-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, May 12, 2010

ဆန္ဒမဲ မပေးရန် NLD စည်းရုံး

မင်းနိုင်သူ Wednesday, May 12, 2010


.ပြည်နယ်နှင့် တိုင်းတချို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ အနေနှင့် ဆန္ဒမဲမပေးဘဲ နေခွင့်ရှိကြောင်း ဖြန့်ဝေ စည်းရုံးမှုများ ပြုလုပ်နေသည်။



NLD တရားဝင် ပါတီ နောက်ဆုံးရက် မေလ ၆ ရက်နေ့က NLD ရုံးချုပ်ရှိ ရုံးစာရွက်စာတမ်းနှင့် ဖိုင်ထုတ်များပေါ်တွင် ထိုင်နေသည့် အဖွဲ့ဝင် တဦး(ဓာတ်ပုံ - AP)
ယင်းဖြန့်ဝေ စည်းရုံးမှုကို မန္တလေးတိုင်း၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းနှင့် ကရင် ပြည်နယ် တို့တွင် NLD က ထုတ်ပြန် ထားသည့် ပြည်သူသို့ ပန်ကြားချက်နှင့် အတူ ပြုလုပ်ခြင်း ဖြစ်သည်ဟု NLD အဖွဲ့ဝင်များက ပြောသည်။

ထိုကဲ့သို့ ဖြန့်ဝေခြင်းမှာ ဗဟို၏ တိုက်တွန်း ချက်ကြောင့် မဟုတ်ဘဲ မိမိတို့ဒေသရှိ လူထုအနေဖြင့် အဖွဲ့ချုပ်၏ လုပ်ဆောင် ချက်များကို သိရှိစေရန် ဖြန့်ဝေခြင်း ဖြစ်သည်ဟု NLD မကွေးတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။

“ဗဟိုကတော့ ဘာမှ ညွှန်ကြားချက်မပေးဘူး၊ ကျမတို့က နိုင်ငံရေးလုပ်နေတဲ့သူတွေလေ၊ ဒီတော့ ကိုယ့်ဟာကိုယ်ပဲ လုပ်ဆောင် စရာရှိတာ လုပ်ရတာပေါ့၊ မကွေးတိုင်းဘက်မှာဆို လူတွေက မေးကြတယ်၊ အဖွဲ့ချုပ်မရှိတော့ သူတို့ ဘယ်သူ့ကို မဲပေးရမှာလဲတဲ့၊ ဒါ့ကြောင့် ကျမတို့ တိုင်းမှာ ဖြန့်တဲ့ ပန်ကြားချက်မှာတော့ လူတဦးဟာ မဲမပေးဘဲလည်း နေနိုင်တယ်၊ နေခွင့်ရှိတယ် ဆိုတာကိုပါ ရှင်းပြပေးထားတယ်"ဟု ၎င်းက ဆိုသည်။

မကွေးတိုင်းက ထုတ်ပြန်သော ပန်ကြားချက်တွင် NLD ပါတီ၏ ပြည်သူသို့ ပန်ကြားချက်များအပြင် ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲ ဥပဒေ အခန်း (၁) အပိုဒ်ခွဲ (ဎ)ပါ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် မဲပေးနိုင်သောအခွင့်အရေး သို့မဟုတ် မဲပေးခြင်းမပြုဘဲနေနိုင်သောအခွင့်အရေးကို ဆိုသည်ဟူသော ပြဌာန်းချက်ကို လူထုသိရန် ဖော်ပြပေးထားသည်။

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း ပန်ကြားလွှာစာရွက်ရေ (၅၀၀၀) ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းအဖွဲ့ချုပ်လူငယ် ကိုမြင့်မော်က"လူထုက စိတ်ဝင်စားမှုရှိကြပါတယ်၊ ကျနော်တို့ကတော့ စောစောပိုင်းကထဲက ဖြန့်လိုက်တာ၊ အဲဒီ (ဎ) ဥပဒေအကြောင်းတော့ မပါသွားဘူး၊ လူထုကတော့ မေးကြတယ်ဗျ၊ မင်းတို့ပါတီမရှိတော့ ငါတို့က ဘယ်သူ့ကို မဲပေးရမှာလဲ၊ မဲဆိုတာ ပေးလို့လည်း ရတယ်၊ မပေးဘဲလည်း နေနိုင်တယ်ဆိုတာကိုတော့ ကျနော်တို့ ပါးစပ်က ရှင်းပြပါတယ်"ဟု ပြောသည်။

NLD ၏ ပြည်သူသို့ ပန်ကြားချက်တွင် မြန်မာနိုင်ငံ၌ စစ်မှန်သော ဒီမိုကရေစီအစိုးရပေါ်ထွန်းရေး ၊ လူ့အခွင့်ရေးများအပြည့်အ၀ ရရှိရေး ၊အာဏာရှင်ဆန်သော အစိုးရမျိုး နောင်ဘယ်သောအခါမျှ မပေါ်ပေါက်ရန် ဒီမိုကရေစီအခြေခံအုတ်မြစ်များ ခိုင်မာစွာ ချမှတ်ရေး ၊ တိုင်းရင်းသား ညီအစ်ကိုများနှင့် နိုင်ငံရေး တူညီမျှမှုရရှိပြီး ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ရေး ၊ နိုင်ငံခေတ်မီ ဖွံ့ဖြိုးတိုးတက် ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အကျိုးပြုနိုင်ရေး စသည့်အချက် (၅) ချက်ပါဝင်သည်။

ပြည်သူသို့ပန်ကြားချက်စာစောင်များကို အဖွဲ့ချုပ်ဗဟိုက ပါတီဝင်များအား တစောင်လျှင် (၇၅) ကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်ပါတီဝင်များက မိတ္တူကူးကာ လူထုထံထပ်မံဖြန့်ဝေပေးနေခြင်းဖြစ်သည်။

“ပြည်သူသို့ ပန်ကြားချက်မှာ အဓိကက အပိုင်း (၃) ပိုင်းရှိတယ်၊ နံပါတ်(၁) က ပါတီထပ်မံ မှတ်ပုံမတင်ရတဲ့ အကြောင်းကို ရှင်းပြတယ်၊ နံပါတ်(၂) က အခုကာလအထိ ပါတီလှုပ်ရှားရုန်းကန်ခဲ့တာတွေကို ချပြပြီး လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေး တဲ့အတွက် လူထုကိုတောင်းပန်တယ်၊ နောက်ဆုံးမှာတော့ အဖွဲ့ချုပ်ဟာ လူထုအတွက် ဒီမိုကရေစီရရှိသည်အထိ ငြိမ်းချမ်းသော နည်းနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကို ဖော်ပြထားတယ်"ဟု ဒေါ်ခင်စောဌေးက ပြောသည်။

NLD ကရင်ပြည်နယ် စည်းရုံးရေး အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်ကလည်း“ပြည်သူသို့ ပန်ကြားချက်က စာများတယ်၊ အဲဒါကို ကျမတို့က လူထုနားလည်လွယ်အောင် လိုတိုရှင်း ပြန်ချုံ့ရေးပြီး လူထု လက် ထဲဖြန့်ဝေမှာပါ၊ အခုလောလောဆည် ကရင်ပြည်နယ်ထဲက မြို့နယ်အဖွဲ့ဝင်တွေကို ဖြန့်ဝေပေးပြီးပါပြီ"ဟု ပြောသည်။

NLD အနေဖြင့် ပါတီ ထပ်မံမှတ်ပုံမတင်ရန် မတ် (၂၉) ရက်တွင် ဆုံးဖြတ်ခဲ့ပြီးနောက် ဧပြီ (၆) ရက်တွင် အဆိုပါ မြန်မာပြည်သူ လူထုသို့ ပန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Copyright © 2010 ဧရာဝတီ.

No comments: