-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, April 4, 2010

ထိုင်းနိုင်ငံက မြန်မာစစ်အစိုးရကို ဖိအားပေးမည်

NEJ/ ၂ ဧပြီ ၂ဝ၁ဝ


မြန်မာနိုင်ငံ၌ ပြုလုပ်မည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးအတိုက်အခံအားလုံးနှင့် တိုင်းရင်းသားလူမျိုးစုများကိုပါ ပါဝင်ခွင့်ပေးရေးအတွက် ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်အစိုးရအား ဖိအားပေးပြောဆိုသွားမည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံမှ ရွေးကောက်ပွဲတွင် ပါဝင်သင့်သူအားလုံး ပါဝင်နိုင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတို့အတွက် စိုးရိမ်ပူပန်ဖြစ်မိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ဖိရုန်က အေပီသတင်းဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်မတ် (၂၃) ရက်တွင် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နအဖ၏ မတရားသည့် ဥပဒေဖြင့် မှတ်ပုံတင်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။



မတ် (၂၉) ရက်တွင် အန်အယ်လ်ဒီပါတီက နအဖထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု မရှိသဖြင့် ပါတီကို ထပ်မံမှတ်ပုံတင်တော့မည် မဟုတ်ကြောင်း ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။

ယင်းဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ်က အန်အယ်လ်ဒီအနေဖြင့် ၎င်းတို့ကိစ္စကို ကိုယ်ပိုင်ဆုံးဖြတ် ရွေးချယ်ပိုင်ခွင့်ရှိကြောင်း၊ “ဒီလိုဆုံးဖြတ်တာကို ကျနော် ဂုဏ်ယူလေးစားပါတယ်” ဟု ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

စစ်အစိုးရက ခွဲခြားကန့်သတ်ချက်များပါသည့် ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ခဲ့ပြီးသည့်နောက် ယခုကဲ့သို့ အန်အယ်လ်ဒီက ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေသည် စစ်ခေါင်းဆောင်များအတွက်သာ လွတ်ငြိမ်းချမ်းသာခွင့် ပေးထားပြီး ကျန်သည့် နိုင်ငံရေးအတိုက်အခံများအတွက်မူ ထည့်သွင်းမထားသည့်အတွက် ဥပဒေကို အညီအမျှ ထုတ်ပြန်သင့်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံရေးအရကြည့်မည်ဆိုပါက နိုင်ငံရေးဖြစ်စဉ်တခုတွင် မြန်မာ့လူမှုအသိုင်းအ၀ိုင်းအားလုံး ပါဝင်နိုင်ခွင့်ရှိစေရန် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးရမည်ဖြစ်သည်ဟုလည်း မစ္စတာကဆစ်က ပြောကြားလိုက်သည်။

မဲခေါင်မြစ်ဝှမ်းဒေသဆိုင်ရာ ကော်မရှင်အဖွဲ့၏ (၂) ရက်ကြာ အစည်းအဝေးသို့ တက်ရောက်ရန်ရှိသည့် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် ရွေးကောက်ပွဲ၌ အားလုံးပါဝင်နိုင်ရေးကိစ္စကို ထိုင်းနိုင်ငံအနေဖြင့် တင်ပြဆွေးနွေးမည်ဟု သိရသည်။

အဆိုပါကိစ္စကို ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တော်တွင် ရှေ့လာမည့်ဗုဒ္ဓဟူးနေ့၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က မြန်မာစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် တင်ပြမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားကြောင်း သိရသည်။

မတ်လ (၃၀) ရက်နေ့က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာတီ နာတာလီဂါဝါကလည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲသည် တရားမျှတ လွတ်လပ်ပြီး ပါဝင်သင့်သူအားလုံး ပါဝင်သည့် ရွေးကောက်ပွဲဖြစ်စေလိုကြောင်း မြန်မာနိုင်ငံမှ မထွက်ခွာခင် သတင်းထောက်များနှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

“ဒီစကားလုံးတွေက ကျနော်ပြောကြားတဲ့စကားလုံးတွေ မဟုတ်ပါဘူး။ ဒါတွေဟာ မြန်မာအစိုးရကိုယ်တိုင်က ပြောကြားခဲ့တာပါ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ဖော်ပြချက်များသည် စစ်မှန်သည့် ဒီမိုကရေစီနည်းကျကျ ပြုလုပ်သည့် ရွေးကောက်ပွဲများအတွက် လုပ်ဆောင်ရမည့် အလွန်အရေးကြီးသည့် အချက်များဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှ ရွေးကောက်ပွဲအတွေ့အကြုံများအရ သိရှိသည့်အချက်မှာ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်သင့်သူများအားလုံး ပါဝင်ရမည်ဖြစ်ပြီး မည်သူကိုမျှ ဘေးဖယ်မထားသင့်ကြောင်း သတင်းထောက်များကို အင်ဒိုနီးရှားနိုင်ငံကြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။


::: Copyright © 2004 The New Era Journal :::

No comments: