-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, September 23, 2010

အလုံမြို့နယ် အဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ် နေအိမ်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား..







ဓာတ်ပုံ ကိုလူမော်လတ်
၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ် နေအိမ်တွင်ကျင်းပရာ NLD ပါတီ (ဒု)ဥက္ကဌ ဘဘဦးတင်ဦး ကြွရောက် ချီးမြှင့်အားပေး...



ယနေ့ စက်တင်ဘာလ ၂၁ ရက် - အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အမှတ် (၁၄) နွယ်နီလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ခေါင်းဆောင် ကိုလူမော်လတ်၏ နေအိမ်တွင် ဒီမိုကရေစီအင်အားစုများစွာဖြင့် ကျင်းပခဲ့ပါသည်။

နံနက် (၁၀) နာရီအချိန်တွင် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော် အရှင်သူမြတ် (၅) ပါးမှ (၅) ပါးသီလပေးပြီး၊ မေတ္တာသုတ်နှင့် ဗောဇ္ဈင်သုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူ ခဲ့ကြပါသည်။၊ ထို့နောက် ဆရာတော်အရှင်သူမြတ်များကို ကိုလူမော်လတ်၊ မ၀င်းမော်ဦး (၈၈ကျဆုံး) ၏ အဖွားဒေါ်နီနှင့် NLD ပါတီဝင်များက လှုဖွယ်ဝတ္ထုနှင့် သင်္ကန်းများကို ဆက်ကပ်လှုဒါန်းခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ကျင်းပရခြင်းအကြောင်းနှင့် ပတ်သက်ပြီး ၄င်းပွဲကို ဦးစီးကျင်းပပြုလုပ်သူ ကိုလူမော်လတ်ကို အနည်းငယ် မေးမြန်းခဲ့ပါတယ်။

BP ။ ။ ကိုလူမော်လတ်ခင်ဗျား၊ စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းနေ့ အထိမ်းအမှတ်ပွဲကို ဘယ်လိုရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်ခဲ့တယ်ဆိုတာလေး သိပါရစေ။

ကိုလူမော် ။ ။ ဟုတ်ကဲ့ ကျွန်တော် ဒီ ငြိမ်းချမ်းရေးပွဲလေးကို အကြောင်းမဲ့၊ ရည်ရွယ်ချက်မရှိပဲ လုပ်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ၊ မြန်မာပြည်အတွင်းမှာ ရှိနေကြတဲ့ ပြည်သူပြည်သားတွေ၊ နောက်ပြီးတော့ ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသွားခဲ့ကြတဲ့ ညီအစ်ကို မောင်နှမတွေ၊ နောက် ကျွန်တော်တို့အားလုံးရဲ့ အမေလို့ သတ်မှတ်ပြီး၊ ဒီမိုကရေစီလမ်းပြကြယ်လို့ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း အကျဉ်းချ ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွတ်မြောက်ငြိမ်းချမ်းစေချင်တဲ့ဆန္ဒနဲ့ သံဃာတော်တွေကို ပင့်ဖိတ်ဆွမ်းကပ်လှုပြီး မေတ္တာပို့သ အမျှပေးဝေချင်လို့ပါ။

ကျွန်တော့်အဖေလည်း ခု ဗန်းမော်ထောင်မှာ အနှစ်(၂၀) အကျဉ်းချခံထားရပါတယ်။ ကျွန်တော့်အဖေက အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးဘမြင့်ပါ။ ခုဒီပွဲကို ကျွန်တော် မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့အတွက် ကျွန်တော့်အဖေဆီတောင် ထောင်ဝင်စာ သွားမတွေ့ရသေးပါဘူး။ ကျွန်တော်ပြောချင်တာက ခုလက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံတော်လူကြီးများကို အန်တီဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးပါလို့ တောင်းဆိုပါတယ်။ သူတို့တွေက အကြမ်းဖက်သမားတွေလည်း မဟုတ်၊နိုင်ငံတော်ကို လုပ်ကြံကြတဲ့သူတွေလည်း မဟုတ်ဘူး၊ သူပုန်သူကန်တွေလည်း မဟုတ်ပါဘူး။ ကျွန်တော့်ဆန္ဒက ထောင်ချထားခံရတဲ့သူတွေ အမြန်ဆုံးပြန်လွတ်ပြီး မိသားစုတွေနဲ့ နွေးထွေးစွာ ပြန်လည်တွေ့ဆုံစေဆန္ဒပါ။ ကျွန်တော်တို့ မိသားစုလည်း တကွဲတပြား ဖြစ်နေတော့ ကျွန်တော်ကိုယ်တိုင် ခံစားနေရတာကို စာနာပြီး သူတို့တွေအတွက်၊ အားလုံးအတွက် ရည်ရွယ်ပြီး ကျင်းပခဲ့တာပါဗျာ။

(ကိုလူမော်လတ်ဟာ သူရေစက်ချနေစဉ် ဘဘဦးတင်ဦးရောက်လာချိန်မှာ မျက်ရည်တွေ တွေတွေကျခဲ့သလို၊ ကျွန်တော် အင်တာဗျူးနေစဉ်မှာလည်း မျက်ရည်များ ကျခဲ့ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး အမြန် ငြိမ်းချမ်းမှုရပါစေလို့ ကျွန်တော် ဒီနေရာကပဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။)



လေးစားဦးညွှတ်လျှက် -

ဘားမားပါပါရာဇီ။

သတင်း ဒီမိုဝေယံ


ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားကြကုန်သော ရဟန်းရှင်လူ၊ကျောင်းသား/သူအပေါင်းကို အမျှပေးဝေပြီး၊ မြန်မာနိုင်ငံတ၀ှမ်းရှိ အကျဉ်းထောင်များ၌ မတရားဖမ်းဆီး အကျဉ်းချထားခြင်းခံနေရသော ရဟန်းသံဃာတော်များ၊ နိုင်ငံရေးသမားများနှင့် ကျောင်းသားလူငယ် မျိုးဆက်သစ်များကို အမြန်လွတ်ငြိမ်း ချမ်းသာရပါစေခြင်းငှာ ဆုတောင်း မေတ္တာပို့သခဲ့ကြပါသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ်လှုဒါန်းခဲ့ကြပါသည်။ ကြွရောက်လာကြသော ဒီမိုကရေစီအင်အားစု ဧည့်ပရိတ်သတ်များအား ကြက်သား၊ ၀က်သား၊ ငါးဟင်း၊ အသီးအရွက် အစိမ်းကြော်များ၊ ငါးပိကြော်၊ တို့စရာမျိုးစုံတို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။

အဆိုပါကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ဆွမ်းကျွေးကပ်လှုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဌ ဘဘဦးတင်ဦး၊ ဒေါက်တာမျိုးအောင်(NLD ရန်ကုန်တိုင်းစည်းရုံးရေးမှုး)၊ ရဲရဲတောက် ဦးသိန်းအောင် (ရွှေပြည်သာ)၊ ဦးအေး၊ ကဗျာဆရာ ဦးသူရဇ္ဈာန်၊ ကဗျာဆရာ ဦးဘုန်းကျော်နှင့် NLD ပါတီ (အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့ဝင်)များ၊ မ၀င်းမော်ဦး (၈၈ ကျဆုံး) ၏ အဖွား ဒေါ်နီနှင့် သူမ၏ မိသားစုဝင်များ၊ လှိုင်သာယာမြို့နယ် NLD ပါတီဝင်များ၊ ရှေ့နေကြီး ဘဘ ဦးအုန်းမောင်၊ မမာမာဦး NLDပါတီဝင် (ဗန်းမော်အကျဉ်းထောင်၌ ထောင်ကျနေသူ) ၏ ဖခင်ဦးသိန်းမောင်၊ ဒေါ်ရှု NLD၊ ကျောက်တန်းမြို့နယ် NLD ပါတီဥက္ကဌနှင့် ပါတီဝင်များ၊ စမ်းချောင်းမြို့နယ် NLD ပါတီဥက္ကဌ ဦးသက်ဝေနှင့် ပါတီဝင်များ၊ ရှေ့နေလေး ကိုဖိုးဖြူ (အလုပ်သမားအကျိုးဆောင်)၊ ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များ၊ ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း NLD အမျိုးသမီးအဖွဲ့များနှင့် အခြားသော ဒီမိုကရေစီအင်အားစုများက တက်ရောက်ချီးမြှင့်အားပေးခဲ့ကြပါသည်။

ထို့နောက် အလုံမြို့နယ် NLD လူငယ်ခေါင်းဆောင် ကိုလူမော်လတ်မှ တစ်ကမ္ဘာလုံး၊ မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေခြင်းအတွက် ဂျိုးငှက်လေးများကို အဆုံးအဆမဲ့ ကောင်းကင်ထက်သို့ လွှတ်ပေးခဲ့ပါသည်။ ယင်းအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲတွင် ရဲရဲတောက် ဦးသိန်းအောင် (ရွှေပြည်သာ) က (ငြိမ်းချမ်းတေးနဲ့ ရွှေဂျိုးဖြူကူပါမှလေး) အမည်ရှိ ကဗျာကိုလည်းကောင်း၊ ကဗျာဆရာ ဦးသူရဇ္ဈာန်က (ငြိမ်းချမ်းရေးတမန်တော်) အမည်ရကဗျာကိုလည်းကောင်း၊ ကဗျာဆရာ ဘုန်းကျော်မှ (ပြည်သူတွေကို ညှာတာပါ) အမည်ရ ကဗျာ (၃) ပုဒ် ရွတ်ဖတ်ပြီး ဂုဏ်ပြုခဲ့ပါသည်။

No comments: