-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Friday, May 14, 2010

ဆန္ဒပြသမားကြီးက ဒေါ်စုနှင့် အန်အယ်ဒီကို ထောက်ခံ

မြင့်မောင် | ကြာသပတေးနေ့၊ မေလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၂ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြသဖြင့် ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံနေရသည့် ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်သည်။

၂ဝဝ၇ ခုနှစ်အတွင်း ရန်ကုန်၌ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများကို ဦးဆောင်ပါဝင်ခဲ့သည့် ဦးထင်ကျော်ရှိရာ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ယခုလ ၄ ရက်နေ့တွင် မိနစ် ၃ဝ ကြာ ထောင်ဝင်စာ တွေ့ဆုံခဲ့သည့် ဇနီးဖြစ်သူထံ သူက ယခုလို မှာကြားလိုက်ခြင်း ဖြစ်သည်။

“ကိုထင်ကျော်က မှာလိုက်တာ ရှိတယ်။ သူ့ရဲ့ သဘောထားက ရွေးကောက်ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကို ထောက်ခံကြောင်း ပြောဆိုလိုက်တယ်” ဟု ဒေါ်သန်းသန်းမော်က ပြောသည်။

ဦးထင်ကျော်၏ ကျန်းမာရေး ကောင်းမွန်သော်လည်း သွားကိုက်နေသဖြင့် ကုသခွင့်ရရန် ထောင်အာဏာပိုင်များထံ စာတင်ထားကြောင်း သိရသည်။

ဦးထင်ကျော်သည် ၂ဝဝ၇ ခုနှစ်အတွင်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲ ၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာမှ သူတပါးထံမှ ခြိမ်းခြောက်ကာ ငွေတောင်းယူမှု၊ ဗုဒ္ဓသာသနာကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှု၊ ဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေးတွင် ပါဝင်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားအောင် လုပ်ဆောင်မှုများဖြင့် အင်းစိန်ထောင်တွင်း တရားရုံးက ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့သည်။

ပြည်သူများ အဓိက ခံစားနေရသည့် လျှပ်စစ်မီးပြဿနာ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးများ ပါဝင်သည့် ပြည်သူ့ရပိုင်ခွင့် ၁၇ ချက်ကို အာဏာပိုင်များထံ ဦးထင်ကျော်က တောင်းဆိုခဲ့သည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved

No comments: