-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, February 6, 2010

ဘဝမှတ်တမ်း



နှင်းပန်းအိမ် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၇ မိနစ်


အစိမ်းရင့်ရောင်တောင်တွေကြားက ပုလဲလို ကြဲပက်ထားတဲ့ နှင်းစက်တွေနဲ့ ဒုက္ခသည်စခန်းလေးမှာ သတင်းတွေနဲ့ အိပ်ယာက နိုးရပါတယ်။ ဝါးကြမ်းခင်းထဲကို ကလူကျီစယ်လိုက်တဲ့ ဆောင်းလေကို ဒုက္ခသည်တွေ ဘေထုတ်အနွေးထည်နဲ့ ကာကွယ်ထားရတယ်။ ဘေမကယ် သေဘွယ်ရာရှိတဲ့ နေရာလေ၊ သတင်းတွေ မရှိရင်လည်း မဖြစ်တဲ့ နေရာပေါ့။

၁၉၉၈ မှာ ခင်ပွန်းသည်ကို ဝေးလံခေါင်သီတဲ့ ကလေးအကျဉ်းထောင်ကို ထောင်ဒဏ် ၁၄ နှစ်နဲ့ ပို့လိုက်တဲ့ အချိန်မှာ ကျမ အတော်ဒုက္ခရောက်ခဲ့ရတဲ့ အချိန်ပေါ့။ ကျမရဲ့ ဒုက္ခကိုမြင်တဲ့ ဆရာကြီးဦးတင်မိုးက ဘဝမှာ အမြဲအမှတ်ရနေမယ့်စကား ပြောပါတယ်။ သမီး ဒုက္ခရောက်နေတဲ့အချိန်မှာ နေ့စဉ်မှတ်တမ်းရေး လူဆိုတာ အဆင်ပြေသွားရင် ဒုက္ခရောက်တဲ့အချိန်ကို မေ့သွားတတ်တယ်တဲ့။ ဆရာကြီးစကားအတိုင်း ကျမ နေ့စဉ်မှတ်တမ်း ရေးခဲ့တာ ဆယ်စုနှစ်ချီတဲ့ ထောင်ဝင်စာခရီးမှာ ဒိုင်ယာရီစာအုပ် ၁ဝ အုပ်ရေးခဲ့တယ်။ အဲဒီ့နေ့စဉ်မှတ်တမ်းတွေက ကျမကို စာရေးသူဖြစ်အောင် လုပ်ပေးခဲ့တယ်။ အခုဒုက္ခသည်ဘဝ ရောက်တော့လည်း နေ့စဉ်မှတ်တမ်းရေးတာပဲ။ နောက်ပြီး သတင်းတွေကို နေ့စဉ်နားထောင်ရတယ်။

ကျမရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ နံနက်မိုးသောက်တာနဲ့ ပထမဦးဆုံး ရေဒီယိုနားထောင်ခြင်းပါပဲ။ BBC VOA. RFA. DVB သတင်းဋ္ဌာနကလွှင့်တဲ့ သတင်းအားလုံးကို နေ့စဉ်မပြတ် နားထောင်ရပါတယ်။ လေလှိုင်းပေါ်ကနေ သတင်းတွေနဲ့ အမိမြန်မာပြည်ထဲက ပြည်သူလူထုရဲ့ ခံစားမူတွေကို ကျမပါ ထပ်တူခံစားရတာပါ။ ဒီသတင်းတွေထဲမှာ ကရင့်လူမျိုးများ နေထိုင်ရာကျောက်ကြီးကို နအဖ က ထိုးစစ်ဆင်တဲ့ သတင်းကို စိတ်ထိခိုက်စွာ ကြားခဲ့ရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မိုးတွင်းမှာ နအဖ ထိုးစစ်ကြောင့် ပြေးလာရတဲ့ လှိုင်းဘွဲ့ ကရင်ဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ ဒုက္ခတွေအတားအဆီးမရှိ ပင်လယ်ဝေအောင် ခံစားရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် လက်တိုငါးရိုးမျက်ဆိုတဲ့ မြန်မာစကားပုံအတိုင်းပါပဲ။

၂ဝ၁ဝ ရွေးကောက်ပွဲကို ၁ဝ ရက် ၁ဝ လ ၂ဝ၁ဝ ၊ ၁ဝ သုံးလုံးဆိုပြီး ကျင်းပမယ်။ ပြည်ထောင်စု မပြိုကွဲရေး တို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တို့အရေးဆိုပြီး နအဖ က အသံကောင်းလွှင့်နေပါတယ်။ အသံသာလွှင့်နေတာ လက်တွေ့ကတော့ မီးစတဖက်ရေမှုတ်တဖက် လုပ်နေတာပါ။ လှိုင်းဘွဲ့ ကရင်လူမျိုး ဒုက္ခသည်တွေ ကိုယ့်နေရပ် ပြန်ရမယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ ဘယ်သူမဆို ကိုယ့်နေရပ် ကိုယ်ပြန်ချင်ပါတယ်။ ဘဝလုံခြုံမှုမရှိလို့သာ သူများနိုင်ငံထဲ ပြေးလာရတာပါ။ တကယ်ရော ကရင့်လူမျိုးတွေ ဘဝလုံခြုံမှုရှိပြီလို့ အာမခံကြပါသလား။ ဒီကြားထဲမှာပဲ ကရင့်လူမျိုး နေထိုင်ရာ ကျောက်ကြီးကို နအဖ က ထိုးစစ်ဆင်နေပြန်ပြီ။

ဒုက္ခသည်အဖြစ်နဲ့ သူများတိုင်းပြည်မှာ မနေချင်ကြပါဘူး။ ဒုက္ခသည်ဆိုတာ ကိုယ့်တကိုယ်ရည် ဂုဏ်သိက္ခာ၊ နိုင်ငံ့ဂုဏ်သိက္ခာပါ ညှိုနွမ်းရတာပါ။ ဒုက္ခသည်အတွက် ပစ္စည်းတခုရတိုင်း ကျမတို့ ဂုဏ်သိက္ခာတွေ၊ စိတ်ခံစားမှုတွေ ဖဲ့ဖဲ့ပေးလိုက်ရတယ်လို့ ခံစားရပါတယ်။ ဒုက္ခသည်ဖြစ်ဖို့ ဒုက္ခမျိုးစုံခံစားပြီးမှ ဒုက္ခသည်အရည်အချင်း ပြည့်မီမှ လက်ခံတာပါ။ ဒုက္ခဆိုတာ အတုမရှိပါဘူး။

ကျမတို့စခန်းထဲမှာ ကားပြာကြီးနဲ့ တတိယနိုင်ငံကိုသွားဖို့ မဲဆောက်ပို့ရင် ထွက်ပြေးပုန်းအောင်းနေကြတဲ့ ကရင့်လူမျိုးတွေကို ကျမတို့ အံ့သြပေမယ့် ကိုယ်ချင်းစာနိုင်ပါတယ်။ ကိုယ့်နိုင်ငံကိုယ့်ရေ ကိုယ့်မြေမှာပဲ အခြေချနေထိုင်ချင်ပေမယ့် ခေတ်စနစ်ကြောင့် စစ်ပြေးဒုက္ခသည်အဖြစ် ပုန်းရှောင်နေရတာ၊ ကိုယ့်တိုင်းပြည်မှာ လူ့အခွင့်အရေး အပြည့်အဝနဲ့ နေရမယ့်နေ့ကို စောင့်မျှော်နေကြသူတွေပါ။ ရုပ်ဝတ္ထုတိုးတက်တဲ့ နိုင်ငံမှာ အခြေချနေထိုင်ခွင့်ရပေမယ့် ကိုယ့်လူမျိုးနဲ့ ကိုယ့်ရေကိုယ့်မြေနဲ့ နီးစပ်နေတဲ့ ဒုက္ခသည်စခန်းထဲက မခွာနိုင်သေးဘူး။ မခွာချင်ဘူးဆိုတာ ပိုမှန်ပါတယ်။ ဒီမှာက သဘာဝနဲ့ နီးစပ်ရတာ။ ယဉ်ကျေးမှုချင်း မဝေးဘူး။ သဘာဝတရားထဲက ရေမြေတောတောင်ထဲကနေ ရှာဖွေစားသောက်လို့ ရသေးတယ်။ ဒါကြောင့် ဒုက္ခသည်စခန်းထဲမှာ ၁ဝ နှစ်ကျော် နေထိုင်သူတွေ ရှိတယ်။ ဘယ်မှမသွားပါရစေနဲ့လို့ စခန်းအုပ်ချုပ်သူ ပလာကို တောင်းပန်ကြတယ်။

ကျမတို့စခန်းထဲမှာ ကရင့်အမျိုးသား ကလေးငယ်တွေရဲ့ ချို့တဲ့စွာနေထိုင်ရမှုကို မြင်ရတယ်။ တောထဲတောင်ထဲမှာပဲ နေထိုင်ခဲ့ရတဲ့ သူတို့တွေက စခန်းထဲမှာ ရိက္ခာဆန်ကို အဓိကထားပြီး တခြားဗာရီဟအတွက် တောထဲမှာ ရာသီပေါ် အသီးအနှံခူးပြီး ငွေရှာရပါတယ်။ လာဟူးကြာဆိုတဲ့ ဈေးနေ့တွေမှာက ပွန်းရွက်၊ ဇရစ်ရိုး၊ ကဇွန်းရွက်၊ ဝါးပိုးမျှစ်၊ ဝါးပိုးမှို၊ ကြက်ဟင်းခါးညွန့်၊ မြင်းခွာရွက်၊ ညောင်ချဉ်ဖူး၊ ဆူးပုတ်တွေကို မြေကြီးပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး ဈေးရောင်းနေတာကို အမြဲမြင်ရတယ်။ ရာသီသီးနှံသာ ပြောင်းသွားမယ်၊ ဈေးရောင်းနေတဲ့ ကလေးငယ်တွေကတော့ ပြောင်းမသွားဘူး။

တောတောင်ထဲကထွက်တဲ့ ရာသီပေါ် အသီးအနှံခူးရင်း သူတို့လေးတွေ သီချင်းဆိုနိုင်တယ်။ ဘယ်အရွက်ဘယ်အသီးက စားကောင်းတယ်၊ အဆိပ်မသင့်ဘူးဆိုတာ သူတို့သိတယ်။ ဆူးပုတ်ရွက်ဆိုတာ မိုးမရွာခင်နုတဲ့ အညွန့်က ပိုမွှေးပိုချိုတယ်လို့ သူတို့သိကြတယ်။ အခုလို ရာသီထဲက အင်ဖက်၊ ဇင်ပြွန်းရွက်တွေကို အိမ်မိုးနိုင်ဖို့ ဖက်ပစ်ကြတယ်။ မုန့်ဟင်းရည်နဲ့စားတဲ့ မုန့်ဖတ်အတွက် ဆန်ကို မောင်းထဲထောင်းပြီး ပုံစံခွက်နဲ့ ညှစ်ပြီး ရေနွေးနဲ့ပြုတ်ထားတဲ့ မုန့်ခေါင်းလေးတွေကို ငှက်ပျောညွန့်ပေါ်တင်ပြီး ရောင်းကြတယ်။ အဲ့ဒီလို ဖန်တီးပြီး ငွေရှာရတယ်။ သဘာဝတရားက ကရင့်လူမျိုး ဒုက္ခသည်တွေအတွက် အသက်ရှင်ရပ်တည်နိုင်ဖို့ ဖန်တီးပေးပါတယ်။

စခန်းထဲမှာ ဒုက္ခသည်ကလေးငယ်တွေအတွက် စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးထားပါတယ်။ အဲဒီ့ကျောင်းမှာ ကျမသားပါ စာသင်ရပါတယ်။ သားမှာ သားနဲ့ရွယ်တူ ကရင်သူငယ်ချင်းတွေ ရှိပါတယ်။ လူငယ်ချင်းဆိုတော့ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မှုက ပိုပြီးမြန်ဆန်ပါတယ်။ ကရင့်အမျိုးသားဝတ်စုံနဲ့ ကျောင်းတက်ရတဲ့ သားကလည်း အလွယ်တကူပဲ အဖြူ၊ အစိမ်း ကျောင်းဝတ်စုံကို မေ့ဖျောက်နိုင်ခဲ့ပါတယ်။ သားပြောနေတဲ့ ကရင်စကား၊ ကရင်စာကို နေ့တိုင်း ကြားနေရတယ်။

ဒီထဲကမှ ကရင်အမျိုးသား သီချင်းတပုဒ်နဲ့ ကျမ ရင်းနှီးခဲ့ရတယ်။ မြန်မာလိုအဓိပ္ပာယ်က “ငါတို့နိုင်ငံက သဲသောင်ပင်လယ်နဲ့ လှပတဲ့နိုင်ငံလို့ ဘိုးဘွားတွေက ပြောတယ်။ ငါတို့မိဘတွေနေခဲ့တဲ့ နေရာ၊ လှပတဲ့ ရိုးရာဓလေ့၊ တောင်တန်းလျှိုမြောင်၊ စိမ်းလဲ့တဲ့ သစ်တော၊ သစ်သီးဝလံတွေနဲ့ ပြည့်စုံတဲ့ နေရာ၊ မြစ်ချောင်းအင်းအိုင်၊ ကျေးငှက်တွေရဲ့ အသံကလည်း နားဝင်ချိုတဲ့၊ သယံဇာတပေါကြွယ်ဝတဲ့ ငါတို့ပိုင်တဲ့ နိုင်ငံတဲ့။ ကျမရင်ထဲ ထိထိခိုက်ခိုက်ဖြစ်ရတဲ့ ကရင့်အမျိုးသား သီချင်းပါ။ ဒီကရင့်အမျိုးသား သီချင်းကို သားဆိုရတိုင်း ငိုချင်လိုက်တာ မေကြီးရယ်လို့ သူ့ခံစားချက်ကို ပြောပါတယ်။

သားသူငယ်ချင်းတွေထဲမှာ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကျောက်ကြီးက စစ်ပြေးဒုက္ခသည် ကရင့်လူမျိုး ကလေးငယ်တွေ ပါတယ်။ သူတို့က အန္တရာယ်နဲ့ အမြဲကြုံတွေ့နေခဲ့ရသူတွေမို့ လူသစ်တွေနဲ့ ဆုံတိုင်းသတိနဲ့ နေတတ်ပါတယ်။ ဒီလိုလူစိမ်းတွေကြောင့် သူတို့အိုးအိမ်စွန့်ခွာခဲ့ရတာမို့ တိုက်ကြက်များလို အမြဲတမ်း အတောင်ပံဖွထားသူတွေပေါ့။ သားကနေတဆင့် ကျမတို့နဲ့ ရင်းနှီးသွားတဲ့အခါမှာ ကျမကို သူတို့ သိချင်တာတွေ မေးသလို ကျမကလည်း သူတို့လူငယ်တွေကို မေးတယ်။

“အဒေါ်… နိုင်ငံတော်သီချင်းထဲကလိုပဲ ကျနော်တို့မှာ တိုင်းပြည်ရှိတယ်နော်” ဟု သူ့မေးခွန်းက ကျမ အသည်းနှလုံးကို ဆုပ်ချေလိုက်သလိုပါပဲ။ သူတို့နဲ့ ကျမတို့က လောလောဆယ် နိုင်ငံမဲ့နေသူတွေ။ ကျမတို့မြို့ပြမှာ မသိခဲ့တဲ့ ဒုက္ခဆင်းရဲမျိုးကို သူတို့ ခံစားခဲ့ရတယ်။ သူတို့တွေ သူတို့ဇာတိရွာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကူညီရတယ်။ သူတို့တွေ ဘာတွေလုပ်ရလဲလို့ ကျမမေးတော့ သူတို့ရွာကို လွမ်းသွားပုံရတယ်။ သူတို့လေးတွေဆီမှာ ချစ်စရာကောင်းတဲ့ ဒေသသံတွေ ရှိတယ်။ ”များသွားပြီ၊ များနေပြီ” ဆို “လက်ကုန်ပဲ” လို့ သုံးကြတယ်။ ”ဗမာစကားမပြောတတ်ဘူး” ဆို ”ဗမာလိုပြောမတတ်ဘူး” လို့ ပြော တတ်ကြတယ်။

မူးဒိုဆိုးက ကျောက်ကြီးဘက်ကပါ။ အခု သူက ကရင်ဗမာ ၁ဝ တန်း တက်နေတယ်။ သူဒုက္ခသည်စခန်းထဲကို ရောက်နေတာ ၈ နှစ်ရှိပြီတဲ့။ ကျောက်ကြီးမှာ ဒူးရင်းခြံ၊ ကွမ်းသီးခြံတွေ ရှိတယ်။ ကွမ်းသီးက မိုးကနေ နွေအထိ သုံးကြိမ်သုံးခါ သီးတယ်တဲ့။ ပိုင်ရှင်က အပင်က ကွမ်းသီးကို တံချူနဲ့ ချူချတယ်။ ခြံပိုင်မဟုတ်တဲ့ မူးဒိုဆိုးတို့လို သူတွေက ကောက်ပေါ့။ ဒီတော့ သူများထက် အရင်ကောက်ဖို့ အိပ်ယာက စောစောထရတယ်။ ရလာတဲ့ ကွမ်းသီးတွေကို အခွံခွာ နေလှန်းပြီး ထားရတယ်။ ကုန်သည်တွေက ပစ္စည်းချင်းလဲတာလည်း ရှိတယ်။ ကွမ်းသီးကို အလုံးရေကို ချင်တွယ်ဖို့ ဝါးခြင်းဝါးပလုံးလေး ယက်ထားရတယ်။ ရာကျော်တဲ့ ကွမ်းသီးကို တခါထဲ ချင်တွယ်လို့ရနိုင်အောင် လုပ်ထားတာပါ။ ကိုယ်က အလုံးရေ များသွားလည်း ဘာမှမပြောနိုင်ဘူးတဲ့။ ကွမ်းသီးကို ငပိ၊ ဆားနဲ့ လဲကြတယ်။ ငပိဆားက သူတို့အတွက် အဓိက အစားအစာပါ။ ငပိနဲ့ ငရုပ်သီးရှိရင် ထမင်းဖြစ်တယ်။

မူးဒိုဆိုးက သူတို့မိဘတွေက မြေလွတ်မြေရိုင်းတွေ ခုတ်ထွင်ရှင်းလင်းပြီး တောင်ယာစပါးစိုက်တယ်။ တောင်ယာစပါးပေါ်ချိန် စစ်တပ်က ထိုးစစ်လာရင် စပါးသိမ်းချိန်မှာ စပါးတောင် မသိမ်းနိုင်ဘဲ စစ်ပြေးရတယ်တဲ့။ လက်နက်ကြီးသံတွေ၊ သေနတ်သံတွေ ရွာနဲ့နီးလာရင်၊ တခါတလေ ရွာကိုမီးရှို့ရင် ပြေးရပြီ။ အဖီးတို့၊ အဖူးတို့ကတော့ လှည်းနဲ့ပေါ့။ ကလေးတွေနဲ့ အပါးအမိုးတို့က လမ်းလျှောက်ရတယ်။ ဘယ်လိုနေရာတွေမှာ ပုန်းကြလဲဆိုတော့ သူက ကျမကို မသိတတ်ရန်ကောဆိုတဲ့ အကြည့်နဲ့ လှမ်းကြည့်တယ်။

“အဒေါ်ရယ် … စစ်ဖြစ်တဲ့နေရာနဲ့ ဝေးတဲ့နေရာပေါ့။ စစ်နဲ့ဝေးတဲ့ ရွာတွေဆီ သွားရတယ်။ စစ်ပုန်းလာတဲ့ ကျနော်တို့ကို သူတို့က နေရာပေးတယ်။ သူတို့ရွာ စစ်ဖြစ်ရင်လည်း ကျနော်တို့ဆီ လာပုန်းတာပဲ။ တခါတလေလည်း တောထဲတောင်ထဲ လှည့်ပုန်းရတာပေါ့။ စစ်ပြေးရင်း တောထဲမှာ မိတာတွေ့တာ ချက်စားရယ်။ တောထဲတောင်ထဲမှာ ပုန်းရင်း မိုးရွာရင် တာလပတ်၊ ပလပ်စတစ်တွေကို လက်နဲ့ကိုင်ပြီး ကိုယ်ပေါ် မိုးထားရတယ်။ အဝတ်အစားမပါလို့ မိုးစိုကြီးနဲ့ ငုတ်တုတ်နေရတယ်။ ကျနော်တို့က .. အပါး မီးလှုံမယ်လို့ ပြောရင် အပါးက မီးရောင်မြင်ရင်၊ မီးခိုးမြင်ရင် ဗမာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်လိမ့်မယ်တဲ့။

ထိုးစစ်ပြီးပြီ၊ စစ်တပ်တွေ ပြန်ပြီဆို ကျနော်တို့ ရွာပြန်ပြီ။ ရွာရောက်တော့ မြေမြှုပ်မိုင်းတွေကလည်း ကြောက်ဖို့ ကောင်းတယ်။ ရွာရောက်တော့ ကွမ်းခြံထဲကို ကွမ်းသီးကောက်ဖို့ သွားကြတယ်။ ကွမ်းပင်က ကွမ်းဖတ်အဝါရွက်တွေကို အဖီး ဆေးလိပ်လိပ်သောက်ဖို့ ကျနော် ခွာတယ်။ ကျနော့်အကိုဝမ်းကွဲက ကွမ်းသီး ကောက်ရင်း ကွမ်းသီးခြံထဲက အသီးလေးကို ကိုင်ကြည့်လိုက်မိရာမှာ ထပြီးပေါက်ကွဲတော့တာပဲ။ ကွမ်းသီးပင် ထက်ပိုင်းကျိုးသွားသလို အကိုလည်း လက်နှစ်ဖက်ပြတ်ပြီး မျက်လုံးတဖက် ကွယ်သွားတယ်။ အဖီးနဲ့ အဖူးတို့ ငိုကြတယ်။ ဆေးရုံက ဟိုးအဝေးကြီးမှာလို့ ပြောတယ်။ အကို့ကိုရွာမှာပဲ ဆေးကုရတာပေါ့။ ဆေးက ဆေးမြီးတိုလို့ အမိုးက ပြောတယ်။ ငပိမြေအိုးဖုံးပေါ်မှာ သစ်ဥသစ်ဖုသွေးလိမ်းရင်း အကို့အနာ ကျက်သွားတာပဲ။

အဒေါ်က စာရေးသူဆိုတော့ သိမှာပေါ့။ ကျောက်ကြီးနားမှာ မဲတင်းတိမ်တောင်နဲ့ ဗုံမတီးတောင် ရှိတယ်။ အဖီးက ပြောတယ်။ အဒေါ်တို့ ဗမာဘုရင် မဏိစည်သူမင်း တိုင်းခန်းလှည့်လည်လာတော့ သူ့ရဲ့ ကြင်ရာတော်က နေမကောင်းလို့ ဘယ်သူမှ ဗုံမတီးရဘူးလို့ ပြောတယ်။ ဗုံမတီးရဘူးလို့ ပြောရကနေ ဗုံမတီးတောင်လို့ ခေါ်တာတဲ့။ တော်တော်ဆိုးတဲ့ ဗမာဘုရင်နော်။ ဗုံတီးတယ်ဆိုတာ ပျော်လို့တီးတာပဲ အဒေါ်ရယ်။ အဖီးကတော့ အမြဲပြောပါတယ်။ ဗုံမတီးတောင်ကို အမီပြုပြီး ငါတို့ ထင်းဝါးခုတ်ရတယ်။ ထင်းခုတ်ဖို့သွားရင် စစ်တပ်နဲ့ KNU နယ်မြေကို ဖြတ်ရတယ်။ စစ်တပ်က ၇၃ စစ်တပ်။ ရှေ့တန်းမထွက်နိုင်တဲ့ လူတွေကို စခန်းချပြီး ဆက်ကြေးတောင်းခိုင်းထားတာ။ လှည်းတစီးကို အဲဒီတုန်းက တထောင်ပေးရတယ်။ စာသင်ရတာတော့ ကျောက်ကြီးမှာ ရွာကျောင်းပဲ တက်ခဲ့ရတယ်။ စာမေးပွဲဖြေနေတုန်း ထိုးစစ်တိုက်စစ်တွေ ဝင်လို့ ထွက်ပြေးရတာ။ ဒီဒုက္ခသည်စခန်းကို ရောက်ခဲ့တာပဲ”

ဒုက္ခသည်စခန်းထဲမှာ စာသင်ကျောင်း ထိုင်ခုံစားပွဲတွေက ဝါးနဲ့လုပ်ထားတာပါ။ ကျိုးပဲ့နေတဲ့ ဝါးကွပ်ပျစ်ထိုင်ခုံပေါ်မှာ ဒုက္ခသည်ကလေးတွေ စာသင်ရတယ်။ အချိန်အခါမဟုတ် မိုးရွာရင် မိုးလုံတဲ့နေရာ ပြေးကြရရော။

အခုအချိန်မှာ စာသင်ကျောင်းအတွက်၊ ဒုက္ခသည်အိမ်တွေအတွက် ဝါး၊ မျောတိုင်၊ အင်ဖက် ဝေပါတယ်။ ကျောင်းသားကျောင်းသူတွေကိုယ်တိုင် ကျောင်းအဆောက်အဦးအတွက် ပစ္စည်းတွေကို ထမ်းပိုးရပါတယ်။ စာမေးပွဲအစစ်ကြီး ဖြေပြီးရင် ဆရာတွေ ဦးစီးပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ အမိုးအကာမိုးပြီး ကျောင်းကို ပြုပြင်တယ်လို့ ပြောပါတယ်။ လောလောဆယ် အမိုးအကာ ပြိုပျက်နေတဲ့ စာသင်ကျောင်းလေးမှာ မူးဒိုစိုး၊ ချာနေမူး၊ ကဲဒိုစိုး၊ ကရင့်စစ်ပြေးဒုက္ခသည်တွေ။ သူတို့ကတော့ ဒီလိုမျိုး အေးအေးချမ်းချမ်း စာသင်ရတာကို ကျေနပ်တယ်တဲ့။ တခါတရံတော့လည်း ရွာကို သတိရတယ်လို့လည်း ဆိုပါတယ်။

ကျောက်ကြီးဆိုတာ စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိပါတယ်။ ကရင်၊ ဗမာ၊ ကယား၊ ကရင်ကယားစပ်တွေ နေထိုင်ပါတယ်။ ကယားအမျိုးသမီးလေးက ကျမတို့တဲနဲ့ ၄-၅ အိမ်ကျော်ဝေးတဲ့ နေရာမှာ နေပါတယ်။ သူကလည်း ကျောက်ကြီးကပါပဲ။ ကျောက်ကြီးအကြောင်း ရေဒီယိုက သတင်းတွေကြားတော့ ကျမ သူ့ကိုမေးမိတယ်။ သူက နင်မေးတာကိုဖြေရင် အဖမ်းခံရမှာလားလို့ ပြောတယ်။ သိတော့သိတယ်။ ဒါပေမဲ့ မဖြေရဲဘူး။ ကြောက်တယ်လို့ ပြောပါတယ်။ ကျမက နင်တို့ပြောမှ နင်တို့ခံစားရတာတွေ၊ ဒုက္ခရောက်တာတွေ သူများတွေသိမှာပေါ့။ နာမည်မပြောနဲ့။ အဖြစ်အပျက်ပဲပြောလို့ ကျမ ပြောလိုက်ပါတယ်။ သူ့နာမည်ကို ကျမ မရေးတော့ပါဘူး။ သူပြောတာ နားထောင်ကြည့်ပါဦး။

“ကျောက်ကြီးက ကရင့်လူမျိုးတွေကို စစ်တပ်က မသင်္ကာရင် KNU နဲ့ ဆက်သွယ်တယ်ဆိုပြီး အိမ်ထောင်ဦးစီးတွေကို သတ်ပစ်တယ်။ တောတက်ရာမှာ အသုံးပြုတဲ့ လှည်းတွေကိုပါ လူတွေနဲ့အတူ ပေါ်တာဆွဲတယ်။ စပါးသိမ်းချိန်၊ ကွမ်းသီးသိမ်းချိန်၊ ထိုးစစ်တိုက်စစ်ဆင်ရင် လုပ်ငန်းမသိမ်းရတော့ စီးပွားပျက်တာပေါ့။ ရွာမှာ မူလတန်းအထိပဲ စာသင်ကျောင်း ရှိတယ်။ အထက်တန်းပညာ သင်ချင်ရင်ပဲ နွယ်ကုန်းဇရပ်ကြီးတက်ပြီး စာသင်ကြတယ်။ ကျောထောက်နောက်ခံကောင်းတဲ့ လူတွေပဲ စာသင်ရတာပါ။ ငါတို့ကလေးတွေကတော့ ဒုက္ခသည်စခန်းထဲရောက်မှ စာသင်ရတယ်။ ရွာမှာက ၁ဝ နှစ်၊ ၇ နှစ်ကလေးတွေက တောကြက်တွေလိုပဲ။ တောထဲတောင်ထဲ စစ်ပုန်းနေရတာ။ ဗုန်းသံကြားရင်၊ သေနတ်သံကြားရင် ဗုံးကျင်းထဲဝပ်။ မြေပြင်မှာ ဝပ်တတ်တယ်။ စစ်ပါးဝနေပြီ။ ထူးပြီး အထိတ်တလန့် မဖြစ်တော့ဘူး။

မိုးကြိုး၊ ကျားကြီး ဆိုတဲ့ စစ်ဗိုလ်တွေက မိုက်တီးတွေ။ သူတို့ကို လုပ်ပိုင်ခွင့်ပေးထားတော့ မသင်္ကာရင် ပစ္စည်းသိမ်းတယ်။ လူသတ်တယ်။ အိမ်မီးရှို့တယ်။ ရိက္ခာလုပ်ပေးဆိုပြီး ရွာလူကြီးကို ခိုင်းတယ်။ ရိက္ခာရောလူပါ သူတို့သွားချင်တဲ့ဆီ လိုက်ပို့ရတယ်။ စိတ်မထင်ရင် မထင်သလို လုပ်တာ။ ဒါကို ကြောက်ပြီး အိမ်ထောင်ဦးစီးက ပုန်းနေရင် မိန်းမကို ပြန်ပေးဆွဲတယ်။ မိခင်တွေကို ပြန်ပေးဆွဲတယ်။ အိမ်ထောင်ဦးစီး ပြန်လဲတယ်။ မဟုတ်တာကို အဟုတ်လုပ်ပြောရင် သိပ်မုန်းတာပဲ။ ဗီဒီယိုထဲမှာလို ကရင်သူပုန်က မုဒိမ်းကျင့်တယ်ဆိုတာ လုံးဝမရှိဘူး။ တောထဲတောတောင်ထဲသွားလို့ မျက်စိလည်နေရင် ကရင်သူပုန်က လမ်းပြပေးတယ်။ သစ်ခုတ်သွားသူတွေ ရိက္ခာပါသွားလို့ ပိုရင် တောင်းစားတယ်။ ကျေနပ်မှ ယူတယ်။ စစ်တပ်ကတော့ ရက်စက်တယ်။ မုဒိမ်းကျင့်တာ စစ်တပ်ကလူတွေ ကျင့်တာ။

စစ်ကြောင့် ငါတို့ကလေးတွေ စာမသင်ရဘူး။ စစ်ကြောင့် ငါတို့ ဒုက္ခရောက်ရတယ်။ ငါ့ယောင်္ကျားကို မသင်္ကာလို့ဆိုပြီး မစစ်ဆေးဘဲနဲ့ သတ်ပစ်တယ်။ စိတ်မထင်ရင် မထင်သလို လုပ်တာ။ သူတို့ရက်စက်မှုက နေဝင်မီးငြိမ်းပဲ။ ညဆို မီးမမြင်ရစေနဲ့။ အပြင်မထွက်နဲ့။ ထွက်တဲ့သူ ပစ်သတ်တာ။ လယ်မြေတွေ သိမ်းတယ်။ လုပ်အားပေးမရှိတဲ့ရက်က ခပ်ရှားရှားပဲ။ စစ်တပ်က ချောဆွဲရင် လှည်းချော၊ လုပ်အားချော အကုန်ပေးရတယ်။ ရဲကလည်း နှိပ်စက်တာပဲ။ ရွာဓလေ့အတိုင်း မိန်းမချင်း ရန်ဖြစ်ရင်တောင် ရဲသိရင် အမှုဖွင့်ရော။ ပိုက်ဆံပေးရင် အမှုပိတ်ပေးတယ်။ မိုးတွင်းဆို ဆားမသယ်ရဘူး။ ဆန်မသယ်ရဘူး။ ကိုယ်စားဖို့ ဆန်တောင် သူပုန်ပေးဖို့လားလို့ ရန်ရှာသေးတာ။

ဓာတ်ခဲကို ၁၂ ရာသီ မသယ်ရဘူး။ ဓာတ်ခဲက မိုင်းလုပ်တာလို့ အဆိုရှိတယ်။ KNU ကို စစ်တပ်က ထောင်ထားတဲ့ မိုင်းတွေကို ငါတို့ရွာသားတွေ နင်းမိကြတာပဲ။ အိမ်မိုးဖို့ အင်ဖက်ကောက်တာ မိုင်းထိလို့သေတာ ရှိတယ်။ ခြေလက်ပြတ်တာ ရှိတယ်။ ဆေးရုံ၊ ဆေးခန်းသွားဖို့ အခက်အခဲရှိတယ်။ ထမ်းစင်နဲ့ ထမ်းရတယ်။ ကလေးတွေ၊ မိန်းမတွေပါ ထိတာ။ စစ်တောင်းမြစ်ကိုဖြတ်တဲ့ တရားဝင် တံတားရယ်လို့ အတိအကျ မရှိဘူး။ လမ်းပန်းသာတဲ့နေရာ လေလံဆွဲပြီး သစ်သားတံတားလုပ်ပြီး ကူးတယ်။ မိုးတွင်းဆို လှေဖောင်နဲ့ ကူးတယ်။ မိုးတွင်းဆို တောင်ကျရေ ရှိတယ်။ ကမ်းပြည့်ကမ်းလျှံပဲ။ နွေရာသီဆို လှေသေးလှေမွှားနဲ့ ကူးတယ်။ လူက ချောင်းထဲဖြတ်ကူးတယ်။

စစ်တောင်းမြစ် သောင်ထွန်းတဲ့ နေရာမှာ ကြက်သွန်မြေပဲ၊ နှမ်း၊ ကြံစိုက်တယ်။ ဈေးရယ်လို့ မရှိဘူး။ အိမ်ဆိုင်၊ ကုန်စုံဆိုင်တွေပဲ ရှိတယ်။ ကျွဲနားကုတ်၊ ညောင်ပင်သာ၊ ဖြူး၊ ပဲနွယ်ကုန်းမှာ ဈေးတက်ဝယ်ကြတယ်။ ငါတို့ကတော့ ငပိနဲ့ ငရုတ်သီးရှိရင် ထမင်းဖြစ်တယ်။ လက်ထပ်ပွဲဆိုရင်တော့ ဝက်အလျှံပယ် ကြွေးတယ်။ ဒါလေးတခုပဲ ငါတို့ လူနဲ့တူတာပါ”

တောင်ငူ၊ ညောင်လေးပင်၊ ပဲနွယ်ကုန်းဆိုတဲ့ ဘူတာစဉ်တလျှောက်ကို ကျမ ထောင်ဝင်စာခရီး ၁ဝ နှစ် ဖြတ်ဖူးတယ်။ မီးရထားပေါ်ကနေ တောင်တန်းတွေ၊ လွင်ပြင်တွေကို မြင်ရတိုင်း သဘာဝအလှကိုပဲ ခံစားမိတယ်။ ဒေသခံတွေရဲ့ ဒုက္ခဆင်းရဲကို ကျမ မသိခဲ့ရဘူး။ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ကျောက်ကြီးမှာ နအဖ ထိုးစစ်ကြောင့် စစ်ပြေးနေရသူတွေ၊ မြေမြုပ်မိုင်းထိသူတွေ၊ အသက်ဆုံးရှုံးရသူတွေ၊ မသေဘဲ ဒုက္ခဆင်းရဲ ရောက်နေသူတွေက နယ်စပ်မျဉ်းကိုကျော်ပြီး အိမ်နီးချင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ်နဲ့ နေနေရတယ်။

မီးရထားခရီးသည် ကျမတို့ အပျော်ခရီး၊ အလွမ်းပြေခရီး၊ စီးပွားအတွက် ခရီးတွေသွားနေကြချိန်မှာ သူတို့တွေက အသက်ဘဝ လုံခြုံမှုအတွက် တောတောင်ထဲမှာ တိရစ္ဆာန်တွေလို ပြေးလွှားပုန်းအောင်းနေရတယ်။ မြန်မာနိုင်ငံသားတွေအတွက် ကိုယ့်မြေကိုယ့်ရေမှာပဲ ကန့်သန့်နယ်မြေဆိုတာ ရှိသင့်ပါသလား။ မိုးတွင်းဆို ဆားသယ်ခွင့် ကန်သတ်တယ်။ ဓာတ်ခဲကတော့ ဆယ့်နှစ်ရာသီ NO ပဲတဲ့။ မြို့စားကြီးက မီးရှို့ပိုင်ခွင့်ရှိပြီး ရွာသားတွေ မီးထွန်းပိုင်ခွင့်မရှိတဲ့ နေရာက စစ်တောင်းမြစ် အရှေ့ဘက် ခြမ်းမုန်း၊ ကျောက်ကြီးပါပဲ။

မီးလောင်တောင်ယာတွေ မြင်ရတာ ဝမ်းနည်းသလောက် တောင်ခြေချောင်းထဲက ကျွဲခလောက်သံ ပုံမှန်ကြားရရင် ရင်ထဲမှာ ပျော်တယ်။ ဒါ ထိုးစစ်မရှိဘူးဆိုတဲ့ အဓိပ္ပာယ်။ မောင်းထောင်းသံ၊ ဆန်ပြာသံကလည်း သူတို့အတွက် ဂီတသံတခုလို နားဝင်ချိုပါလိမ့်မယ်။ ကျမတို့တိုင်းပြည်မှာ တကယ်ငြိမ်းချမ်းရင် ကျမတို့ ကြမ္မာ ကျမတို့ ဖန်တီးခွင့်ရှိရင် ဘယ်သူမှ ပြန်ပို့စရာ မလိုပါဘူး။ ကျမတို့ ပြန်ကြမှာပါ။

တောင်လဲရာ မြက်ပြတ်၊ နေ့စဉ် ဒုက္ခသည်ရဲ့ ဘဝမှတ်တမ်းတွေကို ဘယ်အချိန်ထိ ရေးနေရဦးမလဲဆိုတာတော့ မြန်မာပြည် နိုင်ငံရေးနဲ့၊ ကမ္ဘာက ဒုက္ခသည်တွေအပေါ် ဘယ့်လောက် စိတ်ဝင်စားလဲဆိုတဲ့ အခြေအနေတွေနဲ့ ဆိုင်တယ်ဆိုရင် ငြင်းမှာလား။

No comments: