-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, January 31, 2010

Poems of Conscious Vol 1

16315069 Poems of Conscious Vol 1

64 Power of Power 54 Burmese Poems for DASSK

17039379 64 Power of Power 54 Burmese Poems for DASSK 64

Weekly-Political-Events-Regarding-the-SPDC-s-Election

Weekly Political Events Regarding the SPDC's Election

နည်းပညာဖလှယ်သူများ၏ BarCamp Yangon




Saturday, 30 January 2010 17:09 နေညွှန်း


ဘားကမ့်ပ်ရန်ကုန် (BarCamp Yangon) ပွဲ ကျင်းပမည်ဟု လွန်ခဲ့သည့် ၂ လလောက်ကတည်းက အင်တာနက် ဂျာနယ်ထဲတွင် ဖတ်လိုက်ရသည်။

ဘားကမ့်ပ်၏ ဝက်ဘ်ဆိုက် www.barcampyangon.org တွင် ဖတ်ကြည့်ရသမျှတော့ ဘားကမ့်ပ်ဆိုသည်မှာ အကြမ်းဖျင်း အားဖြင့်ပြောလျှင် လူကြီးများဝိုင်းဖွဲ့၍ ဆွေးနွေးကြသည့် လက်ဖက်ရည်ကြမ်းဝိုင်းမျိုးဟု နားလည်လိုက်မိသည်။

ဘားကမ့်ပ်ဆိုသည်မှာ မတူညီသည့် လုပ်ရိုးလုပ်စဉ်များကို တွန်းဖယ်ပြီး တချိန်တည်းတွင် များစွာသော ကဏ္ဍများအတွက် အချိန် တိုတိုနှင့် ထိရောက်သည့် ပေါင်းစည်းမှုတခုကို ရရှိစေမည့် ပွဲဟုလည်း ပြောနိုင်သည်။ မည်သည့် ကန့်သတ်ချက်၊ မည်သည့် သတ်မှတ်ချက်မှ မရှိသည့် အတွေ့အကြုံဖလှယ်သောပွဲဟု အကြမ်းဖျင်း ပြောနိုင်ကြောင်းလည်း သိရသည်။


ဘားကမ့်ပ်ပွဲမှ ဗော်လံတီယာများ (ဓာတ်ပုံ - ဧရာဝတီ)
မည်သည့်နယ်ပယ်ကမဆို၊ မည်သည့် နေရာဒေသကမဆို၊ မည်သည့်အသက်အရွယ်မဆို ဘားကမ့်ပ်ကို ပါဝင်ဆင်နွှဲခွင့်ရှိသည်။

“ပြောလိုတဲ့၊ ဆွေးနွေးလိုတဲ့ အကြောင်း အရာတွေကို သီးသန့်တင်ပြနိုင်အောင် အခန်းတွေစီမံပေးထားမယ်။ ပြောလိုတဲ့ သူတွေဟာ မိမိတင်ပြပြောဆိုလိုတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေကို ပွဲအတွင်းအစီအစဉ် ကြော်ငြာ သင်ပုန်းမှာ လွတ်လပ်စွာ လာကပ်ထားနိုင်တယ်။ အဲဒီသင်ပုန်းမှာတော့ စီစဉ်ထားတဲ့ အခန်းနံပါတ်တွေနဲ့ အချိန် တွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒီလို လာရောက် ကပ်ထားနိုင်ဖို့ ဘားကမ့်ပ် စီစဉ် သူတွေနဲ့ ကူညီသူတွေက တက်ရောက် လာသူတွေကို ကူညီပေးမှာ ဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူများက ဆိုသည်။

ဘားကမ့်ပ်ပွဲကို လှိုင်တက္ကသိုလ်နယ်မြေထဲရှိ Myanmar Info-Tech ဝန်းထဲတွင် ကျင်းပခြင်းဖြစ်သည်။ ကျင်းပသည့်ရက်ကလည်း ဇန်နဝါရီလ၂၃ နှင့် ၂၄၊ စနေ တနင်္ဂနွေ ပိတ်ရက်များဖြစ်သဖြင့် အဆင်ပြေသွားသည်။ စနေနေ့ နံနက် ၉ နာရီကျော်ကျော် ခန့် တွင် ဘားကမ့်ပ်ပွဲထဲသို့ ရောက်ရှိသွားသည်။ ဘားကမ့်ပ်တံဆိပ် ရိုက်ထားသည့် အမှတ်တရ တီရှပ်ကလေးများ ဝတ်ဆင်ထားသည့် လူငယ် များ ပျားပန်းခတ်လှုပ်ရှားနေကြသည်။

လိမ္မော်ရောင် လည်ဆွဲကတ်များ ဆွဲထားသည့် ပွဲစီစဉ်သူများနှင့် အပြာရောင် လည်ဆွဲကတ်များဆွဲထားသည့် ကူညီသူ လူငယ် များကလည်း လိုအပ်သည်များကို ကူညီပေးရန် အဆင်သင့်ရှိနေကြသည်။ ဖွင့်ပွဲအခမ်းအနားကျင်းပမည့် Function Hall 1 ထဲသို့ အဝင်တွင် လာရောက်သူတိုင်းကို Servay Form များဖြည့်ခိုင်းကြသည်။

ဖောင်ဖြည့်ပေးသူများကို အမှတ်တရလက်ဆောင်တွေ ပေးနေကြ၏။ ဘားကမ့်ပ်တံဆိပ်ပါသော တီရှပ်တထည်၊ ဘားကမ့်ပ် တံဆိပ် ပါသော ရေခွက်၊ ဘောလ်ပင်၊ မှတ်စု စာအုပ်ကလေးတအုပ်၊ စတစ်ကာနှင့် ဆော့ဖ်ဝဲ စီဒီတချပ်ဖြစ်သည်။ ကျနော်လည်း တီရှပ် လဲလှယ်ဝတ်ဆင်လိုက်သောကြောင့် Barcamper တယောက်ဖြစ်သွားပြီ။

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ၏ နာမည်ကြီး ဘလော့ဂါများလည်းဖြစ်ပြီး စီစဉ်သူများလည်း ဖြစ်သော ကိုညီလင်းဆက် နှင့် မထိုက်ထိုက်အောင်က အခမ်းနားမှူးများအဖြစ် ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (MCPA) ၏ ဥက္ကဌ ကိုမင်းဦးက အဖွင့်အမှာစကားပြောကြားသည်။ အဓိကပံ့ပိုးသည့် Red Link အင်တာနက် ကုမ္ပဏီကလည်း စကားပြောသည်။


ဆွေးနွေးခန်းတစ်ခုမှ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ထို့နောက် International Barcamper များဖြစ်ကြသည့် နိုင်ငံရပ်ခြားမှ ရောက်လာကြသော လူမျိုးခြား ဧည့်သည်များနှင့် မိတ် ဆက်သည်။ ခန်းမထဲတွင် လူတ်ာတော်များသည်။ ဝိုင်ယာလက်စ် အင်တာနက်စနစ်ကလည်း အလွန် မြန်ဆန် ကောင်းမွန်သည်ကို သတိထားမိသည်။

နေ့လယ် ၁ နာရီတွင်တော့ အခန်းခွဲ ဆွေးနွေးမှုများစတင်သည်။ ခေါင်းစဉ်များကပ်ထားသည့် ဗီနိုင်းဘုတ်ကြီးနားတွင် လူတွေ ကြိတ်ကြိတ်တိုးနေသည်။ အခန်းများ၊ အချိန်များ ခေါင်းစဉ်များထဲမှ စိတ်ဝင်စားရာများကို ရွေးချယ်ကူးယူထားကြပြီး ထိုအခန်းများ ဆီသို့ သွားရောက်နားထောင်ကြရသည်။

အခန်းတိုင်းနီးပါး ပြည့်လျှံနေသည်။ ကူညီသူ လူငယ်များ အပြေးအလွှား အလုပ်လုပ်နေကြရသည်။ စီစဉ်သူများလည်း ဝေါ်ကီတော်ကီ များဖြင့် ထောင့်စေ့အောင်ပံ့ပိုးနေကြသည်။ ဘားကမ့် ရန်ကုန်၏ အင်တာနက်စာမျက်နှာတွင် Live Tweet များကို ဖတ်နိုင်သည်။ မည်သည့်နေရာမှ မည်သူကရေးသည်ကို မသိရ။ ဘားကမ့်ပ်ပွဲကြီးတခုလုံးကို ခြုံငုံသိရှိရစေသည်ကတော့ အမှန်ပဲဖြစ် သည်။

“အခန်း ၂၀၁ မှာ စီဒီတွေဝေနေပြီ” “ခုပဲ ဓာတ်ပုံတချို့ Facebook မှာ တင်လိုက်ပါပြီ” “Open Source အကြောင်းပြောနေတာ အရမ်းမိုက်တယ်”ဆိုတာမျိုးဖြစ်သည်။

ဘားကမ့်ပ်ပွဲ ပထမရက်တွင် လူ ၁၇၀၀ ကျော်နှင့် ဒုတိယရက်တွင် လူ ၉၀၀ ကျော် တက်ရောက်သည်ဟု သိရသည်။

ယခုအခါ မြန်မာနိုင်ငံတွင် လူငယ်အများစုက နည်းပညာကို စိတ်ဝင်စားလာကြသည်။ နည်းပညာ နယ်ပယ်ထဲတွင် ဦးဆောင် လှုပ်ရှားနေကြသူ အများစုသည် လူငယ်များဖြစ်သည်ဟု ဆိုရမည်။ နည်းပညာဖလှယ်ပွဲများ၊ ဆော့ဖ်ဝဲမိတ်ဆက်ပွဲများ၊ ကုန်ပစ္စည်း အသစ် မိတ်ဆက်ခြင်းများကို မကြာခဏပြုလုပ်ဖြစ်ကြသည်။ အဖွဲ့အစည်းလိုက်၊ အသင်းလိုက် စည်းလုံးဆောင်ရွက် ကြခြင်းဖြစ် သည်။

BarCamp Yangon ၏ အငယ်ဆုံး Barcamper မှာ အသက် ၁၂ နှစ်သာရှိသေးသည်။ သူ့ကို “အီမို လေး”ဟု ခေါ်ကြသည်။ ဤပွဲတွင် ဦးဆောင်လှုပ်ရှားခဲ့သော မြန်မာဘလော့ဂါ အစည်းအရုံးမှ အသက်အငယ်ဆုံး ဘလော့ဂါလည်း ဖြစ်သည်။ အသက် အကြီးဆုံး Barcamper ကတော့ ဂျာမန်လူမျိုး နော်ဗက် ဆိုသူဖြစ်သည်။ အသက် ၇၅ နှစ်ရှိပြီဟု သိရသည်။

ပထမရက်တွင် စင်ကာပူနိုင်ငံသား Preetam ၏ ဆွေးနွေးခန်းနှင့် စာရေးဆရာ ကဗျာဆရာ သစ္စာနီဟောပြောသော ကဗျာ 2.0 ဆိုသည့် အခန်းများကို စိတ်ဝင်စားကြသည်။ ဆရာသစ္စာနီနှင့်အတူ အွန်လိုင်းမှ ကဗျာဘလော့ဂါများက ပြင်ပ စာနယ်ဇင်း ကဗျာလောကနှင့် အွန်လိုင်းကဗျာလောကကို ဆက်စပ်ပေါင်းကူးသွားရေးအတွက် အဓိကထားပြောသွားခြင်းဖြစ်သည်။


လာရောက်သူများက ကိုယ်နှစ်သက်သည့်ခေါင်းစဉ်ကို နားထောင်နိုင်ရန် ရွေးရသည် (ဓာတ်ပုံ - ဧရာဝတီ)
နေ့လယ် ၂ နာရီတွင် “အခန်း အချိန်စေ့နေပြီ” ဟု စီစဉ်သူ တယောက်က လာပြောသဖြင့် နားထောင်သူတိုင်းက အချိန်ပိုပေးရန် တောင်းဆို ကြသည်။ ဘားကမ့်ပ်၏ သဘောသဘာဝအရ ထိုအခန်းမှာ အချိန်ထပ်ပေးရန် မဖြစ်နိုင်တော့ဘဲ တခြားအဖွဲ့က နောက် တွင် စောင့်ဆိုင်းနေကြောင်း စီစဉ်သူက ရှင်းပြကာ အခန်းအပြင်ဘက် ၀ရံတာဧည့်ခန်းတွင် ဆက်လက် ဆွေးနွေးနိုင်ရန် စီစဉ်ပေး သည်။

I Love Ubuntu ခေါင်းစဉ်ဖြင့် Ubuntu အကြောင်း မိတ်ဆက်ပြောကြားပေးနေသော အဖွဲ့နားသို့ ကျနော်ရောက်ခဲ့ပြန်သည်။ Linux ကို အခြေခံထားတဲ့ operating system တမျိုးဖြစ်ကြောင်း အကြမ်းဖျင်း နားလည်လိုက်ပါသည်။ ကွန်ပျူတာတွင် စမ်းသပ်အသုံးပြုနေ သည်ကို ကြည့်ရသမျှတော့ လှပသေသပ်သော အသွင်ဆန်းလေးများဖြင့် အသုံးပြုချင်စဖွယ် ဖြစ်သည်။

ညနေ ၄ နာရီမှ ၅ နာရီအချိန်တွင်တော့ စင်ကာပူနိုင်ငံသား Preetam က "How is Barcamp in Japan, SG, India, Africa" ခေါင်းစဉ်ဖြင့် တခြားနိုင်ငံမှ ဘားကမ့်ပ်များအကြောင်း ပြောသွားခဲ့သည်။ ညနေ ၅ နာရီတွင် ဆွေးနွေးပွဲများအားလုံး ရပ်လိုက်ပြီး ပထမနေ့ ဘားကမ့်ပ် ပြီးဆုံးသွားသည်။

ဒုတိယနေ့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အခန်းခွဲများ၌ ဆွေးနွေးကြမည့် ခေါင်းစဉ်များ အပြည့်ဖြစ်နေသည်။ တနေကုန် အခန်းများကူးကာ မရိုးနိုင်၊ မပျင်းနိုင်၊ မမောပန်းနိုင်အောင် ရှိလှသည်။

ထိုနေ့က နံနက် ၁၁ နာရီမှ ၁၂ နာရီအချိန်တွင်ပြောသည့် "website in color" ခေါင်းစဉ်ကို သွားနားထောင်ဖြစ်သည်။ နံနက် ၉ နာရီ ခန့်ကတည်းက ပြောကြားမည်ဟု ဖြန့်ဝေထားသော ခေါင်းစဉ်ဖြစ်သည်။

အခန်းထဲသွားရောက်နားထောင်သောအခါတွင်လည်း မေးခွန်းမေးသူတိုင်းကို တုတ်ထိုးချိုချဉ်များ ဝေငှသည်။ ဘားကမ့်ပ်ပ်၏ ချစ်စရာ ဓလေ့ကို အပီအပြင်အကောင်အထည်ဖော်နိုင်သော ဆွေးနွေးပွဲဖြစ်သည်ဟု ထင်မိသည်။ ညနေပိုင်းတွင်တော့ Myanmar Unicode အကြောင်းပြောသည့် အခန်းထဲ၌ Unicode, ZawGyi, Padauk ဖောင့်ကိစ္စများကို အခြေအတင် ဆွေးနွေးနေကြသည်။

ညနေပိုင်းတွင်တော့ SPIP အကြောင်းပြောနေသည့် အခန်းဆီလည်း ရောက်ဖြစ်ပြန်သည်။ SPIP (Publication system for Internet Sharing) ဆိုသည်မှာ ပြင်သစ်နိုင်ငံလုပ် CMS တမျိုးဖြစ်ပြီး ပြင်သစ်ဘာသာဖြင့် ရှဥ့်ဟု အဓိပ္ပာယ်ရသည်။

“သူ့အားသာချက်က မြန်မာ အပါအ၀င် ဘာသာစကားမျိုးစုံ ရတယ်။ အဓိကကတော့ Admin Backend ကို မြန်မာလိုပါ ဖတ်နိုင်တော့ လွယ်ကူတယ်။ နည်းပညာ သိပ်သိစရာ မလိုဘူး အိုင်တီ နည်းနည်းပါးပါး တတ်တဲ့သူတွေ ကိုယ်တိုင် လုပ်ကြည့်လို့ ရအောင်လည်း မြန်မာလိုပါ သူ့ဆိုက်မှာ ရေးပေးထားတယ်” ဟု တင်ဆက်သူက ဆိုသည်။

ဒုတိယနေ့၏ ညနေ ၄ နာရီတွင်တော့ ခန်းမထဲ၌ Panel Discussion ဟုခေါ်သော အဆုံးသတ်ခြုံငုံ သုံးသပ်ဆွေးနွေးခြင်းကို ပြုလုပ်ကာ ပိတ်ပွဲအခမ်းအနားကို ကျင်းပသည်။ ပိတ်ပွဲအခမ်းအနား လာရောက်သူများကို မေးခွန်းတိုကလေးများ မေးပြီး လက်ဆောင်ပစ္စည်းပေးအပ်သည်။ ပေးထားသော ဆာဗေးဖောင်များကို မဲနှိုက်ပေးကာ မဲပေါက်သူအား Suzuki Note Book တလုံး ချီးမြှင့်သည်။

ထို့ပြင် ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသော ကုမ္ပဏီများ၊ စီစဉ်သူများကို ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သည်။

ပိတ်ပွဲ၊ ဖွင့်ပွဲ အခမ်းအနားများ ကျင်းပရာတွင်လည်း ဘားကမ့်ပ်၏ သဘောသဘာဝအတိုင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ကျင်းပသည်ကို တွေ့ရသည်။ ထို့နောက်တွင်တော့ အမှတ်တရ ဓာတ်ပုံများရိုက်ကြပြီး ဘားကမ့်ရန်ကုန်ပွဲကြီး အမှန်တကယ် ပြီးဆုံးသွားတော့သည်။

“ဘားကမ့်ပ်လို နည်းပညာဖလှယ်ပွဲ ဆွေးနွေးပွဲကြီး ပေါ်ပေါက်လာတာ တကယ်အကျိုးရှိတယ်လို့ထင်တယ်။ အချင်းချင်း ဝေမျှ ဖလှယ်တဲ့ စွမ်းရည်တွေ တိုးလာတယ်။ ဒါမျိုး ခဏ ခဏ လုပ်သင့်တယ်” ဟု ဘားကမ့်ပ် ပွဲလာသည့် လူငယ်တဦးက ပြောသည်။

လူပုံပါးပါး စိတ်ဓာတ်မာမာ ရေးချက်ထည်ထည်ဝါ





Friday, 29 January 2010 17:55 အေးချမ်းမြေ့
သူ့ရဲ့ လက်ကို ကိုင်ကြည့်ရင် အိမ်မြှောင်လို နူးညံ့နေတာ တွေ့ရပါလိမ့်မယ် ဟူသော အရေး အသားကြောင့် ထိုစာအုပ်ကို လက်က မချတမ်း ဖတ်ဖြစ် သွားခဲ့သည်။ ပန်းချီ မောင်မောင်သိုက်က “လူပုံပါးပါး၊ စိတ်ဓာတ်မာမာ၊ ရေးချက်ထည်ထည်ဝါ” ဆိုသော ပန်းချီဝသုန် အမှတ်တရ ထုတ်ဝေသည့် စာအုပ်ထဲတွင် အထက်ပါအတိုင်း ရေးဖွဲ့ထားခြင်းဖြစ်သည်။

စာနယ်ဇင်း ပန်းချီဆရာ အမှတ်တရ စာအုပ်ဖြစ် သောကြောင့် ဖြစ်မည်၊ ပါဝင်ရေးသား သူတို့က အရောင် အသွေး စုံလင်လှ၏။ တချို့က ပန်းချီဆရာ၊ တချို့ ကာတွန်းဆရာ၊ တချို့က စာရေးဆရာ၊ တချို့ အယ်ဒီတာ၊ သတင်းစာ ဆရာ၊ တချို့ကျတော့ ရုပ်ပြရေးသူ၊ ကဗျာဆရာ များလည်း ပါသည်၊ ဗေဒင်ဆရာပင် ပါလိုက်သေးသည်။

စုစုပေါင်း စာရေးသူ ၃၉ ဦးတို့၏ အမှတ်တရ စာစုများဖြင့် ဝသုန်ဆိုသူကို မှုန်းခြယ်ထားခြင်း ဖြစ်သည်။ သူ ပန်းချီ လောကသို့ စဝင်ခါစ ၁၆ နှစ်သား အရွယ်မှ စ၍ သူကွယ်လွန်ချိန် ၆၁ နှစ်အရွယ် သူ့ နောက်ဆုံး အချိန်အထိ သူနှင့် ထိစပ်ခဲ့သူများက ရေးသားခဲ့ခြင်း ဖြစ်သည်။

ပန်းချီဝသုန် အမှတ်တရ ဆိုတော့ ပန်းချီဝသုန်ကို ကောင်းချီးသြဘာပေး၊ ချီးမြှောက်ကာ လွမ်းဆွတ်တမ်းတမှုများသာ ရေးလိမ့်မည် ဟု ထင်ထားသမျှ တက်တက်စင်အောင်လွဲပါသည်။ ဤစာအုပ်ဖြင့် ပန်းချီဝသုန်ဆိုသည်မှာ ဘယ်လိုလူ ဆိုသည်ကို ပုံဖော်နိုင် သကဲ့သို့ ပန်းချီဝသုန်ဖြတ်သမ်းခဲ့သည့် ရုပ်ပြခေတ်၊ စာနယ်ဇင်းခေတ်များကို မြင်တွေ့ခွင့်ရသည်။ ထို့အပြင် ပန်းချီဝသုန်၏ ဆရာများ၊ တပည့်များ၊ ရောင်းရင်းများဖြစ်ကြသော စာပေ၊ ပန်းချီ လောကသားတချို့၏ စိတ်နေစိတ်ထား၊ သဘာဝ၊ သူတို့နှင့် ဆက်နွှယ်ခဲ့သည့် ဇာတ်လမ်းများကိုလည်း ဤစာအုပ်ကပင် လှစ်ဟ ပြထားသည်။

ဤစာအုပ်ထဲတွင် ပန်းချီဝသုန်မဖြစ်ခင် ကနဦးအစ ကာတွန်းပေါက်စ မောင်ခင်လှ အကြောင်း တော်တော်များများ တွေ့ရသည်။ အသက် ၁၆ နှစ်အရွယ်ကတည်းက ကာတွန်းနှင့် သရုပ်ဖော်ပုံများရေးဆွဲနေသော မောင်ခင်လှသည် ထိုစဉ်က သခင် ကိုယ်တော်မှိုင်း၏ လေးချိုးကြီး သရုပ်ဖော်ပုံများကို သတင်းစာတွင် ရေးဆွဲခဲ့သည်။ ထို့အတွက် ချီးကျူးသူများ၊ ပြစ်တင်သူများ များစွာရှိခဲ့သည်။ ထို သရုပ်ဖော်ပုံများဆွဲပြီး နောက်ပိုင်းတွင် သူ ကာတွန်းမရေးတော့ဘဲ ပန်းချီသရုပ်ဖော်ပုံကိုသာ ဆွဲတော့သည်။

သူနှင့်ရေးဖော်ရေးဖက်က ကာတွန်း တင်အောင်နီဖြစ်သည်။ ကျမ အလွန်နှစ်ခြိုက်ခဲ့သော ပြာလောင် ကာတွန်းများ၏ ဖခင် ကာတွန်းတင်အောင်နီ ဘယ်က ဖြစ်လာသလဲ ဆိုသည်ကို တွေ့ရသည်။ ဘုရားပွဲဈေးများတွင် ပို့စ်ကတ်များ ရေးကာ လိုက်လံ ရောင်းချ၍ ပွဲဈေးတန်းတွင်ပင် အိပ်၊ စားရင်း သူတို့၏ ပန်းချီ၊ ကာတွန်း ဘဝခရီးကို ခက်ခက်ခဲခဲ ဖြတ်သမ်းခဲ့ရကြောင်း “တင်အောင်နီကို ဖြစ်စေသူ” အမည်ဖြင့် ကာတွန်းတင်အောင်နီက ရေးထားသည်။

ပန်းချီဝသုန် ဆိုသည်မှာ မဂ္ဂဇင်းသရုပ်ဖော်ပုံများကို စိုက်လိုက်မတ်တပ် ရေးဆွဲခဲ့သူ၊ ရောင်းကုန် ပန်းချီကားများ ဟောတကား ဟောတကား ထုတ်နိုင်သော်လည်း၊ ထိုသို့ ထုတ်လုပ်လျှင် နိုင်ငံခြားငွေ သောက်သောက်လဲ ရနိုင်သော်လည်း ပန်းချီကားထက် သရုပ်ဖော်ပုံများကိုသာ ယုံယုံကြည်ကြည်ဖြင့် ဆွဲခဲ့သူဖြစ်ကြောင်း ထိုစာအုပ်က ပြောသည်။

ချစ်ဦးညို၏ ဝတ္ထုကို ရှုမဝမဂ္ဂဇင်းတွင် အခန်းဆက်ရေးခဲ့သည့် လင်္ကာဒီပချစ်သူ ရုပ်ပြကတော့ ပန်းချီဝသုန်၏ ဘဝကို တဆစ်ချိုးကွေ့စေခဲ့သည်။ မြန်မာရုပ်ပြသမိုင်းတွင် အလွန် ခမ်းနားသောရုပ်ပြဟု ဆိုရမည်။ လုံးချင်းထုတ်သော အခါတွင်လည်း အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ရပြီး တောင်ဥက္ကလာပရှိ သူ့အိမ်ကလေးကို ထိုရုပ်ပြထုတ်ဝေခဖြင့် ဝယ်သည်ဟု သိရသည်။ ထိုစဉ်က ရှုမဝတိုက်တွင်ပင်ထိုင်ကာ ရုပ်ပြဖောင်များ မပြီးမချင်း ညမအိပ်တမ်း ဆွဲခဲ့ရသည်ကိုလည်း ဤစာအုပ်တွင် မှတ်တမ်း တခုအနေဖြင့် သိမှတ်ခွင့်ရသည်။

ကျမကတော့ ပေဖူးလွှာ မဂ္ဂဇင်းတွင် သူ တဝက်တပြက်ရေးခဲ့သော ဆရာချစ်ဦးညို၏ “ချစ်သောပါဒဧကရီ” ရုပ်ပြကိုလည်း စွဲမက်သည်။ ဝတ္ထုထဲက ပန်းချီဆရာလေး ဒီပါကို ဆရာဝသုန်၏ ရေးချက်ဖြင့် ဒီနေ့ထိ မြင်ယောင်နေဆဲ ဖြစ်သည်။ ချယ်ရီ မဂ္ဂဇင်းတွင် လစဉ်ပါခဲ့သည့် ဆရာကြီးရွှေဥဒေါင်း၏ ဦးစံရှားဝတ္ထုများကို သူ ရုပ်ပြရေးတော့လည်း “ဦးစံရှား ဆိုတာ ဒီလိုပုံပဲ ဖြစ်မည်” ဟုပင် ထင်ခဲ့ဖူးသည်။

ချစ်သောပါဒဧကရီ၏ နောက်ဆက်တွဲကို ကျမ မသိ၊ ထို့အတူ စာဖတ်သူ တော်တော်များများလည်း သိမည်မထင်။ အခု ပန်းချီဝသုန် အမှတ်တရ စာအုပ်တွင်တော့ ရုပ်ပြရေးသည့် မင်းတင်လှိုင်က ထို နောက်ဆက်တွဲအကြောင်း အနည်းငယ် ဖော်ပြထားသည်။

မောင်ကိုကို (အမရပူရ) ၏ “ဝသုန်ကောက်ကြောင်း” တွင်တော့ ပန်းချီဝသုန်၏ အနေ ရိုးသား၊ ရောင့်ရဲမှုကို တွေ့ရသည်။ စာရေးဆရာက ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးဆုရခဲ့သည့် “Sketch of Wathone” ကို ကြည့်ကာ ခံစားရေးဖွဲ့ထားခြင်း ဖြစ်သည်။

ပန်းချီဝသုန် ဖြတ်သမ်းလာခဲ့သည့် ခေတ်အဆက်ဆက် စာနယ်ဇင်းလောက အခြေအနေ တစေ့တစောင်းကို သိချင်လျှင် ဤစာအုပ်နှင့်ပင် ပြည့်စုံသည်ဟု ဆိုရပေလိမ့်မည်။ စာအုပ်တန်ဖိုး ကျပ် ၂၅၀၀၊ ၂၀၀၉ အောက်တိုဘာလတွင် ဤစာအုပ်ကို သင်း စာပေက ထုတ်ဝေသည်။ မျက်နှာဖုံးကတော့ ပန်းချီဝသုန်၏ပုံတူကို ပန်းချီမောင်မောင်သိုက်က သရုပ်ဖော် ရေးဆွဲထားသည်။

ပန်းချီဝသုန်၊ ပန်းချီကျော်သောင်း၊ ပန်းချီမောင်မောင်သိုက်၊ ပန်းချီညိုလှ၊ ပန်းချီတင်လှဝင်းထင်၊ ပန်းချီဇော်မင်း စသည်ဖြင့် ခေတ်ပြိုင် စာနယ်ဇင်း ပန်းချီဆရာများစွာရှိခဲ့သည်။ ကာတွန်းငွေကြည်လည်း ကာတွန်းသာမကဘဲ ပန်းချီပါဆွဲသည်။
စာနယ်ဇင်း သရုပ်ဖော်ပုံများသာမကဘဲ ရှုမဝ၊ မြဝတီ၊ ငွေတာရီ ခေတ်က မဂ္ဂဇင်း မျက်နှာဖုံးများပါ ရေးဆွဲကြသည်။
ထိုစဉ်က ယခုကဲ့သို့ ကွန်ပျူတာခေတ်မဟုတ်။ အော့ဖ်ဆက်ပုံနှိပ်ခေတ်ဖြစ်သောကြောင့် အရောင်ခွဲသည့်နေရာတွင် မူရင်းအရောင်အတိုင်း ဖြစ်စေရန် ပညာသားပါပါ ရေးဆွဲခဲ့ကြရသည်ဟု သိရသည်။

ကျမတို့ မောင်နှမများ ငယ်စဉ်က ထို မဂ္ဂဇင်းများ၏ မျက်နှာဖုံးပုံများ၊ အတွင်းသရုပ်ဖော်ပုံများကို လက်မှတ်မကြည့်ဘဲ ပန်းချီဆရာ ဘယ်သူ ဆိုသည်ကို အမေးအဖြေလုပ်တမ်း ကစားကြဖူးသည်။ ကျမအတွက်တော့ တခြားပန်းချီဆရာများ မှားချင်မှားမည်၊ ဆရာဝသုန်တော့ ဘယ်တော့မှမမှား၊ ၁၀ နှစ်ကျော် အရွယ်လောက်ကတည်းက သူ့ကို သိနေပြီ။



ထီးပေါင်းကား စာအုပ်တိုက်မှ ထုတ်ဝေသော ရွှေဥဒေါင်း၏ ရန်ကြီးအောင်ဝတ္ထု မျက်နှာဖုံးပုံ

ဤစာအုပ်တွင် ပန်းချီဆရာများ ရေးသည့်စာကို ဖတ်ရသည်မှာ ပန်းချီကားချပ်ကို ကြည့်ရသလို ဝသုန်ကောက်ကြောင်း တစေ့တစောင်း ပီပြင်လှသကဲ့သို့ အယ်ဒီတာ၊ သတင်းသမားများ ရေးသည့်စာကို ဖတ်ရသည်မှာလည်း သတင်းဓာတ်ပုံ ကြည့်နေရသလို၊ သတင်းဖတ်နေရသလို ပန်းချီဝသုန်အကြောင်း တည့်တည့် မြင်ရသည်။

မြဝတီမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာဟောင်း ဦးကောင်းညွန့်က ပန်းချီဆရာကြီးများအကြောင်း မြဝတီမဂ္ဂဇင်းတွင် အခန်းဆက် ရေးသားခဲ့စဉ် သူသိသော ပန်းချီဆရာကြီးများအကြောင်း အရင်ရေးသားဖော်ပြဖြစ်ခဲ့သည်။ သူနှင့်မရင်းနှီးသည့် ဆရာကြီး ဦးသောင်းဟန် အကြောင်း ကျန်နေသေးရာ ဆရာဝသုန်က တလ ဝင်ရေးခွင့်ပြုဖို့ ပြော၍ ရေးပေးခဲ့ဖူးသည်။ ထိုစဉ်က ကောင်းညွန့်၏ လစဉ် ပန်းချီဆောင်းပါးများကြားတွင် ပန်းချီဝသုန်၏ လက်ရာ တလဝင်ပါခဲ့သည်။ ထိုအကြောင်းကို ဆရာကောင်းညွန့်က “အဝေးကသာ ဖတ်လိုက်ပါတော့” ဟု ရေးသားထားသည်။

နံနက်ခင်း အယ်ဒီတာချုပ်၊ ထုတ်ဝေသူ ဇန်ဇန်၏ “ပန်းချီ ဝသုန်အတွက် အမှတ်တရ စကက်ခ်ျ” တွင်တော့ ဝသုန်၏ ပန်းချီ များထက် စာလုံးဒီဇိုင်းများအကြောင်း တွေ့ရသည်။ သူက သူ့သရုပ်ဖော်ပုံတိုင်းတွင် သူ့စာလုံးဒီဇိုင်းနှင့် တခါတည်း ဝတ္ထု၊ ဆောင်းပါးအမည်၊ စာရေးဆရာအမည်တို့ကို ရေးထည့်ပေးလေ့ရှိသူ။ ကွန်ပျူတာခေတ်၊ လွယ်ကူလှချိန်တွင်ပင် သူက လက်နှင့် စာလုံးဒီဇိုင်းဆွဲသူ။ ဇန်ဇန်က ပင်ပန်းမည် စိုးသောကြောင့် ရေးမပေးဖို့ ပြောသည်ကိုပင် လက်မခံ။ ဇန်ဇန့်ကို “မင်း ဘာဖြစ်နေ တာလဲ” ဟု ပြန်ဆူလိုက်သေးသည်။ စာရေးဆရာ ညီပုလေးကလည်း မန္တလေးမှနေ၍ ဆရာကြီးရွှေဥဒေါင်း၏ “ရန်ကြီးအောင် ဝတ္ထု” မျက်နှားဖုံးအတွက် ပန်းချီဝသုန်ထံ လှမ်းအပ်ရာ စာလုံးဒီဇိုင်းကို ပန်းချီဆရာအား မရေးခိုင်းတော့ဘဲ ကွန်ပျူတာနှင့် အတတ်နိုင်ဆုံး အကောင်းဆုံးဟု ထင်ရသည့် စာလုံးကို ထည့်သွင်းလိုက်သည်။ သို့သော် ပန်းချီဝသုန် သိပ်မကျေနပ်လှဟု သူ့ “လူပုံပါးပါး စိတ်ဓာတ်မာမာ” စာစုတွင် ဖော်ပြသည်။

“ကိုဝသုန်သရုပ်ဖော်တာနဲ့ လိုက်လျောညီထွေဖြစ်အောင် တတ်စွမ်းသမျှ ကြိုးစားရေးပေးလိုက်တာပါပဲ။ ဒါပေမယ့် ဘယ်နေရာမှာ လွဲချော်သွားတယ်မသိဘူး။ ကိုဝသုန်က မကျေလည်ဘူးတဲ့။ တိုက်ရိုက်ကြားရ တာတော့မဟုတ်ဘူး။ တဆင့်စကား ပြန်ကြား ရတာလေ။ သူ မကျေလည်ဘူး ဆိုတာ မဟုတ်ပါစေနဲ့” ဟု ညီပုလေးက ရေးသားထားသည်။

အနုပညာနှင့် ပတ်သက်လျှင် ခေါင်းမာသူ၊ မာနကြီးသူ ဆရာဝသုန်သည် သူငယ်ချင်း ရောင်းရင်းများအပေါ်တွင် ချစ်ဆိုး ဆိုးတတ်သေးသည်။ သူ ယမကာ မှီဝဲထားချိန်တွင် မသောက်တတ်သူတို့ သူ့အနားက ထွက်ပြေးရသည်ချည်း ဟု သိရသည်။ တရက် စာရေးဆရာ မြင့်မောင်မောင်နှင့် ဝသုန်တို့နှစ်ဦး စာရေးဆရာနတ်နွယ်ဆီ ညဘက်ကြီးရောက်လာကြသည်။ ဆရာဝသုန်က ကောက်ညှင်းကျည်တောက် တချောင်းပေးသွားသည်။ နောက်မှ သိရတာက သူတို့ မူးနေကြသည်။ ဆရာနတ်နွယ်ကို ရိုက်ဖို့ တက်သွားကြခြင်း ဖြစ်သည်တဲ့။ ဟိုရောက်တော့ မရိုက်ဘဲ ဘာကြောင့် ကောက်ညှင်း ကျည်တောက်ပေးခဲ့သလဲ ဘယ်သူမှ မပြောနိုင်ခဲ့။

နွယ်နီမဂ္ဂဇင်း ထုတ်ဝေသူ အယ်ဒီတာတဦးလည်း ဖြစ်သူ ဆရာနတ်နွယ်က သူ့ကို “ကြာဝသုန်” ဟု ကျီစယ်သည်။ ပန်းချီပုံအပ်လျှင် ကြာလွန်းလို့ ဟုဆိုသည်။ သို့သော် သူ့ကို ပုံအပ်သူအားလုံး ကြာလွန်းသောကြောင့် စိတ်ညစ်ရသော်လည်း သူ့ ပုံရောက်လာလျှင် ကျေနပ်ပီတိ ဖြစ်ရသည်ချည်းဟု သိရသည်။

အနုပညာရှင်တယောက် သူ့အနုပညာကို စိတ်ချမ်းချမ်းသာသာနှင့် နောက်ဆံမတင်းဘဲ လုပ်နိုင်ဖို့အတွက် နောက်ကွယ်က ပံ့ပိုးသူ အိမ်ထောင်ဖက်သည်လည်း အလွန်အရေးကြီးလှသည်။ ဆင်းရဲချမ်းသာ ဒိုးတူပေါင်ဖက် ဆိုသည်ထက် အနုပညာသမား၏ ရူးသွပ်မှုဒုက္ခများကို မျှဝေခံစားနိုင်ဖို့ ဆိုသည်မှာ ထိုအနုပညာရှင်ကို တော်တော်လေး ချစ်မှ၊ လေးစားမှ ဖြစ်မည်ထင်သည်။

ဆရာဝသုန့် ဇနီးသည် ဒေါ်စန်းဧနှင့်ပတ်သက်၍ ပန်းချီမောင်မောင်သိုက်က “ကိုဝသုန်ပြန်လာလို့ လဲနေရင်၊ လဲနေတဲ့ နေရာမှာ ခြင်ထောင် ထောင်ပြီးသားပါပဲ၊ လှေခါးဝမှာလဲရင်၊ အိမ်လယ်ခေါင်လမ်းပေါ်၊ မီးဖိုချောင်မှာ၊ ဘယ်နေရာမှာပဲ လဲနေနေ မစန်းဧက ခြင်ထောင် လိုက်ထောင်ပြီးသားဖြစ်နေရမယ် ဆိုတဲ့ ဇနီး” ဟု ဖော်ပြသည်။

ဒီစာအုပ်က ဝသုန့်အကြောင်း ဆိုတာထက် ဝသုန်အပါအဝင် ဝသုန်၏ ပတ်ဝန်းကျင်၊ ဝသုန်၏ လောက၊ ဝသုန်၏ စိတ်ဓာတ်၊ ဝသုန့်နားက လူများ အကြောင်းဟု ဆိုရမည်ထင်သည်။ ဆိုခဲ့သလို ဝသုန့်အကြောင်း ကောင်းတာတွေချည်း ဆိုတာမျိုး မဟုတ်ဘဲ သူ့ ဆိုးကွက်ကလေးများလည်း ပါသည်။ အဆိုးကို ရေးသည်ဆိုရာ၌ မုန်းသူ၏ အဆိုးကို ရေးသားခြင်းမျိုးမဟုတ်ဘဲ ချစ်သောသူ တယောက်၏ ဆိုးကွက်များကို ကျေကျေနပ်နပ် ပြန်ပြောင်းအောက်မေ့ကြခြင်းဟု ထင်သည်။

ပန်းချီမောင်မောင်သိုက်ကပဲ သူ့စရိုက်နှင့် ပတ်သက်၍ “ဧည့်ခံပွဲတခုမှာ မစို့မပို့ဧည့်ခံတဲ့သူတွေဆိုရင် သူပြောပြီ .. “နာဠာဂီရိတွေကို ရှာလပတ်ရည် လာတိုက်နေတယ်” ဆိုတာမျိုး … အမြည်းတွေလာချတော့လည်း ခဏလေး ပြိုက်ခနဲ ကုန်သွားရင် “ဟာ ခင်ဗျားတို့ကလည်း ဝေသာလီပြည် ဘီလူးဝင်တာ ကျနေတာပဲ” လို့ ပြောတတ်တာလည်း သူပါပဲ … သူ အဲဒီလို ပြောတတ်တာလေးတွေကိုပဲ ကျနော်တို့သူ့ကို ချစ်ခင်နေကြတာ ဖြစ်မယ်” ဟုရေးထားသည်။

ပန်းချီဆရာ အမှတ်တရ ဆိုတော့ ပန်းချီများ ဖောဖောသီသီသုံးကာ စာအုပ်ကို ပြင်ဆင်ထားသည်။ စာ တပုဒ်ချင်းစီ၌ ပန်းချီဆရာ တဦးစီ ရေးဆွဲထားသော ပန်းချီဝသုန့် ပုံတူ၊ ကယ်ရီကေးချား၊ စကက်ခ်ျများ၊ တချို့စာများတွင် ပန်းချီဝသုန်ရေးသည့် ပန်းချီကား၊ သရုပ်ဖော်ပုံများကို အဖြူ၊ အမည်းနှင့် ဖော်ပြထားသည်။ လောလောလတ်လတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဆရာနေဝင်းမြင့် အခန်းဆက် ရေးသားနေသည့် “ရေကန်သာ ကြာတိုင်းအေး” ဝတ္ထုအတွက် ဆရာဝသုန် ဆွဲထားသည့် သရုပ်ဖော်ပုံများကိုတော့ လေးရောင်သုံးကာ ဖော်ပြထားသည်ကို တွေ့ရသည်။ ပန်းချီဝသုန်၏ ဈာပနမှတ်တမ်း ဓာတ်ပုံများလည်း တွေ့ရသည်။

ဆရာဝသုန်က ပန်းချီဆွဲရာတွင်သာမကဘဲ ဝတ္ထုတိုလည်း အရေးကောင်းသူဖြစ်သည်။ သူ ဝတ္ထုတို ပေါင်းချုပ် ၂ အုပ်ထုတ်ခဲ့သည်။ ဒီစာအုပ်ထဲတွင်တော့ ဝသုန့်လက်ရာ ဝတ္ထုတို ၂ ပုဒ်ဖတ်ရသည်။ တပုဒ်က “နတ်ရေတွင်း”။ သူ့အချစ်ဆုံး အငယ်ဆုံး သမီး အင်ကြင်းမွှေး မွေးခါစ နီတာရဲလေး အကြောင်းနှင့် သူ့သားလတ် မျိုးထွန်း၏ သား၊ သူ့မြေးဦးမွေးသည့်အချိန်တွင် ခံစားရသည့် ခံစားချက်ကိုနှိုင်းယှဉ် ရေးသားထားခြင်းဖြစ်သည်။ မကုန်မခမ်းနိုင်သည့် မိဘမေတ္တာ၊ အဘိုးအဘွားမေတ္တာများကို နတ်ရေတွင်းနှင့် နှိုင်းယှဉ် ထားခြင်း ဖြစ်သည်။

နောက်တပုဒ်ကတော့ ကျမ သိပ်ကြိုက်သည်။ မြန်မာနိုင်ငံ၏ ရော့ခ် ကြယ်ပွင့်ကြီးတဦးဖြစ်သူ မင်းမင်းလတ်နှင့် ပတ်သက်၍ “မာရှယ်လ်လတ်” ဟူ၍ ဖြစ်သည်။ သူနှင့် မင်းမင်းလတ်က ငယ်သူငယ်ချင်းတွေ၊ မာရှလ်လ်လတ် ဆိုတာက မင်းမင်းလတ် ငယ်နာမည်။ အစစ အရာရာ စောနေခဲ့သော မင်းမင်းလတ်နှင့် ပတ်သက်၍ မချိတင်ကဲ ရေးထားသည်။ မင်းမင်းလတ်က ဂီတ၊ အနုပညာနှင့် စီးပွားရေး အမြင်သာမကဘဲ ကွယ်လွန်ချိန်လည်း စောခဲ့သည်ကိုး။


ဤစာအုပ်ကို စုန်းပြူး လုံးဝမပါသည့် စင်းလုံးချော ဟုတော့ မဆိုနိုင်ပါ။ တချို့သောသူတို့၏ ဝသုန်ကောက်ကြောင်း များထဲတွင် မဆိုစလောက်သော မိမိကိုယ်မိမိ ဈာန်းတင်ရေးသားမှုကလေးများ ပါဝင်သည်ကို တွေ့ရသည်။ သို့သော်လည်း ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို ထင်းထင်းကြီးပေါ်နေသည်တော့ မဟုတ်ပါ။ ခွင့်လွှတ်နိုင်သည့် အနည်းငယ်မျှသော အတ္တ ကလေးများဟု ဆိုနိုင်ပါသည်။

“လူပုံပါးပါး စိတ်ဓာတ်မာမာ ရေးချက်ထည်ထည်ဝါ” ဆိုသည့် စာအုပ်အမည်သည်ပင် ဝသုန်ဖြစ်ပါသည်။ ဤစာအုပ်တွင် ပါဝင် ရေးသားထားသည့် တက္ကသိုလ်တင်ဟန်ကျော်က သော်ဒီဝေ၏ ကဗျာတပုဒ်ကို ဖော်ပြထားသည်။ ကျမကလည်း ထိုကဗျာဖြင့်ပင် ဤ စာအုပ်အညွှန်းကို အဆုံးသတ်ချင်ပါသည်။ ကဗျာအမည်က “ဗင်းဆင့်ဗန်ဂိုးရဲ့ ဆက်သွယ်ရေးလုပ်ငန်း” ဖြစ်သည်။

တခါတုန်းက
ခင်ဗျားကိုင်တဲ့ ဟန်းဖုန်းမျိုး
ဗင်းဆင့်ဗန်ဂိုးဆီမှာ မရှိခဲ့ဖူးဘူး။

ဒါပေမယ့်
သူချစ်တဲ့ သူ့ကောင်မလေး
ပြောချင်ရာ ပြောဖို့ဆိုပြီး
သူ့နားရွက်ကလေးတဘက်ကိုတော့
လက်ဆောင်အဖြစ်
ဖြတ်ပေးခဲ့ဖူးရဲ့။

တခါတုန်းက
ခင်ဗျားစီးနေတဲ့
မော်တော်ကားလှလှ တစီးမျိုး
ဗင်းဆင့်ဗန်ဂိုးမှာ မရှိခဲ့ဖူးဘူး။

ဒါပေမယ့်
ခင်ဗျားစိတ်ကူးတွေ
လမ်းလျှောက်နိုင်အောင်လို့ဆိုပြီး
ဆိုက်ပရပ်စ်ပင်တွေနဲ့
လမ်း ပန်းချီကားကိုတော့
လက်ဆောင်အဖြစ် ခင်ဗျားအိမ်ရဲ့ နံရံဖြူဖြူပေါ်မှာ
ရေးခြစ်ထားခဲ့လေရဲ့။ ။

ပန်းချီဝသုန်သည် ၂၀၀၈ အောက်တိုဘာ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ လူသေသော်လည်း နာမည်နှင့် အနုပညာ မသေသော သူတယောက်ဖြစ်ကြောင်း ဤစာအုပ်က သက်သေတခု ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေးကြေငြာချက်

Utf-8''Instruction of NLD to Form CC_Jan10

နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ ၂၀၀၉ အစီရင်ခံစာ..

Annual Report 2009_final

ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည် ။

ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်
ခိုင်စု | စနေနေ့၊ ဇန်နဝါရီလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၆ မိနစ်



နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ဝိုင်းရံသွားမည်ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး ပါဝင်သည့် NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို CRPP အနေဖြင့် အခိုင်အမာ ထောက်ခံဝန်းရံမည်ဟု ပြောဆိုခြင်းဖြစ်သည်။

''NLD က ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်အလက်တွေကို သဘောကျတယ်၊ လက်ခံတယ်၊ အခိုင်အမာ ထောက်ခံသွားမှာပါ၊ ဝိုင်းရံသွားမှာပါ'' ဟု ဦးအေးသာအောင်က ပြောသည်။

လာမည့်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ထုတ်ပြန်မည့် NLD ကြေညာချက်တွင် ထည့်သွင်းလိုသည့် အချက်များကို အကြံပြုဖြည့်စွက်ရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ CRPP အစည်းအဝေး ကျင်းပရာ CRPP အဖွဲ့ဝင်များက ထိုကဲ့သို့ သဘောတူ ထောက်ခံခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးသို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ပူးကျင့်ရှင်းထန် (ဇိုမီးအမျိုးသားကွန်ဂရက်)၊ ဦးထောင်ကိုထန်း (စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့)၊ နိုင်ထွန်းသိန်း (မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးအေးသာအောင် (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးစိုးဝင်း (အမျိုးသားဒီမိုကရေစီပါတီ) အပါအဝင် ၁၁ ဦး တက်ရောက်ခဲ့သည်။

ရွှေဂုံတိုင်စာတမ်းတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရေး၊ ၂ဝဝ၈ အခြေခံဥပဒေ သုံးသပ်ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးတို့သည် လတ်တလော ဖြေရှင်းရမည့် ပြဿနာများ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဤစာတမ်းကို ၂၀၀၉ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်/တိုင်း စည်းရုံးရေး အဖွဲ့များနှင့် အလုပ်အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ CRPP အစည်းအဝေး၌ NLD ခေါင်းဆောင် ဦးဝင်းတင်က ရွှေဂုံတိုင် ကြေညာစာတမ်းကို ဦးဆောင်၍ ရှင်းလင်းတင်ပြခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ လွှတ်တော်ခေါ်ယူရေး အချက်များသည် NLD ၏ မူလသဘောထား ဖြစ်ကြောင်းနှင့် ၂၀၀၈ အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးမှာလည်း ထိုဥပဒေသည် အာဏာရှင်စနစ်ကို အကောင်အထည် ဖော်ခြင်း ဖြစ်သဖြင့် ထိုစနစ်ကို NLD က မူလကတည်းကပင် လက်မခံခဲ့သောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်းက စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများ မထုတ်ပြန်သေးသလို၊ ရွှေဂုံတိုင် စာတမ်းကို စစ်အစိုးရ တုံ့ပြန်သည့်အပေါ် မူတည်ပြီး ထိုရွေးကောက်ပွဲနှင့် ပတ်သက်၍ဆုံးဖြတ်သွားမည်ဟုတင်ပြခဲ့သည်။

ဦးအေးသာအောင်ကလည်း ပြည်ထောင်စုနေ့တွင် ထုတ်ပြန်မည့် NLD ကြေညာချက်တွင် ပြည်ထောင်စုစိတ်ဓာတ် (ပင်လုံစိတ်ဓာတ်) ကို ထည့်သွင်းဖော်ပြရန် အကြံပြုခဲ့သည်။

''လွတ်လပ်ရေးကို အင်္ဂလိပ်က ပေးတော့မယ့်အခါ ပြည်မနဲ့ တောင်တန်း ပေါင်းစည်းရေး၊ မပေါင်းစည်းရေး ဆွေးနွေးရာက ဒီစိတ်ဓာတ် ပေါ်လာတယ်။ ပေါင်းပြီးယူရင် လွတ်လပ်ရေး အမြန်ဆုံး ရမယ်ဆိုတဲ့ သဘောထားနဲ့ ပေါင်းခဲ့တာပါ။ ဗမာကိုယ်စားပြုတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည် လွတ်လပ်ရေးရရင် တောင်တန်းဒေသပါ ရစေချင်တယ်။ ခွဲပြီးလုပ်ရင် မတိုးတက်နိုင်ဘူး၊ ပေါင်းလုပ်ရင် တောင်တန်းဒေသတွေပါ တိုးတက်မယ်၊ ဗမာတွေ အင်္ဂလိပ်ကျွန် မဖြစ်ချင်သလို ရှမ်း၊ ကချင်၊ ချင်းတွေကိုလည်း မဖြစ်စေချင်ဘူး။ ထို့အတူ ဗမာကလည်း ရှမ်းတွေကို ကျွန်ပြုမှာ မဟုတ်ဘူးဆိုတာ ပြောခဲ့တယ်။ ဒီစိတ်ဓာတ်တွေက ပင်လုံစိတ်ဓာတ်ပဲ''ဟု ဦးအေးသာအောင်က ပြောသည်။

ကိုလိုနီနယ်ချဲ့ထံမှ လွတ်လပ်ရေး အရယူရန် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ရှမ်းပြည်နယ် ပင်လုံကျေးရွာ၌ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ရာမှ ပြည်ထောင်စုနေ့ စတင်ပေါ်ပေါက်ခဲ့သည်။

''တိုင်းရင်းသားတွေနဲ့ ဗိုလ်ချုပ် သဘောတူညီချက်၊ ပင်လုံစိတ်ဓာတ်တွေ အများက မေ့နေတယ်။ ဖော်ထုတ်ရုံတင် မလုံလောက်ဘဲ ပင်လုံသဘောတူညီချက်အရ ပြည်ထောင်စုဖွဲ့ရင် တိုင်းရင်းသား လက်နက်ကိုင်အရေးလည်း ချုပ်ငြိမ်းပြီး၊ နိုင်ငံ ငြိမ်းချမ်းမယ်။ တိုင်းရင်းသား စည်လုံးညီညွတ်ရေးအပြင် အမျိုးသား စည်းလုံးညီညွတ်ရေးကိုပါ ရမယ်။ ခိုင်မာပြီး ဖွဲ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ကို ထူထောင်နိုင်မယ်'' ဟု ဦးအေးသာအောင်က ပြောသည်။

လတ်တလော ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် နအဖ စစ်အစိုးရ၏ သဘောထား တင်းမာမှုများ၊ စစ်ရေုးပြင်ဆင်မှုများကြောင့် တိုင်းပြည်အရေး စိုးရိမ်ရကြောင်းနှင့် ပင်လုံစာချုပ်အရ ပြည်ထောင်စုနိုင်ငံ တည်ဆောက်လျှင် တိုင်းရင်းသား လက်နက်ကိုင်ကိစ္စ ချုပ်ငြိမ်းမည်ဖြစ်ကြောင်း ယမန်နေ့ အစည်းအဝေးတွင် CRPP ခေါင်းဆောင်များက မှတ်ချက်ပေးခဲ့ကြသည်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် လွှတ်တော် မပေါ်ပေါက်မီစပ်ကြား လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ CRPP ကို ၁၉၉၈ စက်တင်ဘာလ ၁၆ ရက်နေ့တွင် NLD နှင့် ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် တိုင်းရင်းသားပါတီများမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦးက လက်မှတ်ရေးထိုးကာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်အစိုးရကမူ တရားမဝင် အသင်းအဖွဲ့အဖြစ် ပြောဆိုလေ့ရှိသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

Friday, January 29, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ရွေးကောက်ပွဲနှင့်ဆိုင်သောမိန့်ခွန်း။




Friday, January 29, 2010


“ကျမတို့နိုင်ငံရဲ့အတွေအကြုံအရဖြည့်စွက်ပြောဆိုလိုတာကတော့ရွေးကောက်ပွဲကျင်းပပြီးရင်
ရွေးကောက်ပွဲ ရလဒ်ကို အကောင်းအထည်မဖော်တာဟာ ထမင်းစားဖိတ်ပြီး၊ထမင်းပွဲပြင်၊
စားပွဲမှာထိုင်ခိုင်ပြီးမှမစားရဘူးဆိုပြီးထမင်းဟင်းတွေပြန်ပြီးသိမ်းသွားသလိုပါပဲ။ဧည့်သည်တွေ
ကိုစော်ကားတဲ့လုပ်ရပ်ပါ။၁၉၉၀ခုနှစ်၊ရွေးကောက်ပွဲရလဒ်ကိုအကောင်အထည်မဖော်ပေးတာဟာ
ပြည်သူတရပ်လုံးကိုလိမ်လှည်လှည့်ဖြားစော်ကားရာရောက်တယ်”။

“အာဏာပိုင်တွေဟာမိမိတို့သဘောမကျတဲ့ရွေးကောက်ပွဲရလဒ်ဆိုရင်လျစ်လျှူရှုလိုက်၊လိုချင်တဲ့
ရလဒ်ဖြစ်လာနိုးနိုးရွေးကောက်ပွဲအသစ်တွေကျင်းပလိုက်နဲ့လုပ်နေမယ်ဆိုရင်တော့တိုင်းပြည်ရဲ့
အနာဂတ်နဲ့ကစားရာရောက်ပါလိမ့်မယ်၊တိုင်းပြည်ရဲ့အနာဂတ်ဆိုတာဟာကစားရမယ့်အရာ
မဟုတ်ပါဘူး။တလေးတစားနဲ့စောင့်ရှောက်သွားရမယ့်အရာသာဖြစ်ပါတယ်။

ဒါကြောင့်၁၉၉၀ပြည့်နှစ်၊ရွေးကောက်ပွဲရလဒ်ကိုအကောင်အထည်မဖော်ဘဲနောက် ရွေးကောက်ပွဲ
အသစ် ကျင်းပရေးကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်
ထားတာဖြစ်ပါတယ်” “၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုအမြန်ဆုံးအကောင်အထည်ဖော်
ပေးဖို့လိုပါတယ်။ ပထမခြေလှမ်းအနေ နဲ့ပြည်သူ့လွှတ်တော်ခေါ်ပေးရလိမ့်မယ်” ။

ဒေါ်အောင်ဆန်းစုကြည်
၁၉၉၈ခုနှစ်၊မေလ(၂၈)ရက်။
-------------------------------------------------------------------------------------။ “၁၉၉၀ခုနှစ်တုန်းကပြည်သူလူထုကနေပြီးတော့တာဝန်ကျေခဲ့တယ်ဆိုတာ၊ကျမတို့အရင်ကလည်း
ပြောဘူးပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ကျမတို့နိုင်ငံနဲ့နိုင်ငံကပြည်သူလူထုနဲ့တခြားဒီမိုကရေစီ
အတွက်လှုပ်ရှားရုန်းကန်နေရတဲ့နိုင်ငံကပြည်သူလူထုနဲ့စာလို့ရှိရင်ကျမတို့ရဲ့လူထုဟာနိုင်ငံရေးအရ
အင်မတန်ရင်ကျက်တယ်လို့သတ်မှတ်ရမှာပါ။

ဘာဖြစ်လို့ကျမတို့ဒီလိုပြောလဲဆိုတော့ကျမတို့ရဲ့နိုင်ငံဒီမိုကရေစီလိုချင်တဲ့ပြည်သူလူထုဟာဒီမိုကရေစီ
ကိုရယူပေးနိုင်တဲ့အဖွဲ့တစ်ခုကိုထောက်ခံမယ်၊ပံ့ပိုးမယ်၊ဒီလိုလုပ်မှကျမတို့ရဲ့ဒီမိုကရေစီဟာတိုးတက်နိုင်
မယ်ဆိုတာကိုမြင်တယ်။ဟိုအဖွဲ့ကိုပေး၊ဒီအဖွဲ့ကိုပေး၊ကျမတို့ရဲ့ကျမတို့ရဲ့နိုင်ငံရေးပါတီအများကြီးရှိ
ပါတယ်။

အဲဒီတော့နိုင်ငံရေးပါတီတွေအများကြီးရှိတဲ့အထဲမှာအဲဒီနိုင်ငံရေးပါတီတွေမှာလည်းမိမိတို့ရဲ့တန်းဘိုးနဲ့
မိမိတို့ရှိပြီးသားပါ။

သို့သော်လည်းပြည်သူလူထုဟာဒီလိုမဲတွေသာပြန့်သွားရင်ဒီမိုကရေစီအတွက်နစ်နာနိုင်တယ်ဆိုတာ
နားလည်လို့မဲတွေကိုမပြန့်စေဘဲနဲ့ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်မဲပေးခဲ့တယ်ဆိုတာ၊
ဒါပြည်သူလူထုအနေနဲ့ထိုက်ထိုက်တန်တန်လုပ်ခဲ့တယ်လိုကျမဒီလိုပြောရမှာဘဲ။ဒါနိုင်ငံရေးရင့်ကျက်မှု
ကိုပြတယ်လို့ကျမကတော့ယုံကြည်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီ(၈၂)ရာခိုင်းနှုန်းရတာကို
တောင်မှအာဏာမလွှဲပေးတာ၊ကျမတို့များသာ(၅၀)ရာခိုင်းနှုန်းတည်းတည်းလေးရတယ်ဆိုလို့ရှိရင်
ဘယ်လောက်ပိုပြီးတော့အခက်အခဲဖြစ်ရမယ်ဆိုတာစဉ်းစားကြည့်၊ကျမတို့ရဲ့အဖွဲ့ဟာဒီလိုတခါတည်း
(၈၀)ရာခိုင်နှုန်းကျော်နဲ့နိုင်ခဲ့လိုလည်းတကမ္ဘာလုံးကအသိအမှတ်ပြုတယ်။ဘယ်လိုမှကမ္ဘာကိုမျက်
လှည့်ပြပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပြည်သူလူထုကရွေးကောက်ပွဲတုန်းကအားပေးတာ
မဟုတ်ပါဘူး။တည်းတည်းကလေးနိုင်တာပါလို့မပြောနိုင်ဘူး။ဒါကိုတောင်မှမဲက(၆၀)ရာခိုင်နှုန်းပဲရှိ
ပါတယ်။ဘာတယ်၊ညာတယ်၊ဆိုပြီးတော့အမျိုးမျိုးကြိုးစားတာတွေအခုရှိနေတာသိကြတာပဲ။

ဒီလောက်တောင်မှပြတ်ပြတ်သားသားနိုင်ထားလို့ဒီလောက်သူတို့ပြောနိုင်တာ။အဲလိုသာကျမတို့
ပြတ်ပြတ်သတ်သတ်မနိုင်ခဲ့လို့ရှိရင်အမျိုးမျိုးတခါတည်းမျက်လှည့်ကွက်တွေနဲ့လုပ်အုံးမယ်။ကမ္ဘာကို
လည်းလှည့်စားဖို့၊ကျမတို့ပြည်သူလူထုကိုလည်းလှည့်စားဖို့လုပ်မှာဖြစ်တယ်။အဲဒီတော့လူထုအနေနဲ့
၁၉၉၀ခုနှစ်တုန်းကဒီမိုကရေစီကိုရယူပေးနိုင်တယ်လို့ပြည်သူလူထုကယုံကြည်တဲ့အဖွဲ့အစည်းကို နိုင်ငံရေးရင်ကျက်တဲ့အမြင်နဲ့မဲ့ပေးခဲ့တာဟာတော့တာဝန်ကျေပါတယ်။ထိုက်ထိုက်တန်တန်နဲ့လုပ်ခဲ့
တာပဲလို့ကျမ ပြောချင်ပါတယ်” ။

ဒေါ်အောင်ဆန်းစုကြည်
၁၉၉၉ခုနှစ်၊ဇူလိုင်လ(၂)ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)




Read More ...
Thank ...

Posted by မြတ်လေးငုံ at Friday, January 29, 2010 , Links to this post , 0 comments
Labels: မိန့်ခွန်း

အင်န်အယ်ဒီပါတီက ရန်ကုန်တိုင်းနှင့် မြို့နယ်စည်းရုံးရေးအဖွဲ့များ တွေ့ဆုံ












ဇန်န၀ါရီ ၂၆ က ရန်ကုန်မြို့၊ ဗဟန်း ရွှေဂုံတိုင်ရှိ အင်န်အယ်ဒီပါတီ ဌာနချုပ်မှာ ပါတီ၏ တိုင်းစည်းရုံးရေးအဖွဲ့နှင့် မြို့နယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ပါတီတွင်း စည်းရုံးရေးလုပ်ငန်းများအတွက် ဆွေးနွေးကြသည်ဟု ဆိုသည်။
လက်ရှိတရားဝင်ပါတီတခု အဖြစ်သာမက၊ အဓိက အတိုက်အခံ နိုင်ငံရေးအင်အားစုဖြစ်သော အင်န်အယ်ဒီပါတီက ယခုကဲ့သို့ ပါတီတွင်း တွေ့ဆုံစည်းဝေးနေကြသည်ကို ပုံမှန်ဆောင်ရွက်မှုအဖြစ် ရှုမြင်ကြောင်း၊ အခုတလောမှ ပေါ်ပေါက်လာသော အဖွဲ့များ၊ လူပုဂ္ဂိုလ်များက စစ်အစိုးရနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူလူထုထံသို့ တိုက်ရိုက် စည်းရုံးရေးဆင်းခြင်း၊ သဘောထားအာဘော်များ ထုတ်ပြန်နေခြင်းတွေကသာ ထူးဆန်းသည်ဟု ဆိုချင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၀ ခုနှစ်အတွင်း နိုင်ငံရေးပွင့်လင်းမှုများ ဖြစ်ထွန်းလာမည်လား၊ နိုင်ငံရေးဖိနှိပ်မှုများ ချမှတ်လာမည်လားကို စောင့်ကြည့်ရန်သာ ရှိကြောင်း ပြည်တွင်းရှိ ဂျာနယ်အယ်ဒီတာတဦးက မှတ်ချက်ပေးသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ နိုင်ငံရေးပါတီဝင်ဟောင်းတဦးက

“ ၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းတယ်။ ပါတီတွေက တလအတွင်း စတင် ဖွဲ့ကြတယ်။ ၁၉၈၉ တနှစ်လုံးမှာ စစ်တပ်က အတိုက်အခံတွေကို နှိမ်နင်းတယ်။ ၁၉၉၀ နှစ်ဆန်းနောက်ပိုင်းမှာမှ ကျန်ရစ်တဲ့ ပါတီကြီးတွေနဲ့ ပါတီဝင်တွေက ရွေးကောက်ပွဲဝင်ရေး စည်းရုံးရေးတွေ လုပ်ကြရတယ်။ အဲသည်တုန်းက အချိန်ကို အခုနဲ့ နှိုင်းကြည့်လို့ ရတာပေါ့နော်။ အခုအချိန်မှာက ၂၀၁၀ တနှစ်တွင်းမှာ ရွေးကောက်ပွဲကိစ္စက ဘာမှန်းတောင် မသိရသေးဘူး။ ၂၀၀၈ အခြေခံဥပဒေကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ ကိစ္စ၊ နယ်စပ်ဒေသ တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံတကာက တောင်းဆိုထားတာ … အဲဒါတွေကို ဒီရှေ့ပိုင်း ၆ လ အတွင်း ဖြေရှင်းနိုင်မှာလား။” ဟု မေးခွန်းထုတ်လိုက်သည်။

ပြည်ထဲရေးဝန်ကြီးရဲ့ ပြောကြားချက် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်


29 January 2010


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနှစ် နိုဝင်ဘာလထဲမှာ ပြန်လွှတ်ပေးကောင်း လွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ပြောခဲ့တာဟာ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခြင်း ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုအမိန့်ကို စောင့်နေချိန်မှာ အစိုးရဝန်ကြီးတယောက်က အခုလို ပြောလိုက်တဲ့အတွက် ဒီအမိန့်အပေါ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေကလည်း သုံးသပ်ပါတယ်။ နောက်တခါ ရွေးကောက်ပွဲကို အောက်တိုဘာလထဲမှာ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ ရွေးကောက်ပွဲပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်ဆိုတဲ့သဘော သက်ရောက်နေသလား ဆိုတာတွေကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

NLD ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦးကို ဖေဖော်ဝါရီလထဲမှာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလထဲမှာ လွှတ်ပေးကောင်း လွှတ်ပေးမယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့တုန်းက ကျောက်ပန်းတောင်းမြို့မှာ ဗိုလ်ချုပ်မောင်ဦး ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြောတာဟာ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ တွေ့စဉ်မှာ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခြင်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြင်ဆင်မှု လျှောက်ထားတာကို ဇန်နဝါရီလ ၁၈ ရက်နေ့ကပဲ တရားရုံးချုပ်မှာ အပြီးသတ် လျှောက်ထားခဲ့ပြီး အဲဒီအတွက် အဆုံးအဖြတ်ကို စောင့်နေဆဲ ဖြစ်ပါတယ်။ ဒီလိုကာလမှာ ဝန်ကြီးတယောက်က အခုလို ပြောကြားတဲ့အတွက် တရားစီရင်ရေးမှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက မြင်ပါတယ်။

“သူ့အပေါ်မှာ အပြစ်ချထားတဲ့ အမှုက ဆုံးခန်းမတိုင်သေးဘူး။ တရားရုံးချုပ်မှာ တင်ထားတဲ့ လျှောက်လဲချက်၊ ပြင်ဆင်မှုနဲ့ ပတ်သက်ပြီးတော့ အဆုံးအဖြတ် ပြုရဦးမယ်။ အဆုံးအဖြတ် ပြုတဲ့နေရာမှာ တရားရုံးမှာ စီရင်ပိုင်ခွင့် ရှိတဲ့အတိုင်း အပြစ်မရှိကြောင်းလည်း ဆုံးဖြတ်နိုင်တယ်။ ဒီလိုအခြေအနေမှာ အခုလို ပြောကြားခြင်းအားဖြင့် တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။”

အမေရိကန် နိုင်ငံသား ဂျွန် ယက်တော (John Yettaw) လာရောက်ခဲ့တဲ့ ကိစ္စကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက သြဂုတ်လမှာ ပြစ်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ဆိုပြီး ပြစ်ဒဏ်တဝက် လျှော့ချပေးခဲ့ပါတယ်။ ကျန်ပြစ်ဒဏ်တဝက်ကိုပါ လုံးဝလွှတ်ပေးဖို့ အယူခံ လျှောက်ထားတာကို အပယ်ခံရလို့ ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်မှု လျှောက်ထားတာ ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၉ ခုနှစ် မေလ ၁၃ ရက်နေ့က စပြီးတော့ လက်ရှိအမှုနဲ့ ပတ်သက်ပြီး အချုပ်စတယ်။ ၁၈ လ နေရမယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန်မှာပါတော့ ၁၈ လက အခု ၂၀၁၀ နိုဝင်ဘာမှာ ပြည့်ပါတယ်။ အဲတော့ ပြည့်တဲ့အချိန်မှာ လွှတ်မယ်လို့ပြောတော့ သိပ်တော့ မထူးဆန်းဘူး။ သို့သော်လည်း ဒီမှာ တခုပြောစရာ ရှိတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်စာထဲမှာ ကောင်းမွန်စွာ နေထိုင်ရင် စောစီးစွာ လွှတ်နိုင်တဲ့ အဓိပ္ပာယ်မျိုး ပါတယ်။ အခု ဗိုလ်ချုပ်မောင်ဦးက ဒီလိုပြောလိုက်တော့ အဲဒီဟာကို ပယ်ဖျက်လိုက်သလားလို့ မြင်လာရတယ်။”

စစ်အစိုးရက စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ အောက်တိုဘာလထဲမှာ ကျင်းပလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း တော်တော်လေး ထွက်ပေါ်နေတဲ့အတွက် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးရဲ့ ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးမှ ပြန်လွှတ်ပေးမယ်ဆိုတဲ့ သဘောမျိုးလည်း သက်ရောက်နေပါတယ်။ ဒီလိုသာလုပ်ခဲ့ရင် မြန်မာ့နိုင်ငံရေးအတွက် အလားအလာ မကောင်းဘူးလို့ NLD ပြောခွင့်ရသူဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲပြီးမှ လွှတ်မယ်လို့ ဆိုတဲ့ အဓိပ္ပာယ် ရလို့ရှိရင်တော့ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လက်ဆောင်ရွက်ဖို့ မရှိတော့ဘူးလို့ပဲ ကျနော်တို့ မှတ်ယူရမှာပဲ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ပြုပြင်မယ့်ကိစ္စကို ရန်ကုန်စည်ပင်သာယာက သဘောတူ ခွင့်ပြုချက် ရပြီးမှ တားမြစ်ပိတ်ပင်ထားတဲ့ ကိစ္စအတွက်ကိုလည်း သူမက မေးခွန်းထုတ်နေတယ်လို့ ဦးဉာဏ်ဝင်းက ပြန်ပြောပြပါတယ်။

“အမွေမှုမှာ ရန်ကုန်တိုင်း တရားရုံးမှာ ဦးအောင်ဆန်းဦးက ဒီလို အိမ်ပြင်တဲ့ ကိစ္စကိုပဲ ယာယီတားဝရမ်း ထုတ်ပေးပါဆိုပြီး ဇန်န၀ါရီ ၂၁ ရက်နေ့က လျှောက်တယ်။ ကျနော်တို့က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဒီဟာကို ပြန်ပြီးတော့ သဘောထား တင်ရမယ်။ အဲဒီကိစ္စ ဆွေးနွေးတယ်။ အိမ်ပြင်ဖို့ တရားဝင် မြို့တော်စည်ပင်မှာ လျှောက်တယ်။ သူတို့ကလည်း တရားဝင် ခွင့်ပြုတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲဒါကို စည်းကမ်းချက်နဲ့အညီ သူတို့ချမှတ်တဲ့ စည်းကမ်းအတိုင်း ပြင်နေတယ်။

“ရပ်မယ်ဆိုတဲ့အခါကြတော့ ဘာကြောင့်ရပ်လဲဆိုတာ အကျိုးအကြောင်း မပါဘူး။ ကန့်ကွက်ချက်ကြောင့်လို့ ပြောတယ်။ ဘာကန့်ကွက်မှန်းလည်း မသိဘဲနဲ့ ရပ်ဆိုင်းခံရတယ်။ အဲဒီအခြေအနေကနေ တခါ တိုင်းတရားရုံးမှာလည်း ဒီအိမ်ကိစ္စကိုပဲ ယာယီတားဝရမ်း ထပ်လျှောက်တယ်။ သူက ဒါတွေအားလုံး ခြုံကြည့်ပြီးတော့ ဒီဟာတွေဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ သံသယရှိတယ်လို့ ကျနော့်ကို ပြောလိုက်ပါတယ်။”

ကြာသပတေးနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေ ဦးဉာဏ်ဝင်း သွားရောက်တွေ့ဆုံခဲ့တာဟာ အဓိကအားဖြင့် နေအိမ်ပြုပြင်မယ့်ကိစ္စ ဖြစ်ပြီး ဦးဉာဏ်ဝင်းနဲ့အတူ အိမ်ပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ် ဦးထင်ကျော်လည်း တွေ့ခွင့်ရခဲ့ပါတယ်။


ဝန်ကြီးပြောဆိုချက် တရားရုံး လုပ်ပိုင်ခွင့်ကို ထိပါးဟု ဒေါ်စု ပြော
ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု ပြောခြင်းသည် တရားရုံး၏ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ ပြောဆိုခဲ့ခြင်းမှာ မပြောဆိုသင့်သော စကားဖြစ်သည်ဟု ယနေ့ သူမ၏ ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒါနဲ့ပတ်သက်ပြီး ဒေါ်စုပြောတာက ဒီလိုပြောကြားခဲ့တယ်ဆိုရင် တရားရုံးက အပြီးသတ် အဆုံးအဖြတ် မပြုခင်မှာ တရားရုံးရဲ့ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်တယ်။ ဒါဟာ မမှန်ကန်တဲ့ မပြောကြားသင့်တဲ့ စကားမျိုးဖြစ်တယ်။ အဲဒီလိုမျိုး (ဒေါ်အောင်ဆန်းစုကြည်က) ပြောပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“တရားရုံးချုပ်က ဒီအမှုနဲ့ ပတ်သက်ပြီးတော့ လုံးဝ လွတ်မယ်မလွတ်ဘူး ဆုံးဖြတ်ဖို့အကြောင်း ရှိမယ်။ နိုဝင်ဘာလမှာ လွတ်မယ်ဆိုတော့ တရားရုံးချုပ်က ဆုံးဖြတ်လို့ မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ် မရောက်ဘူးလား။ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထိပါးရာရောက်တဲ့ ပြောကြားချက်ပါ” ဟု သူက ဆက်ပြောသည်။

ရှေ့နေ ၄ ဦး အပါအဝင် အိမ်ပြင်ဆင်ရေး ကိုယ်စားလှယ် ဦးထင်ကျော်တို့ ၅ ဦးကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အထူးရဲသတင်းတပ်ဖွဲ့ထံသို့ ယမန်နေ့က တောင်းဆိုခဲ့သော်လည်း ယနေ့တွင် ရှေ့နေ ဦးဥာဏ်ဝင်းနှင့် ဦးထင်ကျော်တို့ ၂ ဦးသာ တွေ့ဆုံခွင့် ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်လျက်ရှိသော နေအိမ် ပြင်ဆင်နေမှုအား တားဝရမ်း လျှောက်လဲမှုနှင့် ပတ်သက်၍ ယနေ့ ၂ နာရီခွဲကြာ ဆွေးနွေးခဲ့ကြသည်။

တားဝရမ်း လျှောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက် ချလိုက်ကြောင်း သိရသည်။

“တရားဝင် ခွင့်ပြုချက်အတိုင်း အိမ်ပြင်တယ်။ ရပ်ထားပါဆိုလို့ ရပ်ထားတယ်။ ဒါပေမဲ့ ဘာကန့်ကွက်တာလဲ၊ ဘာအကြောင်းပြချက်လဲ။ ဒါကိုပဲ တားဝရမ်း ပြန်ထုတ်တာ၊ ဒီကိစ္စတွေဟာ သွေးရိုးသားရိုး ဟုတ်ရဲ့လား၊ သံသယရှိတယ်လို့ မှတ်ချက်ချပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို တဆင့်ပြန်ပြောသည်။

ဦးအောင်ဆန်းဦးက သူ၏ ရှေ့နေ ဦးဟန်တိုးမှတဆင့် ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း တွဲဖက် ၂ တရားရုံးတွင် တားဝရမ်း လျှောက်လဲချက် တင်ခဲ့ခြင်း ဖြစ်သည်။

နေအိမ်ပြင်ဆင်မှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင် ဆိုသူသည် မြို့တော် စည်ပင်သာယာရေးသို့ နှုတ်ဖြင့် ကန့်ကွက်ခဲ့သည်။

မြို့တော် စည်ပင်သာယာ၏ ခွင့်ပြုချက်အရ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှစ၍ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးသတ် ပြင်ဆင်ရန် ခွင့်ပြုထားရာမှ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရပ်နားလိုက်ရခြင်း ဖြစ်သည်။

ယင်း ကန့်ကွက် တားဆီးမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက လာမည့်လ ၄ ရက်နေ့ ရုံးချိန်း၌ တရားဥပဒေအရ ကန့်ကွက် ချေပသွားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သူ၏ ရှေ့နေက ပြောသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Happy Birthday ပါ အကိုဆရာ

ဖိုးဇော် ( စကားဝါမြေ )

ဇန်န၀ါရီ ၂၉၊ ၂၀၁၀


ကျနော်ငယ်ငယ် တီဗွီထဲကနေ အကိုဆရာရဲ့ ဟာသပြက်လုံးတွေကို ကြည့်ခဲ့ဘူးပါတယ်။ အဲဒီအချိန်တုန်းက ကျနော်က ပန်တျာကျောင်သားဘ၀ဆိုတော့ မင်းသားရူးရူးနေတာပေါ့။ အကိုဆရာနဲ့ ဆုံလိမ့်မယ်လို့ လုံးဝမစဉ်းစားမိဘူး။ ကံတရားက ထူးဆန်းတယ်ဗျာ၊ ကျနော်ဟာ မင်းသားဘ၀ကနေ လူရွှင်တော်ဘ၀ကိုပြောင်း ကံကောင်းခြင်းများစွာနဲ့ အကိုဆရာနဲ့တွေ့ဆုံခဲ့တယ်။ ဒီလိုနဲ့ (သီးလေးသီး) ဆေးရောင်စုံ ဆိုတဲ့ နာမည်ကိုပေးပြီး ပြည်သူတွေရဲ့ ရင်ထဲကို အရောက်ပို့လိုက်တယ်ပေါ့။

ကျနော်မှတ်မိသေးတယ် ပထမဆုံး “လက်ဆင့်ကမ်းအငြိမ့်” ရိုက်မဲ့အချိန်ပေါ့။ ပြက်လုံးတိုက်ဖို့အတွက် အကိုဆရာရဲ့အိမ်မှာ တလကျော်ကျော်လောက် ကန့်သွင်းသလို နေခဲ့ကြတယ်။ ကျနော်တို့တတွေကတော့ ည (၁၀) လောက်ဆိုရင် အိပ်ငိုက်ပြီး အိပ်ရာဝင်ခဲ့ကြပေမယ့် အကိုဆရာကတော့ အငြိမ့်အတွက် ကွန်ပျူတာရှေ့မှာ ပြက်လုံးတွေ ထိုင်ရှာနေတယ်လေ။ နံနက် (၉) နာရီ ကျနော်တို့အိပ်ရာထတော့လည်း အကိုဆရာ တယောက် ကွန်ပျူတာရှေ့မှာ မအိပ်သေးဘဲ အလုပ်လုပ်နေတုန်းပါပဲ။ အလုပ်နဲ့ ပတ်သက်လာရင် နေ့မအိပ် ညမအိပ် ၀ိရိယထားပြီး ကြိုးစားအားထုတ်တဲ့ အကိုဆရာရဲ့ စိတ်ဓါတ်ဟာ လေးစား အတုယူစရာ ကောင်းပါတယ်။

အဲဒီ လက်ဆင့်ကမ်းအငြိမ့်ဟာ အောင်မြင်စွာနဲ့ အခွေအပိတ်ခံရတယ်လေ။ ဒါပေမဲ့ DVB ရုပ်သံကနေ ထုတ်လွှင့်သွားတဲ့အတွက် ကြိုးစား အပင်ပန်းခံရကျိုး နပ်ခဲ့ရတာပေါ့။
ကျနော် အမှတ်တရ ပြောပြချင်သေးတယ်။ မျှော်စင်ကျွန်းရဲ့ တန်ဆောင်တိုင်ည ပေါ့။

ပွဲကမယ့်နေ့မှာ “ငါ့ညီတွေကမယ့်ပွဲကို အရမ်းလိုက်အားပေးချင်တယ်” တဲ့။

ဒါပေမယ့် မလိုလားအပ်တဲ့ ပြဿနာပေါ်မှာစိုးလို့ အိမ်ကနေပဲ အားပေးတော့မယ်လို့ အကိုဆရာ ပြောခဲ့တယ်လေ။ ပွဲ စကတည်းက ဟန်းဖုန်းကို ဖွင့်ထားပေးပြီး၊ ပွဲပြီးတဲ့အထိ ဖုန်းထဲကနေ အားပေးခဲ့တယ်။ ပွဲပြီးတော့ အိမ်မှာ အရက်ပုလင်းနဲ့ ကျနော်တို့ကို ထိုင်စောင့်နေတယ်။ ငါညီတွေကို ဂုဏ်ပြုချင်လို့ တဲ့။

ငါညီတွေကို အားပေးတဲ့ ပရိသတ်တွေရဲ့ လက်ခုပ်သံကို နားထောင်ရင်း ငါ မျက်ရည်တွေ ကျခဲ့ရတယ်လို့ အကိုဆရာ ပြောခဲ့တယ်လေ။

တနေ့ ကျနော် မှတ်မိသေးတယ်။ အိတ်လေးတလုံးထဲမှာ အ၀တ်အစားတစုံရယ်၊ သွားတိုက်ဆေးဘူးနဲ့ မျက်နှာသုတ်ပါဝါရယ်၊ ပြီးတော့ ဆေးတွေရယ် ထည့်ထားတာ တွေ့ရတော့ … အဲဒါတွေ ဘာလုပ်ဖို့လဲ လို့ မေးလိုက်မိတယ်။

အကိုဆရာက -

“သူတို့ လာဖမ်းရင် အဆင်သင့်ဖြစ်အောင် ပြင်ထားတာ …” တဲ့။

အခုတော့ အကိုဆရာ ပြင်ထားတဲ့ အိတ်လေးနဲ့အတူ သံတိုင်ကြားမှာ (၄၉) နှစ် မြောက် အကိုဆရာရဲ့ မွေးနေ့ကို ဖြတ်သန်းနေရပြီ ပေါ့။ အနုပညာနဲ့ တိုင်းပြည်ကိုချစ်တဲ့ အကိုဆရာ အမှန်တရားအတွက်တိုက်ပွဲနေတဲ့ အကိုဆရာဟာ အံဖွယ်မဟာလူသားတယောက် ပါဗျာ။

အကိုဆရာ ပေးအပ်တဲ့တာဝန်တွေကို အတတ်နိုင်ဆုံး ကျေပွန်စွာ ထမ်းဆောင်ပါမယ်လို့ ကတိပြုရင်း စစ်မှန်တဲ့ဒီမိုကရေစီရတဲ့တနေ့မှာ မြန်မာပြည်မှာ ပြန်ဆုံပါရစေလို့ ဆုတောင်းရင်း (Happy Birthday) ပါ … အကိုဆရာ။ ။

Thursday, January 28, 2010

ပြည်သူတို့၏ လွတ်မြောက်ရာလမ်း

ပြည်သူတို့၏ လွတ်မြောက်ရာလမ်း

NLD ၏ ၁၉၉၀ ပြည့်နှစ် ယာယီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်း

NLD ၏ ၁၉၉၀ ပြည့်နှစ် ယာယီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ မူကြမ်း

ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံများ ပြော



မြင့်မောင် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၁၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးရန် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးသင့်ကြောင်း ပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေးသမားများက ပြောဆိုလိုက်သည်။

ထိုအထဲတွင် ဝါရင့်အတိုက်အခံ နှစ်ဦးနှင့် နိုင်ငံရေးပါတီတရပ်မှ ခေါင်းဆောင်တဦး ပါဝင်သည်။

ယခုလ ၂၁ ရက်နေ့တွင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ယခုနှစ် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည့်အပေါ် ၎င်းတို့က ယခုလို တုံ့ပြန်ပြောကြားခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်မောင်ဦး စကားအတိုင်းဆိုရင် နိုဝင်ဘာမှာ လွှတ်မယ်လို့ ပြောခြင်းအားဖြင့် နိုဝင်ဘာလ မတိုင်မီ မလွတ်ဘူးဆိုတဲ့သဘော ဖြစ်နေတယ်။ နိုဝင်ဘာလထက် စောလွှတ်ပေးပါ။ ရွှေဂုံတိုင် ကြေညာချက်မှာ တောင်းဆိုထားတဲ့အတိုင်း ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ကို ဆောင်ရွက်ပါ။ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့ လိုအပ်တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ရွှေဂုံတိုင်ကြေညာချက်မှာ ၂ဝဝ၉ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် တိုင်းနှင့် ပြည်နယ် ပါတီကိုယ်စားလှယ်များဖြင့် ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပခဲ့သည့် မျက်နှာစုံ အစည်းအဝေးမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးမှသာလျှင် မြန်မာပြည် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ကာ ရွေးကောက်ပွဲပြီးမှ လွှတ်မည်ဆိုပါက မည်သို့မှ ဆွေးနွေးနိုင်မဟုတ်ဟု သူက ဆိုသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း ဒေါ်စုကို အမြန်ဆုံး လွှတ်ပေးကာ စစ်ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲ လုပ်သင့်ကြောင်းနှင့် ပြန်လွှတ်မပေးဘဲ ရွေးကောက်ပွဲလုပ်ပါက တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ရန် ခဲယဉ်းလိမ့်မည်ဟု သုံးသပ်သည်။

အလားတူပင် UDP ခေါ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေး ဒေါ်ချိုချိုကျော်ငြိမ်းတွင်လည်း ထိုသို့သော သဘောထားရှိကြောင်း သိရသည်။

“မနက်ဖြန်လွတ်ရင် ကြိုက်တယ်။ ဒီနေ့လွတ်ရင် ပိုကြိုက်တယ်။ အားလုံးကို လွတ်စေချင်တယ်။ သူတို့ကို တရက်မှ ပိုမနေစေချင်ပါဘူး။ ကျမ ဒီလိုပြောချင်ပါတယ်။ မစု (ဒေါ်အောင်ဆန်းစုကြည်) က ဗိုလ်ချုပ်မှူးကြီးကို သူက စကမ်းလှမ်းထားတယ်။ တိုင်းပြည်အတွက် တတ်နိုင်သလောက် သူ့အနေနဲ့ ပူးပေါင်းလုပ်မယ်ဆိုတဲ့ အချက်တခုလို့ ကျမ နားလည်တယ်” ဟု ဒေါ်ချိုချိုကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။

UDP ကို ပြီးခဲ့သည့်နှစ် ဇွန်လနှောင်းတွင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့ရာ ဝါရင့်နိုင်ငံရေးသမား ဦးသုဝေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်က သူမကို ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ပြုရန်၊ အသက်အရွယ်ကြီးရင့်သော ပါတီခေါင်းဆောင်များကို တွေ့ဆုံ ဂါရဝပြုခွင့်ပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသားပေးပို့ကာ မေတ္တာရပ်ခံခဲ့သည်။

စာထဲတွင် မြန်မာနိုင်ငံအပေါ် ချမှတ်အရေးယူထားသော ပိတ်ဆို့ဒဏ်ခတ်မှုများ လျော့ပါး သက်သာရေး အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးနိုင်ရန် ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ပေးရန်ပါ တောင်းဆိုခဲ့သည်။

ထိုပေးစာနောက်ပိုင်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့် ၃ ကြိမ်တိုင် တွေ့ဆုံစေခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးနှင့် ယနေ့တိုင် တိုက်ရိုက်တွေ့ဆုံခြင်း မရှိသေးသလို၊ ၂ဝ၁ဝ ခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပမည်ဟုသာ စစ်ခေါင်းဆောင်က ထပ်မံပြောဆိုခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ဥပဒေကိုပါ ထုတ်ပြန်ခြင်း မရှိသေးပါ။

၂ဝဝ၈ ခုနှစ် မေလအတွင်း စစ်အစိုးရက အတင်းအကျပ် ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေထဲတွင် နိုင်ငံခြားသားနှင့် လက်ထပ်ထိမ်းမြားသူ၊ နိုင်ငံခြားသားနှင့် ရရှိသည့် သားသမီးများ ရှိသူအနေဖြင့် တိုင်းပြည်၏ သမ္မတအဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိကြောင်း ဖော်ပြထားသည်။

သခင်ချန်ထွန်းက ''နိုင်ငံတကာ ပြောနေတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီးတော့ ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံဖို့ လိုအပ်သလို၊ နိုင်ငံရေးအကျဉ်းသမား အားလုံး လွှတ်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဦးဝင်းတင်က “ဒေါ်စုက တိုင်းရင်းသားတွေအရေးကို နားလည်တဲ့ ပုဂ္ဂိုလ်၊ တိုင်းသားတွေနဲ့ လက်တွဲပြီးတော့ လုပ်လာတဲ့ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်၊ တိုင်းရင်းသားနဲ့ အန်အယ်ဒီအကြား ဆက်စပ်ပြီးတော့ လုပ်နေတဲ့ ပုဂ္ဂိုလ်၊ နိုင်ငံတကာမှာ အားပေးနေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒေါ်စုကို စောပြီး လွှတ်ပေးခြင်းအားဖြင့် နိုင်ငံတကာက ဖိအားပေးမှုတွေ လျော့ပါးလာနိုင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောဆိုထားသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

ဒီဗွီဘီ သတင်းထောက်ကို ထောင် ၁၃ နှစ်ချ


28 January 2010


နော်ဝေး အခြေစိုက် ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့အသံကို သတင်းတွေ ပို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်တဦးဖြစ်တဲ့ ကိုငွေစိုးလင်းကို စစ်အစိုးရက အီလက်ထရောနစ် ဥပဒေ၊ နယ်စပ်ဖြတ်ကျော်မှု ဥပဒေတို့နဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကတည်းက ဖမ်းဆီးခံထားရတဲ့ ကိုငွေစိုးလင်းကို စီရင်ချက် ချခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၆ ရက်နေ့က ကျောက်မြောင်းက အင်တာနက်ဆိုင်တဆိုင်က အထွက်မှာ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ချုပ်ရက် အပါအ၀င် ၁၃ နှစ် ချမှတ်လိုက်တာဖြစ်ကြောင်း ရန်ကုန်မြို့က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

“သူ့ကို အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ၁၀ နှစ်ချတယ်၊ လ၀က အရေးပေါ် ပြဋ္ဌာန်းချက် ဥပဒေပုဒ်မ ၁၃(၁) နဲ့ ၃ နှစ်ချတယ်၊ ဒီနေ့။ ချုပ်ရက် ခံစားခွင့်ပြုတယ်ဆိုတာ၊ အဲဒီမှာ ချုပ်ရက်ကို ခံစားခွင့်ပြုတဲ့ ဖမ်းတဲ့နေ့က ပေါ်လွင်တာကိုး။ ဖမ်းတဲ့နေ့က ပေါ်လွင် ထင်ရှားပြီး ချုပ်ရက်ကို ခံစားခွင့်ပြုတယ်ဆိုပြီး ဖော်ပြတယ်။ ဒါ နည်းနည်း ထူးခြားလာတာပေါ့လေ။ ပထမတုန်းက ရုံးတင်တဲ့ရက်ကို စပြီး ယူတာများတယ်။”

ကိုငွေစိုးလင်းထံကနေ ဗွီဒီယို ကင်မရာကို သိမ်းယူခဲ့ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်းကိုလည်း ဆက်ပြောပြပါတယ်။

“အဲဒီကောင်လေးက ဘယ်လိုဖြစ်တာလဲဆိုတော့ သူ ကျောက်မြောင်း အင်တာနက်ဆိုင်က အထွက်မှာ သူ့ကို ၀င်ဖမ်းတာပဲ။ သူက အခု စစ်တွေထောင်မှာ ကျနေတဲ့ အောင်အောင်ရဲ့ ညီလို့တော့ ပြောတယ်။ သူက ဒီဗွီဘီ သတင်းထောက်အဖြစ် ဆောင်ရွက်ပေးတယ် ဆိုတဲ့ဟာနဲ့ စွဲတာပဲ။ သူနဲ့အတူ တွဲစွဲတဲ့ ကောင်လေးတယောက် ရှိသေးတယ်။ နှစ်ယောက်အတူ စွဲတာ။ တယောက်ကိုတော့ ပြန်လွှတ်လိုက်တယ်။

“သူ့ကို ဒီဗွီဘီ သတင်းထောက် ဖြစ်တယ်ဆိုပြီး ကင်မရာတွေ ဘာတွေ သိမ်းသွားတယ်။ အဲဒါတွေ သက်သေခံ သွင်းတာပေါ့၊ တရားရုံးကို။ အဲဒါ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ ၁၀ နှစ်ချတာပေါ့။ နောက်တခါ ဟိုဘက်ကမ်းကို သွားဖူးတယ်ဆိုတဲ့ဟာနဲ့ အထောက်အထားလည်း မရှိဘဲနဲ့၊ ဘယ်တုန်းက သွားတာလဲဆိုတဲ့ အထောက်အထား တိတိကျကျ မရှိဘဲနဲ့ ၁၃(၁) အရ ၃ နှစ် ပြစ်ဒဏ်ပေးတာပဲ။”

ကိုငွေစိုးလင်းကို ရန်ကုန် အနောက်ပိုင်းခရိုင် အင်းစိန် သီးသန့်ရုံးကနေ ရဲမှူးဝင်းကြည်က တရားစွဲတာ ဖြစ်ပါတယ်။ အခုဆိုရင် သတင်းသမားတွေကို စွဲချက်တွေတင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းမှာပဲ ဒီမိုကရက်တစ် မြန်မာ့အသံက သတင်းထောက် မလှလှဝင်းကိုလည်း နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလက ဖမ်းဆီးခံရတဲ့ သတင်းသမား တဦးကိုလည်း အိုးဘိုထောင် ကြိုးတိုက်မှာ ထားပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားတာလည်း ဖြစ်ပါတယ်။

အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းကို နေအိမ်မငှားရန် ဖိအားပေး

ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင် ရပ်တည်ချက်


တပ်မတော်သားတွေ လေးစားချစ်ခင် အားကိုးယုံကြည်ကြတဲ့
ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးနဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေးအစ ရွှေဂုံတိုင်ရပ်တည်ချက်

မောင်ခင်အေးတင့် (မဒေါက်) | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၀ မိနစ်



လွန်ခဲ့သည့် ၁၅ နှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဦးတင်ဦး။
ယခုအခါ ၎င်းတို့ ၂ ဦးစလုံး ထိန်းသိမ်းခံနေရသည်။


အန်အယ်ဒီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးဟာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆို နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ နအဖ က နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၁ဝ)(ခ) နဲ့ မတရားအပြစ်ပေး အရေးယူခံထားရတာ ဖြစ်ပါတယ်။
ယင်းဥပဒေအရ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၆ နှစ်သာ သတ်မှတ်နိုင်တာကြောင့် ရှေ့လမှာ လွှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နအဖ စစ်ကောင်စီဟာ တရားဥပဒေအတိုင်း လိုက်နာလုပ်ဆောင်လေ့ မရှိတာကြောင့် အမှန်တကယ် တရားဥပဒေအတိုင်း ပြန်လည်လွတ်မြောက်မယ်၊ မလွတ်မြောက်ဘူးဆိုတာ တပ်အပ်သေချာ ပြောလို့မရပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တုန်းကလည်း လွတ်ရက်စေ့ပြီဖြစ်ပေမယ့် ယက်တောအမှုဖြင့် အကွက်ဆင် စွဲချက်တင် ထပ်မံ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းက လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်တဲ့အတွက် အခုတခါ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ လွှတ်မလွှတ်ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ်မှာ မူတည်နေပါတယ်။

အဲဒါကိုက တရားဥပဒေအပေါ်မှာ စစ်ကောင်စီ ရှိနေတယ်ဆိုတာ အထင်းသား ပေါ်နေပါတယ်။ သူတို့ပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ သူတို့စစ်အုပ်စုဝင် စစ်ကောင်စီဝင်တွေနဲ့မဆိုင်ဘဲ ကျန်တဲ့ လူမျိုးစုံတိုင်းရင်းသား ပြည်သူတရပ်လုံးနဲ့သာ သက်ဆိုင်သလို ဖြစ်နေပါတယ်။ ၅၈ သန်းသော ပြည်သူတွေကသာ တရားဥပဒေကို မဖြစ်မနေ လိုက်နာဖို့လိုပြီး မလိုက်နာရင် အပြစ်ပေး အရေးယူခြင်း ခံရမယ် ဖြစ်ပြီးတော့ကာ သူတို့အနေနဲ့တော့ လိုက်နာစရာ အကြောင်းမရှိဘူးဆိုတဲ့ သဘောပါ။ အတော်ခံပြင်းစရာ ကောင်းလှပါတယ်။

၂ဝဝ၃ ခုနှစ် မေလက ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အဖွဲ့ချုပ် မော်တော်ယာဉ်တန်းကို ဒီပဲယင်းမြို့ ကျည်ရွာအနီးမှာ အင်အား ၅ဝဝဝ ခန့်ရှိတဲ့ လူအုပ်ကြီးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကို ခံခဲ့ရပြီး အဲဒီအချိန်ကတည်းက နအဖရဲ့ ထိန်းသိမ်းထားခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်သတ်ဖြတ်မှုကြီးဟာ နိုင်ငံတော်က ကြိုးကိုင်စီစဉ်တဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးအဖြစ် ကမ္ဘာသိ ထင်ရှားကျော်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး ဦးတင်ဦးကိုတော့ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ကို ပို့ဆောင်ချုပ်နှောင်ထားခဲ့ပါတယ်။ ကလေးမြို့အကျဉ်းထောင်မှာ ၉ လနေခဲ့ရပြီး ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ ရန်ကုန်မြို့နေအိမ်မှာ အကျယ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင်ထားခဲ့ပါတယ်။ အန်အယ်လ်ဒီ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးဟာ အသက် ၈၃ နှစ် ရှိနေပြီဖြစ်ပါတယ်။

ဗမာ့တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး တာဝန်ထမ်းဆောင်စဉ် ကာလတလျှောက် တပ်မတော်သားအများရဲ့ လေးစားချစ်ခင် ကြောက်ရွံ့ခြင်းကို ရယူခံစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ကျနော် ကြားဖူးတာ ပြောရရင် ဗိုလ်ချုပ်ကြီးဦးတင်ဦးဟာ သူတာဝန် ထမ်းဆောင်နေစဉ် ကာလတွေအတွင်း တာဝန်ကျရာဒေသ ဒါမှမဟုတ်ရင်လည်း တာဝန်အရ ခရီးထွက်ခွာ ညအိပ်ရပ်နားရာ ဒေသတွေမှာ ရှိတဲ့တပ်တွေကို ရောက်ရင် အရင်ဆုံး တပ်စားဖိုဆောင်ကို သွားရောက်ပြီး ဟင်းအိုးတွေကို လိုက်လှန်ကြည့်တယ်၊ ချက်ထားတဲ့ ဟင်းပုံစံက ရဲဘော်တွေအတွက် အာဟာရဖြစ်မဖြစ်၊ သန့်ရှင်းမှု ရှိမရှိ၊ သတ်မှတ်ထားတဲ့အတိုင်း စကေး အတိအကျနဲ့ ချက်မချက် စစ်ဆေးတယ်၊ ပြီးရင် ရဲဘော်တွေနဲ့ လက်ရည်တပြင်တည်း ထိုင်စားတယ်လို့ ကြားဖူးပါတယ်။ သူ့အတွက် သီးသန့် လုပ်ပေးခိုင်းတာမျိုးမရှိဘဲ ကိုယ်တိုင် ထမင်းပန်းကန်ပြားဆွဲ၊ သူများနည်းတူ စကေးအတိုင်း အတူစားတယ်လို့ အတုယူအားကျဖွယ် မှတ်သားကြားနာဖူးပါတယ်။

သူပြောတာက ရဲဘော်တွေက တကယ်တမ်း အပင်ပန်းခံ၊ အဆင်းရဲခံ၊ ခြင်ကိုက်ဖြုတ်ကိုက်ခံပြီး နိုင်ငံတော် လုံခြုံရေးအတွက် သက်စွန့်ဆံဖျား အမှုထမ်းနေရတာဖြစ်လို့ သူတို့တွေအတွက် အစားအသောက် အချက်အပြုတ်ဟာ အင်မတန် အရေးကြီးတယ်။ အားရှိဖို့ အာဟာရဖြစ်ဖို့လိုတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့လိုတယ်၊ ကောင်းကောင်းမွန်မွန် ချက်ကျွေးကြဖို့ မှာလေ့ရှိတယ်ဆိုတာ ကြားဖူးပါတယ်။

ဒါကြောင့်လည်း ရောက်လေရာတိုင်းမှာ ဟိုးအောက်ခြေကအစ တပ်မှူးတပ်သား အကြပ်စစ်သည်တိုင်းက ဗိုလ်ချုပ်ကြီးတင်ဦးကို လေးစားချစ်ခင် ကြောက်ရွံ့ကြတာ ဖြစ်ပါလိမ့်မယ်။ ရဲဘော်တွေရဲ့ ဘဝကို သဘောပေါက် နားလည်တဲ့ တကယ့် စစ်သားကောင်းပီသလွန်းတဲ့ စစ်သားကြီးတယောက် ဖြစ်ပါတယ်။

ဒီလိုမျိုး တပ်မတော်သားအများက လေးစားချစ်ခင်ကြည်ညိုတဲ့ စစ်သားကောင်းကြီး ဗိုလ်ချုပ်ကြီးတင်ဦးဟာ အခုတော့ နေအိမ်မှာ အကျယ်ချုပ်ချခံထားရတာ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဆို ၆ နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။ စီရင်ချက်ပြစ်ဒဏ်လည်း ပြည့်သွားပြီဖြစ်လို့ လွှတ်ပေးဖို့သာ ရှိပါတော့တယ်။ တရားဥပဒေကြောင်းအရဆို လွှတ်ကို လွှတ်ပေးရမှာပါ။ မလွတ်စရာအကြောင်းလည်း ဘာမှမရှိပါဘူး။ မလွှတ်ပေးဘူးဆိုရင် ဥပဒေချိုးဖောက်ရာ ကျမှာပါ။ နိုင်ငံတော်ကိုယ်တိုင်က တရားဥပဒေကို ချိုးဖောက်ရာ၊ မလိုက်နာရာ ရောက်ပါတယ်။

ဒါပေမဲ့ လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာက နအဖဥက္ကဋ္ဌကြီး သဘောအတိုင်း ဖြစ်နေပါတယ်။ ဒီလိုဆိုရင် နအဖဥက္ကဋ္ဌကြီးက ဥပဒေရဲ့ အထက်မှာ ရှိနေလို့ပေါ့။ သူသဘောတူရင် လွှတ်၊ သူသဘောမတူရင် မလွှတ်နဲ့ အပြစ်ရှိရှိ မရှိရှိ။ သက်ဦးဆံပိုင်ဘုရင်ကြီးလို ဖြစ်နေတာပေါ့။ ဘာကြောင့်များ မလွှတ်ရဲဖြစ်နေရတာလည်း မသိ။ ဒီနှစ် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ဗိုလ်ချုပ်မှူးကြီးက ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်အတွင်း ပြုလုပ်မယ်လို့ အတိအလင်း ပြောဆိုခဲ့တာကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ထပ်လောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်ပေးလိုက်ရင် သူတို့ရွေးကောက်ပွဲအတွက် တမျိုးတမည်ဖြစ်သွားမှာကို စိုးရိမ်ကြောက်လန့်တာလည်း ဖြစ်နိုင်သလို တပ်မတော်ရဲ့ အစဉ်အလာအတိုင်း ကိုယ့်ထက် ဝါစဉ်အရ သမ္ဘာစဉ်အရ မြင့်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးကို မျက်နှာချင်းမဆိုင်ဝံ့ ရင်မဆိုင်ရဲလို့လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး ကိုယ်ရည်ကိုယ်သွေးအရလည်း မယှဉ်နိုင် မယှဉ်ဝံ့တဲ့အတွက် ဒေါင်းယောင်ဆောင်တဲ့ကျီးလို သူတော်ကောင်းတွေကြား လူမိုက်နေလို့ မရသလိုမျိုး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အန်အယ်လ်ဒီဟာ ၁၉၉ဝ မေလရွေးကောက်ပွဲမှာကတည်းက ၈၂ % မဲအပြတ်အသတ်နဲ့ အနိုင်ရထားခဲ့ပေမယ်လို့ စစ်ကောင်စီက အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ အာဏာသိမ်းယူခဲ့တာ ကနေ့ထိတိုင် ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းပြီးနောက် ပြည်နယ်နဲ့တိုင်း အသီးသီးမှာရှိတဲ့ အန်အယ်လ်ဒီပါတီ အဖွဲ့ချုပ် မြို့နယ်ရုံးခွဲတွေ ချိတ်ပိတ်ခံခဲ့ရတာဖြစ်ပြီး ပါတီဝင်အများအပြားလည်း ထောင်ဒဏ်ကျခံနေရဆဲ ဖြစ်ပါတယ်။

နောက်တခုက မကြာသေးခင်ကလေးတင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါတီလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ဖို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ထပ်တိုးချဲ့ဖွဲ့စည်းလိုက်တာ အခုဆိုရင် စုစုပေါင်း စီအီးစီ ဦးရေ ၂ဝ တောင် ဖြစ်သွားပြီ မဟုတ်ပါလား။ နောက်ထပ် ၉ ဦးကို ထပ်တိုးချဲ့လိုက်တာပါ။ လတ်တလော အန်အယ်လ်ဒီ ပါတီကလည်း အကျဉ်းအကျပ်ကြားထဲက အတော်လေး လှုပ်ရှားလာပါတယ်။ ဖမ်းကာမှ ဖမ်းရော လုပ်ရမယ့်၊ လုပ်သင့်တဲ့ ကိစ္စတွေကိုတော့ လုပ်ရမှာပဲဆိုတဲ့အသိ ပိုမိုနိုးကြားလာတာဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကဆုပ်ကိုင်ထားတဲ့ မကြောက်တရားစိတ်ဓာတ် ပိုမိုအသက်ဝင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။

လူငယ်လုပ်ငန်းအဖွဲ့တွေ ပြင်ဆင်တိုးချဲ့ဖွဲ့စည်း တာဝန်ပေးတာ၊ ပြည်နယ်နဲ့တိုင်း အမျိုးသမီးအဖွဲ့တွေ တွေဆုံဆွေးနွေးကြတာ၊ စီအီးစီ တိုးချဲ့ဖွဲ့စည်းပြီးနောက်မှ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့အဖွဲ့ကို ခရီးသွားခွင့်ပြုတာ တနည်း ဒီချုပ်အဖွဲ့ဝင်တွေနဲ့ရော၊ ပြည်သူလူထုတွေနဲ့ရော စကားပြောဆို မေးမြန်းတင်ပြ၊ ပြန်လည်ဖြေကြား ရှင်းလင်းနိုင်ခဲ့တာတွေဟာ ဘုရားလည်းဖူး လိပ်ဥလည်းတူးခွင့်အဖြစ် အမိအရ အသုံးချလိုက်နိုင်တာ ဖြစ်ပါတယ်။ လက်ရှိအနေအထားတွေကို ချပြရှင်းလင်းတဲ့ စည်းရုံးရေးခရီးစဉ်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။

တဖန် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အန်အယ်လ်ဒီက အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လွှတ်ပေးဖို့၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်များကို ပြင်ဆင်ပေးဖို့၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး နိုင်ငံတကာ စောင့်ကြပ်လေ့လာမှုများကို ခွင့်ပြုဖို့ နအဖထံ တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောခဲ့ပါက အန်အယ်လ်ဒီ အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လေ့လာပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားမယ်လို့ တောင်းဆိုရေးသား ဖော်ပြထားတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းကို ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ် ဧပြီလတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ထွက်လာမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်နည်းဥပဒေတို့၊ ကော်မရှင်ဥပဒေတို့၊ ရွေးကောက်ပွဲဥပဒေတို့ အပေါ်မှာလည်း ပါတီအနေနဲ့ ကြည့်ရဦးမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ စီအီးစီ အားလုံးနဲ့ မျက်နှာစုံညီ တွေ့ဆုံခွင့်ရရှိရေးကို နအဖက ခွင့်ပြု၊ မပြုပေါ်မှာလည်း မူတည်ပါတယ်လို့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက မကြာသေးခင်လေးက ပြောကြားခဲ့တာလည်း ရှိပါတယ်။ လောလောဆယ်တော့ ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာပဲ ဆက်လက်ကိုင်စွဲ ရပ်တည်သွားရဦးမယ့် အနေအထားပါ။

နောက် ထူးခြားတယ်လို့ ထင်စရာရှိတာက နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဒီနှစ် ၂ဝ၁ဝ မှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒုတိယစာ ပေးပို့ပြီးနောက် ဦးအောင်ကြည်နဲ့ ဒုတိယအကြိမ် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ပထမအကြိမ် တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အသက်အရွယ်ကြီးရင့်လို့ နေအိမ်မှာ နေနေကြရတဲ့ အဖွဲ့ချုပ်ခေါင်းဆောင် ၃ ဦးတို့ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ အခုနှစ် ဒုတိယအကြိမ် တွေ့ဆုံအပြီး နှစ်ရက်အကြာ ဇန်နဝါရီလ ၁၇ ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ညီလာခံတခုမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကတ်ဆူတာအိုကားဒါးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရဝန်ကြီး ဦးဥာဏ်ဝင်းက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း ဂျပန်အစိုးရ နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံမှုရဲ့ အကြောင်းရင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းရဲ့ မှတ်ချက်နဲ့ စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်အမှု ပြင်ဆင်ချက်ကိစ္စ စတဲ့ ကိစ္စရပ်တွေဟာ လတ်တလော မြန်မာ့နိုင်ငံရေးအခြေအနေမှာ သို့လောသို့လော ဖြစ်နေရတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

ဒီကာလအတွင်းမှာပဲ ဇန်နဝါရီလ ၁၉ ရက် အင်္ဂါနေ့က ဝါရှင်တန်ဒီစီ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ပ်ကမ်းဘဲလ်က စစ်အစိုးရ အဆင့်မြင့်အရာရှိပိုင်းနဲ့ အမေရိကန် အစိုးရအရာရှိပိုင်းတို့ မကြာခင်မှာ တွေ့ဆုံမယ့်အကြောင်း ပြောကြားလိုက်သလို ဦးအောင်ကြည်နဲ့ တွေ့ဆုံမှုကိုလည်း တိုးတက်မှုတွေအဖြစ် သုံးသပ်ပြောကြားထားပါတယ်။ မြန်မာ့အရေး လေ့လာနေသူတွေကတော့ လောလောဆယ် အခြေအနေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အရေးအတွက် ပါးပါးနပ်နပ် ကိုင်တွယ်ဖို့လိုအပ်တဲ့ အရေးကြီးတဲ့ ကာလပါလို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်ကော ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကိုပါ လွှတ်ပေးမှာပါလို့ နှုတ်ကတိပေး ပြောခဲ့ရာမှာ ဦးတင်ဦးကိုတော့ အရင်ပြန်လွှတ်ပေးမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လာမယ့် နိုဝင်ဘာလမှာ လွှတ်ပေးပါမယ်လို့ ပြောခဲ့ပါတယ်။ တရားဝင် ကြေညာချက်မျိုး၊ တရားဝင် အကြောင်းကြားတာမျိုး မရှိသေးတဲ့အတွက် အတည်ပြု၍ မရသေးပါ။ ဗိုလ်ချုပ်မောင်ဦးဟာ အရင်တခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၃ နှစ် ချလိုက်တုန်းက ၁၈ လ ၁ နှစ်ခွဲသာ ကျခံရမယ်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့ အမိန့်စာကို ကိုယ်တိုင်လာရောက် ဖတ်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ ပြောကြားချက် နှုတ်ကတိတွေဟာ ဘယ်လောက်မှန်ကန် တိကျမယ်ဆိုတာ သေချာတပ်အပ် ပြောဖို့ရာကတော့ သိကြတဲ့အတိုင်း အရင်က စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် မှန်းဆတွက်ချက်လို့ ရနိုင်မယ် ထင်ပါတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းတုန်းကလည်း ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ ဘယ်သူမှ ဥပဒေရဲ့ အထက်မှာ မရှိစေရဘူးလို့ ဒီလိုပြောခဲ့ပြီး နောက်တော့ လုပ်ချင်သလို လုပ်တာပါပဲ။ စစ်အာဏာရှင်စနစ်မှာ ထိပ်ဆုံးအာဏာအရှိဆုံး ပုဂ္ဂိုလ်က သူ့စိတ်အတိုင်း လုပ်ချင်သလို လုပ်ကြတာမျိုးပါ။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကို ပြန်လွှတ်ပေးလိုက်ရင် အန်အယ်လ်ဒီအတွက် ကြီးမားတဲ့ အင်အားတရပ်ဖြစ်သွားမှာ သေချာသလို ပြည်သူလူထု တရပ်လုံးအတွက်လည်း စိတ်ဓာတ် ခွန်အား သတ္တိကို တိုးပွားစေမှာ ဖြစ်ပါတယ်။

တပ်မတော်သားများအတွက်လည်း သူတို့ရဲ့ ယုံကြည်အားကိုးရာ တိုင်တည်ရာ ဗိုလ်ချုပ်ကြီးတဦး ပြန်လွတ်မြောက်လာတဲ့အတွက် အားတက်မိကြမှာ အမှန်ပါပဲ။ စစ်သားကောင်း ဗိုလ်ချုပ်ကြီးကို အားကိုးတကြီး မျှော်လင့်နေကြမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း တပ်မတော်ရေးရာ စစ်ဘက်နောက်ဆက်တွဲ ကိစ္စရပ်တွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ပါတယ်။ အထူးသဖြင့် တပ်မတော်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါအဝင် တပ်ရင်းလိုက် ထွက်ပြေးမှုတွေ၊ စစ်ဘက်ရေးရာ အရာရှိဟောင်းဖြစ်တဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ကိုသူရအောင်တို့ကို မတရားပြစ်ဒဏ်ချ သေဒဏ်ပေးလိုက်တာတွေ၊ အခုဆိုရင် ရဲဘက်ဝန်ထမ်းတွေပါ အစုလိုက် ထွက်ပြေးလာနေကြတာတွေဟာ အခြေခံစားဝတ်နေရေး မပြေလည်မှု၊ ဝင်ငွေထွက်ငွေ မညီမျှမှုနဲ့ တပ်မတော်သား အခွင့်အရေး လုံးဝဆုံးရှုံးနေမှု စတာတွေအပေါ် သည်းညည်းမခံနိုင်တော့ဘူး ဆိုတဲ့အချက်ကို မီးမောင်းထိုး ပြနေတာသာ ဖြစ်ပါတယ်။

ဒီလိုအနေအထားမှာ စစ်သားတွေရဲ့ ဘဝကို ကောင်းကောင်း နားလည်သဘောပေါက်ထားတဲ့ တပ်မတော်သားအများ ကြည်ညိုလေးစား ချစ်ခင်အားကိုးတဲ့ စစ်သားကောင်းကြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဦးတင်ဦးကို နအဖစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လွှတ်ပေးရဲပါ့မလားဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ အမှန်ကတော့ နဂိုကတည်းက မတရားဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် လွှတ်ကိုလွှတ်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်ပေးရင်လည်း ဘာမှကို အံ့သြစရာမရှိသလို ကျေးဇူးတင်စရာလည်း မလိုပါဘူး။

လက်ရှိ တပ်မတော်အတွင်းမှာ ဖြစ်ပွားနေတဲ့ သည်းညည်းမခံနိုင်မှုတွေက အချိန်မရွေး ထပေါက်ကွဲလာနိုင်တာကြောင့် ဗိုလ်ချုပ်ကြီးဦးတင်ဦးရဲ့ စစ်သားကောင်းပီသမှုတွေ၊ ရဲဘော်တွေအပေါ် ကိုယ်ချင်းစာနားလည်မှုတွေက ကြည်း ရေ လေ တပ်မတော်သားတွေကို ပြည်သူတွေဘက် ကူးပြောင်းရပ်တည်လာစေနိုင်သလို၊ အမိန့်နာခံမှု လျော့ကျလာပြီး ကြားနေရပ်တည်မယ့် အနေအထားမျိုးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ဟာ မြန်မာ့တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၉၅ နှစ် ပြည့်မယ့် မွေးနေ့ဖြစ်သလို အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ မတရားပြစ်ဒဏ်ချ သက်တမ်း ၆ နှစ် ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တပ်မတော်သားအားလုံးကို ပြည်သူဘက်ကို မျက်နှာမူ ကူးပြောင်းရပ်တည်ကြဖို့ အချိန်တန်ပြီဖြစ်ကြောင်း ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ဖို့ ထပ်မံပြောကြားလိုက်ပါရစေ။

အဲဒီတော့ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လွှတ်ပေးမယ်၊ မလွှတ်ပေးဘူးဆိုတာ ကျနော်တို့ ကြည်း ရေ လေ တပ်မတော်သားအားလုံးနဲ့ ပြည်သူလူထုတရပ်လုံးက နားစွင့်ထားကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ကြေညာချက်ကို အားမာန်အပြည့်နဲ့ ဝန်းရံအားဖြည့်ပေးပြီးတော့ကာ မကြောက်တရားကို ကိုင်စွဲလို့ တိုက်ပွဲဝင်ပေးဆပ်ရန် အဆင်သင့်ပြင်ထားကြဖို့သာရှိကြောင်း တိုက်တွန်းလှုံ့ဆော်လိုက်ရပါတယ်။

(၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်)

Wednesday, January 27, 2010

ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းများ

Su'Sspeech

ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦးရရှိ


စိုးမိုး/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ


ပြည်တွင်းသတင်းရယူမှုဖြင့် စစ်အစိုးရ၏ နှစ်ရှည် ထောင်ဒဏ်ချခံထားရသည့် သတင်းထောက် မလှလှဝင်းနှင့် ကိုဝင်းမော်တို့ (၂) ဦးကို ယမန်နေ့က ကင်ဂျိ နာဂါအိ အမှတ်တရဆု ရွေးချယ်ပေးအပ်လိုက်သည်။

၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရ သတ်ဖြတ်ခြင်းခံလိုက်ရသည့် ဂျပန်သတင်းထောက် မစ္စတာ ကင်ဂျိ နာဂါအိ အမှတ်တရအဖြစ် ဂျပန်အခြေစိုက် သတင်းဌာန အေပီအက်ဖ်နှင့် မြန်မာသတင်းသမဂ္ဂတို့ ပူးပေါင်းပြီး ယခုဆုကို ပေးအပ်ခြင်းဖြစ်သည်။

ဆုချီးမြှင့်ခြင်းခံရသူ သတင်းထောက် (၂) ဦးမှာ စစ်အစိုးရ အကျဉ်းထောင်ထဲတွင် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရဆဲဖြစ်သည်။

အသက် (၂၆) နှစ်အရွယ် သတင်းထောက် မလှလှဝင်းသည် ပခုက္ကူမြို့ သံဃာတော်များအား တွေ့ဆုံမေးမြန်း သတင်းရယူခဲ့ သောကြောင့် ပြီးခဲ့သည့် ၂၀၀၉ ဒီဇင်ဘာလတွင် စစ်အစိုးရ၏ ထောင်ဒဏ် (၂၇) နှစ် ချမှတ်ခြင်းခံရသည်။

ဗီဒီယိုနှင့် ဓာတ်ပုံသတင်းထောက် ကိုဝင်းမော်ကိုလည်း စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခဲ့သည်။

ဆုချီးမြှင့်ခံရသည့် မြန်မာသတင်းထောက် (၂) ဦး၏ လုပ်ငန်းစွမ်းဆောင်ချက်အပေါ် ဂုဏ်ယူပါကြောင်းနှင့် မိသားစုဝင်များ၏ ဒုက္ခကိုလည်း စာနာပါကြောင်း သေဆုံးသူ ဂျပန် သတင်းထောက် ကင်ဂျိ နာဂါအိ အလုပ်လုပ်ကိုင်ခဲ့သည့် ဂျပန်အခြေစိုက် အေပီအက်ဖ် သတင်းဌာနဥက္ကဋ္ဌက ပြောကြားသည်။

ကင်ဂျိ နာဂါအိ အမှတ်တရဆုကို ဂျပန်အခြေစိုက် အေပီအက်ဖ် သတင်းဌာနက ပေးအပ်ပြီး မြန်မာသတင်းသမဂ္ဂက ဆုချီးမြှင့်ရန် ရွေးချယ်ပေးခြင်းဖြစ်ကာ လာမည့် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် မြန်မာ့မီဒီယာညီလာခံတွင် ပေးအပ်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ ပစ်သတ်ခံရသည့် ကင်ဂျိ နာဂါအိ ကွယ်လွန်ခဲ့အပြီး တနှစ်အကြာတွင် မြန်မာသတင်းသမားများ အတွက် ရည်စူး၍ အမှတ်တရဆုကို အေပီအက်ဖ် သတင်းဌာနနှင့် မြန်မာသတင်းသမဂ္ဂတို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် ပေးအပ်သည့် ကင်ဂျိ နာဂါအိ အမှတ်တရဆုကို အမျိုးသမီးသတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့ပြီး ယခုဒုတိယ အကြိမ်တွင်လည်း မြန်မာအမျိုးသမီး သတင်းထောက်တဦး ထပ်မံရရှိခြင်းဖြစ်သည်။

