-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, April 8, 2010

အင်န်အယ်ဒီ၏ ပြည်သူသို့ ပြန်ကြားချက်သည် စစ်အစိုးရ၏ အနှစ် ၂၀ ကြာ မအောင်မြင်သောလမ်းစဉ်ကို ထင်ရှားစေပြီ

ကိုမိုက်ခဲစိန်
ဧပြီ ၇၊ ၂၀၁၀
ယမန်နေ့က ထုတ်ပြန်လိုက်သော အင်န်အယ်ဒီ၏ ပြန်ကြားချက်သည် ပြည်သူကို တောင်းပန်စာ သက်သက်သာမဟုတ်၊ လက်ရှိမြန်မာနိုင်ငံရေးအကြပ်အတည်း၏ ကြေညာချက်၊ ဝေဖန်ချက် စာတမ်းတခု ဖြစ်ပေသည်။
သာမန်အားဖြင့်ကြည့်လျင် အနှစ် ၂၀ လုံးလုံး စစ်အာဏာရှင်တို့၏ ဖိနှိပ် ဖမ်းဆီး နှိမ်နှင်းခြင်းတို့ကို ခါးစီး၊ ရင်စီးလျက် ခံယူပြီး တိုင်းပြည်၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် အစွမ်းကုန် သူတို့ စွန့်လွှတ် စွန့်စားခဲ့ကြပြီ။ ပြည်သူတို့နှင့်အတူ ရင်ကို မြေကတုတ်လုပ်၍ ခံယူတိုက်ပွဲဝင်ခဲ့ကြပြီ။ သို့သော်လည်း တဖက်သော စစ်အာဏာရှင်တို့၏ တဖက်သတ် ဖိနှိပ်ချေမှုန်းမှုတို့ကြောင့် အကျိုးမရှိခဲ့ရသည်ကို ပြည်သူ့လူထုအား ရှင်းပြတောင်းပန်စာ သက်သက်မျှသာ ထင်ပါက အမှားကြီး မှားပေလိမ့်မည်။
အမှန်တကယ်အားဖြင့် ဆိုရလျင်မူ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို လက်နက်ဖြင့် အကြမ်းဖက် အဓမ္မ သိမ်းပိုက်ခဲ့သော၊ ပြည်သူလူထုနှင့် ကျောင်းသားလူငယ်တို့၏ အသက်၊ ၀ိဉာဉ်၊ သွေးချွေးတို့ကို စစ်ဖိနပ်ဖြင့် နင်းခြေပြီး အာဏာပလ္လင်ပေါ်သို့ အတင်းတက် နေရာယူခဲ့သော စစ်အာဏာရှင်တို့၏ ထိုအချိန်က ကတိစကားဖြစ်သည့် ပါတီစုံရွေးကောက်ပွဲကြီးလုပ်ပေးမည်၊ ထိုရွေးကောက်ပွဲကြီးပြီးမြောက်ပါက တိုင်းပြည်အာဏာကို ပြည်သူတို့၏လွှတ်တော်ကို အပ်နှံပြီး စစ်တန်းလျားကို ပြန်ကြမည် ဆိုသော ကတိစကားကို လက်ခံယုံကြည်ပြီး စစ်အာဏာရှင်တို့ ခင်းသော ရွေးကောက်ပွဲဖြင့် ဖြေရှင်းကြမည်ဆိုသော လမ်းကြောင်းကို အနှစ် ၂၀ လုံးလုံး နှစ်နှစ်ကာကာဖြင့် ဦးနှောက်နှင့် အသည်းနှလုံးတွင် ပန်ဆင်ကြလျက် ကျောင်းသား၊ လူငယ်၊ ပြည်သူနှင့် နိုင်ငံရေးပါတီအသီးသီးတို့ သည်းခံ ကြိတ်မှိတ် အံကြိတ်ပြီင်္း လျောက်ခဲ့ကြသော ခလုတ်ကန်သင်း၊ ထောင်ခြောက်၊ အဆိပ်အတောက်တို့ဖြင့် ပြည့်စုံနေသော အနှစ် ၂၀ ကြာညောင်းခဲ့ပြီ ဖြစ်သော ငရဲလမ်းစဉ်မှ အင်န်အယ်ဒီပါတီကြီးနှင့် ခေါင်းဆောင်တို့က ရဲရင့်တည်ကြည်စွာ လမ်းခွဲစကား ဆိုလိုက်ခြင်းပင် ဖြစ်ပေတော့သည်။
၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့က ဆိုခဲ့သော ပေးအပ်ခဲ့သော ကတိစကားကို မတည်သော စစ်အာဏာရှင်တို့သည် နောင် အနှစ် ၂၀ ကျော် ကြာလတ်သောအခါတွင်လည်း ထပ်မံပြီး ကတိစကားကို ပေးကြပြန်လေပြီ။ ၂၀၁၀ တွင် ရွေးကောက်ပွဲလုပ်ပေးဦးမည်။ ပြည်သူ့လွှတ်တော်တွင် ဖြေရှင်းကြပေဦးမည် ဆိုလာပြန်လေသောအခါ အတိတ်က လျောက်ခဲ့ပြီးခဲ့ပြီဖြစ်သော ငရဲလမ်းစဉ်ကို မေ့လျော့သော မောဟအတိဖုံးကြကုန်လျက် နောင် သံသရာမဆုံးတော့မည့် ငရဲလမ်း အမှောင်တိုက်ထဲသို့ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်တို့ကို ဆက်လက်တွန်းပို့ကြဦးတော့မည်လော။ ယခုအချိန်သည် စစ်အာဏာရှင်တို့ လှည့်စား အကောက်ကြံထားပြီးဖြစ်သည့် ငရဲလမ်းစဉ်မှ လမ်းခွဲကြရုံမှ တပါး အခြားမရှိတော့ပြီ ဖြစ်ကြောင်း အင်န်အယ်ဒီပါတီက နိုင်ငံရေးဉာဏ်အလင်းသစ် ပေးလိုက်ခြင်းသာ ဖြစ်တော့၏။
စစ်အာဏာရှင်တို့၏ ကတိစကား၊ သီလနှင့် သစ္စာ မတည်ကြည်မှု၊ ဖောက်ပြန်မှုတို့၏ သက်သေကို ထင်ရှားစေပြီးသည့်နောက်တွင် စစ်အာဏာရှင်တို့၏ ရွေးကောက်ပွဲသည် ယုံကြည်စရာ မဟုတ်တော့။ စစ်အာဏာရှင်တို့သည် တိုင်းပြည်၏ အနာဂတ်ကောင်းကျိုးကို ထမ်းဆောင်နိုင်သည့် အစိုးရဟူသော ဂုဏ်ရည်သိက္ခာနှင့် မညီညွတ်တော့ပြီ ဖြစ်ကြောင်းလည်း ထင်ရှားစေပြီ ဖြစ်ပါသည်။
ဒီမိုကရေစီကို လိုလားသော မြန်မာပြည်သူလူထုနှင့်တကွ နိုင်ငံတကာမိသားစုများကို လွန်ခဲ့သော အနှစ် ၂၀ ကျော်က ရွေးကောက်ပွဲလမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ အဖြေရှာကြမည်ဟု မျက်နှာချိုသွေးပြီး အချုပ်အခြာအာဏာနေရာကို အယုံသွင်းရယူခဲ့သော စစ်အာဏာရှင်တို့၏ တရားဝင်ဖြစ်တည်မှုသည် ယနေ့ အင်န်အယ်ဒီပါတီဝင်များ၊ ပါတီ၏ ခေါင်းဆောင်များ၏ တညီတညွတ်တည်း လက်တွဲဖြုတ်မှု၏ အောက်တွင် မည်သို့သော ဆင်ခြေများ၊ ငြင်းခုန်မှုများ၊ မျက်ရည်ခံထိုး ဖြေရှင်းမှုများနှင့် ဆက်လက်ခရီးဆက်ကြမည်နည်း။
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် သာတူညီမျှ ယှဉ်တွဲနေထိုင်ရေးကို မျှော်လင့်ယုံကြည်သူများနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ဆောင်ရွက်လိုသူများအနေနှင့် စစ်အာဏာရှင်များနှင့် ၎င်း၏ ငရဲလမ်းစဉ်မှ လက်တွဲဖြုတ်ကြပြီး အင်န်အယ်ဒီ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ သပိတ်မှောက် သံဃာတော်များနှင့် အပြည့်အ၀ထောက်ခံ လက်တွဲ အားပေးသွားကြဖို့သာ အထင်ရှားဆုံး လမ်းဖြစ်တော့သည်။
ယခုကဲ့သို့ စစ်အာဏာရှင်၏ ငရဲလမ်းမှ ခွဲထွက်ဝံ့သူ အင်န်အယ်ဒီကို မိမိတို့ ဂုဏ်ယူစွာဖြင့် ဆက်လက်ထောက်ခံလက်တွဲသွားမည် ဖြစ်ကြောင်း ကတိစကားပြောကြယုံသာ။ တောင်းပန်စကား ဆိုနေစရာ မလိုပါ။ အင်န်အယ်ဒီသည် ခရီးမတ်တပ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင်ခွာ သွားခဲ့ရသူ မဟုတ်၊ ပြည်သူလူထုနှင့်အတူ ဒီမိုကရေစီရေးလမ်မှန်ကို ဆက်လျောက်နေဦးမှာ ဖြစ်သမျှ တောင်းပန်စရာ မလိုပါ။
© 2010 MoeMaKa Radio & Multimedia

No comments: