က အန်တီ့ကို မြန်မာ အမျိုးသမီး တဦးအနေနဲ့ သိပ်ကို သဘောကျခဲ့ ပါတယ်။

ကျမရဲ့ ဘကြီးက ဦးသန့်ရဲ့ တတိယ ကိုယ်ရေးအတွင်းဝန် အဖြစ်နဲ့ ကုလသမဂ္ဂမှာ တာဝန် ထမ်းဆောင်စဉ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆုံခဲ့ဖူးတယ်လို့ ဘကြီးက ပြောပြပါတယ်။ အန်တီက နိုင်ငံရပ်ခြားမှာ နေရပေမယ့် မြန်မာ အ၀တ်အစားကို ခုံမင်သလို ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကိုလည်း အမြတ်တနိုး ကျင့်သုံးတယ်လို့ ဘကြီးက ပြောတယ်။

ကျမတို့ ချစ်ခင် လေးစားရတဲ့ လူထုခေါင်းဆောင် နိုဗဲလ်ဆု ရတဲ့ အတွက် ၀မ်းသာတဲ့အပြင် နိုင်ငံရေး အခြေအနေ ဘယ်လို ပြောင်းလဲသွားနိုင်မလဲ ဆိုတာကိုပါ စိတ်ဝင်စားမိပါတယ်။

အဲဒီအချိန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရထားပေမယ့် အာဏာကို မလွှဲအပ်သေးပါဘူး။ တချိန်တည်းမှာပဲ ကောလာဟလ သတင်းက ထွက်လာပြန်ပါတယ်။ အန်တီ ဆုယူမယ်ဆိုရင် သွားခွင့်ပြုမယ်၊ ပြန်လာခွင့်တော့ မပြုဘူးတဲ့၊ ဒီ ကောလာဟလကြောင့် တချို့လူတွေ စိတ်ပူကြပါတယ်။ ကျမ ကတော့ စိတ်မပူပါဘူး။ တကယ်လို့ အဲဒါအမှန် ဖြစ်ခဲ့တယ်ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်က ထွက်သွားမှာ မဟုတ်ဘူးလို့ ကျမ ယုံကြည်လို့ပါ။

တချို့ လူကြီးတွေက မြန်မာပြည်ရဲ့ ပထမဦးဆုံး နိုဗဲယ်ဆုရှင်ဖြစ်တဲ့ အန်တီ့ကို နေအိမ် အကျယ်ချုပ်ကနေ မဖြစ်မနေ လွှတ်ပေး နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ တချို့ကတော့ လွှတ်ပေးဖို့ မျှော်လင့်တာပါ။ နောက်တကြိမ်လည်း ထပ်မဖမ်း လောက်တော့ဘူး လို့ တွက်ကြပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေးဟာ ပိုပြီးတိုးတက်လာဖို့ကိုလည်း မျှော်လင့်ကြပါတယ်။

တခြား နိုဗဲလ်ဆုရှင်တွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုလာကြပါတယ်။ ဖမ်းဆီးထားတဲ့ နိုင်ငံရေး သမားတွေကိုလည်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ပြင်းပြင်းထန်ထန် တောင်းဆို လာကြပါတယ်။ တကမ္ဘာလုံးကလည်း မြန်မာ့ ဒီမိုကရေစီရေး ကို ပိုပြီး အာရုံ စိုက်လာပါတယ်။

ကျမတို့ရဲဘော်တွေရဲ့ မိသားစုဝင်တွေကလည်း အန်တီ လွတ်မြောက်ပြီး နိုင်ငံရေး အခြေအနေ တိုးတက်လာဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွတ်လာဖို့ကို မျှော်လင့်စောင့်စား နေကြပါတယ်။

အဆိုး မြင်တတ်တယ်လို့ ခေါ်ရမလား၊ စစ်အစိုးရကို ကွက်တိမြင်တတ်တယ်လို့ ပြောရမလား မသိပါဘူး။ တချို့ လူတွေက ဘာမှ ပိုထူးခြားမှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။ စစ်အစိုးရရဲ့ သတင်းစာတွေကတော့ နိုဗဲယ်ဆုရွေးချယ်ရေး အဖွဲ့ကို အကြီး အကျယ် ဝေဖန် ပုတ်ခတ် နေပါတယ်။

တက္ကသိုလ် ကျောင်းသား ကျောင်းသူ အများစု ကလည်း စိတ်ဝင်စားကြပါတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားတဲ့ သူတွေတောင် အန်တီ နိုဗဲလ်ဆု ရတဲ့အကြောင်းကို တဖွဖွ ပြောနေကြပါတယ်။ ကျမ နိုင်ငံရေးကို စိတ်ဝင်စားမှန်း သိတဲ့ သူငယ်ချင်းတွေက မေးပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာလား” တဲ့။ ကျမ ကလည်း “ လွှတ် ပေးဖို့တော့ မျှော်လင့်ပါတယ်” လို့ပဲ ပြန်ဖြေခဲ့ပါတယ်။

တချို့က အပြင်မှာကြားနေတဲ့ ကောလာဟလ အတိုင်း အန်တီ ပြန်သွားရင် ဘာလုပ်ကြမှာလဲတဲ့။ ဒီတော့ ကျမက “ ပြန်ချင်ရင် အစကတည်းက နိုင်ငံရေး ဘယ်လုပ်ပါ့မလဲ။ ပြန်မှာပေါ့။ ငါတော့ အန်တီ့ကို ယုံတယ်၊ တိုက်ပွဲ မပြီးသေးဘဲ ဘယ်တော့မှပြည်သူကို ကျောခိုင်းမှာ မဟုတ်ဘူး” လို့ပဲ ပြန်ဖြေခဲ့ပါတယ်။

ကျမလိုပဲ ယုံကြည်တဲ့သူတွေ အတော်များများ ရှိပါတယ်။ နိုဗဲလ်ဆု ရခြင်းရဲ့ အကျိုးဆက်ကို ဘယ်သူမှ သေချာမသိပါဘူး၊ အမျိုးမျိုးသော ခန့်မှန်းချက်၊ မျော်လင့်ချက်တွေနဲ့ ပြည်သူတွေဟာ ရင်ခုန်လှုပ်ရှား ခဲ့ကြပါတယ်။

၁၉၉၁ ခုနှစ် နိုဝင်ဘာလမှာ ရန်ကုန်တက္ကသိုလ် အားကစားပြိုင်ပွဲတွေကို ကျောင်းသားများ နားနေဆောင် (RC) ထဲမှာကျင်းပပေးခဲ့ပါတယ်။ ဘတ်စကတ်ဘောပြိုင်ပွဲကို မေဂျာအလိုက် ပြိုင်ကြပါတယ်။ တက္ကသိုလ်ရဲ့ ပျော်ရွင်ဖွယ်တွေထဲမှာ အားကစားပွဲ တွေလည်းပါဝင်ပါတယ်။

ကိုယ့်မေဂျာပြိုင်မယ့်နေ့ဆိုရင် အင်တိုက်အားတိုက် သွား အားပေးကြလေ့ရှိပါတယ်။ အော်ကြ ဟစ်ကြ မခံနိုင်အောင်ပြောကြနဲ့ ဆူညံနေပါတယ်။ ဒါပေမယ့် ချစ်စရာ ကောင်းတာက ပွဲပြီးရင် ပြီးသွားတာပါပဲ။ တဦးနဲ့တဦး ဗွေမယူကြပါဘူး။ ဒီလိုနဲ့ RC ထဲမှာ နေ့တိုင်း လူတွေစည်ကားနေပါတယ်။

အဲဒီအချိန်မှာ အားကစားပွဲတွေ လုပ်တယ်ဆိုတာ ကျောင်းသူကျောင်းသားတွေရဲ့ အာရုံကို လွှဲတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် စစ်အစိုးရက ကျောင်းသားထုရဲ့ နိုင်ငံရေး အမြင်အပေါ် လျှော့တွက်တာပါ။ ဒီဇင်ဘာ ၃ ရက်နေ့မှာ BYLF က အေးကျော်က ပြောပါတယ်။ “RC ထဲမှာ စာဝေလိမ့်မယ်၊ နင်တို့စောင့်နေ” တဲ့။ ကျမက “ဘယ်နေ့လဲ” လို့မေးတော့ သူက “၁၀ရက်နေ့ ပတ်ဝန်းကျင်ပေါ့” တဲ့။ ဒါကြောင့် ကျမလည်း RC ထဲကိုနေ့တိုင်းရောက်ပါတယ်။ စာဝေတာနဲ့ မကြုံခဲ့ပါဘူး။

ဒီဇင်ဘာ ၉ ရက် ညနေပိုင်းမှာ ကျမတို့ သင်္ချာ တတိယနှစ် Section 1လက်တွေ့ခန်းဝင်ရပါတယ်။ လက်တွေ့ လုပ်နေတုန်း သရုပ်ပြ ဆရာမတွေ အချင်းချင်း တီးတိုး၊ တီးတိုး ဖြစ်နေကြတာကို တွေ့ရပါတယ်။ ဘာဖြစ်တယ်ဆိုတာ သေချာမသိရပါဘူး။ ခဏနေတော့ “စာအုပ်ထပ်၊ လက်မှတ်ထိုး၊ ပြီးရင် ပြန်လို့ရပြီ” လို့ အခန်းစောင့်တဲ့ ဆရာမကပြောပါတယ်။ ကျမတို့ ကျောင်းသားတွေက “လက်တွေ့ မပြီးသေးဘူး။ ဘယ်လိုလုပ်မှာလဲ” ဆိုပြီး ၀ိုင်းမေးကြပါတယ်။ ဆရာမက “လက်မှတ်ထိုးရင် အမှတ်ပြည့်ပေးမယ်” ဆိုလို့ လက်မှတ်ထိုးပြီး ထွက်လာကြပါတယ်။

ကျမက ဘာဖြစ်လဲ သိချင်လို့ RC ဘက်ကို ထွက်လာပါတယ်။ RC ရှေ့ မှာ မြင့်သန်း (တိုက်ပွဲဝင်ကော်မတီ) နဲ့တွေ့ပါတယ်။

မြင့်သန်းက “ပထမဦးဆုံး RC အပေါ်ထပ်ကနေ ပွဲကြည့်စင်ဘက်ကို စာတွေဝေချလိုက်တယ်၊ ပြီးတာနဲ့ စာဝေတဲ့ ဘိုဘိုဟန်နဲ့ မင်းလှိုင် (မောင်မှိုင်း) က ထွက်သွားတယ်၊ ထောက်လှမ်းရေးက နောက်ကလိုက်သွားတယ်၊ သူတို့ ၂ ယောက် ၀ိဇ္ဇာ ခန်းမဘက်မှာ စာကပ်တဲ့ အချိန် ထောက်လှမ်းရေးက ခါးပိုက်နှိုက်လို့ အော်ပြီး ဖမ်းတယ်၊ ဘိုဘိုဟန်က အဓိအတိ လမ်းမဘက်ကို ထွက်ပြေး တယ်၊ သူ့ နောက်ကို တောက်လျှောက် ခါးပိုက်နှိုက် ဆိုပြီး အော်လိုက်တယ်၊ ဘိုဘိုဟန်က အဓိပတိ လမ်းမှာ သွားနေတဲ့ ကားကို လှမ်းတားပြီး တက်လိုက်တဲ့ အချိန်မှာ ကားပိုင်ရှင်က ထောက်လှမ်းရေးကို အပ်လိုက်တယ်၊ ထောက်လှမ်းရေးက ဘိုဘိုဟန်ကို ရိုက်နှက် ဖမ်းဆီး သွားတယ်” လို့ ပြောပါတယ်။

အဲဒီနေ့က အားကစားပွဲ တွေကိုလည်း ရပ်ပစ်လိုက်တယ်။

ဒီဇင်ဘာ ၁၀ရက်၊ မနက် ၁၀ နာရီ လောက်မှာ ကျမ သူငယ်ချင်းရီနဲ့ မြင့်သန်း၊ ကျမတို့ သင်္ချာဆောင် (ULB) ကို ရောက်လာ ပါတယ်။ ရီက“ဒီနေ့ ချိန်းပွဲရှိတယ် လိုက်မလား” ဆိုပြီး လာခေါ်ပါတယ်။ အတန်းထဲက လူတွေက ဘာချိန်းပွဲလဲ ဆိုပြီး ၀ိုင်းမေး ကြပါတယ်။ ဒါနဲ့ ကျမက သိချင်ရင် လိုက်ခဲ့ဆိုပြီး ခေါ်လိုက်ပါတယ်။ တချို့လည်း စိတ်ဝင်စားလို့ လိုက်လာကြပါတယ်။

ကျမတို့ အပေါ်ထပ်ကိုတက်ပြီး ထပ်ခေါ်တော့ သင်္ချာ တတိယနှစ် section 2 က ကြူကြူနဲ့ တခြားကျောင်းသားတွေလည်း လိုက်လာကြပါတယ်။

ကျမတို့ ULB က ထွက်လာတဲ့ လူအုပ်စုက RC ထဲမှာ ၀င်ပြီးဖွနေကြပါတယ်။ RC ထဲမှာလည်း ကျောင်းသား အတော်များများ ရှိ နေကြပါတယ်။ တချို့က အားကစားပွဲများ ပြန်စမလား ဆိုပြီး လာစောင့်တာပါ။ တချို့ကလည်း မနေ့က ဖြစ်ထားတဲ့ ပြဿနာ ဆက်ဖြစ်မလား သိချင်လို့ပါ။ အဲဒီအထဲမှာ ထောက်လှမ်းရေး တွေလည်း ပါပါတယ်။

ရီက အမေရိကန် အလံပါတဲ့ တီရှပ်ကို ၀တ်ထားပါတယ်။ ကျမတို့လူစု R.C ထဲရောက်တဲ့အချိန်မှာ ပဲ ၀ိဇ္ဇာ ခန်းမရှေ့မှာ လူစုနေတဲ့ ထွန်းထွန်းသန်း (စိုးမိုး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ)၊ မျိုးမြင့် (အညာသား) တို့က R.C ဘက်ကို လမ်းလျောက် လာပါတယ်၊ ကျမ တို့လဲ R.C ထဲက ထွက်ပြီး ပလက်ဖောင်းပေါ်အရောက်မှာ လက်ခုပ်တွေ စ တီးကြပါတယ်၊ ကျမတို့ လက်ခုပ်တီးရင်ပဲ ထွန်းထွန်းသန်းတို့က မျက်နှာဖုံးတွေစွပ်ပြီး ခွပ်ဒေါင်းအလံကို စထောင်လိုက်ပါတယ်။ အဲဒီ ခွပ်ဒေါင်း အလံတွေ အားလုံးကို ကိုမြင့်ဆွေကရေးဆွဲပေးခဲ့တာပါ၊ သူလဲ ထောင် ၁၅ နှစ် ကျခဲ့ပါတယ်။

ထွန်းထွန်းသန်းက R.C ရှေ့က အုတ်ခုံပေါ်တက်ပြီး “ကျောင်းသားရဲဘော်အပေါင်းတို့၊ တခြားနိုင်ငံတွေက တက္ကသိုလ်ကျောင်းသား တွေဟာ ကွန်ပျူတာတွေနဲ့ ခေတ်မီ သင်ခန်းစာကို သင်ယူနေတဲ့အချိန်မှာ ကျနော်တို့တွေက ခေတ်နောက်ကျနေတဲ့ သင်ခန်းစာ တွေကိုပဲ သင်ကြားခွင့်ရကြပါတယ်၊ ဒါတောင်မှ မြန်မာပြည်ရဲ့ အမြင့်ဆုံး သင်ခန်းစာတွေထဲက ကွမ်တမ်သီအိုရီကို လေ့လာနေတဲ့ ကျောင်းသား ဘိုဘိုဟန်ကို ခါးပိုက်နှိုက်ဆိုပြီး ရိုက်နှက်ဖမ်းဆီးသွားတဲ့အတွက် ကျနော်တို့ ကျောင်းသားတွေ အခုကိစ္စကို လုံးဝ ဆန့်ကျင်ပါတယ်၊ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စ ဖြစ်ပါတယ်” ဆိုပြီး တရား စဟောပါတယ်။

ဘိုဘိုဟန်ကို အခုလို ဖမ်းလိုက်တာကို ကျောင်းသားတွေ မကျေနပ်ကြပါဘူး။ စာကြည့်တိုက်ရှေ့ ကွင်းပြင်က ကံ့ကော်ပင်တွေ အောက်မှာ ကျောင်းသားတွေ အုပ်စုလိုက် ရပ်ပြီး ထောက်ခံကြောင်း ပြသနေပါတယ်။ ကားတွေက ဖြတ်သွားဖြတ်လာ လုပ်နေလို့ ရီက ကျမကို “တို့တတွေ လမ်းပိတ်ကြရအောင်” ဆိုပြီး ပြောလို့ ကျမနဲ့ ရီ အဓိပတိ လမ်းမပေါ်ကို လွယ်အိတ်တွေနဲ့ လမ်းပိတ် လိုက်ပါတယ်။

ဆက်ပြီး ရီက “ကျမတို့ကို ထောက်ခံတယ်ဆိုရင် အဓိပတိလမ်းပေါ်ကိုဆင်းခဲ့ကြပါ” လို့ အော်လိုက်ပါတယ်။ ချက်ချင်းဘဲ ခက်မာနဲ့ ရာသက်ပန် (တောင်ငူဆောင်) တို့ အဓိပတိလမ်းပေါ် ဆင်းလာကြပါတယ်။ ထပ်ပြီး ကျမတို့တွေက “ကျောင်းသားသွေး နီတယ် ဆိုတာ ပြကြစို့” ဆိုပြီးထပ်အော်တဲ့ အခါမှာတော့ ကံ့ကော်ပင်တွေ အောက်မှာရှိနေတဲ့ ကျောင်းသားတွေ လမ်းပေါ်ကို ဆင်းလာကြ ပါတယ်။ အဓိပတိလမ်းပေါ်မှာလူတွေ တော်တော်များများ စုမိတော့ သီဟသူ (ကိုဆန်နီ) က “ကဲ၊ ကျဆုံးသွားတဲ့ သူရဲကောင်း တွေကို အလေးပြုကြမယ်၊ ပြီးရင် ၁ မိနစ်ငြိမ်ကြမယ်” လို့ ပြောတော့ ကျမတို့တွေလည်း အလေးပြုပြီး ၁ မိနစ်ငြိမ်ကြပါတယ်။ ပြီးတော့ “ကမ္ဘာမကြေဘူး” သီချင်း ကို သံပြိုင်သီဆို ကြပါတယ်။

သီချင်းဆိုပြီးတော့ ….

“ကျောင်းသား သမဂ္ဂ ဖွဲ့ စည်းရေး………………….တို့အရေး”
“ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး…………..တို့အရေး ”
“၉၀ ရွေး ကောက်ပွဲ ရလဒ်ကို အတည်ပြုပေးရေး……………တို့အရေး ”
“တွေ့ဆုံဆွေးနွေး အဖြေရှာရေး………………………….တို့အရေး” ဆိုပြီး သံပြိုင်ကြွေးကြော်ကြပါတယ်။

ကျမတို့ ကျောင်းသားတွေမှာ အစွဲအလမ်း တခုရှိပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမ ရှေ့က စတဲ့ တော်လှန်ရေးဟာ သွေးမြေ ကျတတ်တယ်တဲ့၊ ဒါကြောင့် ကျမတို့ အဲဒီနေရာကိုရှောင်ပါတယ်။

ဒီနောက်မှာ ချီတက်ဆန္ဒပြတဲ့အနေနဲ့ R.C ရှေ့ကနေ အဓိပတိလမ်းမအတိုင်း ချီတက်ပြီး ရာမည၊ တောင်ငူဆောင်တွေကို လှည့်ပတ်ကြပါတယ်၊ ချီတက်စဉ် လမ်းတောက်လျှောက်မှာ ကြွေးကြော်သံ တွေကို ဟစ်ကြွေးခဲ့ ကြပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ ကျောင်းသားထုဟာ ထောင်နဲ့ချီပြီး ပါဝင်ခဲ့ပါတယ်။

ကျောင်းထဲမှာ ဆန္ဒပြနေကြတုန်းမှာပဲ ကျောင်းတံခါးတွေကို ပိတ်လိုက်ပါတယ်။ ကျောင်းရဲ့ အပြင်ဘက်မှာလည်း ကျောင်းသား တအုပ်က ကျောင်းထဲဝင်ဖို့ ကြိုးစားအားထုတ် နေကြပါတယ်။ အဲဒီ ကျောင်းသားတွေကို သက်ထွန်း (လူဘောင်သစ်) က ဦးဆောင်ပါတယ်။

ချီတက် ဆန္ဒပြပြီးတော့ R.C ရှေ့ကို ပြန်အရောက်မှာ သပိတ်စခန်းဖွင့်လိုက်ပါတယ်။ ထွန်းထွန်းသန်း၊ မျိုးမြင့်၊ ဆန်နီ၊ မောင်မှိုင်း တို့ တရားဟောနေကြပါတယ်။ ခဏနေတော့ အဲဒီအဖွဲ့ထဲက တယောက်က “ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရတဲ့နေ့ဖြစ်တယ်၊ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ အမျိုးသမီး တဦး တရားဟောပါ” လို့ တောင်းဆို ပါတယ်။

ကျမတို့ အမျိုးသမီးအုပ်စု ခေါင်းချင်းဆိုင်လိုက်ကြ ပေမယ့် ဟောမယ့်သူ ထွက်မလာပါဘူး။ ဒီတော့ အေးကျော်နဲ့ အငယ်ကောင်က ကျမကို နင်ဟောလိုက်ဆိုပြီး ပြောကြပါတယ်။ တကယ်က ကျမ ဘာမှ ကြိုတင်ပြင်ဆင် ထားတာ မရှိပါဘူး။ ဒါပေမယ့် ကျမ ဟောမယ်လို့ ဆုံးဖြတ်လိုက်ပြီး ရှေ့ကို ထွက်လိုက်ပါတယ်။

ကျမ R.C ပေါ်တက်ဖို့ အရပ်မမီတော့ ကျောင်းသားတယောက်က ဆောင့်ကြောင့် ထိုင်ပြီး သူ့ပခုံးပေါ်တက် မတ်တပ် ရပ်ခိုင်း ပါတယ်။ ပြီးတော့ သူက တဖြည်းဖြည်း မတ်တပ် ရပ်ပေးပါတယ်။ အပေါ်က တယောက်က ဆွဲတင် ပေးပါတယ်။ အပေါ်ကို ရောက်တော့ “ကျမတို့မြန်မာပြည် အနေနဲ့ ကမ္ဘာမှာ အမြင့်ဆုံးဆု တခု ဖြစ်တဲ့ နိုဗဲလ်ငြိမ်းချမ်းရေးဆုကို ဒေါ်အောင်ဆန်းစုကြည် ရတဲ့အတွက် အားလုံး ဂုဏ်ယူကြပါတယ်၊ ကျမတို့ဟာ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီမိုကရေစီရေး အတွက် ဆက်လက်တိုက်ပွဲဝင်ကြမှာပါ၊ အခုလို တိုက်ပွဲဝင်ဖို့အတွက် ကျောင်းသားထုကို စုစည်းဖို့ ကျောင်းသား သမဂ္ဂဟာ လိုအပ်ချက်ဖြစ်ပါတယ်၊ ဒါကြောင့် သမဂ္ဂ ဖွဲ့စည်းခွင့်ကို လေးလေးနက်နက် တောင်းဆိုပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

ပြီးတော့ ကြွေးကြော်သံတွေ ကို ဆက်ပြီး ဟစ်ကြွေးကြ ပြန်ပါတယ်။ ကျမ အောက်ပြန်ရောက်တော့ မိုင်နီနီအောင်က “နင်ပြန်တော့၊ ကြာရင်မကောင်းဘူး” လို့ ပြောပါတယ်။ ကျမနဲ့ မိုင်နီနီအောင် (အိန်ဂျယ်) တို့ သန့်စင်ခန်းထဲမှာ အ၀တ်လဲဝတ်ပြီး ကျမရဲ့ ဆံပင်တွေကို အတိုဖြစ်သွားအောင် ကလစ်နဲ့ ညှပ်လိုက်ပါတယ်။

ကျောင်းအ၀င်ဝ မှာတော့ ဆရာတွေက ကျောင်းသားကတ်တွေကို စစ်ဆေးပြီး ကတ်ပြနိုင်မှ အပြင်ထွက်ခွင့်ပေးပါတယ် ကျောင်းသား တွေကတော့ ချီတက်ဆန္ဒပြနေတုန်းပါ။ ကျမတို့ R.C ထဲက မာလာဆောင်အဝအထိ ပေါက်တဲ့ ရေနုတ်မြောင်း အဟောင်းထဲကနေ လမ်းလျှောက် ထွက်လာပါတယ်။ မာလာပေါက်ရောက်တော့ မြောင်းပေါက်ဝမှာစောင့်နေတဲ့ စစ်သားကို ကျမ နေမကောင်းလို့ ပြန်ခွင့်ပေးပါ၊ အထဲမှာ ကျောင်းသားတွေ ဆန္ဒပြနေတော့ ဆရာတွေကတ်စစ်နေတယ်၊ ကျမ ကျောင်းသားကတ် မေ့ခဲ့လို့ပါ ဆိုပြီး သရုပ်ဆောင် ကြပါတယ်။

စစ်သားက ကျမနဲ့ အိန်ဂျယ်ကို ထွက်ခွင့်ပေးလိုက်ပါတယ်။ ကျမတို့ ၂ ယောက် လှည်းတန်းအထိ ကားတခါစီး၊ လှည်းတန်းကနေ မြို့ထဲကို ကားတခါထပ်စီး၊ မြို့ထဲရောက်တော့ အိန်ဂျယ်က အမေရိကန် စင်တာကိုဝင် သတင်းပေးပါတယ်။ ကျမကတော့ ကားငှားပြီး အိမ်ပြန်ပါတယ်။

ကျမ ကားမှတ်တိုင်မှာပဲ ဆင်းလိုက်တော့ ကျမမောင်လေးက လာစောင့်ပြီး “ပြေးတော့၊ အိမ်မှာ ထောက်လှမ်းရေး ရောက်နေတယ်” တဲ့။ ဒါကြောင့် ကျမလည်း သုံးခွမြို့က ကျမရဲ့ အဒေါ်အိမ်ကို တန်းပြေးပါတယ်။

နောက်မှ ကြူကြူ့ကို ၁၀ ရက်နေ့မှာပဲ ရူပဗေဒ ဌာနထဲအထိ ၀င်ဖမ်းခဲ့တယ်လို့ သိရတယ်။ တခြား ကျောင်းသူတွေကိုလည်း မာလာပေါက်မှာ ကားတစီး ရပ်ပြီး “အိမ်ပြန်ပို့မယ် ကားပေါ်တက်” လို့ ခေါ်လို့ ကျောင်းသူတွေ ကားပေါ်ကိုတက်ကြတော့၊လှည်းတန်းလည်း ရောက်ရော အချုပ်ကားနဲ့ ပြောင်းတင်ပေးလိုက်ပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ သိရတယ်။

ကျမကို မမိတော့ မိသွားတဲ့ ကြူကြူ့ကိုပဲ ဂျပ်ဆင်ပေါ်တက် တရားဟောတယ် ဆိုပြီး တရားစွဲပါတယ်။ ရှေ့နေငှားပြီး လျှောက်လဲခွင့် မရတော့ ကြူကြူက သူကိုယ်တိုင်ပဲ လျှောက်လဲပါတယ်။ “ဒီလောက်မြင့်တဲ့ ဂျပ်ဆင်ပေါ်ကို ကျမ တက်ရအောင်၊ ကျမက Superwoman မှ မဟုတ်တာ” လို့ လျှောက်လဲခဲ့ပါတယ်။

မြင့်သန်းကိုလည်း ၁၀ရက်နေ့မှာပဲ ကျောင်းကအပြန် ၄၈ ဟိုင်းလက်(စ်) ကို စီးလာတုန်း သူစီးလာတဲ့ကားကို လမ်းမတော် ရဲစခန်းထဲ မောင်းခိုင်းပြီး ဖမ်းလိုက်ပါတယ်။

၁၀ရက်နေ့ညမှာ ကျောင်းထဲမရောက်လိုက်တဲ့ ကိုကိုကြီးနဲ့ ကျောင်းသားခေါင်းဆောင် တချို့က လက်ဖက်ရည်ဆိုင်မှာ အေးကျော်နဲ့ တိုင်ပင်ကြပါတယ်။ နောက်တနေ့ ကျောင်းထဲကိုဝင်ပြီး အားဖြည့်ဖို့ပါ။ တိုင်ပင်ပြီး အေးကျော်က သူ့အိမ်သူ ပြန်သွားပါတယ် ကျန်တဲ့သူတွေ ကိုကိုကြီး အိမ်မှာအိပ်ဖို့ လိုက်အသွားမှာ အားလုံး အဖမ်းခံရပါတယ်။

၁၁ ရက်နေ့ မှာတော့ အဓိပတိလမ်း ၀င်ပေါက်ကို လုံးဝ ပိတ်ထားပါတယ်၊ ကျန်တဲ့ တံခါးပေါက်တွေမှာတော့ လူဝင်သာ

ရုံလောက်ပဲ ဖွင့်ပေးပြီး ဆရာတွေက ပိုက်စိပ်တိုက် စစ်ဆေးပါတယ်။ စီးပွားရေးတက္ကသိုလ် ဝင်ပေါက် တပေါက်တည်းပဲ ဘာမှ မစစ်ဆေးဘဲ ၀င်ခွင့်ပေးထားပါတယ်။

မနက် ၁၀ နာရီလောက်မှာ လူစုမိကြပါတယ်၊ လူစုမိမိချင်းပဲ ကျောင်းတံခါးတွေကို ပိတ်လိုက်ပါတယ်။ ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ခန်းမထဲကနေ ကျောင်းသားတွေကို လူစုခွဲဖို့၊ လူစုမခွဲရင် တပ်မတော်က အကြမ်းဖက် ဖြိုခွဲရလိမ့်မယ် ဆိုပြီး လော်စပီကာနဲ့ အော်ပါတယ်။

အပြင်မှာရှိနေတဲ့ ကျောင်းသားတွေလည်း ကျောင်းထဲဝင်ဖို့ အတင်းကြိုးစားကြပါတယ်။ လိုင်းပေါက် မှတ်တိုင်မှာ ရီရီထွန်း တရားဟောနေတုန်း ထောက်လှမ်းရေးက ၀င်ဖမ်းတာ ကိုဇော်မင်း (အာပြဲ) နဲ့ တိုးတိုးမြင့် (ဖိုးသာထူး) တို့ ကယ်လိုက်လို့ ရီရီ အဖမ်းမခံခဲ့ရတာပါ။

ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ကိုယ်စားလှယ်ရွေးချယ်ပြီး ပါမောက္ခချုပ်ဆီ တင်ပြကြပါတယ်။

နေ့လယ်ပိုင်းလောက်မှာ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့် ကိုယ်တိုင် ဦးဆောင်ပြီး ရန်ကုန်တက္ကသိုလ်ထဲကို ၀င်ရောက် စီးနင်းခဲ့ပါတယ်။

ကျောင်းသား အယောက် ၄၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်၊ ၁၁ ရက်နေ့မှာပဲ ကျောက်တံတား မြို့နယ်မှာနေတဲ့ ရီရီထွန်းနဲ့ ကိုမြတ်စံတို့ကို ၀င်ဖမ်းတော့ အိမ်မှာရှိနေတဲ့ ကိုမြတ်စံကို မိသွားပါတယ်။ နောက် ၂ ရက်အကြာမှာ ခင်မိုးအေး ကိုလည်း ဖမ်းမိသွားပါတယ်။ အင်းစိန် အုပ်စု အကုန်လုံး နီးပါး ဖမ်းဆီး ခံခဲ့ရပါတယ်။

၁၉၉၁ ခု ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုဟာ ကျောင်းသားတွေ အများကြီး အဖမ်းခံခဲ့ရတဲ့ ၁၉၈၈ နောက်ပိုင်း အတော်ကြီးမားတဲ့ ကျောင်းသားလှုပ်ရှားမှု တခုဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုဟာ ပြည်သူတွေရဲ့ လိုလားချက်ကို ထင်ဟပ်တဲ့ ကျောင်းသားတွေရဲ့တိုက်ပွဲ တပွဲလည်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ကျောင်းသား သမိုင်းဟာ တောက်ပမြဲ တောက်ပ နေပါတယ်။

၁၉၉၁ ခု ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ်ဆုကို ရခဲ့ပေမယ့် စစ်အစိုးရကတော့ ဂရုမစိုက်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်တဲ့အပြင် နောက်ထပ် နိုင်ငံရေး လှုပ်ရှားသူတွေကို ရာနဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။ အမျိုးသား ညီလာခံကို တမေ့တမော အချိန်ဆွဲ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကို ဆက်လက်ချုပ်ကိုင်ဖို့ စစ်အာဏာရှင် ဥပဒေကို အသက်သွင်း ခဲ့ကြပါတယ်။ ဒါကတော့ ပြည်သူတွေရဲ့ လက်တွေ့ဘ၀ပဲ ဖြစ်ပါတယ်။ ။

၁၉၈၃ အာဇာနည်ဗိမာန်ဘုံးကွဲစဉ်က

Monday, December 14, 2009

ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမိန့်ချခြင်းကို ဆန့်ကျင်ဆန္ဒပြခြင်း နှင့် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိလွှတ်ပေးရန် ဆက်လက်တောင်းဆို







၁၃.၁၂.၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ နဂိုယာစည်းရုံးရေးဒေသ အဖွဲ့ချုပ်ဝင်များမှ (၁၃.၁၂.၂၀၀၉)နေ့တွင် ဒေါ်အောင်းဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန် ဆက်လက်တောင်းဆိုပွဲကို နဂိုယာမြို့ ခနယာမဘူတာရှေ့၌ နေ့လည် ၁နာရီမှ ၃နာရီ အထိ တောင်းဆိုဆန္ဒပြခဲ့ကြသည်။

Thursday, December 10, 2009

မှတ်သားဖွယ်စကား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ၊ ကျင့်ဝတ်ကတိဟာ လူမျိုးစုံပြည်သူလူထုတရပ်လုံးပဲဖြစ်တယ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာ၊ ကျင့်ဝတ်ကတိဟာ လူမျိုးစုံပြည်သူလူထုတရပ်လုံးပဲဖြစ်တယ်
မင်းဆွေ (ပေါက်)


၁၉၈၈ ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ လူမျိုး ပေါင်းစုံ ပါဝင်တဲ့ ပြည်သူလူထုကြီးတရပ်လုံးဟာ မကြုံစဖူး ထူးကဲလှစွာ လှည်းနေလှေအောင်း မြင်းဇောင်းမ ကျန် စုစည်းညီညွတ်စွာ အုံကြွခဲ့ကြပြီး မဆလ တပါတီအာဏာရှင်စနစ်ကို ဖြိုချဖျက်သိမ်းကာ ဒီမိုကရေစီရရှိ ရေး တောင်းဆိုတိုက်ပွဲဝင်မှုကြီးတရပ်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ အသက်သွေးချွေးပေါင်း မြောက်မြားစွာ သွန်းလောင်းရင်းနှီးပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာဖို့ ကြိုးပမ်းခဲ့ကြ တာ ဖြစ်ပါတယ်။

အဲဒီကနေစပြီးတော့ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ကျယ်ပြန့်ကြီးမားလှတဲ့ ဆန္ဒမွန်တွေကို အကောင်အထည် ဖော်ပေးဖို့၊ သမိုင်းရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာလ (၂၇) ရက် နေ့မှာ ယခုလက်ရှိ တပ်ဦးအလံကိုင် ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပေါ်ထွန်းဖြစ်တည် လာရတာ ဖြစ်ပါတယ်။ ဒီတပ်ဦးအလံကိုင်ပါတီကြီးကို မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေးဗိသုကာကြီးလည်း ဖြစ်၊ တပ်မတော်ရဲ့ဖခင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ဆယ်စုနှစ် (၂) စု ကျော်ခဲ့ပါပြီ။ ဒီ အနှစ် (၂၀) ကျော်အတွင်းမှာ (၁၅) နှစ်ကျော် အိမ်ချုပ်နဲ့ ထိန်းသိမ်းချုပ်နှောင်ထားခြင်း ခံနေခဲ့ရတာပါ။

အခုချိန်ထိလည်းပဲ နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ် အဖြစ် ဆက်လက်ချုပ်နှောင် ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ လွတ်ရက်စေ့ပြီဖြစ်ပေမယ့်လို့ တရားဥပဒေကို အလွဲ သုံးစားပြုကာ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။ အင်းစိန်ထောင်တွင်းတရားရုံးမှာ စစ်ဆေးကြားနာပြီးတဲ့နောက် တရားသူကြီးက (၃) နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အဲဒီအချိန်တိုလေးအ တွင်းမှာပဲ အထူးအမိန့်စာ စာရွက်တရွက် ရောက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီက ကမန်းကတန်း ပို့ လွှတ်လာတာဖြစ်ပြီး ပြစ်ဒဏ်ကို (၁)နှစ်ခွဲ အဖြစ် လျှော့ချပြောင်းလဲလိုက်ပါတယ်။

သူ့ရဲ့အဆိုအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်တာကတကြောင်း၊ လူသား ချင်း စာနာထောက်ထားတဲ့ အနေနဲ့တကြောင်း ပြစ်ဒဏ်ကို ပြောင်းလဲလျှော့ပေါ့လိုက်တာလို့ ပြောပါတယ်။ နောက်ပြီး ကောင်းမွန်စွာ နေထိုင်သွားရင် ပြစ်ဒဏ်ကနေ အပြီးလွှတ်ပေးဦးမယ်လို့ ဆိုပြန်ပါတယ်။ တရားဥပ ဒေချိုးဖောက်လို့သာ အပြစ်ပေးအရေးယူရတာဖြစ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်အရသာ ဖြစ်ပါတယ်လို့ ဆိုပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကပဲ အမှန်တကယ် ပြစ်မှုကျူးလွန်ထားတဲ့သူလိုမျိုး ပြောကြားနေတာဖြစ်ပါတယ်။ မူ လအဖြစ်မှန်အကြောင်းရင်းကိုတော့ တတိုင်းတပြည်လုံးက ကောင်းကောင်းသိထားကြပါတယ်။ ဒီလိုမျိုး ပြော ဆိုပြုမူမှုတွေဟာ ပြည်သူလူထုကြီးအဖို့ မထူးဆန်းတော့တဲ့ကိစ္စ လုပ်နေကျဖြစ်လို့ ရိုးအီနေပါပြီ။ ကွယ်ရာမှာ တော့ ဗိုလ်ချုပ်မှူးကြီးကို ကောင်းကောင်းမေတ္တာပို့နေမှာပါ။ အာဏာရူး မိစ္ဆာဒိဌိကြီးလို့ ...။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ပါစေ တရားဥပဒေအရ တရားသူကြီးရဲ့စီရင်ချက် အမိန့်ချမှတ်မှုကို စစ်အာဏာစက်နဲ့ ၀င်ရောက်စွက်ဖက် ခြယ်လှယ်လိုက်တာဟာ တရားရေးမဏ္ဍိုင် ဘယ်လောက်တိမ်းစောင်းနေပြီဆိုတာကို အ ထင်အရှား ဘွားဘွားကြီး ဖော်ပြလိုက်တာဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို့ စစ်အုပ်စု ပြောပြောနေတဲ့ တ ရားဥပဒေစိုးမိုးရေး မရှိဘူးဆိုတာကို လက်တွေ့ပြလိုက်တာလည်း ဖြစ်ပါတယ်။ တရားဥပဒေရဲ့အပေါ်မှာ စစ် အုပ်စုရှိတယ် ဆိုတဲ့အချက်ဟာ ဘယ်လိုမှငြင်းလို့ ဖုံးကွယ်လို့မရဘူး ဖြစ်သွားပါတယ်။

ဒီလိုဆိုရင် ဗိုလ်ချုပ်ကြီးရွှေမန်း ပြောကြားခဲ့တဲ့ “ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ ရှိမနေစေရဘူး” ဆိုတဲ့ စကား နဲ့ ပြောင်းပြန်စောက်ထိုး ဖြစ်နေတော့မှာပေါ့။ သူတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားတာပဲ မဟုတ်ပါလား။ ဒီ လိုမျိုးအဖြစ်အပျက် တခြားကိစ္စတွေ အများကြီးရှိပါသေးတယ်။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ်၊ လုပ်နိုင် တယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အချိုးနဲ့ မြန်မာပြည်သူလူထုကြီးကို စော်ကားမော်ကားလုပ်နေ တယ်ဆိုတာ ရှင်းနေတော့တာပါပဲ။ ဒီလိုမျိုး ပြည်သူတရပ်လုံးအပေါ် တရားလက်မဲ့ တဆွေတမျိုးလုံး ဆက် လက်စော်ကားမိုက်ရိုင်း ပြုမူကျင့်ကြံနိုင်ဖို့ရာ တပ်ချုပ်ကြီးက ဒီ ၂၀၁၀ ဆိုတဲ့ဟာကြီးကို အဖြစ်နိုင်ဆုံး အမြန် အပြီးသတ် ကျင်းပချင်နေတာပါ။ နိုင်ငံတကာအသိုင်းအ၀န်းကိုတော့ ပြီးရောပေါ့။

ဒီလိုပြစ်ဒဏ်ကို (၁၈) လအဖြစ် လျှော့ချပေးလိုက်တာကို တချို့သော ကမ္ဘာ့နိုင်ငံတွေ ဒေသတွင်း နိုင်ငံတွေ အတွက်တော့ အပြုသဘောဆောင်တဲ့ လုပ်ရပ်မျိုး အကောင်းမြင်တဲ့ သဘောမျိုး ဖြစ်သွားနိုင်တယ်ဆိုတာကို လည်း ဗိုလ်ချုပ်မှူးကြီးက ကောင်းကောင်းသိထား နားလည်ထားတယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ အ ချိန်ဆွဲလို့ ရသွားနိုင်တာပေါ့။ စောင့်ကြည့်ကြသေးတာပေါ့။ အချိန်စောပါသေးတယ်။ အရင်စလို လုပ်လို့မဖြစ် ဘူး စသဖြင့်ပေါ့။

ဒီလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားတာဟာ ၂၀၁၀ ရွေး ကောက်ပွဲမှာ မပါဝင်စေလိုလို့လည်း သုံးသပ်ယူဆနိုင်ပါတယ်။ အကြောင်းကတော့ ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲကျင်းပပြီးစီးမယ့် အချိန်ပိုင်းလောက်ဆို ပြစ်ဒဏ်ချမှတ်ထားတဲ့ ကာလလည်း ကုန်ဆုံးပြီမို့လို့ ဖြစ်ပါတယ်။ နောက်တခုက ရွေးကောက်ပွဲကျင်းပရေးဥပဒေလည်း အခုချိန်ထိ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးလို့ဖြစ်ပါ တယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုး ပြောဆိုသံတွေတော့ ကြားနေရပါတယ်။ အတည်ပြုဖို့ ခက်ခဲပါ လိမ့်မယ်။

ဘာပဲဖြစ်ဖြစ် စစ်ကောင်စီအနေနဲ့ကတော့ သူတို့ရဲ့လမ်းပြမြေပုံအတိုင်း မဖြစ်မနေ ဆက်လုပ်သွားမယ်လို့ မ ကြာသေးခင်ကမှ ပြုလုပ်သွားတဲ့ စစ်မှုထမ်းဟောင်းညီလာခံ အပိတ်မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အ ခိုင်အမာ ထပ်မံပြောကြားသွားပါတယ်။ သူတို့ဘက်ကတော့ စီစဉ်ရေးဆွဲထားတဲ့အတိုင်း စီမံချက်ရှိရှိ မက်ခီ ယာဗယ်လီရဲ့ ရှေးနည်းဟောင်းအတိုင်း သွားလိမ့်မှာသာ ဖြစ်ပါတယ်။

အဲဒီနေရာမှာ အလေးအနက်စဉ်းစားဖို့ လိုအပ်လာပါတယ်။ ကျနော်တို့ဘက်ကကော ဒီပွဲအတွက် ဘာတွေပြင် ဆင်ထားပါသလဲ။ ပြင်ဆင်ဖို့ စီမံချက်ကော ရေးဆွဲထားနိုင်ပါပြီလား။ လူထုအနေအထားကကော ဘယ်အခြေ အနေမှာ ရှိနေပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတဲ့အထိ ဒီအတိုင်း ငုတ်တုတ်ကြီး ထိုင် စောင့်နေဦးမှာလား။ ဒီအတိုင်း မလှုပ်မရှက်နဲ့ လွှတ်ပေးနိုးကို ကျိတ်မျှော်နေမှာလား။

ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးရင်ပဲ တခြားခေါင်းဆောင်တွေ၊ အဆင့်ဆင့်သော ရဲဘော်တွေအနေနဲ့ ဘာမှလုပ်ဆောင်ဖို့ မကြိုးစားတော့ဘဲ ပြုသမျှ နုရတော့မယ့် အခြေအနေမို့ လည်စင်းပေးဖို့ပဲ ပြင်ထားကြဖို့ ညွှန်ကြားချက်များ ရှိထားလေရော့သလား။ ဦးဆောင်နိုင်မှု အရည်အချင်း မရှိကြတော့ဘူးလား။ ဦးမဆောင် နိုင်ဘူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိရင်လည်း ဦးဆောင်ဝံ့တဲ့၊ ခေါင်းဆောင်ရဲတဲ့သူတွေကို တာဝန်အရ အ ဆင့်လိုက် လုပ်ဆောင်ခွင့်ကိုသတ်မှတ်ပြီး လူထုနဲ့တသားတည်းကျတဲ့သူတွေကို ရှေ့ကတက်ဦးဆောင်ခိုင်းပြီး ကိုယ်က နောက်ကနေ အကြံပေးနောက်လိုက် လုပ်ရင်ကောမရဘူးလား။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က “အားလုံးအတွက် အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ပြင်ဆင် ထားကြဖို့” ဆိုတဲ့ သတင်းစကားပါးထားတယ် မဟုတ်ပါလား။

အထူးသဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အဓိက ဖြေဆိုရမယ့် အဖြေရှင်အဖြစ် အချိန်ကျ ရောက်လာနေပါပြီ။ ခေါင်းခါရှောင်လွှဲသွားလို့ မရနိုင်တော့တဲ့ အခြေအနေပါ။ တပ်ဦးအလံကိုင်ပါတီကြီးဆို တော့ အရံသင့် ပြင်ပြင်ဆင်ဆင် လုပ်ထားပြီးဖြစ်မယ်လို့ ယုံကြည်ယူဆထားပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမှန်သမျှကို အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားပြီးသားပါ၊ အချိန်ကျလာရင် ပြတ်ပြတ်သားသား လုပ် ဆောင်သွားမှာပါလို့ ဒီချုပ်ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း လေလှိုင်းမေးမြန်း ချက်မှာ ပြောဆိုထားဖူးပါတယ်။

ဒီလိုသာဆိုရင်တော့ အထူးကျေးဇူးတင်ရမှာပါ။ ဘာကြောင့်ဆို အန်အယ်လ်ဒီဟာ မြန်မာပြည်တ၀ှမ်းလုံးမှာရှိ တဲ့ လူမျိုးစုံပြည်သူလူထုတရပ်လုံးက ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲကနေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အနိုင် ရပါတီဖြစ်နေလို့ပါပဲ။ မဲပေးနိုင်ခွင့်ရှိသူ ဦးရေ သန်း (၂၀) မှာ (၁၅) သန်းက အတည်ပြုရွေးကောက် တင် မြှောက်ထားတာပါ။ တပ်မတော်သားများပါ မဲဆန္ဒပြု မဲထည့်ရွေးကောက်ထားတဲ့ ပါတီဖြစ်နေလို့ပါ။ တပ်မ တော်သားများကိုလည်း ကိုယ်စားပြုပါတယ်။ (၈၂) ရာခိုင်နှုန်းနဲ့ကို ပြတ်ပြတ်သားသား အနိုင်ရရှိထားတာဖြစ် ပါတယ်။

တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို ကိုယ်စားပြုထင်ဟပ် ဖော်ပြထား ချက်လို့ ပြောနိုင်ပါတယ်။ ပြည်သူလူထုရဲ့ဆန္ဒသဘောထားကို လိုက်နာဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ ပြည်သူလူထုတရပ်လုံးရဲ့ ဘ၀လွတ်မြောက်ရေးအတွက် ရှေ့ကနေ မားမား မတ်မတ် ရပ်တည်ပေးရမယ့် တာ ၀န်ဝတ္တရားကလည်း ကျန်ရှိနေပါတယ်။ လတ်တလော နိုင်ငံရေးအနေအထားကလည်း ဒီအတိုင်းပဲတောင်းဆို နေတယ်လို့ ယုံကြည်ယူဆမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောဆိုခဲ့တဲ့စကားဖြစ်ပါတယ်၊ အဲဒါက ဘာလဲဆိုလို့ရှိရင် “တိုင်းပြည်နဲ့ လူ မျိုးအတွက် ကျမတို့ပါတီကို ဖျက်သိမ်းဖို့ လိုအပ်လာမယ်ဆိုလို့ရှိရင် ဖျက်သိမ်းပစ်ဖို့အဆင်သင့်ပါပဲ” ဆိုတာဖြစ် ပါတယ်။

လူထုတရပ်လုံးရှေ့ကနေသာ မားမားမတ်မတ် ရပ်တည်ဦးဆောင်သွားမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတရပ်လုံး ကအူလှိုက်သည်းလှိုက် ၀မ်းပန်းတသာ ၀ိုင်းဝန်းကြိုဆိုထောက်ခံကြမှာ မလွဲဧကန်ပါပဲ။ အားကိုးယုံကြည်မှု တွေ၊ လေးစားတန်ဖိုးထားမှုတွေနဲ့အတူ လုပ်လက်စအလုပ်တွေကို ဖုတ်ဖက်ခါပစ်ချထားခဲ့ပြီး အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ နောက်ကနေ စည်းကမ်းတကျ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ မလွဲမသွေ လိုက်ပါလိမ့်မယ် ဆိုတာ အခိုင်အမာ ကျနော်ပြောရဲပါတယ်။ အလေးအနက်ကို ယုံကြည်မိပါတယ်။ သမိုင်းကိုရေးသားခဲ့သူတွေ ဟာ တကယ်တော့ အံ့မခန်းစွမ်းအားပိုင်ရှင် ပြည်သူလူထုကြီးသာဖြစ်ပါတယ်။ ဘယ်ခေတ်စနစ် ရာဇ၀င်မှာမ ဆို သမိုင်းဖန်တီးရှင်ဟာ ပြည်သူလူထုတွေသာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရှေးခေတ်စာဆိုတော် လက်ဝဲသုန္ဒရ အမတ်ကြီးက “စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲ ကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင်၊ ဓားသွား လည်းကြွေ၊ လှံလည်းခွေအံ့” လို့ ပြည်သူ့စွမ်းပကား ပြည်သူ့အင်အားအကြောင်းကို စပ်ဆိုဖွဲ့သီခဲ့တာမဟုတ်ပါ လား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကသာ ဒီကနေ့ရဲ့ လူထုလိုလားတောင်းဆိုချက်ကို ပကတိ အခြေအနေနဲ့ကိုက်ညီမယ့် ယုတ္တိကျတဲ့ လက်တွေ့လုပ်ငန်းစဉ်နဲ့အတူ ရဲဝံ့စွန့်စားအနစ်နာခံ အသက်ပေးဆက် ဖို့ကို ပိုင်းဖြတ်ချက်အပြည့်နဲ့ ဆုံးဖြတ်ချက်ချ ဦးဆောင်ချီတက်သွားဖို့ကိုသာ အဓိကဇောင်းပေး လုပ်ဆောင် သွားပြီး အချိန်အခါရောက်ရင် နှောင့်နှေးမတွန့်ဆုတ်ဘဲ ရဲသွေးနီကြောင်းကို သမိုင်းမှတ်တိုင်အဖြစ် စိုက်ထူ မော်ကွန်းထိုးပြမှသာ တဖက်သတ်ရေးဆွဲ အဓမ္မအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အာဏာ ဖီဆန်ရေး လူထုတိုက်ပွဲနဲ့ ဖယ်ရှားဖျက်သိမ်းပစ်ရင်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကြောင်းကို ခေါ် ဆောင်သွားရ/နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

မင်းဆွေ (ပေါက်)
၂၀၀၉ခု နှစ် ဒီဇင်ဘာလ (၅) ရက်။

Posted by ဒေါက်တာလွဏ်းဆွေ at 5:21 PM

Labels: ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ၀န်ကြီးတွေ့ဆုံမှု အန်အယ်လ်ဒီမှ သတိထားကြိုဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ၀န်ကြီးတွေ့ဆုံမှု
အန်အယ်လ်ဒီမှ သတိထားကြိုဆို
NEJ / ၁၀ ဒီဇင်ဘာ ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ယမန်နေ့က တွေ့ဆုံခဲ့မှုအပေါ် အန်အယ်လ်ဒီအနေဖြင့် သတိထားကြိုဆိုရမည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှု ဆက်လက်ဖြစ်ပေါ်လိမ့်မည်ဟု မျှော်လင့်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ဦးအောင်ကြည်နဲ့အခုလို ဒေါ်စုနဲ့တွေ့ဆုံတဲ့ကိစ္စကို ကျနော်တို့ သတိထားပြီးကြိုဆိုရမှာပေါ့ဗျာ။ သတိကြီးကြီးထား ကြိုဆိုပြီးတော့ကာ ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အထိကို ကျနော်တို့ မျှော်လင့်နိုင်ပါတယ်။ တကယ်ဖြစ်မယ် မဖြစ်မယ်ဆိုတာကတော့ စောင့်ကြည့်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်းဖြစ်သည့် ဦးအောင်ကြည်သည် ယမန်နေ့က အစိုးရဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် (၄၅) မိနစ်ကြာ တွေ့ဆုံခဲ့သည်။

ယခုကဲ့သို့ ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းသည် ယခုနှစ်အတွင်း (၃) ကြိမ်မြောက်ဖြစ်ပြီး တွေ့ဆုံသည့်ကိစ္စကို တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ထိုသို့တွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက “ကျနော်တို့ကို ကြိုတင်အကြောင်းကြားထားတာ မရှိပါဘူး။ ကျနော်တို့လည်း ဒေါ်စုနဲ့တွေ့တယ်ဆိုတာပဲ သတင်းကြားရတာပါပဲ။ အခုလောလောဆယ်တော့ ကျနော်တို့ သိနိုင်တဲ့အနေအထားမှာ မရှိသေးပါဘူး။ ဒေါ်စုဆီက ဘာမှ message မလာသေးပါဘူး။ အစဉ်အလာအရဆိုရင်တော့ အာဏာပိုင်ဘက်ကတော့ ဒေါ်စုကမ်းလှမ်းတဲ့စာပေါ်မှာပဲ မူတည်ပြီးတော့ လာရောက်တွေ့ဆုံတယ်လို့ ယူဆလို့ရပါတယ်” ဟု ပြောသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့ကြသည့်နေ့တွင်ပင် စစ်အစိုးရသတင်းစာများတွင် ဆောင်းပါးရှင် ချမ်းမြအေးက ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့သည့် စာနှစ်စောင်နှင့်ပတ်သက်၍ ရိုးသားမှုမရှိကြောင်း၊ မီဒီယာမှတဆင့် စစ်အစိုးရကို အကျပ်ကိုင်ရန်ဖြစ်ကြောင်း ဝေဖန်ရေးသားထားသည်။

ထိုသို့ တွေ့ဆုံမှုနှင့် ဆောင်းပါးဖော်ပြချက် တိုက်ဆိုင်မှုအပေါ် ခေတ်ပြိုင်က ဦးခင်မောင်ဆွေအား မေးမြန်းခဲ့ရာ ၎င်းက “အဲဒါတော့ကျနော်ထင်တယ်၊ တစစီလို့ စဉ်းစားရလိမ့်မယ် ထင်တယ်ဗျာ။ ဦးအောင်ကြည်နဲ့ ဒေါ်စုတွေ့တာကတော့ ဒေါ်စုကမ်းလှမ်းတဲ့အပေါ်မှာ သူတို့သဘောထားညီလို့ ဒေါ်စုနဲ့လာတွေ့တာပေါ့ဗျာ။ ဆောင်းပါးရေးတာကတော့ အစိုးရအာဘော်လို့ ပြောရဖို့ကတော့ တော်တော်လေးခက်တယ်လေ။ ဆောင်းပါးမှာတော့ သူတို့ဘက်နဲ့ နီးစပ်တဲ့သဘောထား သို့မဟုတ် ဆောင်းပါးရေးနိုင်တဲ့ အခွင့်အလမ်းရှိတဲ့သူတွေက ရေးတယ်လို့ပဲ ကျနော်တော့ ယူဆတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အာဏာပိုင်တွေဘက်ကနေပြီးတော့ တရားဝင်ပြောတဲ့စကား မဟုတ်ဘူးလို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ဒါဟာ ၀န်ကြီးတပါးပါးသော်လည်းကောင်း၊ သတင်းစာရှင်းလင်းပွဲသော်လည်းကောင်း ထုတ်ပြန်ခြင်းမဟုတ်ဘဲနဲ့ ဆောင်းပါးရှင်ရဲ့အာဘော်လို့ပဲ ကျနော်တို့ ယူဆပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည့်စာတွင် ဗဟိုအလုပ်အမှုဆောင်များနှင့် စုံညီအစည်းအဝေးကျင်းပခွင့်ပြုရန်လည်း တောင်းဆိုထားသည်။

“စီအီးစီတွေနဲ့ တွေ့ဆုံဖို့ ဒေါ်စုတောင်းဆိုထားတဲ့ကိစ္စကိုလည်း ဖြစ်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဒေါ်စုကလည်း စီအီးစီတွေနဲ့ တွေ့ဖို့ကိစ္စကို အခု ဦးအောင်ကြည်နဲ့တွေ့တဲ့အခါမှာ ထပ်ပြီးတော့ ပြောကြားလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ၉ ကြိမ်မြောက် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ၉ ကြိမ်မြောက် တွေ့ဆုံ

09 December 2009


မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဧည့်ဂေဟာမှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

ဘာအကြောင်းအရာ ဆွေးနွေးတယ်ဆိုတာ အတိအကျ မသိရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ရေးသားခဲ့တဲ့ စာနဲ့ ပတ်သက်နေလိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒီစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ပြုဖို့၊ အဲလိုဆွေးနွေးပြီး တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ မေတ္တာရပ်ခံ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ဆုံမှုဟာ အနည်းဆုံး အဲဒီထဲက ပထမတချက်နဲ့ ပတ်သက်ပြီးတော့ လာရောက်ဆွေးနွေးတာ ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေက ဆိုနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဆီကို ပထမအကြိမ် စာရေးသားခဲ့စဉ်တုန်းက မြန်မာနိုင်ငံအပေါ် နိုင်ငံတချို့ရဲ့ စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှု ပြန်ရုပ်သိမ်းရေးအတွက် ဆောင်ရွက်လိုကြောင်း မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီကိစ္စအတွက် သူတွေ့ဆုံလိုတဲ့ နိုင်ငံခြား သံတမန်တချို့နဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။

အခုတွေ့ဆုံမှုဟာ ဦးအောင်ကြည် ဆက်ဆံရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရတဲ့ ၂၀၀၇ ခုနှစ် အောက်တိုဘာလကစပြီး ၉ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သလို ၂၀၀၉ ခုနှစ်အတွင်းမှာဆိုရင် ၃ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။

ယုတ္တိရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ က ယနေ့ ယတိပြတ်ပြောဆိုသည်။




စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် နိုင်ငံတကာက လက်ခံနိုင်မည့် ယုတ္တိရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ က ယနေ့ ယတိပြတ်ပြောဆိုသည်။

အဆိုပါပြောကြားချက်ကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပနေသည့် ဒုတိယအကြိမ် ဘာလီ ဒီမိုကရေစီဖိုရမ်တွင် အဖွင့်မိန့်ခွန်းအဖြစ် ပြောကြားရာ၌ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

“ဂျပန်ဝန်ကြီးချုပ် ပြောတာက စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ပါတီအားလုံး လူထုလူတန်းစား အားလုံး ပါဝင်နိုင်ရမယ်။ နောက် နိုင်ငံတကာကလည်း လက်ခံနိုင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပရမယ်။ အဲလို အဖွင့်မိန့်ခွန်းမှာ ပြောတယ်” ဟု ဖိုရမ် တက်ရောက်နေသည့် မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

ယနေ့ စတင်ဖွင့်လှစ်ပြီး (၂) ရက်ကြာ ကျင်းပမည့် ဒုတိယအကြိမ် ဘာလီ ဒီမိုကရေစီ ဖိုရမ်ကို အင်ဒိုနီးရှား သမ္မတ၊ ဂျပန်ဝန်ကြီးချုပ်၊ အရှေ့တီမော သမ္မတနှင့် ဘရူနိုင်း ဒါရုဆလင် ဘုရင်တို့က သဘာပတိအဖြစ် ဆောင်ရွက်သည်။

“ဒေသတွင်းမှာရှိတဲ့ လူသားတိုင်းဟာ ဒီမိုကရေစီနဲ့ ဒီမိုကရေစီရဲ့အသီးအပွင့်ကို ခံစားရမယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း အပါအ၀င် ဖြစ်တယ်” ဟု အရှေ့တီမော သမ္မတက ထပ်လောင်း ပြောဆိုခဲ့သည်။

အာရှဒေသတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်သည့် ဘာလီ ဒီမိုကရေစီ ဖိုရမ်တွင် အာဆီယံ အပါအ၀င် အာရှဒေသတွင်း နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့လည်း လေ့လာသူများအဖြစ် တက်ရောက်ကြသည်။

ဂျပန်ဝန်ကြီးချုပ်က မြန်မာစစ်အစိုးရအား ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသည့် မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံ အစည်းအဝေး၌လည်း ပြောကြားခဲ့သည်။

အဆိုပါအချက်များကို လိုက်နာမှသာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဂျပန်နိုင်ငံက အပြည့်အ၀ ပြန်လည်ပေးအပ်မည်ဟုလည်း ပြောကြားခဲ့သည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများဆုံးပေးနေသော နိုင်ငံဖြစ်ပြီး စက်တင်ဘာ သံဃာ့အရေးအခင်းတွင် ဂျပန်သတင်းထောက် သေဆုံးခဲ့ပြီးသည့်နောက် ကူညီမှုကို လျှော့ချခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကလည်း သတင်းစာဆရာကြီး ဦးဝင်းတင်ကို ယခုနှစ်အတွင်း ဖိတ်ကြားတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့သည်။

အင်န်အယ်ဒီပါတီက ၎င်းဗဟိုအဖွဲ့စာရင်းကို အတည်ပြုထုတ်ပြန်








ဒီဇင်ဘာလ ၉ ရက်၊ ၂၀၀၉ နေ့စွဲဖြင့် အင်န်အယ်ဒီပါတီဌာနချုပ်က ထုတ်ပြန်ရာတွင် ယခင် နိုဝင်ဘာလ ၁၆ ရက်နေ့က ရွေးကော်ပွဲကော်မရှင်နှင့် စစ်အာဏာပိုင်များကို အကြောင်းကြားခဲ့သော ပါတီ၏ ဗဟိုအလုပ်အမှုဆောင်စာရင်းကို ယခု အများသိစေရန် ကြေညာလိုက်သည်ဟု ဆိုသည်။

၂၀၀၀ ခုနှစ်က စာရင်းဖြစ်သည့် - ပါတီ၏ ဗဟိုဦးဆောင်အဖွဲ့ဝင်များ ဖြစ်ကြသော - ဦးအောင်ရွှေ (ဥက္ကဋ္ဌ)၊ ဦးတင်ဦး (ဒုဥက္ကဋ္ဌ)၊ ဒေါ်အောင်ဆန်းစုကြည် (အထွေထွေအတွင်းရေးမှူး)၊ ဦးလွင် (အတွင်းရေးမှူး) နှင့်တကွ အခြားအဖွဲ့ဝင်များဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးလွန်းတင်နှင့် ဦးညွန့်ဝေ တို့နှင့်အတူ ယခု ထပ်မံအတည်ပြုသည့်စာရင်းတွင် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ အမည်များကို ဖော်ပြထားသည်။

၎င်းတို့အကြောင်း ဘ၀ဖြစ်စဉ်အကျဉ်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။





ဦးအောင်ရွှေ - ၁၉၄၀ ရန်ကုန်တက္ကသိုလ်ဘွဲ့ရ။ ၁၉၄၂ - ၄၅ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်တို့တွင် ထမ်းဆောင်။ တော်လှန်ရေးကောင်စီလက်ထက် - ၁၉၆၁ တပ်မတော်က အနားယူ။ မဆလခေတ် ၁၉၆၁ - ၁၉၇၅ - သံအမတ်အဖြစ် ထမ်းဆောင်။ ၁၉၈၈ - ၁၉၈၉ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ ဦးဆောင်သူ၊ ဒေါ်စုနှင့် ဦးတင်ဦး အကျယ်ချုပ်ကျနေစဉ်က စပြီး ပါတီဥက္ကဋ္ဌအဖြစ် ထမ်းဆောင်။ ၁၉၉၀ ရွေးကောက်ပွဲ - မရမ်းကုန်း မဲဆန္ဒနယ် အမှတ် ၁ ပြည်သူလွှတ်တော်ကိုယ်စားလှယ်။ ၁၉၉၅ တွင် အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့။



ဦးတင်ဦး - ၁၉၄၆ မှ ၁၉၇၆ အထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်။ ၁၉၇၆ - ၁၉၈၀ - မဆလပါတီက နိုင်ငံတော်လုပ်ကြံမှုဖြင့် စွပ်စွဲပြီး ထောင်ချထားခဲ့။ ၁၉၈၈ အင်န်အယ်ဒီပါတီ၏ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူ။ ၁၉၈၉ - ၁၉၉၂ - စစ်အာဏာပိုင်တို့က အကျယ်ချုပ် ဖမ်းဆီး။ ၂၀၀၃ မေ ၃၀ ဒီပဲယင်းတွင် စစ်အုပ်စု၏ လုပ်ကြံခြင်းကို ဒေါ်စု၊အင်န်အယ်ဒီပါတီဝင်များနှင့် အတူ ရင်ဆိုင်ခဲ့ရ။ စစ်တပ်က ယခုအထိ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထား။



ဒေါ်အောင်ဆန်းစုကြည် - ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှ စတင်ပြီး အတိုက်အခံခေါင်းဆောင်တဦးအဖြစ် ရပ်တည်။ ၁၉၈၈ အင်န်အယ်ဒီပါတီ၏ အထွေထွေအတွင်းရေးမှူး တာဝန် ထမ်းဆောင်။ ၁၉၈၉ မှ စတင်ပြီး ယခုအချိန်အထိ အကြိမ်ကြိမ် အကျယ်ချုပ်ချ ဖမ်းဆီးခြင်း ခံထားရ။ ၂၀၀၃ မေ ၃၀ ဒီပဲယင်းတွင် စစ်အုပ်စု၏ လုပ်ကြံခြင်းကို ဦးတင်ဦး၊ အင်န်အယ်ဒီပါတီဝင်များနှင့် အတူ ရင်ဆိုင်ခဲ့ရ။ အကျယ်ချုပ်အဖြင့် ဆက်လက်ထိမ်းသိမ်းခံရ။ ၂၀၀၉ သြဂုတ်လတွင် စစ်အုပ်စုက နေအိမ်သို့ ခိုးဝင်ကျုးကျော်သူ နိုင်ငံခြားသား အမေရိကန်တဦးကို အကြောင်းပြပြီး အကျယ်ချုပ်ဖြင့် ဆက်လက် ဖမ်းဆီးထား။






ဦးလွင် - ၁၉၄၂ - ၄၅ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်တို့တွင် ထမ်းဆောင်။ ၁၉၆၂ နောက်ပိုင်း မဆလခေတ်တွင် ပါတီဝင်လူကြီး၊ ဒုဝန်ကြီချုပ်အဆင့်အထိ တာဝန်ယူခဲ့ဖူး။ သံအမတ်အဖြစ်လည်း ထမ်းဆောင်။ ၁၉၈၈ -၁၉၈၉ ကာလက ဦင်္းအောင်ရွှေကဲ့သို့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် ပါဝင်။ နောက် အင်န်အယ်ဒီပါတီတွင် အတွင်းရေးမှူး အဖြစ် ထမ်းဆောင်။ ၁၉၉၀ ရွေးကော်ပွဲ သုံးခွ မြို့နယ် အမှတ်၁ ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်။







ဦးသန်းထွန်း - ၁၉၃၇ -၁၉၄၁ ကိုလိုနီခေတ် မြင်းခြံ ကျောင်းသားသမဂ္ဂတွင် လှုပ်ရှား။ ၁၉၄၂ - ၁၉၄၆ - ဗမာလွတ်လပ်ရေးတပ်မတော်တို့ ထမ်းဆောင်။ ၁၉၄၇ - ၁၉၅၃ ဖဆပလပါတီ၏ မြင်းခြံ ခေါင်းဆောင်။ ၁၉၅၃ - ၁၉၆၂ ပါလီမန်ဒီမိုကရေစီခေတ် ပါလီမန်အဖွဲ့ဝင်နှင့် အတွင်းရေးမှူး။ ၁၉၆၄ နောက်ပိုင်း မဆလခေတ်က မဆလပါတီဝင်။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၉၀ ရွေးကောက်ပွဲ တောင်သာမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၁၉၉၅ အမျိုးသားညီလာခံကို သပိတ်မှောက်ခဲ့သူ တဦး။ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားစဉ် ခေတ္တ အကျယ်ချုပ်ခံရ။







ဦးစိုးမြင့် (သခင်စိုးမြင့်) - ကိုလိုနီခေတ် မြောင်းမြ ဒို့ဗမာအစည်းအရုံး ခေါင်းဆောင်၊ လွတ်လပ်ရေးမတိုင်မီ ပြည်သူ့အရေးတော်ပုံပါတီ ဦးဆောင်သူ တဦး။ ဗမာ့ကာကွယ်ရေးတပ်မတော်တွင် တပ်ရင်းမှူး၊ မြောင်းမြဆိုရှယ်လစ်ပါတီ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့။ မဆလခေတ် စာပေနှင့် စာနယ်ဇင်းဌာနများတွင် အသက်မွေးခဲ့။ ၁၉၈၈ အင်န်အယ်ဒီပါတီသို့ ၀င်ရောက်။ ၁၉၉၀ ရွေးကောက်ပွဲ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားစဉ် ခေတ္တ အကျယ်ချုပ်ခံရ။








ဦးလှဖေ - ကိုလိုနီခေတ်၊ ဂျပန်ခေတ်များတွင် ကျောင်းသားသမဂ္ဂ၀င်၊ ပြည်သူ့အရေးတော်ပုံ ပါတီဝင်၊ ဒို့ဗမာအစည်းအရုံးဝင် အဖြစ် လှုပ်ရှားခဲ့။ ၁၉၅၁ - ၁၉၆၁ ပါလီမန်ခေတ် မော်လမြိုင်ကျွန်းအမတ်။ ၁၉၅၈ - ၁၉၆၂ ဖဆပလ ခေါင်းဆောင်တဦး။ ၁၉၅၉ - ၁၉၆၇ အစိုးရအရာရှိ။ ၁၉၈၆ ၀န်ထမ်းအဖြစ်မှ အငြိမ်းစားယူ။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၉၀ ရွေးကောက်ပွဲ မော်လမြိုင်ကျွန်း အမှတ် ၁​ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားစဉ် ခေတ္တ အကျယ်ချုပ်ခံရ။







ဦးလွန်းတင် - ၁၉၄၂ - ၄၅ ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်တို့တွင် ထမ်းဆောင်။ ၁၉၄၅ - ၁၉၆၅ အထိ တပ်မတော်အရာရှိ။ ၁၉၆၅ - ၁၉၆၇ သံဃာအရေးအခင်းတွင် ပါဝင်သည်ဟု ဆိုကာ အကျဉ်းချခံရ။ ၁၉၆၈ တွင် တပ်မှ အနားပေးခြင်းခံရ။ ၁၉၆၈ - ၈၃ အထိ မဆလခေတ် အစိုးရအရာရှိအဖြစ် ထမ်းဆောင်။ ၁၉၈၈ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ဝင်။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၉၀ ရွေးကောက်ပွဲ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်။ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားစဉ် ခေတ္တ အကျယ်ချုပ်ခံရ။






ဦးညွန့်ဝေ - ၁၉၄၇ - ၁၉၅၂ ကျောင်းသားသမဂ္ဂ ကျောင်းသားခေါင်းဆောင်။ ၁၉၅၂ - ၁၉၈၆ ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ အစိုးအရာရှိအဖြစ် ထမ်းဆောင်။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၉၀ ရွေးကောက်ပွဲ တောင်ငူမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ဖြစ်ပွားစဉ် ခေတ္တ အကျယ်ချုပ်ခံရ။




U Win Tin & U Khin Maung Swe

ဦးဝင်းတင် - ၁၉၅၃ - ၁၉၅၈ - ပါလီမန်ခေတ် စာနယ်ဇင်း သတင်းစာဆရာ။ ၁၉၅၉ - ၁၉၆၈ တော်လှန်ရေးကောင်စီ၊ မဆလခေတ် - စာနယ်ဇင်း သတင်းစာဆရာ။ ၁၉၆၈ - ၁၉၇၈ မန္တလေးမြို့၊ ဟံသာဝတီသတင်းစာ ဦးဆောင်သူ။ ၁၉၇၈ - ၁၉၈၈ စာရေးဆရာ။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၈၉ - စစ်အုပ်စုက အမှုဆင်ပြီး ဖမ်းဆီးထောင်ချ။ အနှစ် ၂၀ နီးပါး စစ်အာဏာရှင်များက အမျိုးမျိုး အမှုဆင်ပြီး ဆက်လက်ထောင်ချထားခဲ့ရာ ၂၀၀၈ စက်တင်ဘာမှ ထောင်က လွတ်မြောက်။



ဦးခင်မောင်ဆွေ - ၁၉၆၁ - ၁၉၆၆ ကျောင်းသားသမဂ္ဂ ကျောင်းသားခေါင်းဆောင်။ ၁၉၆၆ - ၁၉၈၈ မဆလခေတ် အစိုးရအရာရှိ။ ၁၉၈၈ အင်န်အယ်ဒီပါတီဝင်။ ၁၉၉၀ ရွေးကောက်ပွဲ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၁၉၉၁ စစ်အုပ်စုက ယာယီအစိုးရတရပ် ဖွဲ့စည်းမည်ကို တားဆီးလို၍ ဖမ်းဆီးထောင်ချ။ ၂၀၀၈ ဧပြီတွင် ထောင်က လွတ်မြောက်။