အဆိုပါဆုကို ရည်စူးရာတွင် အကျဉ်းကျခံနေရသည့် သတင်းသမား၊ သတင်းထောက်များက ထိပ်ဆုံးမှပါရှိပြီး သတင်းယူရင်း အလုပ်ပြုတ်သွားသူများ၊ သတင်းဖော်ပြမှုကြောင့် စီးပွားရေးအရ အခက်အခဲဖြစ်သွားသူများ၊ သတင်းထောက်လိုင်စင် အပိတ်ခံရသူများ စသည်တို့ကို အစဉ်အလိုက် စီစဉ်ထားကြောင်း သိရသည်။

တရားရုံးက ဒေါ်အောင်ဆန်းစုကြည် အယူခံမှု ပြည်ထဲရေးဝန်ကြီး ကြိုတင်ဆုံးဖြတ်

26 January 2010


ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးနိုင်တယ်လို့ ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး ပြောဆိုလိုက်တာဟာ နေအိမ်အကျယ်ချုပ် သက်တမ်း တိုးထားတဲ့ ကာလအတွင်း ကောင်းကောင်းမွန်မွန် နေထိုင်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ စောပြီး လွှတ်ပေးနိုင်တယ်ဆိုတဲ့ အရင်က တရားရုံး ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်သလို ဖြစ်နေတဲ့အကြောင်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ လက်ရှိ တရားရုံးမှာ တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံမှုနဲ့ ပတ်သက်လို့ ပြည်ထဲရေး ၀န်ကြီးက ကြိုတင် ဆုံးဖြတ်ချက် ချလိုက်သလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ အကြောင်စုံကို မညိုညိုလွင်က တင်ပြထား

မန္တလေးတိုင်းအဖွဲ့ချုပ်ရဲ့ ခြေဆန့်လက်ဆန့် စည်းရုံးရေးခရီးစဉ်

Tuesday, January 26, 2010

လူထုဦးလှ ရာပြည့်အမှတ်တရ စာမျက်နှာ


လူထုဦးလှ
(၁၉ ဇန်နဝါရီ ၁၉၁၀ - ၇ သြဂုတ် ၁၉၈၂)


Wednesday, 20 January 2010 13:06 ရိုးမ ၃

အမှတ်တရသစ်ပင်၊ ကျောက်တုံးထဲမှာ အရုပ်ကရှိပြီးသား၊ ကျုပ်က မလိုတာ ခွာချပြီး အရုပ်ကို လှပ်ရုံပဲ။ မိုက်ကယ် အိန်ဂျလို ဒီလိုပဲ ဦးလှက လူငယ်တွေ ထင်ပေါ်အောင် ပွဲထုတ်ပေးခဲ့တယ်။

သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း





--------------------------------------------------------------------------------

လူထုဦးလှရဲ့ ဈာပနနေ့မှာ ကျွန်တော်တို့ မိသားစုက…. လူထုဘက်မှာ သစ္စာရှိရှိ ရပ်တည်ခဲ့လို့ သစ္စာပန်း။ လူထုဘက်က သတ္တိပြည့်ပြည့် ဆောင်ရွက်ခဲ့လို့ အနီရောင်။ သစ္စာပန်းအနီတွေ စုစည်းပြီး “လူထုချစ်သမျှ လူထုဦးလှ” စာတန်း။


တော်ဘုရားကလေး (အောင်ဇေ)




--------------------------------------------------------------------------------
ကိုလှရေ


ကိုလှ ဒုက္ခရောက်အောင် ကျွန်တော်လုပ်ခဲ့တဲ့ အပြစ်ဟာ မသေးပါဘူး။ အင်မတန် ကြီးမားပါတယ်။ ကျွန်တော် ဝမ်းနည်းပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။

မောင်နု





--------------------------------------------------------------------------------
ကိုလှက မြန်မာယဉ်ကျေးမှုတို့၊ သမိုင်းတို့ မြန်မာစာပေတို့မှာ ပြောင်မြောက်တယ်။ သူပြောင်မြောက်တဲ့ ဘဝမှာပဲ သူ့ကို ထားလိုက်ပါ။ သူ့ကို သွားပြီး မနှောင့်ယှက်ပါနဲ့။


သခင်သန်းထွန်း




--------------------------------------------------------------------------------
စာရေးမှ ကြိုက်တယ်

ဦးလေးက သူသာ အလုပ်နဲ့လက် မပြတ်အောင် လုပ်နေတာမဟုတ်ဘူး။ အနားရှိ လူအားလုံးကိုလည်း အလုပ်လုပ်ကြဖို့ အမြဲ နှိုးဆော်နေတာပါ။ ဒေါ်ဒေါ့်ကိုလည်း အမြဲတမ်း စာရေးနေမှ ဦးလေးက ကြိုက်တာ။ ဒေါ်ဒေါ် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်လို စာတွေ ရေးဖြစ်တာက ဦးလေးရဲ့ တိုက်တွန်းနှိုးဆော်မှုကြောင့်ပဲ ဖြစ်တယ်။ လူငယ်တွေဖြစ်တဲ့ တင်မိုးတို့၊ ကြည့်အောင်တို့ အင်းဝကိုလေးတို့ဆိုရင် ကဗျာတွေမရေးဖြစ်တာ ကြာသွားရင် ဦးလေးအခန်းထဲ မသွားကြဘူး။ ဒေါ်ဒေါ့် အခန်းထဲနဲ့ ကျွန်တော်တို့ အခန်းတွေထဲသာ လာအချိန်ဖြုန်းရဲကြတာ။ စာရေးဖို့ အမြဲလှုံ့ဆော်ပေမယ့် ဦးလေးက အကြောင်းအရာ မယ်မယ်ရရမရှိဘဲ စာဖြစ်ရင်ပြီးရော ရေးတာမျိုးကိုတော့ မကြိုက်ပါဘူး။


လူထုစိန်ဝင်း

ကိုဇာဂနာမွေးနေ့ပွဲ သီးလေးသီး ပြုလုပ်မည်


ကျော်ခ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၅၇ မိနစ် .
မဇ္ဈိမ (ချင်းမိုင်) ။ ။ အကျဉ်းကျနေသည့် နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာ၏ မနက်ဖြန် ကျရောက်မည့် ၄၉ နှစ်မြောက် မွေးနေ့တွင် “ဆေးရောင်စုံအငြိမ့်သဘင်” အဖွဲ့သားများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဆွမ်းကပ်ဆုတောင်းပွဲ ပြုလုပ်မည်ဟု သိရသည်။

မြန်မာနိုင်ငံနှင့် နယ်ချင်းကပ် ချင်းမိုင်မြို့ရှိ “ဝပ်ဆိုင်မွန်း” မြန်မာဘုန်းတော်ကြီးကျောင်း၌ လူရွှင်တော် ဂေါ်ဇီလာ ခေါင်းဆောင်သည့် သီးလေးသီး “ဆေးရောင်စုံ အငြိမ့်သဘင်” အဖွဲ့သားများက ကိုဇာဂနာ မွေးနေ့တွင် သံဃာတော်များကို ဆွမ်းကပ်၍ ဆုတောင်းပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

“ကျနော်တို့ ဆရာ ကိုဇာဂနာ အပါအဝင် ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက် အနစ်နာခံနေတဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး အချုပ်နှောင်ခံဘဝမှ အမြန်ဆုံး လွတ်မြောက်ပါစေဆိုပြီး မနက်ဖြန် ၁ဝ နာရီမှာ သီးလေးသီးအဖွဲ့သားတွေက ဆွမ်းကပ် ဆုတောင်းပွဲ လုပ်မှာပါ” ဟု အဖွဲ့ခေါင်းဆောင် လူရွှင်တော် ကိုဂေါ်ဇီလာက မဇ္ဈိမကို ပြောသည်။

၁၉၈၇ ခုနှစ်တွင် မြပုဏ္ဏမာအငြိမ့်ကို ကိုဇာဂနာ၊ အရိုင်းတို့က စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် ကင်းကောင်၊ ဖိုးဖြူ ၊ဌက်ပျောကြော်၊ ဂေါ်ဇီလာတို့ ပါဝင်လာခဲ့၍ အစိုးရအား ထောက်ပြသရော်သည့် ပြက်လုံးများ ရဲဝံ့စွာ ထုတ်ဖော် တင်ဆက်ခဲ့ကြသည်။

ထို့နောက် ၂ဝဝ၅ ခုနှစ်တွင် မြပုဏ္ဏမာ၏ မျိုးဆက်သစ်အဖြစ် သီးလေးသီး ဆေးရောင်စုံ အငြိမ့်သဘင်ကို စတင်၍ လက်ဆင့်ကမ်း ပွဲထုတ်ပေးခဲ့သည်။

“သီးလေးသီး” ကို ဂေါ်ဇီလာ၊ စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဇီးသီးနှင့် မင်းသမီး ချောစုမျိုး၊ မြစံပယ်ငုံတို့ဖြင့် ဖွဲ့စည်းထားပြီး ၂ဝဝ၈ ခုနှစ်မှ စတင်၍ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ လှည့်လည်ဖျော်ဖြေနေကြသည်။

နာမည်ကျော် စွယ်စုံ အနုပညာရှင် ဇာဂနာ (ကိုသူရ) သည် ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များကို ကူညီနေစဉ် ၂ဝဝ၈ ခုနှစ် ဇွန်လတွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ၌ အင်းစိန်ထောင်တွင်းခရိုင်တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ အပါအဝင် အမှုပေါင်း ၈ မှုဖြင့် စွဲဆိုကာ သူ့အား ထောင်ဒဏ် ၅၉ နှစ်ချမှတ်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တိုင်းတရားရုံးက အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃ ခုမှ တမှုလျှင် ၈ နှစ်စီဖြင့် ၂၄ နှစ် လျှော့ပေးခဲ့သဖြင့် ၃၅ နှစ်သာ ကျန်တော့သည်။

ကိုဇာဂနာသည် အပြင်၌ ရှိစဉ်ကလည်း မွေးနေ့အတွက် သံဃာတော်များအား ဆွမ်းကပ်လှူခြင်းသာ ပြုလုပ်လေ့ရှိကြောင်း ကိုဇာဂနာ၏ ခယ်မဖြစ်သူက ပြောသည်။

“ကျမတို့တော့ ထွေထွေထူးထူးတော့ မရှိဘူး။ သူလည်း မရှိတော့လေ။ အရင် သူရှိတုန်းကတော့ မနက်ပိုင်း ကုသိုလ်ကောင်းမှု လုပ်တတ်တယ်။ သံဃာတော်တွေကို ဆွမ်းကပ်တာပေါ့။ ပြီးရင် မိသားစုတွေ အကုန်လုံး ညနေစာ သွားစားကြတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထောင်တွင်း၌လည်း နိုင်ငံရေး အကျဉ်းသားများအနေဖြင့် မွေးနေ့ပွဲ ကျင်းပခွင့်မရဘဲ ကျင်းပကြောင်း သိရှိပါက “တိုက်ပိတ်” ခံရတတ်သဖြင့် တိတ်တဆိတ် လျှို့ဝှက်စွာ ပြုလုပ်ကြရကြောင်း သိရသည်။

မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့် ချုပ်နှောင်ခံထားရသူ ဦးရေ ၂၁၀၀ ကျော်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B က စာရင်းထုတ်ပြန်ထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ဒေါ်စုကို လွှတ်မည်ဆိုခြင်းမှာ တရားမဝင်ဟု အန်အယ်ဒီ ပြော

ဖနိဒါ | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၂ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ မြို့မိမြို့ဖများ၊ ကြံ့ဖွံ့များ၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တော်ခန်းမ (အားကစားခန်းမ) ၌ တွေ့ဆုံစဉ် ယင်းသို့ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အန်အယ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။

အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်ထံမှ သိရသည်။

“တပ်မတော်ဟာ ညစ်ပတ်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာမမက်ဘူး။ ဦးတင်ဦးကို အရင်လွှတ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ မြို့နယ်ခန်းမမှာ ပြောတာ။ ကျနော့်ကို ဝန်ထမ်းတွေထဲက ပြောပြတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် ရိုက်တာသတင်း တပုဒ်တွင်လည်း အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်ဟု မျက်မြင်များကို ကိုးကားဖော်ပြထားသည်။

လာမည့်လ ၁၃ ရက်နေ့တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္ဈိမကို ပြောသည်။

အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စည်းရုံးရေးခရီး လှည့်လည်စဉ် အထက်မြန်မာပြည် ဒီပဲယင်းမြို့၌ စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပေ။

(ကိုဝိုင်း တည်းဖြတ်သည်။)

Monday, January 25, 2010

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာတွင် လွတ်မည်ဟုဆို


Monday, 25 January 2010 14:18 ရန်ပိုင် .မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားကြောင်း ယနေ့ ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။


၂၀၀၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့က အမေရိကန်ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်တွင် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - AP)
ပြီးခဲ့သည့် ကြာသာပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ကျောက်ပန်းတောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးမြင့်လွင်က ပြောသည်။

“အခု လာနားထောင် နေတဲ့ သူတွေထဲမှာ NLD ပါဝင်ကောင်း ပါဝင်လိမ့်မယ်၊ နားထောင် သွားကြလို့ ပြောတယ်။ NLDက ရွေး ကောက်ပွဲ ၀င်ချင်လည်း ၀င်နိုင်တယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသည့် NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကိုလည်း လာမည့်ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဟု ပြောဆိုကြောင်း သိရသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုကြီး အပြီး အထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြားသွားသူလည်း ဖြစ်သည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်ကပြောသည်။

“မန္တလေးက ပြန်လာကတည်းကကြားတယ်၊ အပြစ်မရှိဘဲ ဖမ်းဆီးထားတဲ့သူကို လွှတ်ပေးတာဝမ်းသာတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မတိုင်မီ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လွှတ်ပေးရန်လိုအပ်ကြောင်း၊သို့သော် နိုဝင်ဘာလ ဆိုသည်မှာလည်း ရွေးကောက်ပွဲ ကျင်းပ ပြီးစီးသွားချိန်ဖြစ်မည်ဟု ထင်မြင်ကြောင်း ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ် သြဂုတ်လက နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထောအား လက်ခံထားသည့်အမှုဖြင့် နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ချမှတ်ထားခြင်းဖြစ်သည်။ အဆိုပါ နေအိမ် အကျယ်ချုပ်သက်တမ်းကို မေလမှ စတင်သတ်မှတ်ရာ နိုဝင်ဘာလတွင် သက်တမ်းပြည့်မည်ဖြစ်သည်။

မကြာသေးမီက ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာတွင် စစ်အစိုးရက ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပလိမ့် မည်ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်က လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။ မကြာသေးခင် ရက်ပိုင်းက ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ခံတွေနဲ့ တွေ့ဆုံစကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချူပ်ကြီးဟောင်း ဦးတင်ဦးတို့ကို အခုနှစ်ထဲမှာ ပြန်လည် လွှတ်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း မြို့ခံတဦးက အာအက်ဖ်အေကို ပြောပါတယ်၊၊


ကျောက်ပန်းတောင်းမြို့ခံ။ ။'အဲဒီမှာ တွေ့ဆုံပွဲ လုပ်သွားတယ်။ လုပ်သွားတော့ သူက ကျနော်တို့ တပ်မတော်အစိုးရ ဟာတဲ့ ညစ်ပတ်တဲ့အစိုးရ မဟုတ်ဘူး၊ အာဏာကို မက်တဲ့ အစိုးရ မဟုတ်ပါဘူးပေါ့။ အဲဒီလိုမျိုး သူက သြဝါဒ ပေးသွားတယ်။ ဗိုလ်ချုပ်မောင်ဦးကိုယ်တိုင်။ အခုတဲ့ ဒီထဲမှာ အဲင်အယ်လ်ဒီက လူတွေလည်း ပါကောင်းပါမယ်၊ အဲင်အယ်လ်ဒီ ထောက်ခံတဲ့လူလည်း ပါကောင်းပါမယ်၊ နားထောင်သွားကြပါတဲ့။ အဲဒီတော့တဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို၊ ဦးတင်ဦးကို အရင် လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပဲ ကျနော်တို့ လွှတ်ပါမယ်ပေါ့။ သူပြောတဲ့ စကားလုံးထဲမှာ နိုဝင်ဘာလ လောက်မှာ လွှတ်လိမ့်မယ်ဆိုတဲ့ ပုံစံမျိုး သူက ပြောသွားတယ်'။


ဗိုလ်ချုပ်မောင်ဦးဟာ ကျောက်ပန်းတောင်းမြို့ကို ဇန်နဝါရီလ ၂ဝ-၂၁ ရက်နေ့က လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကျောက်ပန်းတောင်းမြို့က မြို့မိမြို့ဖတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းဝင်တွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်၊၊ နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် မတိုင်ခင် အရင်လွှတ်ပေးမယ်လို့ ပြောခဲ့ပေမယ့် လွှတ်ပေးမယ့် လပိုင်း အတိအကျကိုတော့ ထုတ်ဖော် ပြောဆိုခဲ့တာ မရှိဘူးလို့ သိရပါတယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဝန်ကြီးကိုယ်တိုင် ပြောဆိုသွားတဲ့ သတင်းကို ကျောက်ပန်းတောင်းမြို့မှာ စိတ်ဝင်တစား ပြောဆိုမှုတွေ အတော်များတယ်လို့ စောစောက မြို့ခံက ပြောပါတယ်၊၊


ကျောက်ပန်းတောင်းမြို့ခံ။ ။'ဝန်ကြီးကိုယ်တိုင် ပြောသွားတယ်ဆိုတော့ အားလုံးက ဝမ်းသာအားရပေါ့။ ‘ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဦးတင်ဦးလည်း ပါတယ်လို့ပြောတယ်’။ အဲလိုမျိုးနဲ့ မြို့ကို ပြန့်သွားတာပေါ့လေ' ဗိုလ်ချုပ်မောင်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အမှု စီရင်ရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ကန့်သတ်မိန့်တွေကို တရားရုံးမှာ ကိုယ်တိုင် လာရောက် ဖတ်ကြားခဲ့တဲ့ စစ်အစိုးရ အဆင့်မြင့်အရာရှိတဦး ဖြစ်ပါတယ်။

ရင်းမြစ်. RFA