-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, February 17, 2010

ဒေါ်ဝင်းမြမြ ဆိုင်ခန်းကို လေလံပစ်တော့မည်

နယူးဒေလီ (မဇ္ဈိမ)။ ။ စည်ပင်သာယာက သိမ်းဆည်းထားသော မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ မိသားစုပိုင် အထည်ဆိုင်ခန်းကို ယနေ့တွင် လေလံပစ်မည်ဟု သိရသည်။

ထောင်ဒဏ် ၈ နှစ်ကျခံနေရသူ အန်အယ်ဒီ၏ မန္တလေးတိုင်း အမျိုးသမီး တာဝန်ခံလည်းဖြစ်သူ ဒေါ်ဝင်းမြမြတို့ မောင်နှမများပိုင် ဈေးဆိုင်ခန်းနံပါတ် ၉ (စီရုံ၊ မန္တလေးဈေးချို) ကို ၂ဝဝ၇ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စည်ပင်က သိမ်းယူခဲ့ပြီးနောက် လေလံတင်ရောင်းချရန် စီစဉ်နေခြင်း ဖြစ်သည်။

“ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မန္တလေး ညနေပိုင်းထုတ် မန္တလေးသတင်းစာမှ စီရုံ၊ ဆိုင်နံပါတ် ၉ ကို လေလံပစ်မယ် ဆိုပြီးတော့ သတင်းပါလာတာ။ မနေ့ကမှ လေလံတင်မယ့် စည်ပင်သာရေး ဆပ်ကော်မတီကို ပြောတယ်။ စည်ပင်ကိုလည်း ၃ ကြိမ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ၃ ကြိမ် စာတင်ထားတဲ့အတွက် လေလံပစ်မယ့် ကဏ္ဍကို ဆိုင်းငံ့ပယ်ဖျက်ပေးပါလို့ စာပို့ထားတယ်” ဟု ဒေါ်ဝင်းမြမြ၏ အကိုဖြစ်သူ ဦးဘစိုးက မဇ္ဈိမကို ပြောသည်။

ဆိုင်ခန်းသိမ်းယူမှုနှင့် ပတ်သက်၍ စည်ပင်က တည်ငြိမ်မှုကို ပျက်ပြားစေသည်ဟု အကြောင်းပြကာ သိမ်းယူခဲ့ခြင်း ဖြစ်သည်။

“စည်ပင်သာယာ ရဲဗိုလ်မှူးကြီးတဦးက အမိန့်စာ လာပေးတယ်။ စည်ပင်သာယာ ဆပ်ကော်မတီ ၃-၄ ယောက်လည်း ပါလာတယ်။ ဖတ်ကြည့်တော့ ဆိုင်ခန်းသိမ်းတာ ဖြစ်နေတော့၊ ဗိုလ်မှူးကြီး ကျနော်တို့က ပြည်သူတွေ၊ ဥပဒေအကာအကွယ် ရချင်တယ်။ ဒီလို အမိန့်နဲ့ သိမ်းတာက သိပ်ပြီး အကျည်းတန် အရုပ်ဆိုးတယ် ပြောတော့၊ ကျနော်တို့ဆီ စာသွားပေးပါ၊ လက်မှတ်ထိုးယူခဲ့ပါလို့ မှာလို့လာတာ။ လက်မှတ်မထိုးဘူးဆိုရင် တခြားနည်း သုံးမယ်ဆိုတာနဲ့ လက်မှတ်ထိုးပေးလိုက်တာ။ လက်မှတ်ထိုးပြီး နောက်တရက် ဆိုင်ကို လက်လွှတ်လိုက်ရတယ်” ဟု ဦးဘစိုးက ပြောသည်။

ဒေါ်ဝင်းမြမြတို့ မောင်နှမများသည် မိဘများလက်ထက် ၁၉၅၂ ခုနှစ်ကတည်းက စတင်ကာ အထည်ဆိုင်ဖွင့်လှစ်ခဲ့သည့် ချုပ်လုပ်ပြီး မြန်မာ့ရိုးရာ တိုက်ပုံ၊ ရှပ်အင်္ကျီ၊ ဘောင်းဘီ စသည့် အထည်များကို ရောင်းချခဲ့ကြသည်။ ယခုအခါ ဆိုင်ခန်း၏ ကာလပေါက်ဈေးမှာ ကျပ်သိန်း ၅ဝဝ ကျော် ရှိသည်။

ဆိုင်ထွက်ခွင့် မရှိသဖြင့် အထက်မြန်မာပြည်မှာ ကုန်သည်များနှင့် မိတ်ဆွေများကို တွေ့ဆုံခွင့် မရသောကြောင့် စိတ်မကောင်းဖြစ်ပြီး စီးပွားရေးအရ ဆုံးရှုံးကြောင်းနှင့် အမှန်တရား လုပ်သူများအတွက် ဖိနှိပ်မှုများရှိကြောင်း ဦးဘစိုးက ဆိုသည်။

ဒေါ်ဝင်းမြမြသည် ၂ဝဝ၇ ခုနှစ် သံဃာ့လှုပ်ရှားမှု ဖြစ်ပွားနေစဉ် ဖမ်းဆီးခံခဲ့ရကာ နောက်လ ၂၄ ရက်နေ့တွင် အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု၊ ဘာသာ သာသနာကို အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည်။

ယခုအခါ ကချင်ပြည်နယ် ပူတာအိုထောင်တွင် ရှိနေကြောင်းနှင့် ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း တလတခါ သွားရောက်၍ ထောင်ဝင်စာတွေ့ဆုံနေသည့် အကိုဖြစ်သူက ပြောသည်။

မန္တလေး စည်ပင်နှင့် အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ထံ ဆိုင်ခန်း ပြန်လည်ရယူလိုကြောင်း ၃ ကြိမ်စီ မေတ္တာရပ်စာ ပေးပို့ခဲ့သလို၊ ယခုလေလံပွဲကိုလည်း ဆိုင်းငံ့ပေးရန် ယမန်နေ့က စည်ပင်သို့ ထပ်မံ၍ စာပို့ခဲ့သည်။

ဦးဘစိုးက “လေလံပစ်မယ်၊ မပစ်ဘူး တိတိကျကျ မသိရသေးဘူး။ စာတင်ထားတဲ့အပေါ်မှာ၊ ပစ်မယ်ဆိုလည်း ဘာမှမတတ်နိုင်ဘူး။ မပစ်ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ စကားပြောလို့၊ နိုင်ငံရေးတည်ငြိမ်သွားလို့ ဒီလိုအဓမ္မအမိန့်နဲ့ သိမ်းထားတဲ့ ဆိုင်ခန်းတွေတော့ ပြန်ရမှာပဲလို့ ဒီလိုပဲ မျှော်လင့်ချက်ထားတယ်” ဟု ပြောသည်။

ဒေါ်ဝင်းမြမြကဲ့သို့ပင် ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေး၏ မိသားစုပိုင်ဆိုင်သည့် မန္တလေးရှိ သမာဓိ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို ၂ဝဝ၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အာဏာပိုင်များက အကြောင်းပြချက် တစုံတရာ မရှိဘဲ ပိတ်ပင်ခဲ့သေးသည်။

ကိုမြအေး၏ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်က “၂ဝဝ၆ နှစ်ကုန်၊ ၂ဝဝ၇ မှာ ကားဂိတ်ကို တဝက်သိမ်းသွားတယ်။ ၂ဝဝ၈ ထဲမှာ အကုန်သိမ်းသွားတယ်။ အာဏာပိုင်တွေက ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့ စာရွက်ပဲ ပေးတယ်။ ကျန်တဲ့ ဟာကိုတော့ ဘာမှမပြောဘူး။ ကျမတို့ စီးပွားရေးအရ ပိတ်လိုက်ရတယ်။ ရန်ကုန်နဲ့ မန္တလေး သယ်ယူပို့ဆောင်ရေး ကားဂိတ်ဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

မိဘများလက်ထက် ၁၉၇၉ ခုနှစ်မှ စတင်၍ လုပ်ဆောင်ခဲ့ပြီး ကျွဲဆယ်ကန်တွင် ဂိတ်ဖွင့်ခဲ့ပြီး၊ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၅၅ လမ်းတွင် ရုံးခွဲအဖြစ် ဖွင့်လှစ်လုပ်ကိုင်ရာမှ ၂ဝဝ၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာဏာပိုင်များက ကားဂိတ်ပိတ်ရန် ပြောခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်မှာရှိတဲ့ ရုံးခွဲကိုလည်း ပိတ်ခိုင်းတယ်။ မန္တလေးကားဂိတ်က ပင်မကားဂိတ်။ ကျွဲဆယ်ကန် အစိုးရကားကြီးဝင်းမှာ။ ကုန်ချကားဂိတ်အဖြစ် ဖွင့်ထားတယ်” ဟု မဝေနှင်းပွင့်သုန်က ပြောသည်။

No comments: