-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, September 9, 2010

ဘီဘီစီ မြန်မာပိုင်းအစီအစဉ် လျှော့ချဖြတ်တောက်ခံရမည်ကို ဒေါ်စု စိုးရိမ်


သောမတ်စ်မောင်ရွှေ | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၂၂ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ အစိုးရအသုံးစရိတ်များ အကြီးအကျယ် ဖြတ်တောက်မည့် ဝန်ကြီးချုပ် ကင်မရွန်း၏ ညွန့်ပေါင်းအစိုးရ အစီအစဉ်အရ ဘီဘီစီကမ္ဘာတလွှား အစီအစဉ်မှ မြန်မာပိုင်းအစီအစဉ်လည်း နောက်နှစ်တွင် ဖျက်သိမ်းခံရဖွယ်ရှိနေသည်ဟု အမည်ဖော်ပြထားခြင်းမရှိသော သတင်းရပ်ကွက် တခုကို ကိုးကားပြီး လန်ဒန်ဂါးဒီးယန်း သတင်းစာကြီးက ယမန်နေ့က ရေးသားဖော်ပြလိုက်သည်။

သို့သော် ဗြိတိသျှ ယဉ်ကျေးမှုဝန်ကြီး ဂျယ်ရမီဟန့် (Jeremy Hunt) ကို ကိုးကား၍ ဘီဘီစီ သတင်းဌာနက ယနေ့နှောင်းပိုင်းတွင် သတင်းထုတ်လွှင့်ရာ၌ ဘီဘီစီကိုနှစ်စဉ် ပေးအပ်နေသော ထောက်ပံ့ငွေ ပေါင်စတာလင် ၂၆၄ သန်း (အမေရိကန်ဒေါ်လာ ၄ဝ၉ သန်း) ကို လျှော့ချရန်အတွက် မည်သည့် ဆုံးဖြတ်ချက်မျှ မချမှတ်ရသေးကြောင်းနှင့် ထိုအကြောင်းကို ဝန်ကြီးက သတင်းဌာန၏ ဝက်ဆိုဒ် ဖျော်ဖြေရေးနှင့် အနုပညာ အစီအစဉ်တွင် ပြောကြားသွားခဲ့သည်ဟု ဆိုသည်။

`ယူကေ (ဗြိတိသျှ) အစိုးရ ဘတ်ဂျက် လိုငွေပြမှုကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့အတွက် အစိုးရဌာနများ အားလုံးကို မိမိတို့ ဘတ်ဂျက်များအား ၂၅% စီ လျှော့ချ ဖြတ်တောက်ရန် ပြောကြားထားကြောင်း´ အဆိုပါ သတင်းတွင် ရေးသားထားသည်။

ဘီဘီစီကမ္ဘာတလွှား အစီအစဉ်ကို ဗြိတိသျှအစိုးရက နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး (FCO) မှတဆင့် ရန်ပုံငွေများ ပေးအပ်နေခြင်း ဖြစ်သည်။ အဆိုပါရုံးသည် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနပင် ဖြစ်သည်။

ဟန့်က `ကွန်ဆာဗေးတစ် လစ်ဘရယ် ညွန့်ပေါင်းအစိုးရသည် ကမ္ဘာတလွှားအစီအစဉ်ကို ကမ္ဘာအနှံ့ ရောက်ရှိစေရမည်ဟု လုံးလုံးလျားလျား သန္နိဌာန်ချထားပြီး ကမ္ဘာအနှံ့ ဒီမိုကရေစီ လင်းရောင်ခြည် ဖြန့်ကျက်ရောက်ရှိရေး၌ အလွန်အရေးပါသော လုပ်ငန်းတရပ် ဖြစ်ပါသည်´ ဟု ပြောဆိုသွားသည်ဟု ဆိုသည်။

`နိုင်ငံခြားဘာသာစကား အစီအစဉ်တခု အသစ်ထုတ်လွှင့်ဖို့ ဒါမှမဟုတ် ရပ်ဆိုင်းဖို့ဆိုတာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ယူဖို့လိုပါတယ်။ ဒီလိုခွင့်ပြုချက်မျိုး တောင်းခံလာတာလဲမရှိ၊ ခွင့်ပြုပေးတာလဲ မရှိသေးပါဘူး´ ဟု FCO ရုံး ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောသည်။

အစိုးရ၏ အသုံးစရိတ်များ ပြည်လည် လေ့လာသုံးသပ်ရေး အစီအစဉ် တစိတ်တပိုင်းအနေနဲ့ FCO ရဲ့ အနာဂါတ် ဘတ်ဂျက် အခြေအနေ အချက်အားလုံးကိုလည်း ထည့်သွင်း စဉ်းစားနေပါတယ်၊ အဖြေကို အောက်တိုဘာလ ၂ဝ ရက်နေ့မှာ သိရမှာ ဖြစ်ပါတယ်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသွားခဲ့သည်။ သို့သော် ဤအချက်သည် ပြည်သူလူထု သုံးစွဲမှုနှင့် စပ်လျဉ်း၍ သိရသမျှ အကုန်ဖြစ်သည်။

ဂါးဒီးယန်း သတင်းစာကြီးက ကိုးကားထားသော အတွင်းလူတဦးက ပြောဆိုရာတွင် `မြန်မာပိုင်း အစီအစဉ်လည်း လျှော့ချခံရမဲ့ထဲမှာပါတယ်။ အသုံးစရိတ် ပြဿနာကြောင့်ပါ။ အသုံးစရိတ်က သိပ်များပြီး နားဆင်သူ သောတရှင်က နှိုင်းယှဉ်ချက်အားဖြင့် အတော်နည်းတယ်။ လူ့အခွင့်အရေး ကိစ္စက နိုင်ငံခြားရေး ဝန်ကြီးဌာနသစ်အတွက် သိပ်အရေးမပါတော့ဘူး´

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သည် မကြာသေးခင်ကပင် နှစ် ၇ဝ ပြည့်အခမ်းအနားကို လေလှိုင်းမှ ကျင်းပခဲ့ပြီး၊ စစ်အစိုးရ ထိန်းချုပ်ထားသော မြန်မာမီဒီယာများ၏ ရှုတ်ချဝေဖန်ခြင်းကို အမြဲတမ်း ခံနေရသည့် အစီအစဉ်လည်း ဖြစ်သည်။ ဘီဘီစီ မြန်မာပိုင်းအစီ အစဉ်ထုတ်လွှင့်ချက်များကို ဖျက်သိမ်းခြင်း သော်လည်းကောင်း၊ လျှော့ချခြင်း သော်လည်းကောင်း ပြုလုပ်ခဲ့လျှင် စစ်အစိုးရအတွက် အကြီးအကျယ် အောင်ပွဲတရပ် ဖြစ်သွားလိမ့်မည်ဟု မြန်မာ့အရေး အကဲခတ်များက ပြောဆိုနေကြသည်။

မကြာသေးမီက မဇ္ဈိမက မေးမြန်းခဲ့ရာတွင်လည်း ဘီဘီစီမြန်မာပိုင်း အစီအစဉ် ဌာနမှူး ဒေါ်တင်ထားဆွေ က ဌာနတွင် ရန်ပုံငွေ အခက်အခဲရှိကြောင်း ကြိုတင်နိမိတ်ဖတ် ပြောကြားခဲ့သေးသည်။ ဗြိတိန်နိုင်ငံတွင် စီးပွားရေး ကျဆင်းမှုကြောင့် FCO အနေဖြင့်လည်း ကမ္ဘာတလွှား အစီအစဉ်၏ အသုံးစရိတ်များကို လျှော့ချ ဖြတ်တောက်ရမည့် အခြေအနေ ဖြစ်လာကြောင်း၊ မြန်မာပိုင်း အစီအစဉ်ကိုလည်း လာရောက် ထိခိုက်နိုင်ကြောင်း သူမကပြောကြားခဲ့သည်။ သို့သော် မြန်မာပိုင်း အစီအစဉ်ကို ကြီးကြီးမားမား ထိခိုက်လိမ့်မည် မဟုတ်ဟု သူမျှော်လင့်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။ ကိုလ်ကာတာမြို့ အခြေစိုက် ဘီဘီစီ အရှေ့အိန္ဒိယ သတင်းထောက် ဆူဗီယာဘူမိခ် (Subir Bhaumik) ကလည်း အထွေထွေ အသုံးစရိတ် ဖြတ်တောက်မှုများ ရှိနေသည်ကို သူသိရှိကြောင်း၊ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲများ မတိုင်မီ မြန်မာပြည်သတင်းများ ထုတ်လွှင့်နိုင်မှုကို ထည့်သွင်း စဉ်းစားလိမ့်မည်ဟု ပိုမိုမျှော်လင့်မိပါကြောင်း ပြောကြားခဲ့သည်။ ဆူဗီယာဘူမိခ်သည် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ သတင်းများ ပေးပို့နေသူလည်း ဖြစ်သည်။

`ဘီဘီစီ ဌာနတခုလုံးအနေနဲ့ အသုံးစရိတ် ချွေတာလျှော့ချမှုတွေ လုပ်နေပေမဲ့ မြန်မာပိုင်း အစီအစဉ်နဲ့ ဘင်္ဂါလီ အစီအစဉ်တွေကို သိသိသာသာ ဖြတ်တောက် လျှော့ချလိမ့်မယ်လို့တော့ ကျနော် သိမထားပါဘူး။ မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေအတွက် မြန်မာပိုင်း အစီအစဉ်ဟာ အလွန်အရေး ပါ,ပါတယ်။ ဒါကြောင့် မြန်မာပြည် သတင်းထုတ်လွှင့်မှုတွေနဲ့ ပတ်သက်ပြီး ဘီဘီစီအနေနဲ့ အထိခိုက်ခံလိမ့်မယ်လို့ ကျနော် မထင်ပါဘူး´ ဟု သူက ဆက်လက် ပြောကြားသွားခဲ့သည်။

ဝါရင့်မြန်မာသတင်းစာဆရာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သူ တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ဘီဘီစီ မြန်မာပိုင်းအစီအစဉ် ထုတ်လွှင့်မှုများကို ဖျက်သိမ်းခဲ့လျှင် မြန်မာ စစ်အာဏာပိုင်များကို `လက်ဆောင်´ပေးလိုက်သကဲ့သို့ ဖြစ်မည်ဖြစ်ကြောင်း၊ `ဘာလို့လဲဆိုတော့ ဘီဘီစီက မြန်မာပြည်သူတွေကို စစ်အစိုးရက မကြားစေချင်တဲ့ မြန်မာပြည်တွင်းမှာ ဘာတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို ပြောပြနေတာ´ ဟု ပြောဆိုသွားခဲ့သည်။

`မြန်မာပြည်အဝှမ်း သန်းပေါင်းများစွာသော ပြည်သူများအတွက်၊ အထူးသဖြင့် အင်္ဂလိပ် ဘာသာစကား မတတ်ကျွမ်းသူများအတွက် အလွန်အရေးပါသည့် အစီအစဉ် ဖြစ်နေသောကြောင့် ဗြိတိသျှအစိုးရနှင့် FCO ဝန်ကြီးဝီလီယံဟိဂ် (William Hague) တို့သည် ဘီဘီစီ မြန်မာပိုင်း အစီအစဉ် အသုံးစရိတ်များကို လျှော့ချ ဖြတ်တောက်မည့် အစီအစဉ်ကို ပြန်လည်စဉ်းစားလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ သို့မဟုတ်လျှင် မြန်မာပြည်သူများသည် အစိုးရ ထိန်းချုပ်ထားသည့် မီဒီယာများကိုသာ ကြည့်ရှု့ နားဆင်ခွင့် ရကြတော့မည် ဖြစ်ကြောင်း´ သူက ပြောဆိုသွားခဲ့သည်။

မြန်မာနိုင်ငံတွင်း ၁၉၈၈ လူထုအုံကြွမှု၊ ၁၉၉ဝ ရွေးကောက်ပွဲ၊ ၂ဝဝ၇ ခုနှစ်ရွှေဝါရောင် တော်လှန်ရေး လှုပ်ရှားမှု စသော မြန်မာ့သမိုင်းတွင် အရေးပါသည့် ဖြစ်ရပ်ကြီးများ ဖြစ်ပွားတိုင်း မြန်မာပြည်သူလူထုကို သတင်းပေးရာ၌ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သည် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်းကိုလည်း အဆိုပါ ဒီချုပ်ခေါင်းဆောင်က ဆက်လက် ပြောကြားခဲ့သည်။ သံဃာတော်များက ဦးဆောင်လှုပ်ရှားခဲ့သဖြင့် ၂ဝဝ၇ ခုနှစ်ဆန္ဒပြပွဲများကို ရွှေဝါရောင်တော်လှန်ရေးဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို နားဆင်ခြင်းအား ပိတ်ပင်တားမြစ်ထားပြီး ထိုသို့နားဆင်ခြင်းကို ဥပဒေ ချိုးဖောက်သည့် လုပ်ရပ်အဖြစ် မြန်မာစစ်အစိုးရက နှစ်ပေါင်းများစွာ ကတည်းက သတ်မှတ်ထားခဲ့သော်လည်း ခန့်မှန်းခြေ မြန်မာသောတရှင် ၈ သန်းကျော်သည် အဆိုပါ ပိတ်ပင်တားဆီးမှုကို အာခံကာ လှိုင်းတို ရေဒီယိုများမှတဆင့် မြန်မာပိုင်းအစီအစဉ်ကို နားဆင်ခဲ့ကြသည်။

ဂါးဒီးယန်း သတင်းစာကြီး၏ သတင်းရင်းမြစ်က မည်သို့ပင်ပြောဆိုသော်လည်း မြန်မာပိုင်း အစီအစဉ်၏ ခန့်မှန်းခြေ သောတရှင် အရေအတွက်သည် မြန်မာနိုင်ငံလူဦးရေနှင့် နှိုင်းစာပါက အတော်လေး များပြားသည်။ မြန်မာနိုင်ငံနှင့် နှိုင်းစာလျှင် လူဦးရေ အဆမတန် များပြားသော အိန္ဒိယ၊ ပါကစ္စတန် နိုင်ငံတို့သို့ ဦးတည်ထုတ်လွှင့်နေသော ဟင်ဒီနှင့် အူရဒူ ဘာသာစကား အစီအစဉ်များနှင့် နှိုင်းစာလျှင်မူ မြန်မာပိုင်း အစီအစဉ်ပရိသတ်မှာ အတော်နည်းသည်။

`မြန်မာသတင်းမီဒီယာများသို့ ပေးအပ်နေသော နိုင်ငံခြား အကူအညီများ´ ခေါင်းစဉ်ပါ အရှေ့တောင်အာရှ သတင်းမဟာမိတ် အဖွဲ့၏ ၂ဝဝ၇ ခုနှစ် အစီရင်ခံစာ၏ အဆိုအရ မြန်မာနိုင်ငံပြင်ပတွင် အခြေစိုက်သော သတင်းဌာန အားလုံးတွင် အခြားမြန်မာဘာသာဖြင့် ရေးသားတင်ဆက်သည့် သတင်းမီဒီယာ အားလုံးနှင့် နှိုင်းစာလျှင် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သည် ပရိသတ်အများဆုံးဖြစ်သည်ဟု ဆိုသည်။

`ဘီဘီစီ အသံလွှင့်ဌာန၏ ပရဟိတအဖွဲ့ဖြစ်သော BBC World Service Trsut က ၂ဝဝ၃ ခုနှစ် နိုဝင်ဘာလမှ စတင်၍ မြန်မာဘာသာဖြင့် ထုတ်လွှင့်ခဲ့သော ပညာပေး အစီအစဉ် ဇာတ်လမ်းတွဲများမှာ သောတရှင်များအကြား အလွန်ရေပန်းစားကြောင်း´ ဖြင့်လည်း အဆိုပါ အစီရင်ခံစာတွင် ဆက်လက် ရေးသားထားသည်။

ဘီဘီစီ မြန်မာပိုင်း အစီအစဉ် အသုံးစရိတ်လျှော့ချမည်ကို ဒေါ်အောင်ဆန်းစုကြည် `အလွန်စိုးရိမ်´

`ဗြိတိန်နိုင်ငံတွင် လောလောဆယ်ကြုံတွေ့နေရသော စီးပွါးရေးအခြေအနေများကြောင့် ဘီဘီစီ အနေဖြင့် ဘဏ္ဍာရေးအခက်အခဲများ ကြုံတွေ့လာဖွယ်ရာရှိသည်ဟု ကြားသိရကြောင်း၊ အကျိုးဆက်အနေဖြင့် ဘီဘီစီမြန်မာပိုင်း အစီအစဉ်သည်လည်း တိုးချဲ့ရမည့်အစား လျှော့ချ ဖြတ်တောက်ခံရဖွယ်ရှိသည်ဟု ကြားသိရကြောင်း၊ မြန်မာပြည်သူများအနေဖြင့် သတင်း အချက်အလက်များရရှိရန် ဘီဘီစီကို အားကိုးအားထား ပြုနေရသည့်အတွက် ဤသို့ဖြတ်တောက် လျှော့ချမည်ကို သူမအနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း´ သူ့အား ပြောဆိုခဲ့သည်ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဦးကြည်ဝင်းက ပြောဆိုခဲ့သည်ကို လန်ဒန် အင်ဒီပင်းဒင့် သတင်းစာကြီးက ရေးသား ဖော်ပြထားသည်။

ဤသို့ ဦးဝင်းတင်နှင့် အခြားမြန်မာ့အရေးစောင့်ကြည့်သူများ၏ သထောထား ရပ်တည်ချက်များကို မိမိအနေဖြင့်လည်း သဘောတူညီကြောင်း လေဘာပါတီအရိပ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်မီလီဗန် (David Miliband) ကလည်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသို့ ဘီဘီစီ၏ အသံလွှင့်ချက်များကို ရပ်ဆိုင်းခဲ့လျှင် တိုင်းပြည်ကိုအုပ်စိုးနေသော စစ်အစိုးရ အကြိုက်တွေ့သွားမည် ဖြစ်သည်ဟု ဂါးဒီးယန်း သတင်းစာကြီးသို့ သူက ပြောကြားခဲ့သည်။

`ခြိမ်းခြောက်မှုတွေ၊ ဝါဒဖြန့်ချိချက်တွေနဲ့သာ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးရဲ့အစိတ်အပိုင်းတွေမှာ ကမ္ဘာတလွှား အစီအစဉ်အသံလွှင့်ချက်တွေဟာ တည်ငြိမ်ပြီး ယုံကြည်စိတ်ချရတဲ့ အသံလွှင့်ချက်တွေ ဖြစ်ပါတယ်။ မြန်မာပိုင်း အစီအစဉ်ကိုသာ ဖျက်သိမ်းလိုက်မယ်ဆိုရင် စစ်အစိုးရကို လက်ဆောင် ပေးလိုက်သလို ဖြစ်သွားမှာဖြစ်ပြီး၊ ဘာအပြစ်မှမကျူးလွန်ပါဘဲနဲ့ မြန်မာပြည် အကျဉ်းထောင်တွေမှာ အကျဉ်းချထားခြင်းခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စော်ကားရာလဲ ရောက်ပါလိမ့်မယ်´ ဟု လည်းသူက ပြောဆိုသွားသည်။

နောက်ဆုံးကျင်းပခဲ့သည့် ၁၉၉ဝ ပြည့်ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုရန် ငြင်းဆိုသည့် အတွက်ကြောင့် လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားသည့် အတွက်ကြောင့် လည်းကောင်း မြန်မာနိုင်ငံကို အနောက် နိုင်ငံများက တင်းကျပ်သည့် ပိတ်ဆို့ ဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

အနှစ် ၂ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲတရပ်ကို မြန်မာနိုင်ငံတွင် ယခုနှစ် နိုဝင်ဘာလ၌ ကျင်းပမည်ဖြစ်သည်။ သို့သော် ဒီမိုကရေစီလိုလားသော ပါတီများကမူ စစ်အစိုးရက ပြုလုပ်ထားသည့် ကန့်သတ်မှုများကြောင့် သူတို့၏ ကိုယ်ပွားပါတီကသာ အနိုင်ရရှိရန် သေချာနေသည်ဟု ပြောဆိုကြသည်။

ဘီဘီစီမြန်မာပိုင်းအစီအစဉ်နှင့် ၁၉၈၈ ခုနှစ်လူထုအုံကြွမှုအကြောင်း မြန်မာစစ်အစိုးရ ပြောဆိုခဲ့ပုံ

မြန်မာ့အလင်း

၂ဝဝ၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့၊ တနင်္လာနေ့။

ဘီဘီစီနှင့်ဗွီအိုအေတို့သည် စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်ကိုချိုးဖောက်ကာ ၁၉၈၈ ခုနှစ် ဆူပူအုံကြွမှုအတွင်း ဆူပူမှုများဖြစ်စေရန်နှင့် မင်းမဲ့စရိုက်များ ပေါ်ပေါက်လာစေရန် လုပ်ကြံလီဆယ်၍ သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ပြဿနာ ပိုမိုကြီးထွားလာစေရန်အတွက် လုပ်ကြံ တွေ့ဆုံမေးမြန်းခန်းများကို ထုတ်လွှင့်ခဲ့သည်။ မြန်မာနိုင်ငံကို ချောက် ထဲကျစေရန် ကြိုးပန်း ဆောင်ရွက်ခဲ့ကြသည်။ ထိုအချိန်က ဘီဘီစီ နှင့် ဗွီအိုအေ တို့က လွှင့်ထုတ်ခဲ့သော မိုးလုံးပြည့် မုသာဝါဒများကို အားလုံးက ယခုထိသတိရနေကြဆဲရှိသေးသည်။

၁၉၈၈ ခုနှစ်အရေးအခင်းများအပြီးတွင် ဘီဘီစီ ဗွီအိုအေ တို့အပြင် အာအက်ဖ်အေ၊ ဒီဗွီဘီ တို့ကဲ့သို့သော နိုင်ငံခြားမီဒီယာသစ်များ အသံလွှင့်ဌာနများ ပေါ်ပေါက်လာခဲ့သည်။ ရှမ်းသံတော်ဆင့် ကဲ့သို့သော နိုင်ငံခြား စာစောင်များလည်း ပေါ်ထွက်လာကာ ပြည်ထောင်စုပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေး၊ အချုပ်အခြာအာဏာ ဆုံးရှုံးစေရေးတို့အတွက် ပုတ်ခတ်တိုက်ခိုက်သည့် လုပ်ကြံလီဆယ်မှုများနှင့် အရှက်မဲ့စွာ သွေးထိုးလှုံ့ဆော်ခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားများအကြောင်း ဘီဘီစီ ၏ ထုတ်လွှင့်ချက်ကို နအဖ ကငြင်းဆို

မြန်မာ့အလင်း
၂ဝဝ၄ သြဂုတ် ၁၃၊ သောကြာနေ့။
မျက်နှာမပြဝံ့သူများ - ၅၇

ဤသို့ ကောက်ကျစ်ယုတ်မာသည့် လိမ်ညာမှုများ၊ ပုတ်ခတ်တိုက်ခိုက်မှုများကို တခုပြီးတခု ပြုလုပ်လာခဲ့ ပြီးနောက် ဘီဘီစီ နှင့် ဗွီအိုအေ (အမေရိကန်အသံ) တို့သည် လုပ်ကြံ လီဆယ်မှုများ ပြုလုပ်ရာ၌ အထူး ကျွမ်းကျင်လာခဲ့သည်။ ကဗျာဆရာ ဦးကြည်တင်ဦး ကွယ်လွန်သည့်သတင်းကို ဘီဘီစီက နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှ ကိုတိတ်နိုင်ကို တွေ့ဆုံ မေးမြန်းခန်းဖြင့် ၂ဝဝ၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၆ နာရီအချိန်က ထုတ်လွှင့် သွားခဲ့သည်။ ဗွီအိုအေကလည်း ကဗျာဆရာ၏ သမီးကို တွေ့ဆုံမေးမြန်းကာ ထိုနေ့ ည ၉ နာရီအချိန်က ထုတ်လွှင့်သွားခဲ့သည်။

အဆိုပါ လုပ်ကြံသတင်း၏ အကျဉ်းချုပ်မှာ ဦးကြည်တင်ဦးသည် ထောင်မှ ၂ဝဝ၄ ခုနှစ် မတ်လ ၂၆ ရက်နေ့က လွတ်၍ ၂၄ ဂျူလိုင်လက သေဆုံးခဲ့ကြောင်း အဆိုပါ အေအေပီပီ အတွင်းရေးမှူး ဆိုသူက တွေ့ဆုံမေးမြန်းရာတွင် ဖြေကြားသွားခဲ့သည်။ ဦးကြည်တင်ဦးသည် ထောင်ဒဏ်ကျခံနေရစဉ် သွေးတိုး၊ နှလုံးနှင့် ဆီးချိုရောဂါများကို ခံစားနေခဲ့ရကြောင်း ကိုတိတ်နိုင်က ဘီဘီစီကို ပြောကြားခဲ့သည်။ ကိုတိတ်နိုင်က ဆက်လက်ပြောဆိုရာတွင် သူ့ခြေချောင်းများမှာ ပုပ်နေပြီဖြစ်ကြောင်း၊ စစ်ကြောရေး ကာလအတွင်း ဝါးချွန်ဖြင့်ထိုးခံရသောကြောင့် သူ့ခန္ဓာကိုယ်အတွင်းမှလည်း ဝါးချွန်အပိုင်းအစများကို တွေ့ရှိခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

သို့သော် ဗွီအိုအေ အင်တာဗျူးတွင် သူ့သမီးက ပြောဆိုရာ၌မူ သူ့ဖခင်သည် စီရင်ချက်ချမှတ်ခြင်း မခံရမီကတည်းက သွေးတိုးရောဂါရှိနေကြောင်း၊ ထို့ပြင်မလွတ်မီ၌လည်း အင်းစိန် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရသေးကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် အဖြစ်အပျက်မှာ အလွန်ရှင်းလှသည်။ မြန်မာပြည်အစွန်အဖျား နယ်စပ် တနေရာတွင်ရှိသော အေအေပီပီ ဆိုသောအဖွဲ့၏ အတွင်းရေးမှူးဆိုသူက ဦးကြည်တင်ဦး အကြောင်းပြောသော စကားများမှာ ဘာမှမဟုတ်ဘဲ အခြေအနေများ ပိုမိုဆိုးရွား သွားစေရန် ပြောဆိုသည့် အလိမ်အညာများသာ ဖြစ်သည်။ ယခုလို လီဆယ်လုပ်ကြံ ဇာတ်လမ်းဆင်၍ ဇာတ်နာအောင် ပြောဆိုနိုင်သည့် ကျွမ်းကျင်ပုဂ္ဂိုလ်မျိုးမှာ ရှာမှရှားပင် ဖြစ်သည်။

အေအေပီပီမှ ပြည်ပြေးများ၊ ဝရမ်းပြေးများနှင့် ပြည်တွင်းမှ အကျင့်ပျက် နိုင်ငံရေးသမားတို့ မြန်မာနိုင်ငံနှင့် နိုင်ငံတော်အစိုးရကို ဘက်ပေါင်းစုံမှ တိုက်ခိုက်နေကြသည်မှာ မယုံနိုင်စရာပင်ဖြစ်ပြီး ရရှိပြီး နိုင်ငံရေး အခြေအနေကောင်းများကို သိမ်ဖျင်းအောင် ပြုလုပ်နေကြခြင်းသာ ဖြစ်သည်။

အကျဉ်းသားတဦးထိုသို့ ထောင်မှလွတ်ပြီး တလအတွင်း၊ သို့မဟုတ် တနှစ်အတွင်း သို့မဟုတ် ၁ဝ နှစ်ကြာမှ သေသည်ဆိုလျှင်ပင် အေအေပီပီနှင့် အကျင့်ပျက် နိုင်ငံရေးသမားများက အကျဉ်းထောင်အတွင်း ညှဉ်းပန်း နှိပ်စက်ခံရ၍ သေဆုံးသယောင်၊ စစ်ကြောရေး ကာလအတွင်း ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသယောင်၊ သို့တည်းမဟုတ် အကျဉ်းထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု မကောင်း၍ ရောဂါတခုခုဖြင့် သေဆုံးခဲ့ရသယောင် ဇာတ်နာအောင် လုပ်ကြံဇာတ်လမ်း ဆင်၍ ထုတ်လွှင့်လေ့ရှိသည်။

အကျဉ်းထောင်အတွင်း သေဆုံးခဲ့ပါကလည်း အချိန်မီလွှတ်မပေး၍ ဆေးဝါးကုသမှု မခံယူလိုက်ရဘဲ သေဆုံးသွားသယောင် အစိုးရကို ပုတ်ခတ်တိုက်ခိုက် ထုတ်လွှင့်လေ့ရှိသည်။ အမှန်အားဖြင့် အမြဲတမ်း အာဏာငမ်းဖမ်းနေသော ထိုသူတို့သည်သာ သနားစရာ ဖြစ်နေသည်။

သေခြင်း၊ နာခြင်း၊ ဖျားနာခြင်းတို့နှင့် မည်သူမျှ မလွတ်ကင်းနိုင်ပါ။ သေခြင်းတရားသည် အချိန်မရွေး ရောက်ရှိလာနိုင်သည်။ ထို့ကြောင့် အကျဉ်းသားဖြစ်ဖြစ် မည်သူဖြစ်ဖြစ် အချိန်မရွေး သေဆုံးနိုင်သည်သာ ဖြစ်သည်။ ထို့ပြင် အကျဉ်းသားဖြစ်စေ မည်သူတဦး တယောက်ဖြစ်စေ အကျဉ်းထောင်အတွင်း သာမက အိမ်မှာနေရင်းလဲ အချိန်မရွေး ရောဂါတခုခု စွဲကပ်နိုင်သည်သာ ဖြစ်သည်။ သို့သော် ဦးကြည်တင်ဦးကို ပြစ်ဒဏ် ချမှတ်ရာ၌ အလုပ်ကြမ်းဖြင့်တွဲ၍ ပြစ်ဒဏ်ချမှတ်ခြင်း မပြုခဲ့ပါ။ ဦးကြည်တင်ဦးမှာ ညစဉ်ညတိုင်း ကောင်းမွန်စွာ အိပ်စက်နိုင်၍ အချိန်မှန် အစားအသောက်များ ကျွေးကာ ထောင်တွင်းတွင် သက်တောင့် သက်သာ နေထိုင်ခဲ့ရပါသည်။

အကျဉ်းထောင် ဆရာဝန်များကလည်း ထောင်တွင်းတွင် အကျဉ်းသားများကို ပုံမှန် ကျန်းမာရေး စစ်ဆေး၍ ဆေးဝါးများဖြင့် ကုသပေးခဲ့ကြသည်။ လိုအပ်ပါက အထူးကု ဆရာဝန်ကြီးများက စစ်ဆေးကြည့်ရှု့၍ ဆေးဝါးများပေးကာ ကုသခဲ့ကြသည်။ အကျဉ်းထောင်ပြင်ပ အစိုးရ ဆေးရုံများတွင်ပင် အကျဉ်းသားများ ဆေးဝါးကုသခွင့် ရရှိခဲ့ကြသည်။ ထို့ကြောင့် အကျဉ်းသားတဦးဦး ပြစ်ဒဏ်ကျခံနေရစဉ် ရောဂါတခုခု စွဲကပ်ခဲ့သည်ဆိုခြင်းမှာ အလိမ်အညာများသာ ဖြစ်သည်။ ဤသို့ လူလိမ်များက အစိုးရကို စွပ်စွဲပုတ်ခတ် တိုက်ခိုက်ခဲ့ကြခြင်းမှာ အကျဉ်းသားများ၏ အကျိုးကို လိုလား၍မဟုတ်ပါ။ ဒေါ်လာများများရရေး လောဘကြောင့် လုပ်ကြံလီဆယ် ခဲ့ကြခြင်းသာ ဖြစ်သည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved