-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, September 16, 2010

မှတ်ပုံမတင်သည့်ပါတီကို ဖျက်သိမ်းကြောင်း မကြေညာသင့်ဟု အန်အယ်လ်ဒီတုံ့ပြန်

NEJ / ၁၅ စက်တင်ဘာ ၂၀၁၀


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အား နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့မှုအပေါ် အန်အယ်လ်ဒီက အချက်(၃) ချက်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

အန်အယ်လ်ဒီပါတီဝင် ခေါင်းဆောင်ပိုင်းများ ယနေ့ ပါတီရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးပြီး အချက် (၃) ချက်ကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

၎င်းက “နံပါတ်တစ်အချက်ကတော့ မနေ့ကထုတ်တဲ့ကြေညာချက်ဟာ ဒါမျိုး မှတ်ပုံမတင်ထားတဲ့ အန်အယ်လ်ဒီအပေါ်မှာ ဒီလိုကြေညာဖို့ ဥပဒေပြဋ္ဌာန်းချက် ကျနော်တို့ မတွေ့ပါဘူးဆိုတာပါ” ဟု ပြောသည်။

ထို့နောက် ဒုတိယအချက်အနေဖြင့် “ရွေးကောက်ပွဲဥပဒေမှာပါတဲ့ ပါတီဆိုတဲ့ အဓိပ္ပာယ်ရယ် နိုင်ငံရေးပါတီဆိုတဲ့ အဓိပ္ပာယ်ရယ် ဒီနှစ်ခုစလုံးဟာ လက်ရှိကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ ပါတီကိုသာ ဆိုလိုတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နောက်ဆုံးတတိယအချက်အနေဖြင့် “ကျနော်တို့ အဖွဲ့ချုပ်က ဥပဒေအမှတ် ၄/၈၈ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ထားတယ်။ အဲဒီဥပဒေမှာပါတဲ့ ငြိစွန်းတဲ့ဟာတခုကိုမှ ကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုတာ ဖော်ပြတယ်။ ဒီသုံးချက် ကျနော်တို့ သတင်းထုတ်ပြန်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ရွေးကောက်ပွဲကော်မရှင်၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် အန်အယ်လ်ဒီပါတီသည် သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်လျှောက်ထားခြင်း မရှိသည့်အတွက် ဥပဒေအရ အလိုအလျောက်ပျက်ပြယ်ကာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသည့်အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ကာ ပါတီကို ဖျက်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ဒီလိုပဲအခက်အခဲ အကျပ်အတည်းရှိမှာပဲဆိုတာကိုတော့ ကျနော်တို့နိုင်ငံရေး လုပ်သက်တလျှောက် တွေ့နေရတဲ့အတွေ့အကြုံအရ ဒီလိုတော့ မျှော်မှန်းပါတယ်” ဟု ပြောဆိုသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲကို မတ်လ (၂၉) ရက်နေ့ကတည်းက သပိတ်မှောက်ပြီးသားဖြစ်ကြောင်း၊ ယခုအခါ အန်အယ်လ်ဒီထောက်ခံသူများ၊ ပြည်သူများသာ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်၊ ပြည်သူများအနေဖြင့် မဲပေးခြင်းကိစ္စအား ဥပဒေပါ အချက်အလက်များကို သိရှိရန်လိုအပ်ပြီး ရွေးချယ်ပိုင်ခွင့်ရှိကြောင်း သိရှိရန် လိုအပ်ကြောင်း ချပြပြောဆိုနေခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူလူထုအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာရှိကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် တရားမျှတမှုမရှိသည့် အချက်များကို ပြည်သူများသိစေရန် တတ်နိုင်သမျှ လုပ်ဆောင်ကြရန်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

Copyright © 1992-2010 The New Era Journal

No comments: