-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, January 20, 2011

ဟောင်းမြေ့တာတွေက အောက်မေ့စရာတွေ


နှင်းပန်းအိမ် | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၄၂ မိနစ် .

၆၃နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကျဉ်းကျ မိသားစုတွေကို တဦးချင်းစီ မဲနှိုက်ပြီး တာဝန်ယူတဲ့ အစီအစဉ်ကို ရေဒီယိုသတင်းတွေမှာ ကျမ နားထောင်လိုက်ရပါတယ်။ ဒီသတင်းကို နားထောင်ပြီး လွန်ခဲ့တဲ့ ၁၉၉၈က အကျဉ်းကျမိသားစုဝင် ကျမဘဝကို မွေးဖွားပေးခဲ့တဲ့ ဒေါက်တာသိန်းဝင်း+ ဒေါ်ကြည်ကြည်မြင့်နဲ့အတူ ကလေးမြို့ လူထုကို လှိုက်လှိုက်လှဲလှဲ သတိရမိပါတယ်။

၁၉၉၈ဟာ လင်စုံမယားဖက်၊ အသိုက်အမြုံ ဆိုတဲ့စကား ဘယ့်လောက် လေးနက်တယ်ဆိုတာ ကျမဘဝနဲ့ရင်းပြီး သိလိုက်ရတဲ့အချိန်ပါပဲ။ သေကွဲရှင်ကွဲလောကဓံက န.အ.ဖ ခေတ်မှာ ပိုများခဲ့တယ်ဆိုတာ အကျဉ်းထောင် အသစ်တွေနဲ့ အကျဉ်းကျ မိသားစုက သက်သေပြခဲ့ကြပါတယ်။ ခင်ပွန်းသည်က တိုင်းပြည်ချစ်စိတ်နဲ့ အကျဉ်းထောင်မှာ ကိုယ်ပိုင်နံပါတ် အတပ်ခံရတဲ့အခါ ဇနီးသည်ကျမက ခင်ပွန်းကိုပါရမီဖြည့်ဖို့ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်လေးထောင်မှာ ထောင်ဝင်စာတွေ့ဖို့ ကြိုးစားရပါတော့တယ်။ အဲဒိအချိန်က နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဒဏ်၁၄နှစ်နဲ့ ပြစ်ဒဏ် အများဆုံးချမှတ်ပြီး ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေရှိရာကို ပို့ခဲ့တဲ့အချိန်ပါ။

ကြိုးစင်ဘဲရှိပြီး ထောင်ဆေးရုံ မရှိပါဘူး။ ထောင်ဆရာဝန် မရှိပါဘူး။
ကျမသားလေးက ၄နှစ်အရွယ်ဘဲရှိသေးတာမို့ ၁၄နှစ်ဆိုတဲ့ ထောင်ဝင်စာခရီးကို ဖြတ်သန်းဖို့ ဘယ်လိုစီစဉ်မလဲလို့ ကျမမိဘဆွေမျိုးတွေ၊ ဖေဖေ့ရဲဘော် ကျမဦးလေးတွေ တိုင်ပင်ကြတယ်။ အဲဒိအချိန်မှာ ကမ္ဘာ့ကြက်ခြေနီ ICRC မရှိသေးပါဘူး။ ရွှေတကျပ်သား ၃သောင်းကျော် ၄သောင်းဈေးမှာ ခရီးစရိတ်ကလဲ ရွှေတကျပ်သားဖိုးလောက် ရှိပါတယ်။ အကျဉ်းကျမိသားစုတွေ လစဉ်မသွားနိုင်ကြသလို တခေါက်မှ မသွားနိုင်တဲ့ မိသားစုတွေလဲ ရှိပါတယ်။

အိမ်ကနေ အဖမ်းခံရပြီးကထဲက ထောင်ဝင်စာ တခေါက်မှ မတွေ့ရဘဲ အဝေးကြီးကို ပို့လိုက်တယ်ဆိုတော့ စိုးရိမ်စိတ်နဲ့ ကျမအိမ်ကို ၁၅ကျပ်တိုးနဲ့ပေါင်ပြီး ထောင်ဝင်စာ တွေ့ခဲ့ရပါတယ်။ ဇွန်မှာ နိုင်ငံရေး အကျဉ်းကျ မိသားစုဝင်အဖြစ် ထောင်ဝင်စာတွေ့ခဲ့တဲ့ ကျမကို ကလေး မော်လိုက်လေးထောင်မှာ ပထမဦးဆုံး ထောင်ဝင်စာတွေ့သူအဖြစ် မှတ်တမ်းတင်မယ်လို့ ထောင်ပိုင်ဗိုလ်သာဦးက ငေါ့ပါသေးတယ်။

၁၉၉၈မေမှာ နိုင်ငံရေး အကျဉ်းသား၁၅ဦးနဲ့ ကလေး မော်လိုက်လေးထောင်ကိုဖွင့်ခဲ့တာပါ။ ဇွန်မှာ ကျမရောက်သွားတော့ ထောင်က အုတ်ရိုးနဲ့ ဗူးတံခါးဘဲ ပြီးပါသေးတယ်။ ထောင်က မြို့နဲ့၇မိုင်ဝေးပါတယ်။ ထောင်ဆိုတာ ရှေ့ပေါက်၊ နောက်ပေါက် ရှိရပါတယ်။ ရှေ့ပေါက်က ထောင်စကားနဲ့ပြောရင် ခြေထောက်နဲ့ ထွက်ရတဲ့အပေါက်။ နောက်ပေါက်ကတော့ ကျောနဲ့ထွက်ရတဲ့အပေါက်ပါ။ လူသေရင် နောက်ပေါက်က ထုတ်တာကို ထောင်စကားနဲ့ ပြောတာပါ။ မော်လိုက်လေးထောင်မှာတော့ တံခါးတပေါက်ပဲရှိပါတယ်။ လူသေကိုလဲ ရှေ့ပေါက်ကဘဲ ထုတ်ပါတယ်။ ကြိုးစင်ဘဲရှိပြီးထောင်ဆေးရုံမရှိပါဘူး။ ထောင်ဆရာဝန် မရှိပါဘူး။ ဒီလိုထောင်မှာ ထောင်ဝင်စာတွေ့ပြီး ကျမ စိုးတထိတ်ထိတ်နဲ့ ပြန်ခဲ့ရပါတယ်။

ဇူလိုင်မိုးဦးကျ ထောင်ဝင်စာခရီးက ကျမအပြန် ချင်းတွင်းမြစ်ကိုဖြတ်ရပါတယ်။ မြစ်တဖက်ကမ်းက စိမ်းညို့နေတဲ့ တောင်တန်းကြီးတွေက ဆည်းဆာအောက်မှာ မှုန်ပြာရီဝေလို့။ မိုးဦးကျမို့ ကမ်းနဖူးအပြည့် မြစ်ရေဘောင်ဘင်ခတ်ပြီး မြစ်ဂီတကို ကျူးရင့်နေတယ်။ မဟာမြိုင် တောင်ခြေရင်းက ကိုင်းရွာကို လှေနဲ့ကျမ ကူးခဲ့ရတာ။ ကိုင်းရွာကနေ မုံရွာကိုရောက်ဖို့ တညလုံး ကားစီးရအုံးမယ်။ ချင်းတွင်းရဲ့ အထင်ကရ ဝဲကြီးတွေထဲက “အထက်မှာပေ၊ အောက်မှာရွှေ၊ အလယ်ဝက်သိုက် မျက်ဖြူ ဆိုက်”ဆိုတဲ့အတိုင်း ကျမတကယ့်ကို မျက်ဖြူဆိုက်ခဲ့ရတယ်။ ကျမစိတ်ဝိဉာဉ်ကို နှစ်ခြမ်းခွဲပြီး သွားရတဲ့ ထောင်ဝင်စာ ခရီးပါ။ တောတောင်တွေထဲက ထောင်ထဲမှာ အကျဉ်းကျနေတဲ့ ခင်ပွန်းသည်ကို စိတ်မချတဲ့အပူ၊ ၄နှစ်အရွယ် လူမမယ်သားကို ဖွားအေနဲ့ ထားခဲ့ရတာမို့ ဒီအချိန်က သွေးလွန်တုတ်ကွေးရာသီဆိုတဲ့ စိုးရိမ်ပူပန်စိတ်က ကျမရင်ထဲ ဝဲကတော့ ထိုးနေတာများ ချင်းတွင်းမြစ်ကြီး ငိုလောက်တယ်။

ရန်ကုန်ရောက်ပြီး ၂လအကြာမှာ မော်လိုက်လေးထောင်ထဲမှာ ငှက်ဖျားတွေဖြစ်နေပြီဆိုတဲ့ သတင်းစကားက ကျမအသဲနှလုံးကို ဓားနဲ့မွှန်းလိုက်သလိုပါပဲ။ မှတ်မှတ်ရရ မြန်မာ့သတင်းသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်း (ဦးဌေးအောင်)က အဖွဲ့ချုပ်ရွှေဂုံတိုင်ရုံးမှာ အလုပ်များနေတဲ့အချိန်။ ကျမ ဒီသတင်းကိုပြောပြတော့ ဦးဇင်လင်းက “သမီး ဒေါ်စုကို စောင့်ပြီးတွေ့ပါလား။ ပြီးတော့ ဒီသတင်းကို ပြောပြ” လို့ ကျမကို အကြံပြုတယ်။ ရုံးဆင်းခါနီးအချိန်မှာ ဒေါ်စုနဲ့ကျမ တွေ့ခွင့်ရခဲ့ပါတယ်။ ကျမပြောပြတော့ ဒေါ်စုက “ငှက်ဖျားဆေးတွေ ဒေါက်တာတင်မျိုးဝင်းဆီမှာ ယူသွားဖို့နဲ့ ထောင်ဝင်စာကပြန်ရင် အန်တီနဲ့တွေ့ပါ၊ သတင်းစကား သိချင်တယ်”လို့ ဆိုပါတယ်။

“ထောင်ဝင်စာမပြတ် ရှိမှ ဖြစ်မယ်။.. ငါတို့ အတွက် ဟင်းက အရေးကြီးသလို သတင်း ကလဲ အရေးကြီးတယ်”
အေးစိမ့်နေတဲ့ အုတ်နံရံတွေကြား၊ သော့ခလောက်သံတွေကြား၊ သံတိုင်တွေကြားမှာ ပိန်ချုံးနေတဲ့ ခင်ပွန်းသည်ကို ဝန်ထမ်းတွေက ထောင်ဝင်စာတွေ့ဖို့ တွဲထုတ်လာရတယ်။ အားနည်းနေပေမယ့် စိတ်ဆောင်နေတဲ့ ခင်ပွန်းသည် စကားက လေသံမာနေတယ်။ “ငါတို့အားလုံး ငှက်ဖျားဖြစ်နေတယ်။ ဆေးကုခွင့် မရှိဘူး။ အာဟာရရှိတဲ့ အစာလေး မပြတ်ရချင်တယ်။ ထောင်ဝင်စာမပြတ် ရှိမှဖြစ်မယ်။ ထောင်ဝင်စာ မလာနိုင်တဲ့သူတွေ အများကြီးပဲ။ ငါတို့အတွက် ဟင်းက အရေးကြီးသလို သတင်းကလဲ အရေးကြီးတယ်” တဲ့။

ဒီစကားက ကျမအသွေးအသားထဲထိ စိမ့်နေအောင်ခံစားလိုက်ရတယ်။ ၂ပတ်တခါ ထောင်ဝင်စာ အမြဲတွေ့နိုင်ဖို့ ကျမ ကလေးမှာ နေမှဖြစ်မှာပေါ့။ ဒီတော့ ဈေးရောင်းရင်း ထောင်ဝင်စာ တွေ့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်ကို ဒေါ်စုကိုပြောပြတော့ အန်တီက “ဘယ်သူမှမတွေးတဲ့ အတွေးကို သမီးတွေးတာ အန်တီကျေးဇူးတင်တယ်။ အန်တီ သမီးကို ပေးနိုင်တာကတော့ မေတ္တာပဲ” တဲ့။ အဲဒိမေတ္တာတွေနဲ့ အကျဉ်းကျ မိသားစုဝင်ကျမ ထောင်ဝင်စာ ၁ဝနှစ်ခရီးကို ဖြတ်သန်းနိုင်ခဲ့တာပါ။

ကျမကလေးမှာ အိမ်ငှားနေမယ်လို့ ဆုံးဖြတ်ပေမယ့် ဒေါက်တာသိန်းဝင်းဇနီး ဒေါ်ကြည်ကြည်မြင့်က “ညည်းက မိန်းမသားတယောက်ထဲ နေရမှာ။ ထမင်းဟင်း ချက်တတ်တယ်မို့လား။ ငါတို့နဲ့နေ။ ဆရာလဲ ထောက်လှမ်းရေးတပ်ထဲမှာ ထိန်းသိမ်းခံနေရတယ်။ ငါတို့လဲ မိန်းမသားတွေချည်း ရပ်တည်နေရတာ” လို့ပြောပါတယ်။ အန်တီကြည်က ရတနာပုံ ထီဆိုင်ကြီး ဖွင့်ထားတာပါ။ ဆင်ဝင်အိမ်လို့ ခေါ်ကြတဲ့အတိုင်း အိမ်ကြီးက အကြီးကြီးပါ။ ရုပ်ဝတ္ထုအရ၊ စိတ်စေတနာအရ ရတနာပုံအိမ်ကြီးမှာ ခုချိန်ထိ အကျဉ်းကျ မိသားစုတွေ တည်းခို နေထိုင်နိုင်ခဲ့ပါတယ်။ ရတနာပုံအိမ်ကြီးက ကလေးမြို့ရဲ့ ICRC ပါပဲ။ ကျမကို ကဗျာဆရာ ဖျာပုံနီလုံဦးက ကလေးက ကဗျာဆရာ မြဆင့်ချယ်ဆီစာရေးပြီး မိတ်ဆက်ပေးလိုက်ပါတယ်။ ကျမဆရာ မြဆင့်ချယ်ကို တွေ့တဲ့အချိန်မှာသင်္ကန်းဝတ်ကြီးနဲ့ပါ။ ဒုလ္ဘဘဝတ်ရာကနေ ကွယ်လွန်ချိန်ထိ သာသနာ့ဘောင်မှာ မြဲသွားတဲ့ ဆရာမြဆင့်ချယ်က ကျမတို့ နိုင်ငံရေး အကျဉ်းကျ မိသားစုတွေကိုမြင်မှ နိုင်ငံရေးကို ပိုခံစားမိတယ်တဲ့။ ကျမတို့ကိုလဲ မေတ္တာခရီးသည်တွေဆိုပြီး သူတတ်နိုင်သလောက် ကူညီခဲ့ပါတယ်။

ကလေးလူထုက ရိုးသားတယ်။ အေးချမ်းတယ်။ သနားကြင်နာတတ်တယ်။ စီးပွားရေးတောင့်တင်းပြီး သဒ္ဓါတရားကောင်းတဲ့ မြို့လူထု ဖြစ်ပါတယ်။ကျမအတွက် မေ့မရနိုင်တဲ့ ဒေသန္တရသမိုင်းတွေ၊ ဒေသ
စကားတွေ အများကြီးကြုံခဲ့ရတယ်။ မောစရာတွေကြားက ရယ်စရာတွေကလဲ ကျမဘဝမှာ အမှတ်ရစရာတွေပါပဲ။ ဆရာမြဆင့်ချယ်က ကျမကိုတွေ့တွေ့ချင်း “ဒကာမကြီး ဘာမှမပူနဲ့။သရဝဏ်(ပြည်)လဲ ကလေးကို ရောက်ဖူးတယ်။ သူလဲ ဦးဇင်းနဲ့ ရင်းနှီးတယ်။ သူနဲ့ဦးဇင်း ရန်ကုန်မှာ ညားကြသေးတယ်” အမလေး…………….။ ဒီစကားကြားပြီး ဦးဇင်းကို မော့မကြည့်တော့သလို စိတ်ထဲကလဲ “ယောက်ျားချင်းကြိုက်တာ ငါ့ပြောစရာလား ရှက်စရာကြီးလို့ ကဲ့ရဲ့မိတယ်။ နောက် ဒီလိုဦးဇင်းနဲ့ စကားမပြောတော့ဘူး။ ဆရာဖျာပုံနီလုံဦးကိုလဲ မဆက်ဆံနဲ့လို့ ပြောရမယ်” ကျမတွေးပြီးချက်ခြင်းပြန်ခဲ့ပါတယ်။ နောင်မှ ကလေးမှာ တယောက်နဲ့ တယောက်တွေ့တာ၊ ဆုံတာကို “ညား”တယ်လို့ သုံးမှန်းသိရတယ်။ ဒီတော့မှ ဦးဇင်းကို ကျမစကားပြန်ပြောဖြစ်တာ။

ကလေးကသူတွေက ငပိအချိန်၂ဝ-၃ဝ တင်ပြီး စက်ဘီးတစီးနဲ့ ဈေးရောင်းရတဲ့ ကျမကိုမြင်တိုင်း “ဆင်းရဲလိုက်တာ”ပြောတတ်ကြပါတယ်။ မှတ်မှတ်ရရ ဒေါ်လှဌေး ပန်းတိမ်ဖိုကို ကျမ ဈေးဝင်ရောင်းတော့ ဒေါ်လှဌေးက ရေနွေးဗန်းချပြီး ခရီးဦးကြိုတယ်။ ကျမကို ငပိဖိုးပေးပြီး “မသန္တာ တော်တော် ဆင်းရဲတာပဲ”လို့ဆိုပါတယ်။ ကျမကလဲရှက်ရှက်နဲ့ “ဟုတ်ကဲ့ ကျမတို့ ငွေကြေးဆင်းရဲတယ်။ ဂုဏ်သိက္ခာဘဲ ချမ်းသာပါတယ်” လို့ပြောတော့ ကျမကို ဘာမှပြန်မပြောဘဲ ငေးငေးကြီး ကြည့်နေတယ်။ ကလေးမှာ အနေကြာမှ ပင်ပန်းတာကို “ဆင်းရဲတယ်”လို့ သုံးမှန်း သိရတော့တယ်။ ကလေးနဲ့ ၇မိုင်ဝေးတဲ့ ထိုမာရွာမှာ ကျန်းမာရေးဝန်ထမ်း ဆရာမကြီး ဒေါ်တင်လှိုင်နေပါတယ်။ သူ့ယောက်ျားက ကလေး NLDအတွင်းရေးမှူး ဦးဘမင်းပါ။ အဲဒိအချိန်က မြစ်ကြီးနားထောင်မှာ အကျဉ်း ကျနေပါတယ်။ သူကဘဝတူကျမကို သူ့ရွာမှာဈေးရောင်းဖို့ ဖိတ်ပါတယ်။ ဒီတော့သူ့ကို ဆေးကုဖို့ ရွာနီးချုပ်စပ်က လာခေါ်ရင် ကျမကိုပါ ခေါ်သွားတတ်တယ်။ ငပိသည်နဲ့ ဆေးသည် စက်ဘီးတစီးဆီ စီးပြီး ထောင်ဝင်စာ အရှာထွက်ကြတာပေါ့။

ကလေးမြို့ လူထုရဲ့ ချစ်ခင်ရင်းနှီးမှုကြောင့် ကျမတို့ အကျဉ်းကျ မိသားစုတွေရဲ့ ဘဝ လုံခြုံခဲ့ရတယ်။

တနေ့တော့ ဆရာမကြီးက ကျမကို လှမ်းပြောတယ်။“မသန္တာပေါင်အုံး”တဲ့။ ကျမလဲ လန့်သွားတယ်။ငါ့ကို ဘာများ ထပ်ပေါင်ခိုင်းမလဲ မသိဘူးပေါ့။ ငါ့အိမ်ပေါင်တာလေး ဆုံးသွားပြီပဲပေါ့။ ဒါပေမဲ့ ရင်းနှီးနေတဲ့ ဆရာမကြီးကို စကားနဲ့ အဖြေပေးရမှာပေါ့။ “ဆရာမကြီး ကျမမှာ ပေါင်စရာ မရှိတော့ဘူး။ တန်ဖိုးရှိတာလေးတွေလဲ ကုန်ပြီ။ အိမ်လဲ အပေါင်ဆုံးသွားပီ” ဆိုတော့ ဆရာမကြီး ရယ်ပါတော့တယ်။” “ကျမက သွေးပေါင်ချိန်တာကို ကူခိုင်းတာ”တဲ့။ သြော်………..ကူညီပါကို “ပေါင်အုံး”လို့ ပြောကြတာကိုး။

ဒီဒေသစကားကို အမှီပြုပြီး လုပ်အားပေးရတဲ့ ဒေသခံတွေအကြောင်းကို “အားချတယ်” လို့သုံးလို့ စာပေစိစစ်ရေးကနေ “လက်ယန္တရား”ဆိုတဲ့ ခရီးသွားဆောင်းပါးလေး လွတ်လာတယ်။ ဒီလိုအလွဲတွေနဲ့ ကျမကို ကလေးမြို့လူထုက သနားကြင်နာ စောင့်ရှောက်ကြတယ်။ ထောင်ဝင်စာ အတွက် သူတို့တတ်နိုင်တာလေးတွေ ထည့်ပေးကြတယ်။ ဒါကြောင့် ခင်ပွန်းသည်နဲ့ဘဝတူ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျမသတင်းတွေ ပေးနိုင်သလို ဟင်းတွေလဲ ပေးနိုင်ခဲ့တယ်။

ကျမရဲ့ ပထမဘဝကို မိဘကမွေးဖွားခဲ့ပြီး အကျဉ်းကျ မိသားစုအဖြစ် ဒုတိယဘဝကို ဒေါက်တာသိန်းဝင်း+ဒေါ်ကြည်ကြည်မြင့်တို့နဲ့အတူ ကလေးမြို့လူထုက မွေးဖွားပေးခဲ့လို့ ခင်ပွန်းသည်အတွက် ထောင်ဝင်စာ ၈ နှစ်၊ ဘဝတူ အကျဉ်းကျ မိသားစုတွေအတွက် ထောင်ဝင်စာ၂ နှစ် ပေါင်း ၁ဝ နှစ်ခရီးကို ကျမ ဖြတ်သန်းနိုင်ခဲ့တာပါ။

ကလေးမြို့လူထုရဲ့ ချစ်ခင်ရင်းနှီးမှုကြောင့် ကျမတို့ အကျဉ်းကျ မိသားစုတွေရဲ့ ဘဝလုံခြုံခဲ့ရတယ်။ အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေအတွက် တတ်နိုင်သမျှ ဒါနချ ကူညီတဲ့ ကလေးမြို့လူထုက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုတာ ကျမ နက်နက်ရှိုင်းရှိုင်း ယုံကြည်မိပါတယ်။

ကျမတို့ပြည်သူလူထုက “မြင်းကြမ်းစီးရင် ဇက်ကြိုး ကိုင်တတ်ရတယ်” ဆိုတဲ့ စကားပုံကို ဘဝပေးအသိနဲ့ သိနေကြသူတွေဘဲမဟုတ်ပါလား……………….။

© Copyright 1998 - 2010 Mizzima News. All Rights Reserved.[x] close

No comments: