-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, February 18, 2010

ရှား




ညဘက် အိမ်သားများ စုံသောအခါ တစ်နေ့တာ အတွေ့အကြုံများကို အလုအယက် ပြော ကြခြင်းသည်။ ကျွန်မတို့ မိသားစုလေး၏ ယဉ်ကျေးမှု တစ်ခုဖြစ်ပါသည်။ ရုံးမှ ပြန်လာသော သားကြီးက သူ့လက်ထဲမှာ ပါလာသော အထုပ်တွေထဲမှ ဒါက ဘယ်သူ့အတွက် စသဖြင့် ခွဲတမ်း ချစဉ်၊ သူ့သမီး နှစ်ယောက်နှင့် သားလေးက မတ်တပ်ရပ်လျက် သူတို့ ရမည့် ပစ္စည်းကို လက်ခံ ယူကြဆဲ။ ကျွန်မကား ဧည့်ခန်းထောင့်မှာ ရှိသည့် နံရံ
ကပ် ရေမြှုပ် မွေ့ရာပေါ် အသာအယာ လှဲရင်း သူတို့နှင့် စကား ပြောနေကျ ဖြစ်ပါသည်။ တစ်နေ့တာ အမောများကို အားတက် စရာများဖြင့် ဖလှယ် တတ်ကြပါသည်။ သတင်း အထူးအဆန်းများ ကြားခဲ့ သူကလည်း ဤအချိန်တွင် တင်ပြလေ့ ရှိသဖြင့် ဤအချိန်ကို မဟာဆန်ဆန် “ညဥ့်ညီလာ” ဟု ကျွန်မက မှည့်ခေါ် ထားခဲ့သည်။

အမေရေ . . . ပြောရဦးမယ်။ အခု အီးဗီဒီ အသစ်ပေါ်နေပြီ။ စက်က ခပ်သေးသေး၊ အခွေ တစ်ခွေပဲ ဆန့်တယ်။ ဒါပေမယ့် တီဗီတစ်လုံး သပ်သပ် မလိုတော့ဘူး။ လက်ပ်တော့လိုပဲ ဖွင့်လိုက်ရင် အဲဒီမှာ ကြည့်လို့ရပြီ။ ဆယ့်နှစ် လက်မတီဗီစက ရင်ဆိုပါတော့။ ဈေးကလည်း ချိုလိုက်တာ။ ရှစ်သောင်းထဲဟု ပြောသော စကား။ သူ့ သမီး အပျိုပေါက်တွေက ခုန်ဆွခုန်ဆွ လုပ်ကာ ၀ယ်မယ် ၀ယ်မယ်ဟု အော်ကြသည်။ ဝေဖာတွေ ပလုပ်ပလောင်း စားနေသော သားငယ်လေးကလည်း မိုက်တယ်၊ မိုက်တယ် သားသားအရင် ဦးထားပြီနော်။ မမကြီး တို့အခန်းထဲ ယူမသွား ရဘူးဟု ပြောသည်။ သူ့အဖေ၏ မျက်နှာကြီးကား ၇ ထပ်သို့ တက်လာ ကာစနှယ် မဟုတ်တော့။ သီတာ ၇ တန်၊ တောင်ယံ ၇- ဆင့်မှ စီးကျလာသော စမ်းရေ သောက်ရသည့်နှယ်။

ပြီးတော့ သူတို့ ထမင်း စားကြသည်။ ဟေ့ ဟေ့ ဒါ ငါ့အမေ အတွက်၊ ငါ့အမေ ကြိုက်တတ်လို့ ၀ယ်လာတာ၊ သွားသွား ရေခဲ သေတ္တာထဲ သိမ်းထားလိုက်၊ မနက်ကျ နွေးစားလိမ့်မယ်ဟု ထမင်း ဗလုံးပထွေးကြီးနှင့် ပြောနေသံလည်း ကြားရ၏။ သူ့ သမီးတွေ၏ စာရင်း တင်ပြမှု အသစ်များ ကိုလည်း ကြားရ၏။ လူကြီးပီပီ ညစာ စောစော စားထားပြီး မွေ့ရာပေါ် ထမင်းလုံး စီနေသည့် ကျွန်မကား တင်ပြစရာ မရှိတော့၍ မျက်လုံး မှေးရင်း သူတို့ပြောသည့် လက်ပ်တော့နှင့် တူသော အီးဗီဒီ ဆိုတာကို တွေးနေမိပါသည်။

ကလေးတွေရော၊ ကလေးတွေ အဖေရော၊ ၀ယ်ချင်တာတွေက ဆုံးနိုင်တယ်ပဲ မရှိတော့တာပါလား။ အီးဗီဒီ ဆိုတာကို ၀ယ်ခဲ့တာပင် ဘာကြာသေး လို့လဲ။ ဧည့်ခန်းမှာ ထားသည့် ကျွန်မ၏ ၂၁ လက်မ တီဗီကြီးက တစ်ခါမှ ဆိုင်မရောက်ဖူးသေး။ ဆယ့်ငါးနှစ် သက်တမ်း အတွင်း တည်တည်ငြိမ်ငြိမ်ပင် နေရာ မရွေ့သေး။ သူက အပေါ် စက်ပေါ့လေ။ သူ့အောက်မှာ ထားလေ့ ရှိသဖြင့် အောက်စက်ဟု အခေါ် ခံရသော ပြစက်တွေက ဘယ်နှစ်ခါ ပြောင်းခဲ့ပြီ မမှတ်မိတော့။ ပထမဆုံး ဗီဒီယို ပြစက်ကလေး။ လေးငါးနှစ် အထိ ကောင်းသေး။ နောက်တော့ စက်ထဲ ကြောင်ရှူး ပေါက်လိုက်လို့ ဆိုပြီး ပျက်သွားခဲ့သည်။ ဗီစီဒီ လှလှကြီးတွေ ပေါ်လာတာနှင့် အတော်ကျပြီး ဟိုစက် ကလေးကို ပြင်တောင် မပြင်တော့။ ပြင်ဆိုင်ကို အလကား ပေးလိုက်သည်တဲ့။ နောက်တော့ ဗီစီဒီတွေက ထစ်ပြန်ရော။ ဟိုတစ်ခွေ ထစ်သည် အခွေထစ်နှင့် စိတ်ညစ်စရာ။
Page 2 of 2
သို့ဖြင့် ဒီဗီစီဆို မထစ်ဘူးဆို ပြီး DVD ကို ၀ယ်သည်။ မကြာခင် DVD ကို ဒီ အတိုင်းထားလိုက်ပြီး အီးဗီဒီ ဆိုတာ ၀ယ်လာသည်။ ဒါကိုရတော့ မောင်နှမတွေ လုကြသည်။ အစ်မတွေက ကိုရီးယားဇာတ် ကားရှည် ကြည့်ချင်သည်။ မောင်လေးက ကြောင်နှင့် ကြွက်။ ပြီး ဂိမ်းလည်း နှိပ်ချင် သေးသတဲ့။ ၂၁ လက်မ တီဗီရှေ့မှာ တွန်းကြ ထိုးကြ၊ ငိုကြ ယိုကြ။ နောက်မကြာခင် သူတို့ အဖေက ၁၈ လက်မ တီဗီလေး တစ်လုံး၊ အရစ်ကျချေလို့ ရတယ်ဆိုပြီး ၀ယ်ချလာကာ သမီးတွေ အခန်း ပို့လိုက်သည်။ ဒီဗီဒီပြစက် အဟောင်းကို အခန်းထဲ ရွှေ့ ကြသည်။ အခန်းထဲမှာ ကိုရီးယား၊ အပြင်မှာ ဝေါ့လ်စ်ဒီ စနေပေါ့။

ဒီလို ရန်ပွဲ အေးသွားတော့ သူတို့ အဖေလည်း ၀မ်းသာသည်။ ကျွန်မတို့ သားအမိက ဘာမှ မကြည့်ဘူးလားဟု မေးစရာ ရှိ၏။ သားကြီးက သူ့သားလေး အိပ်သွားတော့မှ သူ့စိတ်ကြိုက် စစ်ကားတွေ ကြည့်သည်။ ကျွန်မ တစ်ရေးနိုး နာရီပြန် တစ်ချက်လောက် အထိ သူ ကြည့်တုန်း။ ဟဲ့ကောင် ခုထိ မအိပ်သေးဘူးလားဟု ကျွန်မ ရေအိမ် သွားရင်း အော်တော့ ဟုတ်ကဲ့ အမေဟု ၁၈ နှစ်သားလေးလို ပြန်ပြောပြီး တီဗီကို ပိတ်သည်။ ကျွန်မ နိုးမှာစိုးလို့ အသံတိတ် ပိတ်ပြီး ကြည့်သော သူ့ကို ကျွန်မ ကျေးဇူး တင်ပါသည်။ ကိုယ်ကတော့ ဘာဆို ဘာမှ မကြည့်ချင်တာ ကြာခဲ့ပြီပဲ။ ကြည့်လည်း မကြည့်ချင်။ အသံလည်း မကြားချင်။ သည်တော့ ကိုရီးယားကား ဖွင့်လျှင်လည်း ဒီအိမ်မှာ ကိုရီးယား စကား တတ်တဲ့ လူ ဘယ်သူ ရှိလဲဟု အော်လိုက်ကတည်းက အသံပိတ်ပြီး ကြည့်ကြရှာသည်။ ကျေးဇူး တင်ရတာပါပဲ။

ကျွန်မသည် တစ်နေကုန် စာရေးပြီး ညဥ့်ဦးကတည်းက အိပ်ရာ ၀င်သူဖြစ်၏။ ဆမ်ထရင်ဆီးလ်ဗား ဆိုသော အားဆေးကြောင့် အိပ်မပျော်သော ညဟူ၍ မရှိ။ ကောင်းကောင်းအိပ်ပျော်မြဲ။ ညဘက် စိတ်ကူးပင် ယဉ်လိုက်ရသည် မရှိ။ သည်နေ့တော့ သူတို့ ပြောသည့် ပြစက်နှင့် ဖန်သားပြင် တွဲလျက် ရှစ် သောင်းဆိုသော ပစ္စည်းကို တွေးနေမိသည်။ သူတို့ ကံကောင်းကြ၏။ ပစ္စည်းတွေက ပေါ်ပြီးရင်း ပေါ်ရင်း။ ကျွန်မ ဘာသာပြန်သော မားကက်တင်း စာအုပ်ထဲတွင် အင်နိုဗေရှင်း ဆိုတာပါသည်။ အသစ်ပြီး အသစ် တီထွင် နေရမှာ ဆိုပဲ။ ဤအသစ် ခေတ်ကြီးထဲတွင် နောက် ထပ်လည်း အသစ်တွေ ပေးနိုင်ဖို့ အသစ် သုတေသနတွေကို အရင်းအနှီး သန်းချီပြီး လုပ်နေကြဆဲတဲ့။ ဟူး . . . မော လိုက်တာ။

တို့ငယ်ငယ်က ဆိုရင် . . .
ကျွန်မတို့ ငယ်ငယ်က အကြောင်း တွေးလိုက်လျှင်တော့ ဘာမှ မောစရာ မရှိ။ အေးပါဘိ။ ချမ်းပါဘိ။ ပျော်ပါဘိ။ ကျွန်မတို့ ခေတ်မှာ အဖေတို့ ခေတ်လို “ဓာတ်စက်” မရှိတော့ပေ။ ရေဒီယို ပေါ်နေပြီ။ သို့သော် ရေဒီယို ဆိုတာက၊ ရွှေကူ တစ်မြို့လုံးမှာ သုံးလေးလုံးပဲ ရှိသေး သည်။ ၁၉၄၇ ခုနှစ်၊ ဗိုလ်ချုပ်တို့ ကျဆုံးသော သတင်း ဆိုလျှင် ကာကာရမ်း ဆိုသော ကုလား သူဌေးအိမ်မှ ရေဒီယိုက လွှင့်တာကို ကြားခဲ့ရတာဟု အမေ ပြောဖူးသည်။

ကျွန်မတို့သည် ရေဒီယို သတင်းလည်း မသိ။ ရေဒီယို သီချင်းလည်း မသိ။ ကျွန်မတို့ အတွက် ဖျော်ဖြေရေးကား အလှူ မင်္ဂလာပွဲများမှ လော်စပီကာဖြင့် ဖွင့်သော ဓာတ်ပြား သီချင်းများတည်း။
“ဖိုးသာအောင်ရေ ဗျို ဗျို . . . ကောက်စိုက်ဖို့ လိုက်မလား လိုက်မလား ထားပျို့မှာ သွားစို့လာတော့” ဆိုသော မေသစ်၏ သီချင်းကို အသံချဲ့စက် ဖွင့်ရာက ကြားရပြီ ကျွန်မတို့ အော်ဆိုကြသည်။ မိုးရွာလေ အော်၍ ကောင်းလေ။ ရုပ်ရှင်ကိုလည်း ဘုရားပွဲချိန်ကျမှ မြင်ရတာပါ။ ကျော်ဆွေ၊ မေဆန်း၊ အချစ်စန်း၊ ရွှင်လန်းပျော်ပျော် ချစ်ရဲဘော် ဆိုသော ချစ်ရဲဘော်ကားကို ဘုရားပွဲက သောင်ပြင်ပေါ်မှာ ပိတ်ဖြူကားကြီး ထောင်ပြသည်။ တပေါင်းလေ တဖြူးဖြူး၊ ပိတ်ကားက တလူးလူး၊ အရုပ်တွေက ရွဲ့လိုက် စောင်းလိုက်။ သည်ကြားထဲပင် ကျော်ဆွေ မြင်းစီးရင်း ရင်ခွင်ထက်မှာ မေဆန်းကို ကန့်လန့် ဖြတ်တင်ပြီး ရန်သူ တွေထဲက ကယ်လာပုံ၊ ကျော်ဆွေ မျက်နှာပေါ်က ချွေးသီးလေးတွေ ဘေးတိုက်မြင်ရသည့် ဆံပင်အမောက် ခုထိ စွဲနေတုန်း။

မကြာမကြာ ဆိုသလို ကျန်းမာရေး ရုပ်ရှင်ဆိုတာတော့ လာတတ်ပါသည်။ ပြန်ကြားရေး ဌာနက လမ်းပေါ်မှာ လာပြသော ပညာပေး ကားများပါ။ ဘာပဲဖြစ်ဖြစ် သူလာမှ ကိုယ်ကြည့် ရတာမို့ လမ်းဆုံ လမ်းခွမှာ ပိတ်ကားကြီး လာထောင်ပြီဆို ပျော်လိုက်ကြသည့် ဖြစ်ခြင်း။ ညစာ စောစော ချက်ကြ၊ စားကြ၊ ဖျာနေရာ ခင်းကြ။ ပိတ်ကားကို နှစ်ဘက်လုံးမှ မြင်ရ သည့်တိုင်၊ ပြစက်ဖက်မှ ကြည့်ချင်သဖြင့် ပြစက်ဖတ် မြေပြင်မှာ ဖျာနေရာဦးရ သည်။

ကျန်းမာရေး ရုပ်ရှင်မို့ ရေနားကမ်းနား အိမ်သာ ဆောက်လျှက် ၀မ်းရောဂါ ဖြစ်တတ်ပုံပြသော ကားတိုလေး ပါသည်။ အမြဲတမ်း လူထု အကြိုက်ဖြစ်ခဲ့တာက လူထုအောင်သံ ဇာတ်ကားပါပဲ။ သည်ဇာတ်ကားကို ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေး အဖြစ် ၀န်ကြီးချုပ် ဦးနု ကိုယ်တိုင် ဇာတ်ညွှန်း ရေးတာတွေ ဘာတွေ မသိပါ။ အောင်ဝင်းအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်သော ဗိုလ်ဗကိုအား သဘောကျသည်။ အရပ်ထဲက ပါးစပ်ဖျားတိုင်းမှာ ခေတ်စား သွားခဲ့သော စကားကတော့ “နိုင်ငံရေး ဆိုတာ ကလေး ကစားစရာ မဟုတ်ဘူး” ဟူသော စကား မဟုတ်ပါ “ဗိုလ်ကြီးရေ ကျွန်မ နွားလေး ပြန်ပေးပါ” သာ ဖြစ်၏။

ဤသို့ဖြင့် ကျွန်မတို့သည် ရုပ်ရှင်များ တေးဂီတများကို တမ်းတမ်းတတ ဖြစ်ခဲ့ကြရလေသည်။ တစ်နှစ်မှာ နှစ်ခါ သုံးခါသာ ကြုံရသည်မို့ တမ်းတရ၊ လွမ်းရ မဆုံးနိုင်။ ဇာတ်ကြောင်းပြန်၍ မပြီးနိုင်။ လူချင်းဆုံလျှင် ပြောမဆုံးပေါင် တောသုံးထောင်။ ဘယ်နှပြန် ကြည့်ရ ကြည့်ရ မရိုးနိုင်။

ယခုတော့ . . .
ဒွေးကလည်း ဧည့်ခန်းထဲ ၀င်လာသည်။ ရိန်းကလည်း သမီးတွေ အိပ်ခန်းထဲမှာ။ ကျွန်မဖြင့် သိပ်သဘော မတွေ့လှပါ။ ဆံပင်ရှည်ရှည်၊ ၀တ်ရုံရှည်ရှည် နှင့် မဲ့ကာ ရွဲ့ကာ ဓားရေးပြ သူများကလည်း ကျော်ဆွေ မြင်းစီးတာ မြင်ရသလို ကြည်နူးဖွယ် မရှိ။
ခေတ်ဆွေးကြီးလို့ ကဲ့ရဲ့လျှင်လည်း ကဲ့ရဲ့ ကြပါတော့။ ဗီဒီယို၊ ဗီစီဒီ၊ ဒီဗီဒီ၊ အီးဗီဒီတွေကို တစ်ခု မပျက်ခင် တစ်ခု အသစ်လဲနေကြသော သမီးတွေ၏ အသည်းနှလုံးသည် ရွာလယ်ခေါင်က ပိတ်ကားကြီးဆီ ဖျာနေရာ သွားဦးသော မေနှင်း အပျိုပေါက် ကလေး၏ အသည်း နှလုံးလောက်၊ ရင်ခုန်သံ မမြန်နိုင်ဆိုတာကတော့ အသေချာဆုံး များစွာထဲမှ သေချာတာ တစ်ခုဖြစ်တာ သေချာပါဝသည်။

ရွှေကူမေနှင်း
© Copyright 2009, All Rights Reserved By Pae Phu Hlwar Magazine


ရွှေကူမေနှင်း (ခေါ်)ဒေါ်စိန်တင်သည်၁၉၉၀ရွေးကောက်ပွဲတွင်ကချင်ပြည်နယ်ရွှေကူမြို့နယ်မဲဆန္ဒနယ်မှရွှေးကောက်ခံရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ပါသည်။

No comments: