-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, September 4, 2010

အမတ်နှင့် အမဲ (မောင်လူရေး)

အခါတပါး၌ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသည့် သုံးလောကရှင် ဘုရားရှင်သည် တရားသိမြင် ရှင်ရဟန်းပြုချင်သည့် သူတော်စင်တစ်ဦးကို တွေ့လတ်သော် ထိုသူ၏ အတိတ်ဘဝကို ရှုကြည့် သည်တွင် သပိတ် သင်္ကန်း လှူဒါန်းထားသည်ကို မြင်တော်မူသောအခါ ...

``ဧဟိ ဘိက္ခု ၊ ချစ်သား ရဟန်း လာလှည့်``ဟု နှုတ်တော်မြွက်ဟ ခွန်းတော်သလိုက်သည်နှင့် တပြိုင်နက် သင်္ကန်းရုံ သပိတ်ပိုက်လျက် သိုက်မြိုက်လန်းရွင် ရဟန်းအသွင် တခါတည်းပေါ်ထွက်လာဘိသကဲ့သို့ -
ဧဝံ တထာ ၊ မခြားတမူ အလားတူသာလျှင် -
အခါမတရား၌ ဘုန်းတော်လက်နက် ဂုဏ်တော်ဂက်စ်နှင့် ပြည့်စုံတော်မူသည့် ဘုံးလောကဥကင် စစ်များရှင် အဲ ဆင်များရှင် မင်းတြားကြီးသည် စနစ်မလတ်မဆတ် ခေတ်မသပ်မရပ်နှင့် ရစ်ပတ်ချင်သည့် သူမြှော်မြင်တစ်ဦးကို တွေ့လတ်သော် ထိုသူ၏ အတိတ်ဘဝကို ရှုကြည့်သည်တွင် ချပ်ဝတ်တန်ဆာ ဓားလှံလေးမြား လှူဒါန်းထား သည်ကို မြင်တော်မူသောအခါ ``ဧဟိ အမေစ္စ ၊ ချစ်သားအမတ် လာခဲ့လကွယ်``ဟု နှုတ်တော်မြွက်ဟ ခွန်းတော်သလိုက်သည်နှင့် တပြိုင်နက် သေနတ်ကိုင် ဖိုင်တွဲပိုက်လျက် သိုက်မြိုက်လန်းရွင် အမတ်အသွင် တခါတည်း ပေါ်ထွက်လာသော ဟူ၏ ။
အနှီ၎င်း အမေစ္စတို့၏ ကံကား ထူးထွေတည့်အံ့ရာသောဟူသတည်း ။

ပြိုင်စရာ နိုင်စရာ မလိုဘဲ မင်းတြားကြီး၏ နှုတ်တော်ဖွင့်ဟ ဧဟိ အမေစ္စနှင့်ပင် အမတ်ဖြစ်ကြရသည် ။
ကျန်တပ်မတော်သားများ အဖို့ရာမှာမူကား သနားစရာကောင်းလှဘိတော့သည် ။ ယင်းတို့သည် ဧဟိ အမေစ္စတို့ ချပ်ဝတ်တန်ဆာ ဓားလှံလေးမြား လှူဒါန်းသမှု ပြုကြစဉ်က သာဓုမျှ မခေါ်ခဲ့ကြသောဟူ၏ ။ ထို့ကြောင့် အနှီ၎င်းပုဂ္ဂိုလ်တို့ လူအထိုထို၏ လိုသမျှအကျိုး သယ်ပိုးသမှု ပြုကြမည့်နေရာတွင် ဘယ်သူဘယ်ဝါ ပြုကြဗျာဟု ရွေးကောက်ပြီးသကာလ ထောက်ခံမဲလေးမှ ပေးခွင့်မရနိုင်ကြချေ ။
ထိုအနှီ၎င်း စစ်အမေစ္စတို့၏ ကံကား အလွန်အကျူး ထူးကြီးထူးဘိချေတော့သောဟူ၏ ။
သူရို့၏ကား သာမြင်ညောင်ည အမေစ္စများ မဟုတ်ကြချေ ။ ရာထူးဌာနန္တရ တွဲလျက်ရသည့် စပယ်ရှယ်အမေစ္စ များဖြစ်ကြ၏ ။
ချုပ်ထက်ချုပ် ဒုတ်ထက်ဒုတ်ဖြစ်တော်မူသော ဆင်ဖြူများရှင်ကြီးသည် ၂၅%ကို ယူနီဖောင်းအမတ်လုပ်ပြီး သကာလ မြန်မာ့ဝင်ရိုး မကျိုးမချင်း ထမ်းပြီးရင်းထမ်းနေချင်ပေတော့ရာ ကျန် ၇၅%ကို ကရုဏာငါးခူပြုံးဖြင့် သိမ်းကျုံးရှုကြည့်လိုက်သည်တွင် သဏ္ဍာန်တစ်မျိုးဖြင့် ကုသိုလ်ပျိုးထားကြသူများကို တွေ့သိသွားလေသော ဟူ၏ ။
ထိုသူတို့ကား ဧဟိ အမေစ္စများ ချပ်ဝတ်တန်ဆာ ဓားလှံလေးမြား လှူဒါန်းပွဲ၌ ဝေယျာဝစ္စ ပြုခဲ့ကြသူတို့တည်း ။ အနှီ၎င်းတို့သည် ဝေယျာဝစ္စ ပြုခဲ့ကြရုံမျှမက ၊ လွှတ်ဝတ်တန်ဆာများပင် လှူဒါန်းခဲ့ကြသောဟူ၏ ။ လွှတ်ဝတ် တန်ဆာဟူသည် ခေါင်းပေါင်း ၊ တောင်ရှည် ၊ တိုက်ပုံတို့ကို ဆိုသတည်း ။

ထို့ကြောင့် ချုပ်ထက်ချုပ် ဒုတ်ထက်ဒုတ်ဖြစ်တော်မူသော ဆင်ဖြူများရှင်ကြီးသည် အနှီ၎င်းပုဂ္ဂိုလ်တို့၏ ကုသိုလ် အဆောက်အဦကို ထောက်ကူသောအားဖြင့် ဥုံဖွ အပ်ချလောင်းလုပ်ကာ အမတ်လောင်းများ မွေးထုတ်လိုက် ပြန်သောဟူ၏ ။
ထို ဥုံဖွ အပ်ချလောင်းအမတ်တို့သည် ဟို ဧဟိ အမေစ္စအမတ်တို့လောက်တော့ ကွန်နက်ရှင် မကောင်းလှချေ ။ အကြောင်းမှာ လွှတ်ဝတ် တန်ဆာသည် ချပ်ဝတ်တန်ဆာလောက် စွမ်းရည်မမြင့်မားခြင်းလည်းတစ်ကြောင်း ၊ ထိုလွှတ်ဝတ်တန်ဆာလှူပွဲ၌ တပ်မတော်သားလေးများနှင့် ပြည်သားပြည်သူတို့သည် ဝေယျာဝစ္စ ဝိုင်းဝန်းပြုဖို့ ထား ၊ သာဓု စကားလေးမျှ မပြောဆိုခဲ့ကြသည့် ဧရာမ အ-ကုသိုလ်ကြီး အကျိုးပေးချိန်နှင့် အပ်ချလောင်းချိန် တထပ်တည်း ကျနေခြင်းလည်း တစ်ကြောင်းကြောင့်တည်း ။
ယင်းတပ်မတော်သားလေးများနှင့် ပြည်သားပြည်သူတို့၏ မဲငရဲခံ အကုသိုလ်ကံအကျိုးပေးပုံမှာ အဆန်းတကာ့ အကျယ်ဆုံးဟု ဆိုရချိမ့်မည် ။
ခံရပုံမှာ - ဖြူသလား မဲသလား ၊ နူသလား ဝဲသလား ၊ အူအူလား အအလား ၊ အကန်းလား အပင်းလား ၊ စွေသလား စောင်းသလား ၊ လူလား မလူလား ၊ ပွဲလန့်ဖျာခင်းလား လှေကြုံစီးလား ၊ ကြာကူလီလား ပိုင်းလုံးလား ၊ သာကူးလား နှာဗူးလား ၊ အသပြာရူးလား မယားတာရူးလား ၊ ဘာဆိုဘာမှ ကွဲကွဲပြားပြား သိမထားသည့် ဟိုရောင်ရောင် ဒီရားရား ကျားကျားမီးယပ် အမတ်များကို ထောက်ခံမဲပေးကြရသောဟူ၏ ။
“မပေး ပေး ပေး ပေး ပေး ပေး ၊ ရအောင်ယူဖို့ ဒို့အရေး” ဟူသော မေဆွိဝါဒ ကျင့်သုံးသည့် ပြည်တိုင်ချိုးပါတီ တဖွဲ့တည်းကိုသာ ချုပ်ထက်ချုပ် ဒုတ်ထက်ဒုတ်ကြီးက အပ်ချလောင်း ဥုံဖွလုပ်ထားပြီးဖြစ်သဖြင့် ထိုထောက်ခံ မဲဟူသည်ကလည်း အမဲခံ၍ ထောက်ရခြင်းသာ ဖြစ်သောဟူ၏ ။ ထိုရောအခါ မဲတပြားသည် အသဲကြားက ဟူသည့် ဂုဏ်ဒြဗ်အနှစ် မရှိတော့ဘဲ တပဲနှစ်ပြားဟူသည့် ပလုံဇွပ်အဖြစ်သာ ရှိရပေတော့သောဟူ၏ ။
ဤကား မဲငရဲကျပုံ တစ်မျိုးတည်း ။

ပို၍ အကုသိုလ်ထူးသူတို့အတွက် မဲငရဲတစ်မျိုး ရှိပေသေးသောဟူ၏ ။
ထိုသူတို့သည် ချပ်ဝတ်တန်ဆာ ၊ လွှတ်ဝတ်တန်ဆာလှူပွဲ၌ ဝေယျာဝစ္စမပြု ၊ သာဓုမခေါ်ရုံသာမက အမနာပ ပင် ပြောခဲ့ကြသောဟူ၏ ။
ယင်းတို့ မဲငရဲခံရပုံမှာ -
ထိုသူတို့သည် ပြည်တိုင်ချိုးပါတီ တစ်ဖွဲ့တည်းသာ မင်းမူသောနေရာ၌ နေထိုင်ကြရသောဟူ၏ ။ အမတ်မင်းများ က ယင်းတို့ကိုင်ထားသည့် အသဲကြားက မဲပြားကို ခြေနှင့် ကန်သွားကြ၏ ။ တံတွေးနှင့် ထွေးကြ၏ ။ နှပ်နှင့် ပက်ကြ၏ ။ ခြေသုပ်ပုဆိုး မြွေစွယ်ကျိုးငရဲဟုလည်း ခေါ်ပေသောဟူ၏ ။ ထိုငရဲ၌ အမဲခံထောက်ခွင့်ပင် မရှိချေ ။
မဲဆန္ဒရှင်များသည် အမတ်မင်းများကို မိမိတို့၏ အရပ်ဒေသနှင့် ဘဝကို မြင့်မားအောင်လုပ်ခွင့်ပေးရမည်ဖြစ်ရာ မဲတပြားသည် မိမိတို့ကိုယ်နှင့်ပင် ထပ်တူ တန်ဖိုးရှိလေ၏ ။ ထို့ကြောင့် မဲဆန္ဒနယ်တစ်နယ်၌ မဲအရေအတွက် ပြည့်မှီမှသာ အမတ်ဖြစ်ရသောဟူ၏ ။
မဲခံလိုသူ အမတ်လောင်းများမှာ ရွေးကောက်ပွဲ၏ ပထမအဆင့်အနေဖြင့် မဲပေးသူ အရေအတွက်ပြည့်မှီရေးဖြစ် ၏ ။ မဲနိုင်ရေးသည် ဒုတိယအဆင့်တည်း ။ အမှန်က ပြိုင်သူမရှိလည်း မဲပုံးထောင်ရမည်သာ ၊ မဲပေးသူ အရေ အတွက် မပြည့်မှီလျှင် အမတ်ဖြစ်ခွင့် မရှိချေ ။

ယခုမဲငရဲမှာ ပထမအဆင့်ကို ကျော်လွှားကာ မဲပြား၏ မူလတန်ဖိုးကို သရော်မော်ကားပြု၍ ပြိုင်ဖက်မရှိရအောင် ညစ်နည်းအမျိုးမျိုးသုံးပြီး ပြိုင်ဖက်မရှိက နိုင်ပြီဟုသတ်မှတ်သည့် တစ်ယောက်ထဲပြေး တစ်ပေးဇာတ်ခင်း ငရဲဖြစ်လေသည် ။
တကယ်တော့ ရွေးကောက်ပွဲဟူသည် အရှုံးအနိုင်ထက် မဲဆန္ဒရှင်မည်မျှက မဲထည့်ကြသနည်းဆိုသည်က ပဓာနဖြစ်သည် ။ ပြန်ဖြုတ်လိုလျှင်လဲ ကန့်ကွက်မဲအရေအတွက်ဖြင့်သာ ဖြုတ်ရမည်ဖြစ်သောကြောင့် မဲဆန္ဒရှင် မည်မျှက ထောက်ခံသည်ဆိုသည့်အချက်မှာ လွန်စွာ အရေးကြီးပေသည် ။
အခုတော့ဖြင့် ငါးဖလောင်းကပြောင်းပြန် အမတ်လုပ်မဲခံမည့်သူက မဲဆန္ဒရှင်များကို လှန်ပြခွင့်ရှိနေခြင်းဖြစ်ရ ကား ဤငရဲကို မထီမဲ့မြင်ငရဲ ဟုလည်း ခေါ်သောဟူ၏ ။
ချပ်ဝတ်တန်ဆာအလှူကို မထီမဲ့မြင်ပြုမှုသည် လွှတ်ဝတ်တန်ဆာအလှူကို မထီမဲ့မြင်ပြုမှုထက် အကုသိုလ် အတိုင်းအဆကြီးလေ၏ ။ ထို့ကြောင့် တပ်မတော်သားလေးများသည် မိမိတို့နှင့် ထိစပ်ပတ်သက်သူများကို အမဲပေးခွင့် မရမူ၍ မိမိတို့နှင့် မထိမစပ် အရပ်တပါးက အခြားသူများကိုသာ အမဲပေးကြရသောဟူ၏ ။
တိုင်းသားပြည်သူ လူဟူသမျှတို့သည် အတိတ်ဘဝက မြတ်သောအလှူနှစ်ပါးကို မထီမဲ့မြင်ပြုခဲ့ကြခြင်းကြောင့် မထီမဲ့မြင်ငရဲမှာ အမဲပေးရင်း ငရဲခံကြရခြင်း ဖြစ်သတည်း ။
လောက၌ ရှိသော ငရဲမီးအားလုံးတို့သည် ဤမထီမဲ့မြင်ငရဲမီးလောက် မလောင်မြိုက်ချေ …..။

© 2010 MoeMaKa Radio & Multimedia

No comments: