-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, September 1, 2010

ရွေးကောက်ပွဲ အနိုင်အရှုံး ကြိုတင်ခန့်မှန်းနိုင်

မျိုးဝင်းဇော် / ၀၁ စက်တင်ဘာ ၂၀၁၀


နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသည့်ရက် ကုန်ဆုံးပြီးနောက် အမည်တင်သွင်းမှု အခြေအနေ ထွက်ပေါ်လာပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲအနိုင်အရှုံးကိုပင် ခန့်မှန်းနိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ပြောကြသည်။

ပုဂ္ဂလိက ဂျာနယ်တခုမှ သတင်းအယ်ဒီတာတဦးက “လွှတ်တော် (၃) ရပ်အတွက် တနိုင်ငံလုံးမှာ မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နေရာ ရှိတယ်။ အတိုက်အခံလို့ ဆိုတဲ့ ဒီမိုကရက်ပါတီတွေဟာ အဲဒီနေရာ အစွန်းထွက်လေးလောက်တောင် ဝင်မပြိုင်နိုင်ဘူး ဆိုတော့ ကြံ့ဖွံ့ကပဲ အနိုင်ရမယ်ဆိုတာ အဖြေကပေါ်နေပြီ” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီသည် တနိုင်ငံလုံး မဲဆန္ဒနယ် အားလုံးကို ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်ကြောင်း၊ ထို့အပြင် ကြံ့ဖွံ့နှင့် မဟာမိတ်ဖွဲ့ထားသည့် ကချင် (ဒစက) ပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် အခြားပါတီများလည်း ရှိသေးကြောင်း ၎င်းက ပြောသည်။

“တစည ပါတီကတော့ နေရာပေါင်း (၇ဝဝ) ကနေ (၁,ဝဝဝ) အကြား နာမည်စာရင်းတင်သွင်းခဲ့တယ်။ အတိုက်အခံ အင်အားစုတွေထဲမှာ ကိုယ်စားလှယ်လောင်း အများဆုံးတင်သွင်းနိုင်တဲ့ ယခင် အန်အယ်လ်ဒီ ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ အန်ဒီအက်ဖ် ပါတီက (၁၆ဝ) ဦးလောက်သာ ရှိတာမို့ မဲဆန္ဒနယ် စုစုပေါင်းရဲ့ (၁၄) ရာခိုင်နှုန်းတောင် မရှိဘူး” ဟု အဆိုပါ သတင်းအယ်ဒီတာက ရှင်းပြသည်။

အခြားပါတီများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း (၁၅ဝ) ကျော်၊ ဦးအေးလွင် ဦးဆောင်သည့် အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ကိုယ်စားလှယ်လောင်း (၅ဝ) ဝန်းကျင်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက် (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှာမူ ကိုယ်စားလှယ်ဦးရေ (၅ဝ) အောက်သာ တင်သွင်းနိုင်ပြီး ကျန်ပါတီများမှာမူ ကိုယ်စားလှယ်အမည်စာရင်း အနည်းငယ်သာ တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ခေါင်းဆောင်များကလည်း ကြံ့ဖွံ့ပါတီသည် မပြိုင်ဘဲနှင့် နိုင်သွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

ရွေးကောက်ပွဲအကြောင်း သတင်းရေးသားနေသည့် ပြည်တွင်းမှ သတင်းစာဆရာကြီးတဦးက “လွှတ်တော်ထဲမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားပြီးပြီ။ နောက် ကြံ့ဖွံ့ကတော့ ဘယ်သူမှ ဝင်မပြိုင်လို့ တဦးတည်း ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လွတ်လွတ်ကျွတ်ကျွတ် လွှတ်တော်အမတ် ဖြစ်လာမယ့် သူတွေလည်း ရှိသေးတယ်။ တစည ဆိုတာကလည်း လက်ရှိ စစ်အာဏာပိုင်တွေ ညွှန်ကြားသလို လုပ်နေတာ။ ဒါကြောင့် ရွေးကောက်ပွဲပြီးသွားရင်လည်း လွှတ်တော်တွေထဲမှာ ကြံ့ဖွံ့တွေပဲ ကြီးစိုးပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ သမ္မတ ဖြစ်လာလိမ့်မယ်။ ကျန် အစိုးရအဖွဲ့တို့ ပြည်နယ်ဝန်ကြီးချုပ်တို့ အားလုံး သမ္မတက ခန့်မှာ ဆိုတော့ ခုအခြေအနေနဲ့ ဘာမှ ကွာခြားမှာမဟုတ်ဘူး” ဟု ရှင်းပြသည်။

အတိုက်အခံ နိုင်ငံရေးပါတီ ခေါင်းဆောင်များကမူ သမ္မတ မဖြစ်၊ အစိုးရအဖွဲ့တွင် မပါဝင်ရသော်လည်း လွှတ်တော်ထဲတွင် အတိုက်အခံအဖြစ် နေခွင့်ရရန် ကြိုးစားနေကြောင်း၊ ယခုကဲ့သို့ ဖြစ်လာရန်မှာလည်း လက်ရှိ တင်သွင်းထားသည့် အမည်စာရင်းကို ကော်မရှင်က မည်မျှ ပယ်ချမည်၊ ရွေးကောက်ပွဲ မည်မျှ လွတ်လပ်၍ တရားမျှတမှု ရှိမည် မရှိမည် ဆိုသည့်အပေါ် မူတည်ကြောင်း ၎င်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့်ရက်ကို ရွေးကောက်ပွဲကော်မရှင်က သြဂုတ် (၁၆) ရက်မှ သြဂုတ် (၃၀) ရက်အထိ သတ်မှတ်ခဲ့သော်လည်း ရုံးပိတ်ရက်များဖြစ်သည့် ပြီးခဲ့သည့်စနေ၊ တနင်္ဂနွေ (၂) ရက်တွင်လည်း ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းခွင့်ပြုခဲ့သည်။

ယင်းသို့ တင်သွင်းခွင့်ပြုခဲ့သော်လည်း သြဂုတ် (၃၀) ရက်ကျော်လွန်ပြီးသည့်နောက်တွင် နိုင်ငံရေးပါတီအများစုမှာ ရွေးကောက်ပွဲပါဝင်ခွင့် မှတ်ပုံတင်ကြေး ကျပ်(၅) သိန်း မတင်သွင်းနိုင်သည့်အတွက် သတ်မှတ်ထားသည့်အရေအတွက်ထက် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် နည်းပါးရကြောင်း နိုင်ငံရေးပါတီများက ပြောဆိုကြသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ (၄၇) ပါတီရှိသွားပြီး ပါတီ မှတ်ပုံတင်ခွင့်ပြုပြီးသည့် ပါတီ (၄၂) ပါတီရှိကြောင်း၊ ကော်မရှင်သို့ ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့် နိုင်ငံရေးပါတီပေါင်း (၃၂) ပါတီရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

::: Copyright © 1992-2010 The New Era Journal :::

No comments: