-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, April 17, 2010

စံမောင်၏ တစ္ဆေ



Written by ကြူးနစ်
Thursday, 01 April 2010 03:59


လူတစ်ယောက် ဒုက္ခပေါင်းစုံ၊ ပြဿနာ အထွေထွေ၊ အကျပ်အတည်း များစွာ၊ ၀ိုင်းရံလျက် ထောင့်ကျဉ်း တစ်ခုထဲမှာ ပိတ်မိနေပြီ ဆိုပါစို့။ သူဘာလုပ် မည်နည်း။ သူသည် စိတ်မာန်လျှော့၊ ယောနိသော မနုသီကာရ အသင့်အတင့် နှလုံးသွင်းကာ ကံသာ အမိ ကံသာအဖ ကံစီမံရာ အတိုင်း ရှိစေတော့ဟူ၍ ငုတ်တုတ်မေ့နေခဲ့ပါသည်။ သူသည် ကံကြမ္မာနှင့် လောကဓံဆိုးတွေကို ရင်ဆိုင် အန်တုရန် သတ္တလောကထဲသို့ မျက်ကန်း တစ္ဆေ မကြောက်လှမ်းလျှောက်တိုးဝင်လာသူ ဖြစ်၏။ သူသည် ဒိဋ္ဌတွေ့ကြုံနေရသော အခက်အခဲကြားထဲမှ လွတ်မြောက်ရာ လမ်းပေါက်ကို အစွမ်းကုန် အသည်းအသန် ရှာကြံပေလိမ့်မည်။ ထွက်ပေါက်ကို ရှာဖွေရင်း သူသည် သွေးရူးသွေးတန်း ဖြစ်သွားနိုင်သည်။ သူသည် အတားအဆီးများကို ဖြိုဖျက်ပစ်မည် ဖြစ်သလို၊ အတားအဆီး မဟုတ်သော အရာများကိုလည်း အဓိပ္ပာယ်မဲ့၊ အကျိုးစီးပွားမဲ့ ပရမ်းပတာ ဖျက်ဆီးနင်းချေ ပစ်နိုင်သည်။ သူ၏ ရုန်းကန် လှုပ်ရှားမှုမှာ မှန်ခြင်း၊ မှားခြင်းနှင့် မသက်ဆိုင်ပေ။ သူ၏ လွတ်လမ်းရှာဖွေမှုမှာ အမှန်အမှား စည်းဘောင် အပြင်ဘက်မှာ ရောက်နေသည်။ “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဟူသော ဆိုရိုးစကား ရှိခဲ့သည် မဟုတ်ပါလော။ “ကြက်ဥကြော် စားလိုပါက ကြက်ဥကို မဖြစ်မနေ ဖော်ခွဲပစ်ရမည်” ဟု အင်္ဂလိပ် အဆိုအမိန့် တစ်ခုလည်း ရှိ၏။ ချောင်ပိတ်မိနေသူ တစ်ဦးအဖို့၊ ဘယ်နည်းကိုပဲ သုံးသုံး လွတ်မြောက်လွတ်လပ်ဖို့သာ ပဓာန မဟုတ်ပါလော။ “ရေဘူးပေါက်တာ မလိုချင်၊ ရေပါတာသာ လိုချင်သည်” ဟူသော ဆိုထုံး တစ်ရပ်လည်း စစ်သည်တော်တို့၏ အ၀ိုင်းအ၀န်းထဲမှာ အခိုင်အမာ ရှိနေခဲ့ပေသည်။ ဤမျှနှင့်ပင် ကျွန်တော် ယုံကြည်ရာ အယူအဆ ဒဿနကို အားလုံး သဘောပေါက် နားရှင်းလောက်ပါပြီ။

ကျွန်တော် ယုံကြည်ရာ အယူအဆ၊ ဒဿန ဘယ်ကလာသနည်း။ ယင်းမြစ်ဖျားခံရာ အရင်းအမြစ်နေရာ တစ်ခုထက်မက ရှိခဲ့ပါသည်။ တစ်ခုမှာ ရုရှားဂန္တ၀င် စာရေးဆရာ “နီကိုလိုင်ဂိုဂေါ”၏ နာမည်ကျော် ၀ထ္ထုကို အခြေခံ၍ ရိုက်ကူးတင်ဆက်ခဲ့သော တားရက်စ်ဘူလဘာ ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်၏။ ထိုဇာတ်ကားထဲတွင် နယ်ချဲ့ “ပိုး” လူမျိုးတို့၏ ခံတပ်မြို့ကို မွန်ဂို အနွယ် ရုရှားမျိုးချစ် ခေါင်းဆောင် တားရက်စ်ဘူလဘာ ခေါင်းဆောင်သော တပ်များက ရက်ရှည်လများ ၀န်းရံပိတ်ဆို့ထားကြသည်။ ပိုးလူမျိုးများ ရိက္ခာပြတ်၍ အငတ်ဘေးဆိုက်လုလု ဖြစ်နေကြသည်။ တစ်ချိန်တည်းတွင် တားရက်စ်ဘူလဘာ၏ သားကြီးသည် ပိုးလူမျိုး မိန်းမပျိုကလေးနှင့် အခိုင်အမာ ချစ်ကြိုးသွယ်ထားမိသဖြင့် ချစ်သူရှိရာ ရန်သူခံတပ်ထဲသို့ စွန့်စား ၀င်ရောက်သွားရင်း ပိုးတို့၏ ဖမ်းဆီးခြင်း ခံလိုက်ရသည်။ ချစ်ဇောမွှန်နေသော ရပ်ရှင်းကို ပိုးတို့က နိုင်ထက်ကလူ ညှင်းပန်းနှိပ်စက်ရန် စိတ်မကူး။ ရပ်ရှင်းကို အရေးတကြီး ပြဿနာ အတွက် အသုံးချဖို့သာ ကြံရွယ်ကြသည်။ ရပ်ရှင်းသည် ပိုးတို့၏ ရိက္ခာပြဿနာ အတွက် မိမိဖခင်၏ တပ်မတော် ရိက္ခာဖြစ်သော မြင်းတစ်ကောင်ကို ခိုးယူပေးရမည်။ မဟုတ်လျှင် သူ၏ ချစ်သူ ပိုးပျိုဖြူ ကလေးကို ရန်သူ လူမျိုးနှင့် ချစ်ရည်မျှသော သစ္စာဖောက်မ အဖြစ် မီးရှို့သတ်မည်။ တားရက်စ်ဘူလဘာ၏ သား ချောင်ပိတ်မိ သွားသည်။ ချစ်သူအား မီးလောင်တိုက် သွင်းခြင်းကို လက်ပိုက် ကြည့်မည်လော။ သို့မဟုတ် မိမိ၏ အမျိုးသား အင်အားစုနှင့် ဖခင်ကြီးကို သစ္စာဖောက် မည်လော။ ချစ်ဇောဟုန်ပြင်း ထန်နေသော ရပ်ရှင်းသည် မိမိ၏ မျိုးနွယ်နှင့်ခေါင်းဆောင် ဖခင်ကြီးကို သစ္စာဖောက် ဖျက်လိုက်သည်။

ရပ်ရှင်း မျိုးချစ်ခေါင်း ဆောင်၏ သား(ချစ်လူမိုက်) မှာ သစ္စာ ဖောက်ရကျိုး မနပ်ခဲ့ပါ။ ဖခင်၏ တပ်စခန်းထဲ သို့ ခိုးဝင်ပြီး မြင်းတစ်ကောင် အလစ်ဆွဲရန် ကြိုးပမ်းနေစဉ် ဖခင်ကြီး တားရက်စ်ဘူလဘာ နှင့်တန်းတိုးသည်။ တားရက်စ်ဘူလဘာက “ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ” သမား ဖြစ်၏။ အမျိုးသား သစ္စာ ဖောက်လောက်ကောင် သား အရင်းကို သူကိုယ်တိုင် မတ်စကက် တစ်လုံးထိုးသေနတ်ဖြင့် သွေးအေးစွာ ပစ်သတ် လိုက်သည်။ ကျွန်တော်က ယနေ့အထိ “မ ဘက်လိုက်၍ မိုက်ဘက်ပါသော” ရပ်ရှင်း လူငယ်၏ အဆုံးအဖြတ်ကို သဘောကျနေ ခဲ့သည်။အကျပ်အတည်းကြားမှ သူ့ ထွက်လမ်း ရှာပုံကို ကျွန်တော် ထောက်ခံသည်။ သူ့ကို အမျိုးသား သစ္စာဖောက်ဟု ဆို နိုင်သလို၊ ကျဉ်းထဲကျပ်ထဲမှ ရဲရင့် ပြတ်သားစွာ ထွက်ပေါက် ရှာသော၊ ပုထုဇဉ်ယောက်ျားပျို တစ်ဦး အဖြစ်လည်း ချီးမွမ်း ထောမနာ နိုင်သည်ဟု ကျွန်တော် ထင်ပါသည်။

ယခုလည်း ကျွန်တော် ၏ ကာယကံမြောက်ကျူး လွန်အံ့ဆဲဆဲအကြံအစည်ကို ရှုတ်ချကြမှာလော၊ ချီးကျူး ကြမှာလော၊ ကျွန်တော် ဒွိဟ အတွေး ပွားမနေ။ ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ ကြက်ဥကြော် စားရန် ကျွန်တော် ကြက်ဥကို ခွဲပစ်ရတော့မည်။ “နီကိုလိုင် ဂိုဂေါ”ဖန်တီးသော ဇာတ်ကောင်၏ ၀ိညာဉ်သည် ကျွန်တော့်ထံ မိမိရရပူးဝင် လာခဲ့ပေပြီ။ လူယုတ်မာ၊ အကြံပက်စက်၊ ဆန်ကောလောက်မှ ဇောက်မနက်တဲ့ ကလိမ်ချုံ စသည်ဖြင့် ကျွန်တော့်ကို ကျိန်ဆဲနိုင်ကြ သည်။ ကျွန်တော်က အမှု ထားမှာ မဟုတ်ပေ။ကျွန်တော်သည် ဘ၀ ပြဿနာပေါင်း သောင်းခြောက်ထောင် အကြားမှာ မွန်းကျပ်ပိတ် လှောင်၊ ချောင်ထဲမှာ ညပ်နေသည်။ ကျွန်တော် ထွက် ပေါက်ရှာရမည်။ တခြား ရွေးချယ်စရာ မရှိ။

ဤအထည်ချုပ် စက်ရုံကြီး စတင် ဖွင့်လှစ်၍၊ ပထမဆုံး အလုပ် ခန့်အပ်ခြင်းခံခဲ့ရသော လုံခြုံရေး ၀န်ထမ်း (ဂိတ်စောင့်၊ ဒရ၀မ်)အုပ်စုထဲ တွင် ကျွန်တော်နှင့် စံမောင် တို့ ရှေ့ဆုံးမှ ပါဝင်ခဲ့ကြပြီး၊ ထိုစဉ်ကတည်းက ကျွန်တော် တို့နှစ်ယောက် သိကျွမ်း ခင်မင်သွားခဲ့ကြပါသည်။ နောက်ပိုင်းတွင် စံမောင်၏ ဇနီးနှင့် သမီးပျိုတို့ပါ စက်ရုံ ၌ အင်္ကျီကြယ်သီး တပ်သည့် အလုပ်များ ရရှိခဲ့ကြရ၏။ ကျွန်တော်က အိမ်ထောင် နှစ်ဆက်ပျက်၊ နှစ်ခုလပ် တစ်ကိုယ်ရေ တစ်ကာယ သမား၊ အမှီအတွယ်ကင်းသူ။

ကျွန်တော်တို့၏ အထည်ချုပ် စက်ရုံ၏ နောက် ကျောဘက်တွင် စက်ရုံပိုင် မြေလွတ် မြေရိုင်း ဧက ၅၀ ခန့်ရှိသည်။ စက်ရုံပိုင်ရှင် နိုင်ငံခြားသားက အကယ်၍ လုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာ ခဲ့လျှင် စက်ရုံ အဆောက်အအုံ များ တိုးချဲ့ဆောက်လုပ်ရန် (ဂရန်) ခံ၍ ကြိုတင်ဝယ်ယူ ထားခြင်း ဖြစ်သည်။ စံမောင် သည် မထုံတက်သေး၊ ရိုး အအ၊ ထုံပေပေ လူစား ဖြစ်သည့်တိုင် အမြော်အမြင် အတန်အသင့်ရှိ၏။ သူသည် အထက်အညာ ဇာတိ တောင် သူယာသမားလည်း ဖြစ်ခဲ့ပြီး၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး အလုပ်၌ စွဲစွဲနစ်နစ် ၀ါသနာကြီးသည်။ သို့ဖြင့် စက်ရုံ လုံခြုံရေး ၀န်ထမ်း အဖြစ် လုပ်သက် ၂ နှစ်ခန့်ရ လာ၊ ဇနီးနှင့် သမီးတို့ကလည်း စက်ရုံ ၀န်ထမ်းများ ဖြစ်လာကြသည့် အခါ စံမောင်သည် သူ၏ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ပါသည်။ စက်ရုံကျောဘက်အနိမ့်ပိုင်း မြေကွက်လပ်တွင် သူတို့ မိသားစု သုံးဦး ၀ါးအိမ် ကလေးဆောက်၍ နေထိုင်ခွင့်၊ ရာသီပေါ်ဟင်းသီးဟင်း ရွက်ပင်စိုက်ပျိုးခွင့်တို့ကို စက်ရုံ မန်နေဂျာထံ တောင်းခံ သည်။ စံမောင်ကဲ့သို့ အညာသား ဖြစ်သော မန်နေဂျာက အလွယ်တကူ ခွင့်ပြုသည်။

၆ လအတွင်း စက်ရုံ နောက်ကျော၊ အနိမ့်ပိုင်း မြေရိုင်း ကွက်လပ်ကြီးထဲမှာ ခေါင်မိုးကုပ်ကုပ် ၀ါးအိမ် ကလေးတစ်လုံးနှင့် ချဉ်ပေါင် စိုက်ခင်း၊ ထိုင်ဝမ်ကန်စွန်း စိုက်ခင်း၊ ဟင်းနုနယ်စိုက် ခင်းများ စိမ်းစိမ်းလန်းလန်း သပ်သပ်ရပ်ရပ် ပေါ်ထွက်ရှင် သန်လာကြသည်။ ကျွန်တော့် အတွက်လည်း ခိုနားစရာ၊ စားအိမ်သောက် အိမ်တစ် အိမ်တိုးလာသကဲ့သို့ ရှိသည်။ စံမောင်တို့ မိသားစုသုံးယောက် စလုံး အထီးကျန် ကျွန်တော့်အား ကရုဏာ အရင်းခံသည့် ခင်မင်မှုဖြင့် ဖော်ရွေ ပွင့်လင်းစွာ ဆက်ဆံကြသည်။ (စံမောင့် သမီးပျို အသက် ၂၀ အရွယ် “အုံးတင်မ”ကား၊ အသားညိုညို၊ သွားခေါခေါ၊ ဖင်ကောက်ကောက်နှင့်မို့ ကျွန်တော် စိတ်မ၀င်စားပါ။ သူမကလည်း ကျွန်တော့်အား အနေအေးသော ဦးလေးကြီး တစ်ယောက်လို ဆက်ဆံသည်။) စံမောင်၏ ၀ါးအိမ် ကလေးက ကျွန်တော့်အတွက် အမြဲတမ်း တံခါး ဖွင့်ထားပေးသည်။

“ခင်ဗျားရဲ့ ခြံကလေး ထဲလာပြီး ဘူးစင်အောက်က ကွပ်ပျစ်ပေါ်မှာ လက်ဖက်ရည်ကြမ်း သောက်ရတာကိုတော့ ကျုပ်က ဘယ်ဟိုတယ်နဲ့မှ မလဲနိုင်ဘူးဗျို့၊ ဒီနေရာ ကလေးလာရတာ တယ်စိတ် ချမ်းသာတာပဲ ကိုစံမောင်ရာ” ဟု ကျွန်တော်က ပလီစိ ချောက်ချက် ပြောလေ့ရှိသည်။ ကျွန်တော် ပလီမှန်း သူရိပ်မိဟန် မရှိ။

“ကိုမောင်စိုး စိတ်ချမ်း သာတယ်ဆိုရင် မန်နေဂျာ ဦးခင်မောင်ကျော်ကို ကျေးဇူးတင်ဗျ၊ သူခွင့်ပြုလို့ ကျုပ်တို့ ဒီမှာနေခွင့်ရတာ၊ အပင်က လေး ဘာလေးစိုက်ခွင့်ရတာ၊ စက်ရုံပိုင်ရှင် ယိုးဒယား သူဌေးက ဒီကွက်လပ်မှာ နောက်ထပ် ဘယ်သူမှ မထားရဘူး လို့ မှာထားသတဲ့”
မည်းမည်းပိန်ပိန် စံ မောင်သည် ဤသို့ပင်လျှင် ပွင့်လင်းမှန်ကန်သော စကားကိုသာ ထာဝစဉ် ပြောလေ့ရှိ ပါသည်။

ကျွန်တော်သည် စံမောင်ထက်ပို၍ စာတတ်သည်။ မျိုးရိုး ဇာတိဂုဏ် အဆင့်ပိုမြင့်သည်။ စက်ရုံမှာ လည်း ကျွန်တော်က စံမောင်ထက် ရာထူးအဆင့် ၁ ဆင့် ပို၍ မြင့်၏။ သို့သော် ကျွန်တော် စံမောင်ကဲ့သို့ စိတ်နှလုံး ငြိမ်းချမ်းခြင်းမရှိ။ စံမောင်ကဲ့သို့ မိသားစုထဲမှာ သြဇာမရှိ။ ကျွန်တော်က ညီမအရင်း မိသားစုထံမှာ ထမင်းလခပေးစားပြီး မှီခို ကပ်ရပ် နေထိုင်ရသူဖြစ်ကာ၊ ညီမ ယောက်ျားကို အောက်ကျို့ နှိမ့်ချ၍ ဖားလျားဆက်ဆံ နေရသူ၊ ကပ်ပါးမျှသာဖြစ်၍ စံမောင့်အောက်မှ နိမ့်နေသည်ဟု ခံစားရသည်။ အနည်းဆုံး စံမောင့်ကို သူ့ဇနီးနှင့် သမီးတို့က မြတ်နိုး အားကိုးစွာ ခင်တွယ်ကြသည်။ ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့်လမ်း ကိုယ်လျှောက်နေကြသည့် ကျွန်တော်၏ သားသမီး ၃ ယောက်ကတော့ ကျွန်တော့် ကို ကျောခိုင်းဥပေက္ခာရှုထား ကြသည်။ ကွဲကွာခဲ့ပြီး ဇနီးနှစ်ယောက်ကလည်း ကျွန်တော့်ကို သေစာရင်း သွင်းထားကြပြီလား မသိ။ စင်စစ် စံမောင့်ထက် ရာထူး တစ်ဆင့်ပိုမြင့်ရုံဖြင့် ကျွန်တော် သည် စံမောင အထက်မှာ မရှိနေပါ။

ဝင်ငွေချင်း ယှဉ်မလား၊ သူတို့မိသားစုဝင်သုံးဦးစလုံး စက်ရုံမှာ လစာအသီးသီးရ ကြသည်။ စိုက်ခင်းမှ ဆယ့် နှစ်ရာသီပတ်လုံး ၀င်ငွေရှိ သည်။ ကျွန်တော်ကမူ စက် ရုံမှလစာငွေတစ်ဝက်ကို ညီမ အား ထမင်းဖိုးပေးရပြီး ကျန်တစ်ဝက်က(တစ်ပတ်ငါး ရက်)လောင်းကစားပွဲမှာ အငွေ့ပြန် ပျောက်ကွယ်သွား လေ့ရှိရာ ကျွန်တော်အမြဲတမ်း ဘိုင်ကျနေသည်။ အကြွေး ပတ်လည် ၀ိုင်းနေသည်။ စက်ရုံ ယူနီဖောင်းက အရောင် လွင့်ကာ၊ ဖာရာထေးရာတွေ တင်းကြမ်း ပြည့်နေသည်။ ဆံပင်ညှပ်ခ မတတ်နိုင်၍၊ ကျွန်တော်၏ ညှဉ်းသိုးသိုး ဆံပင်တွေက ဆံရှည်တောပုန်း ဒီဇိုင်းထွက်နေသည်။

“ဟေး ဦးမောင်စိုး၊ ခင်ဗျား ဆံပင်က လမ်းသရဲ ဆံပင်ဖြစ်နေပြီ၊ ဆံပင်ကလေး ဘာကလေး ညှပ်ပါဦးဗျ၊ ဆံပင်ညှပ်ခ မရှိရင် ကျွန်တော် ပေးမယ်၊ ပြီးတော့ ယူနီ ဖောင်းကိုလည်း သပ်သပ်ရပ် ရပ်ဝတ်ပါဗျာ၊ ဘောင်းဘီ တင်ပါးမှာ ဖာထားတဲ့ အစက အရောင်မတူတော့ ကြည့်ရတာ မျက်စိထဲကိုးလိုးကန့်လန့် နဲ့ဗျာ၊ ယပက်လက်ကြီးလာတဲ့ အခါ ခင်ဗျား ဘောင်းဘီ ဖင်ကို တွေ့ရင် စက်ရုံသိက္ခာ ကျတယ်ဆိုပြီး ကျုပ်ကို အပြစ်တင်မှာ” ဟု မန်နေဂျာ ဦးခင်မောင်ကျော်က ကျွန်တော့် ကို သတိပေးပါသည်။ ယူနီဖောင်း အသစ်တစ်စုံ ချုပ်ရန်မှာ ကျွန်တော့်အတွက် ဆင် ခေါင်း ခွေးမချီနိုင်ဟူသော စာချိုး၏ အဓိပ္ပာယ်အတိုင်း ဖြစ်နေပါ၏။ မကြာမီက အသစ်ချုပ်ခဲ့သော ယူနီဖောင်းက၊ ရပ်ကွက်ထဲရှိ အသုဘ အိမ်က ဖဲဝိုင်းထဲမှာ အရည် ပျော်သွားပြီ။

“ဟုတ်ကဲ့ ဟုတ်ကဲ့ မန်နေဂျာကြီး။ မကြာခင် ကျွန်တော်ယူနီဖောင်းအသစ် ချုပ်ဝတ်တော့မှာပါ ဟီး ဟီး” ဟု ကျွန်တော်က သွားချေးထူလပျစ် ကွမ်းချိုးစွဲ သွားကြီးတွေဖြီးကာ ပလီ လိုက်ပါသည်။
“ယပက်လက်ကြီးက အင်္ဂလန်မှာ ပညာသင်ဖူးတဲ့ လူဗျ၊ အင်မတန် ဘိုဆန်တယ်၊ သူက နိအင်တိုင်ဒီး neat and tidy ပုံစံမျိုးကို သဘောကျတတ်တယ်၊ သားသားနား နားသပ်သပ်ရပ်ရပ် ၀တ်စား ဆင်ယင်တာကို ပြောတာဗျ၊ ခင်ဗျားရဲ့ဘောင်းဘီ ဖင်ကြီးကိုသာ တွေ့ရင် သူအကြီးအကျယ် စိတ်ပျက်ပြီး ကျုပ် ကိုထောင်းမှာ၊ ကျုပ်ကို ထောင်းရင် ကျုပ်ကလည်း ဦးမောင်စိုးကို ထောင်းရမှာပဲ ရှင်းတယ်နော်”

ဦးခင်မောင်ကျော်က ကျွန်တော်၏ ဗလချေးနန်း ပုံစံကို ပြင်းထန်စွာ သတိပေးနေ ပြီဖြစ်ကြောင်း၊ နားလည်မိ ကာ ကျွန်တော်ဝမ်းနည်း စိတ် ရှုပ်သွားမိသည်။ မခံချင်စိတ်ကလည်း စွေ့ခနဲ ခေါင်းထောင်လာ၏။ မဖြစ်သေးပါ။ မန်နေဂျာကို အာခံလျှင် ကျွန်တော် မြောင်းထဲ ရောက်သွားရပါလိမ့်မည်။
ခုတစ်လော ကျွန်တော့် အတွက် ဂြိုဟ်စီးဂြိုဟ်နင်း မကောင်းဘဲ ကံဇာတာနိမ့်နေ သလား မပြောတတ်။ စက်ရုံ မန်နေဂျာက မြည်တွန် တောက်တီးသလို၊ ကျွန်တော် မှီခိုရာ ညီမ၏အိမ်မှ အိမ်ဦး နတ်အရက်သမား ရွှေယောက်ဖ ကလည်း ကျွန်တော့်ကို ရိတိ တိလုပ်နေသည်။

“ကိုစိုး ခင်ဗျားကို ညီ ရင်းအစ်ကိုစိတ်ထားနဲ့ ကျွန်တော် အကြံတစ်ခု ပေးချင်တယ်ဗျာ”ဟု အရက်နံ့ တထောင်းထောင်းနှင့် နိဒါန်း သွယ်သည်။ ယောက်ဖ အရက်ချိုးထံမှ၊ မကြားဖူးသော အပျိုးစကားမျိုး ဖြစ်နေ၍ ကျွန်တော်၏ ကျောရိုးထဲမှာ စိမ့်ခနဲ ကျဉ်တက်အောင် အံ့အားသင့်မိသည်။
“ဘာ အကြံတုံးကွ”

“အခု ကိုဦး အသက် ၆၀ နားကပ်နေပြီ မဟုတ်လား၊ ဒီတော့ ရှေ့ရေးကို ကြည့်ရတော့မယ်၊ အနာဂတ် အိုမင်းမစွမ်းဘ၀အတွက် ကြို တင်ပြင်ဆင်မှုတွေလုပ်ရမယ်၊ အနေမလှပေမယ့် အသေလှအောင် စနစ်တကျ စီမံကိန်း ဆွဲသင့်တယ်၊ တတိယအရွယ် စီမံကိန်းပေါ့လေ ဟဲဟဲ”
အရက်ခိုးဝေသော မျက် လုံးနီနီကြီးတွေဆီက လှောင် ပြောင်ခနဲ့မှုကို ကျွန်တော် အံကြိတ်၍ သည်းခံနေရပါသည်။ သူ့အိမ်မှာ ကပ်နေရသော ကြောင့် သူ့ခနိုးခနဲ့လေလုံး တွေကို ကျွန်တော်ခံနိုင်ရည် ရှိရပါလိမ့်မည်။

“ဘာစီမံကိန်းလဲ ရွှေ သန်းရာ၊ ရှင်းရှင်းပြောစမ်း ပါ”

“ခင်ဗျား အခုချိန်ကတည်းက ဘိုးဘွားရိပ်သာမှာ နာမည်စာရင်းပေးပြီး ဘွတ် ကင်လုပ်ထားသင့်ပြီ ကိုစိုး၊ ကျွန်တော်တို့က ဟိုပြောင်းဒီ ရွှေ့နဲ့ဆိုတော့ ခင်ဗျားခေါင်း ဖြူစွယ်ကျိုး ကိုယ့်ကိုယ်ကို မသယ်နိုင်တဲ့ အချိန်မှာ ခိုကိုား မဲ့သွားလိမ့်မယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှု အနေနဲ့ ခင်ဗျား ဘိုးဘွားရိပ် သာမှာ ဘွတ်ကင်လုပ်ထား လို့ အကြံပြုတာဗျ ဟဲဟဲ”

သည်ကောင် ကျွန်တော့်ကို အတည်လိုလိုနှင့် သရော်တော်တော်ရိနေ မှန်း ကျွန်တော် ရိပ်မိသည်။ သူ့မျက်နှာကလည်း စပ်ဖြီးဖြီး မချိုမချဉ်နှင့်ဖြစ်၏။ လွန်ခဲ့ သောနှစ် ၂၀ လောက်က ကျွန်တော့်စိတ်မျိုးနှင့် ဆိုလျှင် သည်ကောင့်မျက်ခွက်ကို ကျွန်တော် ခြေထောက်ဖြင့် ဖြတ်ကန်ပြီးလောက်ပါပြီ။
“ဘိုးဘွားရိပ်သာမှာ နေ ရာရဖို့က မင်းထင်သလို မလွယ်ဘူး ရွှေသန်း၊ ငါက အသက် ၆၀ ပြည့်ရင် ဘုန်းကြီး ၀တ်ဖို့ပဲ စိတ်ကူးထားတယ်”

“ဟား သိပ်ကောင်းတဲ့ စိတ်ကူးပါလား ကိုစိုးရာ၊ စောစောစီးစီး တစ်မဂ်တစ် ဖိုလ်ဆိုက်နိုင်အောင်၊ အသက် ၆၀ ပြည့်တဲ့ အထိ မစောင့်ဘဲ အခုချက်ချင်း သင်္ကန်းဆီး လိုက်ပါလား၊ ကျွန်တော် ရဟန်းဒကာ လုပ်မယ်လေ၊ ပြီးတော့ ပစ္စည်း ၄ ပါး ဒါယကာ အဖြစ်လည်း ခံယူလိုက်မယ်၊ ကိုစိုးလည်း ဘ၀ ကူးကောင်း၊ ကျွန်တော်လည်း အပါယ်တံခါး ပိတ်ပြီး နိဗ္ဗာန် တံခါးပွင့်တာပေါ့ဗျာ”

အရက်သမား၏ အရိ စကား၊ အထေ့စကားတွေကို ကျွန်တော် မချိမဆံ့ကြိတ် မှိတ်ခံရင်း ပါးစပ်ပိတ်ထား လိုက်ရ၏။ ရှင်းပါသည်။ ဤအကောင်က သူ့အိမ်မှာ ကျွန်တော့်ကို ၀န်ထုပ်ဝန်ပိုး ဖြစ်မလာစေရအောင် ကြိုတင် ကာကွယ်နေခြင်းဖြစ်၏။ ဖြစ် နိုင်လျှင် ယခုလက်ငင်းကာ လကတည်းက ကျွန်တော့်ကို ကန်ထုတ်ပစ်ချင်နေပုံ ရပါသည်။ သို့မဟုတ် သူ့အိမ်ပေါ် မှာ ကျွန်တော်ဇရာထောင်း၍ ရောဂါဘယဖိစီးကာ လဲနေ လျှင် အဆိပ်ခတ်၍ သတ်ပစ်ချင် သတ်ပစ်ပေလိမ့်မည်။

“ကိုစိုး မအား လပ်ရင်လည်း ကျွန်တော်ကိုယ်တိုင် ဘိုးဘွားရိပ်သာမှာ ကိုစိုး အတွက် တစ်နေရာရနိုင် မရနိုင် စုံစမ်းကြည့်မယ်” ဟု သူက အပြီးသတ် ခနဲ့စကား ပြောပြီး လှည့်ထွက်သွား၏။ ခွေးတိရစ္ဆာန်။

“ကမ္ဘာ မီးလောင်တုန်း ဆီမီးခွက်က မီးထတောက်” ဟူသော ရှေးစကားရှိပါ သည်။ ယောက်ဖက သရော် စော်ကားလုပ်ပြီးနောက် ညီမ ဖြစ်သူကလည်း ကျွန်တော့် ကို လည်ပင်းညှစ်လာပြန်သည်။ ကုန်ဈေးနှုန်းတက် ခြင်းကို အကြောင်းပြကာ ကျွန်တော့်ထံမှထမင်းလခ တိုးတောင်းလာခြင်းဖြစ်၏။ အမှန်ပင် လည်ပင်းညှစ်ခံရ သလို ကျွန်တော်အသက်ရှူ ကျပ်မိသည်။

“နင်က ထမင်းစရိတ် တိုးတောင်းတာ သဘာဝ ကျပါတယ်။ နို့ပေတဲ့ ငါက လစာ မတိုးဘူးဟ၊ ဒီတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ငါထမင်းလျှော့စား မဟာ နင်ကျေနပ်လား”

“အိုး အစ်ကိုကြီးကလည်း လူကြားမကောင်း သူ ကြားမကောင်း၊ အစ်ကိုကြီး စကားကိုသာ ကိုရွှေသန်း ကြားရင် မောင်နှမချင်း ဒီလို ရွဲ့စောင်း ပြောရမလား ဆိုပြီး ဒေါကန်တော့မှာ”

“နင့်လင်က ဒေါကန်ရုံ တင်မကဘူး၊ ငါ့ကို နင်တို့ အိမ်ပေါ်ကနေ ကန်ထုတ်ပစ် ချင်နေတာ၊ နင်နားလည်လား၊ ငါလည်း ကိုယ့်ဘာသာနေဖို့ စိတ်ကူးရှိပါတယ်ဟာ၊ စက်ရုံ နဲ့နီးတဲ့ နေရာ ရှာမရသေးလို့ ပါ၊ ကဲ ဒီတော့ နင် စိတ်အေးအေးထား၊ ရှေ့လကစ ပြီး ငါထမင်းစရိတ် တိုးပေးမယ်”

ကျွန်တော်သည် “ကျေးဇူးရှင်ဟု ဆိုအပ်သော” နှမ အရင်းအချာနှင့် ၀ိရောဓိ မဖြစ်လိုသဖြင့် လေသံလျှော့ လိုက်ရပါသည်။ ရင်အုံထဲမှာတော့ အသက်ရှူ မ၀လောက်အောင် အောင့်သီးအောင့် သက်ဖြစ်နေမိ၏။ တစ်အူထုံ့ဆင်း မောင်နှမ အရင်းအချာ ကြားမှာ ဤမျှ ဗြဟ္မာစိုရ် တရား(ပါး)နေခဲ့ပြီဆိုလျှင်၊ သူစိမ်း ပြင်ပြင်တွေကြားမှာ မေတ္တာ၊ ကရုဏာ တရားတွေ သုညထဲမှာ ပျောက်ကွယ် ကင်းပနေမှာက အသေအချာ။ ဒင်း(သင်း)တို့ အရိပ်ခိုနေသ ရွေ့ ဒင်း(သင်း)တို့ကို ကျေး ဇူးတင်နေရမှာ။ ဒင်း(သင်း) တို့ကို ခွာမှ။

ကျွန်တော်သည် ရက် ပေါင်းများစွာကြာသည်အထိ မိမိဘ၀၏ သက်သောင့်သက် သာဖြတ်သွားနိုင်မည့် ထွက် ပေါက်ကို ရှာကြံစဉ်းစားနေခဲ့ ပါသည်။ နောက်ဆုံးတွင် စံမောင်တို့မိသားစုက ကျွန်တော့်အတွက် ထွက်ပေါက်ကို စောင်းပါးရိပ်ခြည် ညွှန်ပြလာခဲ့၏။ သို့ရာတွင် သူတို့၏ အပြုအမူကို သူတို့ ကိုယ်၌ကမူ သတိထားမိဟန် မရှိပါ။

သူတို့ မိသားစု ၃ ဦး စလုံး စက်ရုံမှ မက်မော လောက်သော လစာငွေ အသီးသီး ရရှိကြသည်။ စံမောင်၏ စိုက်ခင်းမှလည်း ၀င်ငွေမှန်မှန် ရနေသည်။ သူတို့၏အိမ်သုံး စရိတ်၊ မီးဖိုချောင် စရိတ်ကို ကျွန်တော် ခန့်မှန်း တွက်ချက် ကြည့်ခဲ့ရာ၊ ၀င်ငွေသုံးချိုး တစ်ချိုးမျှသာ ရှိနိုင်ကြောင်း ကျွန်တော်ယုံကြည်သည်။ သို့ ဆိုလျှင် ကျန်သုံးချိုးနှစ်ချိုး ဘယ်မှာ ရှိသနည်း။ စံမောင် ၏ဇနီးနှင့် သမီးမှာ ရွှေထည် လက်ဝတ်ရတနာတန်ဆာဆို ၍ နားကပ်တစ်ရန်စီသာရှိ ကြသည်။အ၀တ်အဆင် ဆိုလျှင်လည်း သူတို့ သားအမိက ပြည်တွင်းဖြစ် အဖိုးနည်းဝန်ပါ အထည်တွေကိုသာ ၀တ်လေ့ ရှိကြ၏။ သူတို့မှာ လစဉ်ငွေပို ငွေလျှံ ကိန်းဂဏန်းငါးလုံး ရှိနေမှာက မြေကြီး လက်ခတ်မလွဲ သေချာ နေပေပြီ။ စံမောင်၏ ဥာဏ် အမြော်အမြင်အရ၊ ငွေပိုတွေကို ဘဏ်မှာစုလိမ့် မည် မဟုတ်ဟု ကျွန်တော် ပြောရဲသည်။ ငွေကို ရွှေအဖြစ် ပြောင်းလဲပြီး ရွှေထည် လက်ဝတ် ရတနာ တန်ဆာများကိုသာ သိုသိုသိပ်သိပ်စုဆောင်းသိုဝှက် ထားရပေလိမ့်မည်။ အညာ သားစံမောင်သည် မဇ္ဈိမတိုင်းသား အင်ဒီးယန်း အချို့ကဲ့သို့၊ ပဲနှင့် အာလူးစားပြီး ရွှေကို ကျစ်ကျစ်ပါအောင် စုဆောင်း သိမ်းဆည်းထားမည်သာဖြစ် ၏။ ဒါဖြင့် ရွှေတွေ ဘယ်မှာ ရှိနိုင်သလဲ။ သူတို့၏ တဲအိမ် က မကျယ်လှ၊ အခန်း မများလှ။ အိပ်ခန်းဧည့်ခန်းနှင့် မီးဖိုချောင်သာရှိသည်။ အိပ်ခန်း ထဲမှာ ထင်းရှူးသားသေတ္တာ ကြီးတစ်လုံးနှင့် ထန်းခေါက် ဖာကြီး သုံးလုံး ရှိနေမှန်း ကျွန်တော် သိထားသည်။

စံမောင်တို့ ရွှေပဲစုစု၊ ငွေ ပဲစုစု၊ သူ့မိန်းမနှင့်သမီးတို့ အိပ်စက်ကြသည့် အိပ်ခန်းထဲ ရှိ ထင်းရှူးသေတ္တာကြီးထဲမှာ သာ ထားရှိသိုလှောင်ထားကြ ရမည်။ တဲအောက်မြေကြီးကို ကျင်းတူး၍ မြှုပ်နှံသိုဝှက် ခြင်းမျိုးတော့ မဖြစ်တန်ရာ။ ဟင်း အညာသား။ ရွှေငွေ အထုပ်ကြီးအထည်ကြီးပိုက် မိမှ အညာပြန်တက်ပြီး ယာ သူဌေး နာမည်ခံဖို့များ ကြံ စည်ထားတယ်မှတ်ပါရဲ့။ ယာသူဌေးနာမည်ခံဖို့ အကြံ ကို စွန့်လွှတ်လိုက်ပါတော့ စံမောင်လေးရေ။
ကျွန်တော်၏ အကြံအစည် အကောင်အထည် ဖော်ဖို့ ရက် ၂၀ ခန့်စိတ်ရှည် လက်ရှည်အချိန်ယူပြင်ဆင် ထားခဲ့ပါသည်။ “အကြံ ကောင်းရင် တစ်သက်စာ”ဆို သော စကားပုံကို ကျွန်တော် သတိရရ နေတတ်ပါသည်။

ဟိုသားအမိက “ည ဆိုင်း” ဂျူတီကျသဖြင့် ညနေ ၆ နာရီမှာအလုပ်ဝင်ပြီး နံနက် ၆ နာရီမှ အိမ်ပြန်ရောက်မည်။ ည ၇ နာရီလောက်မှာ စံမောင်နှင့် ကျွန်တော်တို့နှစ် ယောက် သူ့တဲရှေ့က ဘူးစင် အောက်က ကွပ်ပျစ်မှာ လက် ဖက်ရည်ကြမ်းသောက်ရင်း ရောက်တတ်ရာရာပြောနေကြ ၏။ စင်စစ် ရောက်တတ်ရာ ရာပြောနေသူမှာ ကျွန်တော်သာ ဖြစ်သည်။ စံမောင်က သူ့ဝသီအတိုင်း အင်း အဲနှင့် တစ်ခွန်းစ၊ နှစ်ခွန်းစသာ စကားဝင်ထောက်ပေးတတ် သည်။ ဒင်း(သင်း)က လက် ဖက်ရည်ကြမ်းချည်း တစ်ခွက်ပြီး တစ်ခွက် ဖိသောက် နေလေသည်။

တစ်ချိန်မှာတော့ ဒင်း(သင်း) တပိုတပါး ထသွား၏။ သူထသွားသည့် အခိုက် ကျွန်တော်က ကြိုတင်ပြင်ဆင် ထားသည့်အတိုင်း လက်မြန် ခြေမြန် စီမံလိုက်ပါသည်။ မိမိ ကိုယ်တွေ့ စမ်းသပ်မှုမှ ရရှိသော အဖြေကို အရင်းတည်ကာ သူတစ်ပါးထံမှာ စိတ်ချ လက်ချ စမ်းသပ်လိုက်ခြင်း ဖြစ်၏။ နောက် ၁နာရီ လောက်ဆိုလျှင် စံမောင် သိုးနေအောင် အိပ်မောကျသွား တော့မည်။

“ကိုစံမောင်ကြီးရေ ဒီည ကျွန်တော် သွေးလေးပြီး အိပ်ချင်လာပြီဗျာ၊ ပြန်လိုက် ဦးမယ်” ဟု ကျွန်တော်က အကောင်းဆုံး အမူအရာဖြင့် နှုတ်ဆက်သည်။
“ကျုပ်ကတော့ လကလေး သာသာနဲ့ လက်ဖက် ရည်ကြမ်းသောက်ရင်း လေ ညင်းခံဦးမဗျာ”ဟု သူက ပေါ့ပေါ့ပါးပါ ဖွင့်ဟသည်။ သောက်...သောက် အဲဒီ လက်ဖက်ရည်ကြမ်းတွေ တစ်အိုးလုံး ကုန်အောင်သာ သောက်လိုက်ပေတော့ အညာ သား ကပ်စေးနှဲကြီးရေ။

နောက် ၂ နာရီခန့် အကြာမှာတော့ ကျွန်တော်သည် လက်နှိပ်ဓာတ်မီး တစ်ဖက်၊ ကုလားအော်သံ တူရွင်း အကောက်ကလေး တစ်ဖက် ကိုင်လျက် စံမောင့်တဲရှေ့သို့ ပြန်ရောက်လာသည်။ စံမောင်သည် သူအိပ်နေကျ အိမ်ရှေ့ခန်း ၀ါးကြမ်းပေါ်မှာ မှောက်လျက်ကြီး အိပ်ပျော်ကာ၊ တရှူးရှူး ဟောက်နေရှာ၏။ အိပ် အိပ် မိုးလင်းတဲ့အထိ တောက်လျှောက် အိပ်ပေတော့ အညာသားရေ။

ပတ်ဝန်းကျင်ကိုက် ၅၀၀ ပတ်လည် အတွင်းမှာ ပိုးပုရစ်တို့၏ ထုံ့ပိုင်း ထုံ့ပိုင်း အော်မြည်သံကြီးစိုးလျက်၊ လမင်းအလင်းက စံမောင်၏ စိုက်ခင်းများ၊ ချုံပုတ်ချုံနွယ် များပေါ်သို့ မ၀ံ့မရဲ ဖြာဆင်းနေသည်။ ကျွန်တော်က ရဲရဲ တင်းတင်းလှုပ်ရှားမှုဖြင့် စံမောင်တို့ အိပ်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။ ညိုမွဲမွဲထင်း ရှူးသေတ္တာကြီးက ကျောက် သံပတ္တမြားတွေအပြည့်အသိပ် ပါရှိသော ရှေးဟောင်း ခေါင်းတလားကြီး တစ်လုံး၏ တည်ကြည် ငြိမ်သက်မှုမျိုးဖြင့် ကျွန်တော့်ကို အေးစက်စက်ဖိတ် ခေါ်နေသည်။ ကျွန်တော်က ဘက်ထရီအားသုံး ၂ ပေ မီး ချောင်းကို ပိတ်ပစ်လိုက်၏။ လက်နှိပ်ဓာတ်မီး သုံး၍ လှုပ်ရှားခြင်းက မမျှော်လင့်ဘဲ ၀င်လာနိုင်သော သူစိမ်းဧည့်သည်တို့၏ အနှောင့်အယှက်ကို ကာကွယ်နိုင်ပေလိမ့်မည်။

ဒင်း(သင်း)တို့က သေတ္တာကြီးမှာ အလွန်ခိုင်ခံ့ သော မျောက်လက်သော့ ကွင်းတပ်ဆင်ပြီး စတီးသော့ ခလောက်ကြီး ခတ်ချိတ်ထား ၏။ ကိစ္စမရှိ။ ကျွန်တော်၏ “ကုလားအော်” ဖြင့် မရလျှင် စံမောင်တို့အိမ်မှ ဓားမဖြစ်စေ၊ သံတူးရွင်းဖြစ်စေယူပြီး မျောက်လက်သော့ကွင်းကို ထုရိုက် ဖျက်ဆီးပစ်မည်။အသံဗံလံဆူညံလည်း ကိစ္စ မရှိ။ စံမောင်မှာ အိပ်ဆေးတန် ခိုးဖြင့် သူအနီးမှာ အမြောက် ဗုံးဆန်ပေါက်ကွဲလျှင်သော်မှ နိုးထလာမည် မဟုတ်။ ခပ် ရိုးရိုးဆရာဝန်ထံမှာ ကျွန်တော် ပလီစိချောက်ချက် ညာဝါး ဖြန်းသန်းပြီး တောင်းပန်ရယူ ခဲ့ရသော အိပ်ဆေးကို ကိုယ် တိုင်စမ်းသပ်ပြီးဖြစ်၍ ဆေး၏ အာနိသင်ကို ကျွန်တော်ရာနှုန်း ပြည့် စိတ်ချသည်။ အိပ်ထား ပေတော့ လူကလေး မောင်စံ မောင်၊ ယာသူဌေး အိပ်မက် ကလေးနဲ့ပေါ့ကွယ်။

ကျွန်တော်က မျောက်လက်သံပြားကို ကော်ထုတ်ရန် စတင်ကြိုးစားသည်။ ထင်းရှူးသားက အဆီထုတ် ပြီးသား ခပ်ပွပွဖြစ်၍ ကုလား အော်အသွားက သံပြားအောက်ဘက် ထင်းရှူးသားထဲသို့ အခက်အခဲမရှိ စူးဝင်စိုက်နစ် သွားသည်။ ခပ်လွယ်လွယ် ဖွင့်နိုင်မယ့်ပုံပဲ။
ရုတ်တရက် ကျွန်တော်၏ ခန္ဓာကိုယ် တစ်ခုလုံး ခြေဆုံးခေါင်းဖျား တုန်ယင်လှုပ် ခါ သွားမိပါသည်။ မှိတ်ထား ခဲ့သော ၂ ပေမီးချောင်း ၀င်း ခနဲ ထ လင်းလာသောကြောင့် ဖြစ်သည်။

“ခွေးသားသူခိုး သေစမ်းဟာ” ဟူသော အသံနက် ကြီးကို ကြားမိသည်နှင့် တစ်ပြိုင်နက်တည်း ကျွန်တော်၏ နောက်စေ့ ပူခနဲဖြစ်သွားသည်။ တစ်ပြိုင်နက်တည်း အမိုက်တိုက်ကြီးက ကျွန်တော့်ကို ၀ါးမျိုလိုက်သည်။ အမည်မဲ့ ဖောဋ္ဌဗ္ဗ အာရုံလှိုင်းရိပ်တွေ ကြားမှာ ကျွန်တော်ချာလ ပတ်လည်နေရာက လေဟုန် စီးသလို ခံစားနေရ၏။

အမိုက်တိုက် ၀ဲသြဃထဲ မှလွတ်မြောက်ကာ၊ ကျွန်တော် အလင်းနယ်ထဲသို့ပြန်ရောက် လာသည်။ ကျွန်တော် ပက်လက်လဲကျနေသည်။ကျွန်တော်က လေးလံသော မျက်ခွံများကို ဖွင့်လိုက်ချိန်မှာ စံမောင်က ကျွန်တော့်ခြေရင်း မှာ မားမားကြီးရပ်နေကြောင်း သတိထားမိသည်။ ဖြည်း ဖြည်းချင်းဝင်လာသော အာရုံ ခံစားမှုအရ ကျွန်တော်၏ လက်အစုံ၊ ခြေအစုံ လှုပ်ရှား၍ မရတော့မှန်း ချောက်ချားစွာ သိလာရပြန်ပါသည်။ ကျွန်တော်သည် ကြိုးတုပ်ခံအကျဉ်း သားဖြစ်နေပြီ။ လန့်မအော်မိ အောင် ကျွန်တော် ကယောင် ချောက်ချားစိတ် တစ်ဝက်ဖြင့် ချုပ်တည်း အောင့်အည်းထားလိုက်ရ၏။

“စံ...စံမောင်၊ ကို... ကိုစံမောင် ကျုပ်...ကျုပ်ကို ခွင့်...”

ကျွန်တော့်ကို သူက စကားအဆုံးသတ်ခွင့် မပေး ဘဲ ဖြတ်အော်သည်။
“ဟေ့ ငါစံမောင် မဟုတ်ဘူး၊ စံမောင့်အစ်ကို စံအောင်ကွ”

ကျွန်တော် ဘာမျှ နားလည်နိုင်စွမ်း မရှိ။ သူက ကျွန်တော့် မျက်နှာဆီသို့ တည့်တည့်မတ်မတ် တံတွေး လှမ်းထွေးချသည်။ တံတွေးတွေ က ရေနွေးလိုပဲပူစပ်လှပါဘိ။
“ငါ့ညီကို မတွေ့တာ ကြာလို့ အကြောင်းမကြား ဘာမကြားနဲ့ အညာကနေ ငါ ဆင်းလာခဲ့တာ၊ ငါသာ ရဲတစ် ယောက် မဟုတ်ခဲ့ဘူးဆိုရင် စံမောင်ဘာဖြစ်မှန်းစဉ်းစား တတ်မှာမဟုတ်ဘူး။ စံမောင် အိပ်ပျော်နေပုံက ငါ့အတွက် အဖြေပဲ၊ ဒီလို ခတ်ဆေးမိ အိပ်မွေ့ချခံရတဲ့ လူတွေ ငါတွေ့ ခဲ့ဖူးတယ်။ ငါကြာကြာ မစဉ်းစားလိုက်ရဘူး၊ မင်းရောက်လာတာပဲ။ ပထမတော့ စံမောင် ကံဆိုးမလို့ပဲ၊ ခုတော့ မင်းက ကံဆိုးသူ မောင်ရှင်ဖြစ်သွား ပြီ။ ကဲ ငါ သက်ဆိုင်ရာကို သွားပြီး အကြောင်းကြားဦး မယ်။ သြော် ဒါထက် မင်း ဘယ်သူလဲ။ ဘယ်ကလဲကွ”

ကျွန်တော် ပါးစပ်မဟ နိုင်ပါ။ မိမိကိုယ်မိမိ အသက် ရှိ၊ မရှိဆိုသော အခြေအနေကို ပင် ဝေခွဲခြင်းငှာ မစွမ်းသာ အောင်ထုံထိုင်းမွန်းဆို့နေမိ၏။
“မင်းရုန်းပြီး ကြိုးပြေ အောင်လုပ်ဖို့တော့ စိတ်မကူး နဲ့။ ငါကအဆိုးဆုံးလူမိုက်တွေ ကို လက်ထိပ်မလွယ်တဲ့အခါ ဒီလိုပဲကြိုးနဲ့ တုပ်လာတဲ့ ကောင်။ နားလည်လား၊ ငြိမ် ငြိမ်ကလေးနေ”

စံမောင်ကဲ့သို့ အသား ညိုညို၊ ပိန်ကိုင်းကိုင်းလူကြီးသည် တဲအိမ်ပေါ်မှ လွှားခနဲ ခုန်ဆင်းသွားသည်။ကျွန်တော်၏ အတွေးထဲသို့ စံမောင်သည် သူ့မှာ အစ်ကို အရင်း ရဲဝန်ထမ်း တစ်ဦးရှိကြောင်း ဘာကြောင့်မပြောပြ ခဲ့ပါလိမ့် ဟူသော မကျေချမ်း သည့် မေးခွန်းက ဖျတ်ခနဲစိမ့် ၀င်လာပါသည်။ ထိုမေးခွန်း အတွက် အဖြေ ရလျှင်လည်း အကြောင်း မထူးတော့ပါ။

ကျွန်တော်က ဦးခေါင်းကို စောင်းပြီး အပြင်ခန်း ကြမ်းပြင်ဆီသို့ မျက်လုံးစွေကြည့်သည်။ မိတ်ဆွေကြီး ကိုစံမောင်သည် ပက်လက် အနေအထားဖြင့် စည်းချက်မှန်မှန် ဟောက်နေပါသည်။ ဟ ထားမိသော ကျွန်တော်၏ ပါးစပ်ထဲသို့ ပါးစောင်ရိုး တစ်ဖက်ဆီကနေ ငန်ငြိငြိ အရည်ပူပူတွေ စီးဝင် လာကြသည်။ နှစ်ပေါင်းများ စွာအတွင်း ပထမဆုံးအကြိမ် ပွင့်ထွက်ယို စီးလာခဲ့ကြဟန် ရှိသော မျက်ရည်များပင် ဖြစ်ပေလိမ့်မည်။
ထိုနောက် ကျွန်တော် လေးပင်စွာ ရှိုက်ငင်လိုက် ပါသည်။

No comments: