-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Friday, September 10, 2010

အကျဉ်းသား ၁၀၀ လွှတ်၊ နိုင်ငံရေး အကျဉ်းသား မပါ



အကျဉ်းသားများကို လွှတ်ပေးမည်ဟု သတင်းရသဖြင့် ၂၀၀၉ စက်တင်ဘာလ အလယ်က အင်းစိန်ထောင် ဘူးဝ ၌ လာရောက် စောင့်ဆိုင်းနေသော မိသားစုဝင်နှင့် ဆွေမျိုးများ (ဓာတ်ပုံ - AP)

ဇာနည်မာန် Friday, September 10, 2010 . အင်းစိန် အကျဉ်းထောင်မှ ယနေ့ လွှတ်ပေးလိုက်သော အကျဉ်းသား ၁၀၀ ခန့်တွင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်ကြောင်း သတင်းရရှိသည်။

“ကျား ၇၀၊ မ ၃၀။ တခြားပုဒ်မနဲ့ လူတွေ၊ လွတ်ရက် စေ့ခါနီးနေတဲ့သူတွေ၊ နောက် တလနေရင် လွတ်တော့မယ့် သူတွေ ပဲ ပါတယ်။ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဘူးဗျ” ဟု ထောင်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက ဧရာဝတီသို့ ပြောသည်။


ထောင်ဘူးဝတွင် ထောက်လှမ်းရေးများ၊ အရပ်ဝတ် လုံခြုံရေးများ ချထားပြီး ဗီဒီယို ကင်မရာများဖြင့် မှတ်တမ်းများ ရိုက်ယူနေသည်ဟု အင်းစိန်ထောင်အနီးတွင် နေထိုင်သူများထံမှ သိရသည်။

“လုံခြုံရေးက အများကြီးချထားတယ်။ ထောင်ဝန်ထမ်းတွေကိုယ်တိုင် ဗီဒီယိုမှတ်တမ်းယူနေတာလည်း တွေ့တယ်။ နိုင်ငံရေးအကျဉ်းသား ပါလာတာမတွေ့ဘူး။ လွတ်လာတဲ့ အမျိုးသမီးတယောက်ကို မေးကြည့်တော့ ပြီးခဲ့တဲ့ တပတ်က အဖမ်းခံရတာ ထောင်တလကျတာကို အခု လွတ်လာတာလို့ ပြောတယ်” ဟု အင်းစိန်ထောင်ရှေ့ နေထိုင်သူတဦးက ပြောသည်။

အကျဉ်းသားများကို ထွက်ခွာခွင့်မပေးမီ ဆရာတော်တပါးက တရားဟောကြားပြီး “ဦးသန်းရွှေ (ဒလ အံ့ကြီး)” ရေးသားသည့် “နိဗ္ဗာန် ရည်စူး မဂ်ဖိုလ် တရားထူး” စာအုပ်များကိုလည်း ပေးလိုက်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ အကျဉ်းသား အများအပြားကို လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အကျဉ်းသားများကို လွှတ်ပေးခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။

သြဂုတ်လ ၂၄ ရက်နေ့က အကျဉ်းသား ၁၂၀ ၀န်းကျင်ကို လွှတ်ပေးခဲ့ရာတွင်လည်း နိုင်ငံရေးအကျဉ်းသား တဦးမျှ မပါဝင်ခဲ့ပေ။

မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Copyright © 2010 ဧရာဝတီ

No comments: