
အငြင်းပွားဖွယ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေမူကြမ်းမှာ မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေတရပ်ဖြစ်နေသည့်အတွက် မသမာမှုများဖြစ်ပေါ်အောင် လမ်းဖွင့်ပေးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝေဖန်လိုက်သည်။
“ ဤဥပဒေ အတည်ပြုပြီးနောက် နည်းမျိုးစုံဖြင့် မသမာမှုများရှိလာစေရန် လမ်းဖွင့်ထားသကဲ့သို့ ဖြစ်ပါသည်။ ထို့အပြင် အဖက်ဖက်က ယိုယွင်းလျက်ရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးစနစ်များကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော အောက်ခြေလူတန်းစားအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်ဖွယ်ရှိသည်” ဟု NLD ၏ ယမန်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။
ထို့ပြင် “၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေတွင် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ယခု ၂ဝ၁ဝ ထုတ်ပြန်လိုက်သည့် ဥပဒေသည် မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေဖြစ်ပါသည်” ဟုလည်း ယမန်နေ့နေ့စွဲတပ် NLD ကြေညာချက်တွင်ပါရှိသည်။
မနှစ် နိုဝင်ဘာ ၇ ရက် နေ့စွဲဖြင့် အကန့်အသတ်ဖြင့် ဖြန့်ဝေသော စစ်မှုထမ်း ဥပဒေ မူကြမ်းမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာတည်မည်ဟု ပြန်တမ်းတွင် ပါရှိသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ အတည်ဖြစ်လာလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ထိ စစ်မှုထမ်းရမည် ဖြစ်သည်။ အစိုးရက အရေးပေါ် အခြေအနေ သတ်မှတ်ထားလျှင် ၅ နှစ်အထိ စစ်မှုထမ်းကာလကို တိုးမြှင့်နိုင်သည်။
လွှတ်တော်တွင် ရှုထောင့်အစုံစုံမှ သုံးသပ်ဝေဖန်ပြီးမှ လွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်းသင့်သည်ဟုလည်း NLD က ပြောသည်။
လွှတ်တော်တရပ်ပေါ်ပေါက်ခါနီးတွင် လွှတ်တော်က ဥပဒေပြု အာဏာကို အဓိကကျင့်သုံးရမည့်အစား နအဖ က ပြဋ္ဌာန်းခြင်းမှာ ဆန့်ကျင်ဖက် ဖြစ်နေကြောင်းလည်း NLD က ဝေဖန်သည်။
စစ်မှုထမ်း စာရင်းပေးသွင်းရန် ပျက်ကွက်သူမှာ ထောင် ၃ နှစ် ကျနိုင်ပြီး ဟန်ဆောင် ရှောင်လွှဲလျှင် ၅ နှစ်အထိ အပြစ်ပေးခံရမည်ဟုလည်း ဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်သည်အင်အား စုစုပေါင်း ၅ သိန်းခန့် ရှိသည်ဟုဆိုသော်လည်း စစ်အစိုးရ တပ်ရင်းများတွင် သတ်မှတ်ထားသည့် တပ်အင်အားထက် လျော့နည်းနေသည်ဟု မြန်မာအရေး လေ့လာသူများက သုံးသပ်ကြသည်။
MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment