-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Monday, January 10, 2011

ရာပြည့်နေ့အတွက် ဒေါ်စုအမည်ကို ဂါးဒီးယန်း အဆိုပြု



နှစ် ၁ဝဝ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ကမ္ဘာတဝှန်းရှိ အမျိုးသမီးကြီး ၁ဝဝ ကို အအောင်မြင်ဆုံးနှင့် အကျော်ကြားဆုံး သူများအဖြစ် ရွေးချယ်မည့် စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အခြေစိုက် ဂါးဒီးယန်း သတင်းစာကြီးက အဆိုပြုလိုက်သည်။

ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် နှစ် ၁ဝဝ ပြည့် နိုင်ငံတကာ အမျိုးသမားများနေ့ အထိမ်းအမှတ်အဖြစ် ရွေးချယ်မည်ဖြစ်ရာ အစီအစဉ်ကို ယခုလ ၅ ရက်နေ့ကတည်းက ဂါးဒီးယန်း သတင်းစာကြီးက စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုတင်သွင်းနိုင်သည့်သူများတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ အမေရိကန် ရုပ်သံစီစဉ်တင်ဆက်သူ အော်ပရာဝင်းဖရေး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ ဟယ်ရီပေါ်တာစာအုပ် ရေးသားသူ ဂျေ ကေ ရိုးလင်း အပါအဝင် အမျိုးသမီး ၈ ဦးကို နမူနာအဖြစ် ဖော်ပြထားသည်။

မိမိက သီးခြားအဆိုပြုလိုသူ၏ တိုင်းပြည်နှင့် နာမည်ကို မိမိအသုံးပြုနေသော အီးမေးလ်လိပ်စာဖြင့် ရေးသားကာ အဆိုတင်နိုင်ပြီး မည်သည့်အတွက် ရွေးချယ်ရကြောင်းကိုပါ ဖော်ပြရန် လိုအပ်သည်။

အဆိုတင်သွင်းသူများထဲမှ ရွေးချယ်ခံရသူများကို ရာပြည့်နေ့တွင် ထုတ်ပြန်ကြေညာမည်ဟု ဂါးဒီးယန်း အင်တာနက် စာမျက်နှာတွင် ဆိုထားသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်အဖြစ် ၁၅ နှစ်ကျော် ကျခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အိန္ဒိယ လူ့အခွင့်အရေးအဖွဲ့ မာနိုဗ် အိခ်တ ပရီရှဒ် Manav Ekta Parishad က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဂုဏ်ထူးဆောင် ဧကရီဘွဲ့ (Queen of Myanmar's Democracy and Human Rights) အား မြို့တော်နယူးဒေလီတွင် အခမ်းအနားဖြင့် ပေးအပ်ခဲ့သေးသည်။ သို့သော် ယခင်ဆုများကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်မှာ ကိုယ်တိုင်သွားရောက်ကာ လက်ခံရယူနိုင်ခြင်း မရှိခဲ့ပါ။

သူသည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုအပြင် သိုးရော့ဖ်ရဖ်တို အထိမ်းအမှတ်ဆု (၁၉၉ဝ)၊ ဆာခါရော့ဖ်ဆု (၁၉၉၁)၊ ဂျဝါဟာလာနေရူးဆု (၁၉၉၃)၊ အပြည်ပြည်ဆိုင်ရာ လစ်ဘရယ် လွတ်လပ်ခွင့်ဆု (၁၉၉၅)၊ ဒဗ္ဗလင်မြို့တော် လွတ်ငြိမ်းချမ်းသာခွင့်ဆု - အိုင်ယာလန်နိုင်ငံ (၁၉၉၉)၊ လွတ်ငြိမ်းချမ်းသာခွင့် သမ္မတဆု (၂ဝဝဝ)၊ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှု (ယူနက်စကို) ၏ မဒန်ဂျိတ်ဆင့်ဂ်ျဆု (၂ဝဝ၂)၊ တောင်ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံးဆု တခုဖြစ်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆု (၂ဝဝ၄)၊ အမေရိကန်နိုင်ငံ၏ ကွန်ဂရက် ရွှေတံဆိပ်ဆု (၂ဝဝ၈) အပါအဝင် နိုင်ငံတကာ ဆုတံဆိပ် အမြောက်အမြား ရရှိထားသူ ဖြစ်သည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ်တွင် ဂျာမဏီနိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး အမျိုးသမီးများ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး လုပ်ဆောင်ချက်များကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတဝှန်း ကျင်းပလာခြင်း ဖြစ်သည်။


MIZZIMA သတင်းမှ ကူးယူဖေါ်ပြပါသည်။

No comments: