-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, January 13, 2011

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်


--11,Jan,2010

စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏသည် ယနေ့ နံနက် ၄း၂၀ နာရီက နေအိမ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။
၁၉၄၇ ခုနှစ်ဖွား မောင်ဝဏ္ဏသည် စာရေးဆရာ၊ ဒါရိုက်တာ သာဓု၊ ဒေါ်ခင်ညို တို့၏ သားကြီးဖြစ်သည်။
မွေးချင်းများမှာ စာပေ နှင့် အနုပညာနယ်တွင် ထင်ရှားသည့် သုမောင်၊ မင်းလူ၊ ရူပ၊ အာယုတို့ ဖြစ်သည်။

ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းထွက် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ရှိစဉ် ၁၉၆၈ ခန့်က ဒဿနိကဗေဒဌာနထုတ် အတွေးအခေါ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော "ကားလမ်းဘေးက ဆိုင်းဘုတ်ကလေး" မှာ သူ၏ ပထမဆုံး ပုံနှိပ်စာမူ ဖြစ်သည်ဟု သိရသည်။ ထို့နောက် ရှုဒေါင့်၊ ပြည်သူ့ကြယ်၊ မိုးဝေ၊ ရှုမ၀ စသည့် ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။

လုံးချင်း ၀တ္ထုပေါင်း ၂၀ ခန့် ရေးသားခဲ့သူ၊ မောင်စိန်သောင်း မနှင်းရည် မဂ္ဂဇင်းဝတ္ထုတိုများ ဖြင့် ထင်ရှားခဲ့သူ မောင်ဝဏ္ဏ၏ ပထမဆုံး ပုံနှိပ် ၀တ္ထုတို "လေထဲက အိပ်မက်ကလေး" ကို ရှုမ၀ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။
ရုပ်ရှင်ရိုက်နေစဉ် စိတ်ကူးပေါ်လာပြီး ထိုဝတ္ထုတိုကို ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ပေဖူးလွှာမဂ္ဂဇင်း (၁၉၈၂ နိုဝင်ဘာ) အင်တာဗျူးတွင် ဆရာ မောင်ဝဏ္ဏက ပြောပြခဲ့ သည်။
ပထမဦးဆုံး ရိုက်ကူးခဲ့သည့် ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း၊ ညီဖြစ်သူ မင်းလူ၏ ၀တ္ထုကို ရိုက်ကူးထားတဲ့ ခုနှစ်စဉ်အလွမ်း စသည့် ဇာတ်ကား တို့ဖြင့် အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု ၂ ကြိမ် ရခဲ့သည်။

ဝတ္ထုများကို ရုပ်ရှင်အဖြစ် ဖန်တီးရာတွင် မူရင်း မပျက်စီးစေရန် ရုပ်ရှင်အတတ်ပညာဖြင့် ပြောင်းယူရသည်ဟု မောင်ဝဏ္ဏက ပေဖူးလွှာမဂ္ဂဇင်း အင်တာဗျူးတွင် ပြောပြခဲ့သည်။
"ဒီဆရာတယောက်ရဲ့ အတွေးအခေါ်ကို သိနိုင်ဖို့ရာ ရုပ်ရှင်ရိုက်မယ့် ၀တ္ထု တစ်ပုဒ်တည်းကိုပဲ ဖတ်တာထက် သူရေးခဲ့တဲ့ အခြား ၀တ္ထု လေးငါးပုဒ်လောက် ဖတ်ဖို့ လိုပါတယ်။
ဖတ်လိုက်တဲ့အခါမှာ သူ့အယူအဆ၊ အတွေးအခေါ်ကို ရိပ်မိလာပါလိမ့်မယ်။ အဲဒီအခါကျတော့ ဒီစာရေးဆရာ ပြောချင်တဲ့ သဘော ရောက်အောင် ရုပ်ရှင်အတတ်ပညာ နဲ့ လုပ်ယူရပါတယ်" ဟု သူက ဆိုသည်။

မောင်ဝဏ္ဏသည် ၁၉၇၆ တွင် ဒေါ်ချိုချိုရီနှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားခဲ့ကြောင်း "နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများ နှင့် စာစုစာရင်း" စာအုပ်တွင် ဖော်ပြထားချက်အရ သိရသည်။
myanmarbookshop.com တွင်လည်း မောင်ဝဏ္ဏအကြောင်းကို ဖတ်ရှုနိုင်သည်။

ဂျူနီယာဝင်း
ဇန်န၀ါရီ ၁၁၊ ၂၀၁၁
ဆရာ့ကို ကျွန်မ စတင်မြင်ဘူးခဲ့တာက ကာတွန်းဆရာကြီး ဦးဖေသိန်းမွေးနေ့မှာပါ။
ဆရာက ကျွန်မကို “မင်းရေးတဲ့ အဲလစ်စာအုပ်ကို မင်းလက်မှတ်ထိုးပြီးပေးမှ ယူမှာကွ။ ဒီအတိုင်း မယူဘူး။” လို့ပြောခဲ့တယ်။ အဲသည်စကားရဲ့ အဓိပ္ပါယ်ကို ကျွန်မသိတယ်။
ကျွန်မကလည်း “ပေးပါ့မယ်” ပေါ့။

ဆရာဘေးက ဆရာဇနီးနဲ့ နှူတ်ဆက်ရင်း ”မောင်စိန်သောင်း မနှင်းရည်” ၀တ္ထုတိုများကို ကြိုက်နှစ်သက်ကြောင်း ပြောဖြစ်ခဲ့ပါတယ်။
ဆရာ့ရဲ့ ရုပ်ရှင်ကားများကိုတော့ ကျွန်မအဘိုး ဘဘကြီး ဦးခင်မောင်လတ် အသည်းစွဲခဲ့ပုံကတော့ အခုထိ ကျွန်မမိဘများ ပြောနေဆဲပါ။

“ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ဆိုတဲ့ရုပ်ရှင်က ကျွန်မတို့မမွေးခင်က မြန်မာပြည်မှာပြခဲ့ပါတယ်။ အဲသည်ကားကို ကြိုက်လွန်းလို့တဲ့ ဘဘကြီးက သူ့တပည့်များကို မြေနီကုန်းရုပ်ရှင်ရုံတစ်ရုံရဲ့ DC (Dress Circle) လို့ ခေါ်တဲ့ အပေါ်ထပ် တစ်ထပ်လုံးကို ငှားပြီး ခေါ်ပြသတဲ့။
ကျွန်မမိဘများလည်း မနေရပါဘူး။ ဖေဖေနဲ့ မေမေကလည်း ကြိုက်ကြောင်း ပြောကြပါတယ်။ ဘဘကြီး ဘယ်လောက်တောင် ကြိုက်သလဲ ဆိုတာ။ ကျွန်မတော့ မကြည့်ဖူးခဲ့ပေမယ့် ဘဘကြီးရဲ့ အသည်းစွဲရုပ်ရှင် ဆိုတာ ပြောပြောနေတာနဲ့ ကြားဖူးနေပါတယ်။

ကျွန်မသိခဲ့ဖူးတဲ့ ရုပ်ရှင်ကတော့ “ချစ်တဲ့သူငယ်လေ”၊ “ပန်းတွေနဲ့ ဝေ”တို့ ပါပဲ။ အမှန်ပြောရရင် အဲသည်ကားများကို ကျွန်မဦးလေး တက္ကသိုလ်ကျောင်းသားများ အလွန် နှစ်သက်ကြတယ် ဆိုတာကိုတော့ မှတ်မိနေခဲ့တယ်။
ကျွန်မ ကြည့်ခဲ့ဖူးသလောက် မှတ်မိသလောက် စဉ်းစားမိသလောက်ကတော့ ကျောင်းသွားတဲ့ သစ်ပင်တွေအောက်က လမ်းတစ်လျောက်မှာ မင်းသားနဲ့ မင်းသမီး မေ၀၀င်းမောင်နဲ့ မောင်ရူပ လမ်းလျောက်တာ၊ ကျောင်းသွား ကျောင်းပြန် လုပ်ကြတာတွေတော့ မြင်နေတယ်။
အဲသည်တုန်းက ပျင်းလိုက်တာမှ။ ကျွန်မ ဦးလေးကတော့ ဘယ်လောက် အဓိပ္ပါယ်ရှိကြောင်းတွေ ပြောနေလေရဲ့။
ကျွန်မတို့က သိပ်ငယ်သေးလို့ ထင်ပါရဲ့။ အဲ … ပျင်းတာပဲ မှတ်မိတော့တယ်။

မှတ်မိသလောက်ပြောရရင် ဆရာရိုက်တဲ့ “ဓါတ်ခဲ” ဆိုတဲ့ ရုပ်ရှင်ကားဟာ မြန်မာပြည်မှာ Best Audience ရခဲ့တယ်။
စာရေးဆရာ ဦးသုမောင် အိမ်ကိုလာတုန်းက ပြောတာ မှတ်မိနေတယ်။ အဲသည်ကားက အရမ်း အောင်မြင်ခဲ့တာ မောင်ဝဏ္ဏတစ်ယောက် ဒီပရက်ရှင် ဖြစ်သွားသတဲ့။
ဒိလောက် ငွေရေးကြေးရေးအရ အောင်မြင်တယ်။ ပရိသတ်တွေကလည်း အားပေးလိုက်တာမှ။ ရုံပေါ်ကနေ အပတ်ပေါင်းများစွာ တင်ထားရတယ်။
ဒါတောင် ပရိသတ်က အားမရသေးဘူး။ ဒါလောက် လျှမ်းလျှမ်းတောက် ဖြစ်တာကို ဒီပရက်ရှင် ဘာကြောင့် ဖြစ်၇သလဲ။ ဒါကိုတော့ အနုပညာသည်များသာလျှင် နားလည်ပေလိမ့်မယ်။

“ခုနှစ်စဉ်အလွမ်း” ကိုတော့ အရမ်းကြိုက်တယ်။ အကယ်ဒမီရတယ် ဆိုတော့လည်း ၀မ်းသာမိတယ်။ သုမောင် မင်းလူ မောင်ရူပ စတဲ့ ညီအကိုများ ပါဝင်ထားတဲ့ ရုပ်ရှင်တကားအဖြစ် အမှတ်တရ ဖြစ်ခဲ့ရပါတယ်။

အမှန်ပြောရရင် မောင်ဝဏ္ဏဆိုတာကို စာရေးဆရာအဖြစ်နဲ့ ပိုပြီး သတိထားမိခဲ့တယ်။ ဆရာရေးတဲ့ ၀တ္ထုများဟာ မဂ္ဂဇင်းကို လှန်လိုက်တိုင်း မောင်ဝဏ္ဏဆိုတဲ့ အမည်တွေ့တာနဲ့ အရင်ဆုံး ကောက်ဖတ်ချင်ရလောက်အောင် ဆွဲဆောင်မှု ရှိတဲ့ စာရေးဆ၇ာပဲ ဆိုတာ အမှန်ပါပဲ။
တော်တော်လေး အနှစ်သက်ဆုံးထဲမှာ ပါပါတယ်။ ဆရာရေးတဲ့ အချစ်ဝတ္ထုများကို သိပ်ကြိုက်ခဲ့ရပါတယ်။
ဆရာ့ရဲ့ရေးတဲ့စတိုင်ဟာ သဘာဝကျတယ်။ ပေါ့ပါးတယ်။ ပြီးတော့ အဆန်းထွင် လုပ်ဇာတ်များ မပါဘူး။

ရိုးစင်းတဲ့ အချစ်ဇာတ်လမ်းများနဲ့ မောင်စိန်သောင်း မနှင်းရည်ဝတ္ထုများလို အိမ်ထောင်ရေး ဇာတ်လမ်းများဟာလည်း အင်မတန် ဖတ်လို့ ကောင်းခဲ့ပါတယ်။
အထူးသဖြင့် Dialogueတွေမှာ ဆရာဟာ အလွန်ပိုင်နိုင်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ဒါဟာ ဆရာတို့ရဲ့ ဖခင်ကြီး ဦးသာဓုရဲ့ သွေးတွေ စီးဆင်း နေလို့ပဲပေါ့။

ဆရာ ကွယ်လွန်တယ် ဆိုတော့ ဒါတွေကတော့ ခေါင်းထဲမှာ ပေါ်လာတာတွေပါ။ ဆရာ့ရဲ့ ပရိသတ် တစ်ယောက် အနေနဲ့ ခံစားမိတာတွေပါပဲ။
အနုပညာသည်စစ်စစ်တယောက် ဆိုတာရဲ့ အဓိပ္ပါယ်ဘာလဲ ဆိုတာပြခဲ့တဲ့ ဆရာ့ကို မမေ့တော့ပါဘူး။ ဆရာ ကောင်းမွန်ရာကို ရောက်ပါစေ။

(Junior Win Blog မှ တဆင့် ကူးယူပေးပို့ လိုက်ပါတယ်)
//////////////////////

လွမ်းမောဖွယ်တက္ကသိုလ်ထဲမှာ မောင်ဝဏ္ဏကို နှုတ်ဆက်ခဲ့
--11,Jan,2010

မောင်ရစ်
ဇန်န၀ါရီ ၁၁၊ ၂၀၁၁

ယမန်နေ့က နေအိမ်မှာ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်သွားတယ် ကြားပါတယ်။ မြန်မာပြည်ရဲ့ ထူးချွန်တဲ့ အနုပညာရှင် မိသားစုမျိုးဆက်၊ သာဓု အင်ဆန်းတွေထဲက ဆရာ ဦးသုမောင်ပြီးတော့ သူ့အကို ဆရာ မောင်ဝဏ္ဏ ကွယ်လွန်သွားတဲ့အတွက် ၀မ်းနည်းပြီးရင်း ၀မ်းနည်းရင်း ဖြစ်ရပါတယ်။
သူတို့ စာပေရဲဘော် စာပေမိတ်ဆွေ ဆရာ အောင်ပြည့် ကွယ်လွန်ပြီးနောက် သူတို့တတွေ တယောက်ပြီး တယောက် ကွယ်လွန်ကုန်ကြပါပြီ။

ကျနော်တို့ ဆယ်ကျော်သက်အစ စိတ်ကူးယဉ်ချိန်မှာ အဲဒီဆရာတွေရဲ့ အချစ်ဝတ္ထုတွေ၊ တက္ကသိုလ်နောက်ခံ ၀တ္ထုတွေနဲ့ ကျနော်တို့ ကြီးပြင်းခဲ့ရတာပါ။
သူတို့တွေ အပြင်မှာ ဘယ်လို ဘယ်ပုံ ချစ်စရာ ကောင်းမကောင်းတော့ မသိဘူး၊ သူတို့စာတွေထဲက တက္ကသိုလ်နောက်ခံ အချစ်ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေ၊ အမျိုးသား အမျိုးသမီးတွေဟာ အလွန် ချစ်ခင် ရင်းနှီးဖွယ်၊ ပျော်ရွှင် ကြည်နူး လွမ်းမောဖွယ်ကို ပေးခဲ့တယ်။

သူတို့ခေတ်က တက္ကသိုလ်ဝတ္ထုတွေနဲ့ သူတို့ရိုက်ခဲ့တဲ့ တက္ကသိုလ်နောက်ခံ ရုပ်ရှင်တွေဟာ မြန်မာတက္ကသိုလ်က လူငယ်တွေရဲ့ ဘ၀၊ အလွမ်း၊ သရုပ်ဖော် ဇာတ်လမ်းများတွေကို ဆွတ်ပျံ့ဖွယ် ခံစားကြရပါတယ်။

အခု ကျနော်တို့ မျက်မှောက်ရုပ်ရှင်တွေမှာ မြင်နေရတဲ့ တိုက်နံရံရှေ့က စာပွဲပုလေးတွေမှာ ရုပ်ပျက် ဆင်းပျက် လှည့်ပတ်ကခုန်နေတဲ့ လူုငယ် လူကြီးတွေနဲ့ မရယ်ရတဲ့ ပြက်လုံးတွေနဲ့ တက္ကသိုလ်အတုကြီး၊ တက္ကသိုလ်ဘ၀ အတုကြီး မဟုတ်ဘူး။
တက္ကသိုလ်ဘ၀ ဆိုတာ လက်တွေ့ဘ၀နဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရတဲ့ ဟာသဇာတ်လမ်း မဟုတ်ဘူး။
အဲဒါတွေနဲ့ ဆန့်ကျင်ဖက် ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည်နူး ပျော်ရွှင် ချမ်းမြေ့ဖွယ်ရာ၊ သရုပ်မှန် ဘ၀တွေနဲ့ တက္ကသိုလ်ရုပ်ရှင်တွေကို ပြန်လည် သတိရ မှော်သွင်း ဖန်ဆင်းသူ အနုပညာရှင်ကြီးတွေ ဖြစ်ပါတယ်။
အခုတော့ ဆရာ ကွယ်လွန်ခဲ့ပြီ။

ဆရာတို့ရဲ့ တက္ကသိုလ်ကြီးတွေ၊ ကျောင်းသူ ကျောင်းသားတွေ မကျန်ရစ်တော့တဲ့ အနုပညာလောက စတူဒီယိုဟောင်းလောင်းကြီးတွေကို ဆရာတို့ ထားရစ်ခဲ့ပြီပေါ့။
ဆရာတို့ရဲ့ ဟိုမှာဘက် စစ်မှန်လွတ်လပ်တဲ့ အနုပညာတွေနဲ့၊ သစ္စာရှိတဲ့ အနုပညာရှင်တွေနဲ့ ဆရာတို့ ခရီးဆက်နိုင်ကြပါစေ၊ ဆရာတို့နဲ့ ဆရာတို့ အနုပညာတွေ သက်တော်ရာကျော် ရှည်ပါစေ။

ကျနော်ကတော့ ဆရာတို့ရဲ့ ရုပ်ရှင်ကားတွေကို ဒီည တညလုံး ထိုင်ကြည့်နေချင်မိတယ်။ ဆရာ သုမောင်နဲ့ ဆရာ အောင်ပြည့် တို့ ရန်ကုန်တက္ကသိုလ် ပရ၀ုဏ်ထဲက လက်ဘက်ရည်ဆိုင်ထဲမှာ စကားပြောဆိုနေတဲ့ ရိုက်ကွင်း၊ ကင်မရာ ချောင်းကြည့်ပေါက်ထဲက မောင်ဝဏ္ဏနဲ့ … ရန်ကုန်တက္ကသိုလ် လမ်းမတွေ အားလုံးဟာ တက်ခနီကာလာတွေနဲ့ မဟုတ်ဘူးလေ၊ အားလုံး အဖြူ အမည်းတွေချည်း။


ဖော်ဝပ်မေးလ်များမှ ရရှိပါသည်။ ဟစ်တိုင်

------
ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြ ပေးပါမည်။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတောနိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။
စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံများ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။
လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 

www.hittaing.org
www.hittai.org
www.hittai.net


Copyright 2010. Designed by nayyarthit.nl

No comments: