-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, September 6, 2010

ဥပဒေအရ ရပ်တည်ခွင့်ကိစ္စ စစ်အစိုးရကို အမှု ၂ ခုနဲ့ NLD တရားစွဲဖို့ပြင်


AFP

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးလည်း ဖြစ်သူ ဦးဉာဏ်ဝင်း မေလ ၂၇ရက်နေ့က NLD ဌာနချုပ် ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)


2010-09-05
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဆက်လက်ရပ်တည်ခွင့်မရှိအောင် မတရားသဖြင့် ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်လို့ စစ်အစိုးရကို အမှုနှစ်မှုနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပြီလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။



“ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထွက်လာတဲ့အခါမှာ အဲဒီ ပါတီမှတ်ပုံတင် ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်းမှာ ပါတီအဟောင်းတွေက ပြန်လည် မှတ်ပုံတင်ရမယ်၊ မတင်ခဲ့လို့ရှိရင် ပါတီ အလိုအလျောက် ပျက်ပြယ်တယ်ဆိုပြီး ပါတယ်လေ။ အဲဒါကြောင့် အဲဒီလို ဥပဒေပြဌာန်းချက်ဟာ ၁၉၈၈ ဥပဒေအရ မှတ်ပုံတင်ထားတဲ့ NLD နဲ့ မဆိုင်ဘူး၊ NLD အပေါ်မှာ အကျုံးမဝင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLD ဟာ အဲဒီအချိန်က တရားဝင် ရပ်တည်လာတယ်၊ ဘာပြစ်မှုမှ မရှိဘူး။ အဲဒီတော့ တရားဝင် ရရှိတဲ့ အခွင့်အရေးတွေဟာ စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေအရ ဆက်လက်ခံစားထိုက်တယ်၊ ဒီ အခြေခံအချက်အပေါ်မှာ အစိုးရကို တရားစွဲဖို့ ကျနော်တို့ ကြိုးစားနေတာပါ”

နိုင်ငံရေးပါတီ ရပ်တည်ပိုင်ခွင့်က သီးခြား တမှုဖြစ်ပြီး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ရပ်တည်ပိုင်ခွင့်နဲ့ ပတ်သက်လို့ နောက်ထပ်တမှု စွဲဆိုမှာဖြစ်တယ်လို့  ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဖြစ်ကြတဲ့ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့ရာမှာ စစ်အစိုးရကို တရားစွဲဆိုဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွန်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အမှုအတွက် အချောသတ် ပြင်ဆင်မှုတွေ ပြီးစီးသွားတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်အတည်ပြုချက် ရယူပြီး မကြာခင်မှာပဲ စတင် တရားစွဲဆိုမယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒီအကြောင်း ရှေ့နေဦးဥာဏ်ဝင်းကို ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

RFA

No comments: