-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, February 1, 2010

ဂျပန်သွားမည့် ဒုက္ခသည်များကို လူတွေ့စစ်ဆေးတော့မည်

ရဲရင့် / ၁ ဖေဖော်ဝါရီ ၂ဝ၁ဝ


ဂျပန်နိုင်ငံက ပထမအသုတ်ခေါ်ယူမည့် မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် (၃၀) ကို မနက်ဖြန်တွင် ဂျပန်နိုင်ငံအစိုးရ ကိုယ်စားလှယ်အဖွဲ့က လူတွေ့စစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။

ဂျပန်အစိုးရ တရားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဌာနမှ တာဝန်ရှိသူများက မယ်လစခန်းတွင် ယခုလ (၂) ရက်မှ (၅) ရက်နေ့ အထိ (၄) ရက်ကြာ လူတွေ့စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

ဒုက္ခသည်စခန်းတာဝန်ရှိသူတဦးက “မနက်ဖြန် မိသားစု (၃) စုကို ဂျပန်ကဗျူးမယ်၊ လူ (၁၃) ယောက်လောက်ရှိမယ်၊ တကယ် သွားရမယ်ဆိုတော့ လူကမရှိဘူး။ တချို့ကလည်း နုတ်ထွက်သွားကြတယ်။ သွားမယ့်လူ (၃၀) မပြည့်ရင်တော့ ဂျပန်တွေကို အားနာဖို့တောင် ကောင်းတယ်။ စိတ်ဝင်စားတဲ့လူက အတော့်ကိုနည်းတယ်” ဟု ပြောသည်။

ဂျပန်နိုင်ငံက (၃) နှစ်စီမံကိန်းဖြင့် တနှစ်လျှင်ဒုက္ခသည် (၃၀) ကို ခေါ်ယူမည်ဖြစ်ပြီး မယ်လစခန်းတွင် လျှောက်ထားသူ (၆၀) ခန့် ရှိသော်လည်း မိသားစု (၃) စု နုတ်ထွက်သွားသဖြင့် သတ်မှတ်လူဦးရေ (၃၀) ပြည့်မီရန် အခက်အခဲရှိနိုင်သည်ဟုလည်း ၎င်းက ပြောသည်။

ဒုက္ခသည်အများစုနှင့် ရင်းနှီးနေသည့်တိုင်းပြည်မှာ အမေရိကန်ဖြစ်ပြီး ဂျပန်သို့စွန့်သွားရမည်ကို ဒုက္ခသည်များ စိုးရိမ်နေကြခြင်း ဖြစ်သည်ဟု အမေရိကန်သို့ လျှောက်ထားသူ ဒုက္ခသည်တဦးက ပြောသည်။

၎င်းက “ဂျပန်က ကန့်သတ်ချက်များတယ်၊ အသက် (၄၀) အထက်မရဘူး။ အလုပ်လုပ်နိုင်သူဖြစ်ရမယ်၊ မိသားစုပဲခေါ်တယ်။ ကလေးလည်း ပါရမယ်ဆိုတာကြောင့် အများစုက ဂျပန်ကို မသွားချင်ကြဘူး။ ကရင်အများစုက သူတို့ဆွေမျိုးသားချင်းတွေ ရောက်နေတဲ့ အမေရိကန်ဘက်ကိုပဲ အာရုံရှိကြတယ်” ဟု ပြောသည်။

မယ်လစခန်းဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “ဂျပန်ရဲ့အစီအစဉ်က စနစ်ကျတယ်။ အခုသွားမယ့်လူတွေအတွက် အစိုးရအဖွဲ့မှာ အသေအချာ ဆွေးနွေးပြီးမှခေါ်တာပါ။ ကျနော်ကတော့ သူတို့ကိုသွားစေချင်တယ်” ဟု ပြောသည်။

ဂျပန်အစိုးရအနေဖြင့် ၎င်းတို့၏ (၃) နှစ်စီမံကိန်း ပြီးဆုံးပါက နောက်ထပ် စီမံကိန်းအသစ်ကို အကောင်အထည်ဖော်ရန် အစိုးရအဖွဲ့တွင် ဆက်ဆွေးနွေးရမည်ဟု ပြောသည်။

No comments: