-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, February 9, 2010

အန်အယ်ဒီ ဗဟိုဦးစီးအတွက် တိုင်းနှင့် ပြည်နယ်များမှ စာရင်းသွင်း


ကျော်ခ | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၂ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်- CC အတွက် ရွေးချယ်နိုင်ရန် တိုင်းနှစ်တိုင်းနှင့် ပြည်နယ်တခုမှ လျာထားစာရင်းအား အဖွဲ့ချုပ် ရန်ကုန်ဗဟိုဌာနချုပ်သို့ တင်သွင်းလာပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ကိုယ်စားပြု ၇ ဦးစီနှင့် မွန်ပြည်နယ်မှ ၅ ဦး စာရင်းအား ယမန်နေ့က ပို့လာပြီ ဖြစ်ကြောင်း အန်အယ်ဒီ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် တဦးက ပြောသည်။

“တိုင်းနှင့်ပြည်နယ် မစုံသေးပါဘူး။ တိုင်းအလိုက်၊ ပြည်နယ်အလိုက် လျာထားချက်တွေပဲ ရှိသေးတယ်။ ဗဟို အလုပ်မှုဆောင်တွေနဲ့ တွေဆုံညှိနိုင်း အတည်ပြုတဲ့ အဆင့်ကို မရောက်သေးပါဘူး” ဟု ဗဟို အလုပ်မှုဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

CC ရွေးချယ်ရာတွင် တိုင်းတတိုင်းလျင် ၇ ဦး၊ ပြည်နယ်တခုလျင် ၅ ဦး အထိသာ ရွေးချယ်ကြရမည်ဟု ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြည်နယ်နှင့်တိုင်း စည်းရုံးရေး အဖွဲ့များထံ ယခင်လက စာထုတ်ပြန်ခဲ့ သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပိုမို ကျစ်လစ် ခိုင်မာတောင့်တင်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် “ဗဟိုဦးစီးအဖွဲ့” ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။

“အရည်အချင်းရှိသူ”၊ “အဖွဲ့ချုပ်အပေါ် သစ္စာရှိသူ”၊ “အဖွဲ့ချုပ်နှင့် မကင်းမကွာ တာဝန်ထမ်းဆောင်နေသူ” “မူဝါဒများအတိုင်း ရပ်တည်နေသူ”၊ “အဖွဲ့ချုပ် စည်းကမ်းအရ အရေးယူခံနေရသူ မဖြစ်စေရ” စသည် မူအတိုင်း ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် လျာထားရွေးချယ်ကြရန်လည်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ရွေးချယ်ပြီးပါက ပြည်နယ်/တိုင်းစည်း ဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် ဗဟို အလုပ်အမှုဆောင် အဖွဲ့နှင့် “တွေ့ဆုံညှိနှိုင်း” ရန် လျာထားစာရင်းနှင့်အတူ ရန်ကုန်ဌာနချုပ်သို့ ယခုလ ၁၆-၁၇ ရက် အရောက်လာရမည် ဖြစ်ကြောင်း သိရသည်။

CC ရွေးချယ်ရန် တနင်္သာရီတိုင်းတွင် ဆွေးနွေးမှုများ ယနေ့ ပြုလုပ်နေလျက်ရှိပြီး ပဲခူးတိုင်းနှင့် ရခိုင်ပြည် နယ်တို့က မနက်ဖြန်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေထံမှ သိရသည်။

ဦးခင်မောင်ဆွေက “အကြောင်းကြားစာကတော့ တိုင်းနှင့်ပြည်နယ်အားလုံးကို ပို့ရတာပေါ့။ ကျန်တဲ့နေရာ တွေကတော့ ရောက်မလာကြသေးဘူးဗျ။ သူတို့ရဲ့ တိုင်းနှင့်ပြည်နယ်တွေမှာ လျာထားပြီးသား ထင်ပါတယ်။ သူတို့ အချိန်မှီတော့ ရောက်လာကြမှာပါ” ဟု ဆက်ပြောသည်။

ကရင်ပြည်နယ် ကိုယ်စားပြုအတွက် ၅ ဦးရွေးချယ်ပြီးပြီ ဖြစ်ကြောင်း အန်အယ်ဒီ ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်က ပြောသည်။

“နာမည်တွေတော့ ပြောလို့မဖြစ်သေးဘူး။ ၅ ဦးရွေးပြီးသွားပါပြီ။ မပို့ရသေးပါဘူး။ လူကိုယ်တိုင် သွားရမှာပါ။ ညွန်ကြားထားတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ လူတွေကို မြို့နယ်စည်းတွေကနေ ရွေးချယ်တာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ဗဟို အလုပ်မှုဆောင် အဖွဲ့သည် ဗဟိုဦးစီး အဖွဲ့ဝင်ဦးရေ လျှော့ခြင်း၊ တိုးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ လုပ်ငန်း လိုအပ်ချက်အရ ပါဝင်သင့် ပါဝင်ထိုက်သော ပုဂ္ဂိုလ်များကို ထည့်သွင်းနိုင်ခြင်းတို့အတွက် “လုပ်ပိုင်ခွင့်” ရှိကြောင်း ယခင်လ ၂၇ ရက်နေ့က ဥက္ကဌ လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

© Copyright 1998 - 2009 Mizzima News. All Rights Reserved

No comments: