-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, January 20, 2011

မြကျွန်းညိုညို


ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း ၁၉၈၃-၈၄
အခုတော့ ကျမတို့ချစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ နှစ် ၉၀ ကျော်ခဲ့ပါပြီ။ ရန်ကုန်တက္ကသိုလ်ရဲ့ တချို့ အ စိတ်အပိုင်းတွေကိုလည်း ရောင်းစားခံခဲ့ရပါပြီ။ နာဂစ် ဖြစ်တော့ ရန်ကုန်တက္ကသိုလ်ထဲက နှစ်ချို့ပင် တချို့ လဲ ပြိုကြပေမယ့် သစ်ပုတ်ပင်ကြီးကတော့ မပြိုလဲခဲ့ပါဘူး။ ဒါကြောင့်လဲ ကျမတို့ ရန်ကုန်တက္ကသိုလ်ရဲ့ အထင်က ရ အမှတ်အသားထဲမှာ သစ်ပုတ်ပင်ကြီး ပါခဲ့တာပေါ့။

ကျမ တက္ကသိုလ်အကြောင်း စပြီးစိတ်ဝင်စားမိတာက နှစ်ပတ်လည် မဂ္ဂဇင်းလေးတစောင်ကြောင့်ပါ။ ကျမ အ ဖေဆီမှာ ရန်ကုန်တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းတ စောင်ကို တွေ့ပါတယ်။ အဲဒီ မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပန်း ချီက တော်တော်ထူးခြားပါတယ်။ အရောင်မှိုင်းမှိုင်း တွေနဲ့ အရောင်တောက်တောက်တွေကို ရောစပ်ပြီး သ ရုပ်ဖော်ထားပါတယ်။ မျက်နှာဖုံးမှာ ထင်ရှားတာက သစ် ပုတ်ပင်ကြီးပါ။ အဲဒီသစ်ပုတ်ပင်ကို သေချာကြည့်ရင် လက်သီးဆုပ်ထားတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ စာအုပ်ကို ဘယ်ဘက်ညာဘက်စောင်း ကြည့်လိုက်ရင် အုတ်ဂူ လိုပုံစံမျိုး လူတွေလဲကျနေပုံမျိုး၊ စစ်သားတွေက လှံစွပ်တွေနဲ့ ထိုးနေတဲ့ ပုံစံ၊ သေနတ်နဲ့ ပစ်နေပုံတွေကိုလဲ တွေ့ရပါတယ်။

ကျမ ဦးလေးဆီရောက်တော့လဲ အဲဒီမဂ္ဂဇင်းကိုပဲ သေသေချာချာ သိမ်းထားတာကို တွေ့ရပါသေးတယ်။ လူတွေရဲ့ ပါး စပ်ဖျားမှာလဲ အဲဒီမဂ္ဂဇင်းကိုလိုက်ရှာပြီး သိမ်းနေတယ်ဆိုတာမျိုးတွေကိုလဲ ကြားရပါသေးတယ်။ အဲဒါကြောင့် ကျမလဲ အရမ်းစိတ်ဝင်စားလာပြီးအဖေ့ကို မေးကြည့်မိပါတယ်။ ဘာဖြစ်လို့ ဒီပုံတွေဆွဲရတာလဲ ဆိုတာ ကျမသိချင်လာပါတယ်။ ကျမ အဖေက ပြောပြတာက ဦးသန့်က သူမသေဆုံးခင်မှာ မိသားစုတွေကိုမှာခဲ့တယ်တဲ့ သူဆုံးသွားရင် မြန်မာပြည်မှာ ပဲ သူ့ကိုသင်္ဂြိုဟ်ဘို့။ ဒါကြောင့် နိုင်ငံတကာမှာ ဦးသန့်ကို ဂူဗိမာန်နဲ့ အကောင်းဆုံးသဂြိုဟ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်း ချက်တွေကို ငြင်းပယ်လိုက်ပြီး ရုပ်ကလာပ်ကို မြန်မာနိုင်ငံအထိ ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်။ မြန်မာနိုင်ငံ ရောက်တော့ ဗိုလ်နေ၀င်း ဦးဆောင်တဲ့ စစ်အုပ်စုက ဦးသန့်၏ ကျန်ရစ်သောရုပ်အလောင်းကို ကြံတောသုဿန်မှာပဲ သင်္ဂြိုဟ်ခွင့်ပေးခဲ့ပါတယ်။

ဦးသန့်လို လူပုဂ္ဂိုလ်မျိုးကို အခုလို မျက်နှာလွဲခဲပစ်လုပ်တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေက မခံမရပ် နိုင်ဖြစ်ပြီး ဦးသန့်ရဲ့ ရုပ်အလောင်းကို တက္ကသိုလ်ထဲ သယ်လာပြီး ယခင် သမဂ္ဂအဆောက်အဦးရှိခဲ့တဲ့ မြေ နေရာမှာ ဂူဗိမာန်တခု တည်ဆောက်နေစဉ်မှာဘဲ စစ်တပ်က အင်အားသုံးပြီး ဖြိုခွင်းခဲ့တဲ့အတွက် ကျောင်း သားတွေ သွေးမြေကျခဲ့ရပါတယ်။ ကျောင်းသားအများစုလဲ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပါတယ်။ အချိန်တွေ ရွေ့ လျားသွားပေမဲ့ ကျောင်းသားတွေနဲ့ ပြည်သူ တွေရင်ထဲ စွဲမြဲထင်ရန်ရစ်နေပါတယ်။ အခွင့်သာတိုင်း ပုံသဏ္ဍာန် မျိုးစုံနဲ့ ထုတ်ဖော်ပြသကြပါတယ်။

ကျမရဲ့ဦးလေး၊ အမေ့မောင်ကလည်း ဦးသန့်အရေးအခင်းမှာ ထိမ်းသိမ်းခံခဲ့ရပါတယ်။ သူတို့ကို ရေကြည်အိုင် စစ်ကြော ရေးစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဦးလေးက သူ့ရဲ့စစ်ကြောရေး အတွေ့အကြုံတွေကိုပြောတိုင်း ဒေါသကြီးတတ် ပါတယ်။ ကျမက ၁၉၇၄ ခုနှစ်တုန်းက ၅ နှစ်သမီးမို့လို့ ဘာမှသေချာမသိပေမဲ့ အဖေပြောပြလို့ ဦးသန့် အရေးအခင်းအ ကြောင်းကို သိခဲ့ရပါတယ်။ တဆက်တည်း ၁၉၆၂ ခု ဦးနေ၀င်း အာဏာသိမ်းတော့ သမဂ္ဂအဆောက်အဦးကို ဗုံးခွဲခဲ့တာ၊ တက္ကသိုလ်ကျောင်းဝင်းထဲ စက်သေနတ်တွေနဲ့ ပစ်ခတ် ပြီး ကျောင်းသားတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကို ဖြိုခွင်းခဲ့တာ၊ အဲ ဒီအကြောင်းတွေကို ပြောပြခဲ့ပါတယ်။ ဒါကြောင့် ကျမရင်ထဲမှာ ရဲဝံ့တက်ကြွတဲ့ တက္ကသိုလ်ကျောင်းသားတွေကို လေး စားမြတ်နိုးခဲ့ရပါတယ်။ ကျမရဲ့ အငုံ့စိတ်ထဲမှာ တက္ကသိုလ်ရဲ့ ရင်ငွေ့ကိုခိုလှုံချင်မိပါတယ်။




ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း ၈၃ - ၈၄
တဖြေးဖြေးအရွယ်ရောက်လာတော့ ကျမတို့ ရင်ထဲမှာလဲ မဆလအစိုးရအပေါ် မကြေမနပ် ဖြစ်တတ်လာပါတယ်။ အစိုးရရဲ့ လွဲမှားနေတဲ့ မူဝါဒတွေကြောင့် တိုင်းပြည်လည်း အဆင်းရဲ ဆုံးစာရင်းဝင်သွားတဲ့အချိန် ၁၉၈၇ ခုမှာ ကျမ တက္ကသိုလ် တက်ရပါတယ်။ ကျမ အမှတ်က ဘူမိဗေဒကို မီလို့ ကျမ ဘူမိဗေဒကို တက်ဖို့ လျောက်ခဲ့ပါတယ်။ ဒါကြောင့် ကျမ R.C (2) မှာ တက်ခွင့်ရပါတယ်။ ကျမ ကျောင်းတက် တာ တလလောက်ရှိတော့ စဉ်းစားမိတာက ကျမ ဘူမိဗေဒကို စိတ်မ၀င်စားဘူးဆိုတာ ကိုပါပဲ။ ဒါကြောင့် ကျမစိတ်ဝင်စားတဲ့ သင်္ချာ မေဂျာကိုပြောင်းလိုက်ပါတယ်။ အဲဒီတော့မှ ကျမ R.C (3) မှာ တက်ရပါတယ်။ ကျမတို့ ခေတ်က ကျောင်းလခ လွတ်ငြိမ်းခွင့်၊ ပညာ ရေး ထောက်ပံကြေး ဆိုတာတွေရှိပြီးတော့ ဘယ်ဟာကိုပဲရရ အထောက်အပံ့ ဖြစ်ပါ သေးတယ်။ ဒါပေမဲ့ ကျမတို့အုပ်စုထဲမှာ ကျမက ကျောင်းလခလွတ်ငြိမ်းခွင့်ရပြီး၊ အရမ်းချမ်းသာတဲ့ တမူးမြို့က မြို့နယ် ကောင်စီရဲ့ သမီးသင်းမာစိုးက ပညာသင် ထောက်ပံကြေး ရပါတယ်။ အမေရော အဖေရော ဆုံးပါးသွားပြီး အမှန်တကယ် ချို့တဲ့ တဲ့ မိုးမိုးအေး ကတော့ ဘာအခွင့် အရေးမှ မရပါဘူး။

ကျမအရွယ်လေးရတော့ ကျမနှစ်သက်မိတဲ့ ၀တ္တုက ကျဉ်တုတ်ခံဝံ့ မခံဝံ့ပါ။ ဆရာမောင်သာရရေးတဲ့ အဲဒီဝတ္တုက ကျမကို စိတ်ကူးယဉ်စေခဲ့ပါတယ်။ ကျမပထမနှစ် စာမေးပွဲဖြေနေတုန်း စက်တင်ဘာလမှာပဲ ငွေစက္ကူ အရေးအခင်း ဖြစ်ပွားခဲ့ပါ တယ်။ ကျမတို့ တိုက်ရိုက်ပါဝင်ခွင့်မရပေမဲ့ အားပေးအားမြှောက်တော့ လုပ်ခဲ့ကြပါတယ်။ ငွေစက္ကူအရေးအခင်းဟာ ကျမ တို့ ကျောင်းသားတွေအတွက် အချက်ပေးခေါင်းလောင်းသံတော့ ဖြစ်ခဲ့ပါတယ်။ အာဏာရှင်တွေလက်အောက်မှာ အ သက်၊ အိုးအိမ်၊ စည်းစိမ်တွေဟာ လုံခြံမှုမရှိဘူး ဆိုတာကိုပေါ့။

ကျမ ၁၉၈၈ ခုနှစ်မှာ ဒုတိယနှစ်ကိုရောက်ပါတယ်။ မတ်လ မတိုင်ခင်တော့ ကျမဟာ သာမန်ကျောင်းသူလေး တဦးပါ။ မတ်လဟာ ကျမတို့အတွက် ထူးခြားတဲ့ အပြောင်းအလဲတခု ဖြစ်ပေါ်စေခဲ့ပါတယ်။ ၁၉၈၈ ခု မတ်လ ဟာ ကျောင်းသား ဟောင်းတွေဖြစ်တဲ့ အဖေနဲ့ သူ့ဝန်းကျင်ကတော့ အရိုးတွေတွန်နေပြီတဲ့။ ၇၄ မျိုးဆက်တွေပြောပြတာက ၀ိညာဉ်တွေ ရှင် သန်ထမြောက်လာပြန်ပြီတဲ့။ ကျမတို့ကတော့ ကျောင်းသားသွေးတွေအတွက် အာဏာရှင်တွေကို တိုက်ထုတ်ပြစ်ချင်နေ တာပါ။

ဒီလိုနဲ့ ကျမချစ်တဲ့ တက္ကသိုလ်နဲ့ ၃ နှစ်နီးပါး ခွဲခွါနေခဲ့ရပါတယ်။ ကျောင်းတွေပြန်ဖွင့်မယ်ဆိုတော့ ကျမတို့တတွေ ၀န်ခံ လက်မှတ်ထိုးရပါတယ်။ တချို့က မထိုးဘူးတဲ့။ ဘယ်လိုဘဲဖြစ်ပါစေ ကျမကတော့ ကျောင်းတွေ ဖွင့်စေချင်တာပါဘဲ။ အဲဒီ အချိန်က ကျမဖတ်မိတဲ့ ကဗျာလေးတပုဒ်က
“စောင်းကိုချစ်တယ်။ ကျောင်းကိုလည်းချစ်တယ်။ ပြီးတော့ ဒေါင်းကိုလဲ ချစ်တယ်တဲ့”
ကျမ အဲဒီကဗျာလေးကို အရမ်းကြိုက်တယ်၊ ကျမခံစားချက်နဲ့ တူနေလို့ပါ။ ကျောင်းတွေဖွင့်တော့ ကျမ သူ ငယ်ချင်းတွေ က ကျမကို သတိပေးပါတယ်။ နင် နိုင်ငံရေးမလုပ်ပါနဲ့လားတဲ့။ ဒါပေမဲ့ ကျမအတွေးက ဒီလိုအ ချိန်မှာမှ ကျမနိုင်ငံရေး မ လုပ်ဘူးဆိုရင် တာဝန်မဲ့ရာကျမှာ စိုးရိမ်နေတာရော၊ ကျမရဲ့ ရဲဘော်တွေ ထောင်ထဲ မှာ ရောက်နေကြတာရောကြောင့် ကျမ နိုင်ငံရေး ဆက်လုပ်မှာလို့ ပြန်ပြောလိုက်တယ်။ သူတို့နဲ့ ကျမ အရာရာကွာဟ သွားခဲ့ပါတယ်။

ဒါပေမဲ့ ကျမအတွက်ရဲဘော်ရဲဘက် သူငယ်ချင်းအသစ်တွေ ရခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ရောက်တော့ ကျမ သူငယ်ချင်း မိုးမြတ်သူ တို့ ထောင်ကနေလွတ်လာပါတယ်။ မိုးမြတ်သူ၊ ကိုမောင်မောင်ဦး၊ ရီရီ၊ ကျမ၊ အေးမိုး (ဆူး လေ) တို့က ကျောင်းထဲမှာ အမြဲလိုလို ဆုံနေကြပါ။ ကျမ၊ ရီရီ၊ အေးမိုး တို့ကို ရည်းစားမရှိလို့ သူတို့က အမြဲ နောက်ပြောင်တတ်ပါ တယ်။

တရက်တော့ မိုးမြတ်သူက ကျမတို့ကိုမေးပါတယ်။ နင်တို့ကို ကံ့ကော်ပန်းပေးမဲ့သူမရှိဘူး မို့လားတဲ့။ အေးမိုး က “ဟဲ့ ငါတို့ က မယူတာ ပေးချင်တဲ့လူတွေရှိတယ်တဲ့။” ကျမတို့တွေက အမြဲတမ်း စကားကို အနိုင့်အထက် ပြောနေကြပါ။ မိုးမြတ်သူ က “ဒါပေါ့ နင်တို့ဂုဏ်မငယ်ရအောင် ငါနင်တို့ကို ကံ့ကော်ပန်း လိုက်ပေးမယ်လေ တဲ့”။

နောက် ၂ ရက်လောက်ကြာတော့ ကျမ၊ရီရီ၊အေးမိုး တို့ စာသင်ခန်းကထွက်ပြီး အဓိပတိလမ်းကို လျောက်လာတော့ မိုး မြတ်သူက နောက်ကနေ ကံ့ကော်ကိုင်းခြောက်ကြီးကို လက်ထဲမှာကိုင်ပြီး ပိုလီယိုဖြစ်နေတဲ့ ကောင်လေးပုံစံနဲ့ ခြေထောက် ကို ထော့နင်းထော့နင်းလုပ်ပြီး ကျမတို့နောက်က လိုက်လာပါတယ်။ မိုးမြတ် သူက ရုပ်လေးသနားကမားနဲ့ အဲဒီလိုပုံစံမျိုး လုပ်နေတော့ တခြားကျောင်းသားကျောင်းသူတွေက ကျမတို့ ၃ ယောက်ကို ၀ိုင်းကြည့်ကြပါတယ်။ အဲဒီတုန်းကတော့ ကျမတို့တွေရဲ့ လွတ်လပ်ပေါ့ပါးစွာ ရယ်မောခဲ့ရတဲ့ အ ချိန်တွေဘဲပေါ့။

ညနေပိုင်းကြရင်တော့ ကျမတို့အုပ်စုလိုက် အင်းယားကန်ဘောင်က ဘူးသီးကျော်ဆိုင်မှာ ဘူးသီးကျော်စားရင်း ငြင်းကြ ခုန်ကြနဲ့ ပျော်စရာကောင်းခဲ့ပါတယ်။ ဒီလိုနဲ့ ကျမတို့အုပ်စုက လုပ်စရာရှိရင်လဲ မညည်းမညူ ၀ိုင်းလုပ်ကြလို့ အကျိုးရှိတာ ရော၊ တခါတရံ သဘောထားတွေ မတိုက်ဆိုင်လို့ ရန်ဖြစ်ကြတာရောပေါ့လေ။

ညနေပိုင်းကြရင်တော့ ကျမတို့အုပ်စုလိုက် အင်းယားကန်ဘောင်က ဘူးသီးကျော်ဆိုင်မှာ ဘူးသီးကြော်စားရင်း ငြင်းကြခုန်ကြနဲ့ ပျော်စရာကောင်းခဲ့ပါတယ်။ ဒီလိုနဲ့ ကျမတို့အုပ်စုက လုပ်စရာရှိရင်လဲ မညည်းမညူ ၀ိုင်း လုပ်ကြလို့ အကျိုးရှိတာရော၊ တခါတရံ သဘောထားတွေ မတိုက်ဆိုင်လို့ ရန်ဖြစ်ကြတာရောပေါ့လေ။

၁၉၉၄ မှာတော့ ကျမကျောင်းပြီးသွားခဲ့ပါတယ်။ ကျမလိုချင်တဲ့ မဟာသိပ္ပံဘွဲ့ ရဖို့ ကျောင်းဆက်တက်ချင်တဲ့ ဆန္ဒတွေလဲ ရှိနေပါတယ်။ ၁၉၉၅ ခုနှစ်မှာလဲ တက္ကသိုလ်ကြီး စိန်ရတုပွဲကြီး လုပ်ကြမှာပါ။ ကျမတို့ သူငယ်ချင်းတသိုက် ဘယ်လိုဆင် နွှဲကြရင်ကောင်းမလဲဆိုပြီး တိုင်ပင်ဆွေးနွေးကြရတာလဲ မမောနိုင်ပါဘူး။ ကို မောင်မောင်ဦးနဲ့ ကိုဂီးကပို့စကဒ်လုပ်ဖို့ စဉ်း စားကြပါတယ်။ ကျမကတော့ မဂ္ဂဇင်းစာအုပ်ထုတ်ဖို့ တိုက်တွန်းမိပါတယ်။ မဂ္ဂဇင်းစာအုပ်ထုတ်ဖြစ်ရင် ကျမလဲ ကလောင် သွေးတဲ့အနေနဲ့ ၀င်ရေးဖို့ စဉ်းစားထားပါတယ်။ ဒါပေမဲ့ ကျမတို့ မျော်လင့်ချက်တွေ ဖြစ်မလာခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ၁၉၉၅ ဖေဖော်ဝါရီလမှာဘဲ ကျမနဲ့ အေးမိုး ထိန်းသိမ်းခံခဲ့ရလို့ပါပဲ။ ဒါကြောင့် ကျမတို့ချစ်တဲ့ တက္ကသိုလ်ကြီးနဲ့ နှစ်ရှည်လ များ ခွဲခွါခဲ့ရပါတယ်။

ကျမထောင်ကလွတ်တဲ့ ၂၀၀၁ ခုနှစ်မှာ ကျမ ဘွဲ့လက်မှတ်သွားထုတ်ပါတယ်။ ကျောင်းကြီးက ခြောက်ကပ် တိတ်ဆိတ် နေပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ စာသင်ခန်းတွေဟာ ပိုးမျှင်တွေ၊ ပင့်ကူအိမ်တွေနဲ့ပါ။ အာဏာရှင်တွေက ကျောင်း သားလူငယ်တွေ စုဝေးပြီး ပညာသင်ကြားမှာကို ကြောက်ရွံ့နေပါတယ်။ ဒါကြောင့် သမိုင်းအဆက်ဆက် တော်လှန်ရေးနဲ့ ရင့်ကျက်ခဲ့တဲ့ ကျောင်းတော်ကြီးကို သုတ်သင်ခဲ့တာပေါ့။ ဒါပေမဲ့ သမိုင်းဆိုတာကို အဲလိုနည်းနဲ့ ညှိုးမှိန်အောင်လုပ်လို့ မရပါဘူး။ သမဂ္ဂကြီးကို ဖြိုဖျက်လိုက်ပေမဲ့ မပျက်ယွင်းတဲ့ သမဂ္ဂစိတ်ဓါတ်နဲ့ တက္ကသိုလ်မှာရေးခဲ့တဲ့ ခေတ်အဆက်ဆက် ဆန့်ကျင်တော်လှန်မှုတွေကတော့ ထင်ကျန်ရစ်နေအုန်းမှာပါ။

ခင်ငြိမ်းသစ်
Copyright © 2011 နေ့သစ်. All rights reserved

2 comments:

Unknown said...
This comment has been removed by the author.
Unknown said...

အဲဒီမဂ္ဂဇင်းကို ထုတ်ဝေတုန်းက အသက်ကိုပေါင်နှံထုခွဲပြီး လုပ်ခဲ့ကြရတာပါ ...
ပန်းချီဆရာတွေဖြစ်တဲ့ ကိုဝင်းနိုင်ဗိုလ်နဲ့ကိုမိုးကျော်တို့ကို ထောက်လှမ်းရေးက ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့ကြသလို .. ကျန်တဲ့သူတွေကလည်း ရင်တမမနဲ့ပါပဲ .. ကြောက်လို့တော့မဟုတ်ပါ ... လုပ်ရမယ့်တာဝန်တွေပျက်ကွက်မှာကိုစိုးရိမ်ကြတာပါ ။