-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, February 13, 2010

ပင်လုံစိတ်ဓာတ်ကို အလေးထားကြောင်း အန်အယ်လ်ဒီ ပြောကြား


မြန်မာနိုင်ငံတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် ပင်လုံစိတ်ဓာတ် ရှင်သန်ဖွံ့ဖြိုးမှု မရှိသေးသည့် အတွက် တောင်တန်းနှင့် ပြည်မချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် နှင့်အညီ ဖြစ်ပေါ်စေရေးအတွက် ပြန်လည်ဆန်းစစ်ရန် အချိန် ရောက်ပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ယနေ့ ပြောကြားလိုက်သည်။

အန်အယ်လ်ဒီရုံးချုပ်တွင် ယနေ့ကျင်းပသော (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား သဘာပတိမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

“ယနေ့အချိန်တွင် ပင်လုံစာချုပ်၏ ရည်ရွယ်ချက်များ ဆိတ်သုဉ်းနေသကဲ့သို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပျက်ပြားနေပြီး ဒီမိုကရေစီ အခွင့်အရေးများလည်း ဆုံးရှုံးနေပါသည်” ဟု အန်အယ်လ်ဒီက ပြည်ထောင်စုနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် (၆၃) နှစ်က မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တောင်တန်းနှင့် ပြည်မချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် အနှစ်သာရမှာ တိုင်းရင်းသားတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးအနက်ထားကြောင်း၊ ယင်းကို အန်အယ်လ်ဒီအနေဖြင့် ခိုင်မာစွာ တန်ဖိုးထားကြောင်း ထပ်လောင်းပြောဆိုထားသည်။

ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးမူကို ကိုင်စွဲသည့် အန်အယ်လ်ဒီအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအကျိုးခံစားခွင့်များကို ခိုင်မာစွာ တန်ဖိုးထားလေးစားပါကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

ထိုအပြင် ယနေ့ကျရောက်သည့် ပြည်ထောင်စုနေ့တွင် အန်အယ်လ်ဒီက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး အပါအ၀င် အကျဉ်းကျ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးရန်၊ (၆) နှစ်ကျော်ကြာ အကြောင်းပြချက်မရှိ ချိတ်ပိတ်ခံရသော တရားဝင် နိုင်ငံရေးပါတီ အန်အယ်လ်ဒီ ရုံးခွဲများကို ပြန်ဖွင့်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့် ပေးရန်နှင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီး ဖျက်သိမ်းခံရသည့် တိုင်းရင်းသား နိုင်ငံရေးပါတီများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန် စစ်အစိုးရကို တောင်းဆိုလိုက်သည်။

ယနေ့ (၆၃) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ အန်အယ်လ်ဒီ အလုပ်အမှုဆောင်များ၊ ပါတီဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်များ၊ ၀ါရင့် နိုင်ငံရေးသမားကြီးများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်။

No comments: