




အင်းစိန်ထောင်တွင်းမှာ ကွယ်လွန်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ခရမ်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း အနှစ် နှစ်ဆယ်ပြည့် အထိမ်းအမှတ်ပွဲ အခန်းအနားကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်တို့  ဒီကနေ့ သွားရောက်ခဲ့ကြပါတယ်။
ဦးတင်မောင်ဝင်းဟာ ၁၉၉၀ ခုနှစ် အောက်တိုဘာလမှာ ဖမ်းဆီး ထောင်ချခံရပြီး၊ စစ်ကြောရေးနဲ့  ထောင်တွင်း နှိပ်စက်မှု ဒဏ်တွေကြောင့် ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ မှာ အင်းစိန်ထောင်ထဲမှာ ကွယ်လွန်ခဲ့ရတာပါ။
ဒီကနေ့  ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း အနှစ် နှစ်ဆယ်ပြည့်မှာနေ့ မှာ ကျန်ရစ်သူ ဇနီး စာရေးဆရာမ ဒေါ်ခင်လှိုင်ကြူနဲ့ မိသားစုကို ဒေါ်အောင်ဆန်းစုကြည်တို့ က အားပေးစကား ပြောခဲ့သလို၊ အဲဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် နှုတ်ဆက်ကြတဲ့ ပြည်သူတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် နှုတ်ဆက်စကား ပြောခဲ့တယ်လို့  ဒေါ်ခင်လှိုင်ကြူက RFA ကို ပြောပါတယ်။
"ဒေါ်စုက ၈ နာရီ ၄၀ လောက် ရောက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ ကျတော့ လမ်းထဲကရော သူ့အဖွဲ့တွေကရော ပန်းစီးတွေ ဆက်ကြတာပေါ့။ လူအုပ်ကြီး ကတော့ အများကြီး ပါဘဲ။ ဘဘ ဦးတင်ဦးလည်း လာပါတယ်။ ဆရာ ဦးဝင်းတင်လည်း လာပါတယ်။ ဦးနိုင်းနိုင်း တို့တွေလည်း လာပါတယ်။ ဒေါ်စုကတော့ ကျမတို့ ရပ်ကွက်က လူတွေနဲ့တော့ အေးအေး ဆေးဆေး စကားပြော သွားပါတယ်။ သူတို့ ပြောချင်တာလေးတွေလည်း ပြောကြရတာပေါ့လေ။ အဲဒါဘဲ ကျေနပ်စရာကောင်းပါတယ်။"
ဦးတင်မောင်ဝင်းဟာ ၁၉၆၂ ခုနှစ် မတိုင်ခင် တက္ကသိုလ် ကျောင်းသားဘဝမှာ ကတည်းက တကသ အဖွဲ့ ဝင်တဦး ဖြစ်သလို၊ တကသ အဆောက်အဦ ဗုံးခွဲ ဖျက်ဆီး ခံရပြီးတဲ့နောက် ရန်ကုန် တက္ကသိုလ် ကျောင်းသား အခွင့်အရေး ကာကွယ်မှု တိုက်ပွဲ ကော်မတီ ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဦးနေဝင်း စစ်အစိုးရကို ဆန့်ကျင်ခဲ့တဲ့ အတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ ရပါတယ်။
ကွယ်လွန်သူ ဦးတင်မောင်ဝင်း မှာ ဇနီးသည် စာရေးဆရာမ ယုဝတီခင်လှိုင်ကြူနဲ့  သမီး ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။
RFAသတင်းမှ ကူးယူဖေါ်ပြပါသည်။
No comments:
Post a Comment