-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, May 27, 2010

ဈေးသည်မလေးမှ ပညာပန်းဆွတ်ခူးနိုင်ဖို့



ရေးသားသူ - ကယားထဲ

12345(2 မဲ)နွေနှောင်းမှ မိုးဦးကာလ ကူးပြောင်းချိန်ရဲ့ မနက်ခင်းဝေလီဝေလင်းအချိန်မှာ ဆယ်ကျော်သက်အရွယ် မိန်းခလေးတစ်ဦး လေးလံနေပုံရတဲ့ ပုလိုင်းတစ်လုံး ကိုရွက်လို့ သူမရဲ့ အသွက်လက်ဆုံး ခြေလှမ်းနဲ့ လျှောက်လှမ်းနေတယ်။

သူမခြေလှမ်းတွေက ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ဈေးကို ဦးတည်သွားနေတာပါ။ သူမဟာ (၄)မိုင်ဝေးသော မိုဆိုကျေးရွာဘက်မှ မနက်မိုးမလင်းခင်ကတည်းကပင် ခြေလျှင်ခရီးနဲ့ ထွက်လာခဲ့ခြင်းဖြစ်တယ်။

ဈေးထဲကိုရောက်တော့ သူမရဲ့ပုလိုင်းထဲကနေ အစိတ်စိတ်အမွှာမွှာခုတ်ထားတဲ့ ပိန္နဲသီးအစိမ်းနဲ့ မန်ကျည်းရွက်နုများကို တစီတရီနဲ့ ခင်းကျင်းနေတယ်။ သူမက ဈေးဝယ်လာတဲ့ သူတွေနဲ့ ကျနော့်ကို မျက်လုံးလေး ကလယ်ကလယ်နဲ့ အားပေးပါ အုံးဆိုတဲ့ အကြည့်လိုမျိုးနဲ့ လိုက်ကြည့်နေတယ်။

ကျနော်လည်း အားပေးဖို့ သူမရဲ့ပိန္နဲသီးအမွှာလေး ခင်းကျင်းထားတဲ့ရှေ့မှာ ရပ်လိုက်တဲ့အခါ “အစ်ကို တစ်ပုံကို ငါးဆယ်ပါ”လို့ ကယောဘာသာစကားနဲ့ လေသံဝဲ၀ဲလေး ပြောပါတယ်။ အသီးတွင်သာမက အစေ့မှာပင် အဟာရဓာတ် များစွာပါဝင်တဲ့ ပိန္နဲသီးကို ကျနော်အားပေးလိုက်ပါတယ်။ အဲဒီနောက်ကျနော်သူမနဲ့ ခင်မင်မှုရရှိသွားပြီး သူမအကြောင်း အနည်းငယ်ကို သိလိုက်ရတယ်။သူမနာမည်က ကာမေးလယ်တဲ့။

အပတ်တိုင်းနေ့တိုင်း ကာမေးလယ်ဟာ ဖရူးဆိုဈေးသို့သာမက တခြားဈေးများကိုလည်း ယခုလို သွားရောင်းလေ့ရှိကြောင်း ပြောတယ်။ အကြောင်းကတော့ ယခုလို ကျောင်းပြန်ဖွင့်တော့မည့် အချိန်သည် ကျောင်းသူ/သား လူငယ်မောင်မယ်များ ကျောင်းတက်နိုင်ဖို့ ကြိုတင်ပြင်ဆင်ကြရသော အချိန်အခါဖြစ်နေလို့ပါပဲ။

ကာမေးလယ်က “အိမ်ပြန်ရင်ဆားဝယ်ရမယ်။ ကျန်တာကို စာအုပ်တွေဝယ်ဖို့ စုထားတာ” လို့ ပိန္နဲသီးများ ရောင်းရတဲ့ ငွေတွေကို ရေတွက်ရင်း ပြောသွားတယ်။

လာမည့်ဇွန်လ ကျောင်းပြန်ဖွင့်ချိန်ရောက်လျှင် အလယ်တန်းကျောင်း ပဉ္စမတန်း ကိုတက်ရမှာမို့ ကျောင်းစရိတ်များကို စုဆောင်းထား ခြင်းဖြစ်ပါတယ်လို့ သူမက ဆက်ပြောပါတယ်။

သူမဟာမိဘများ မရှိတော့လို့ အဖိုး၊အဖွားနဲ့ဘဲနေပြီး ဘ၀ကို ရုန်းကန်နေရသူတစ်ဦး ဖြစ်ကြောင်း သိလိုက်ရတယ်။ မိမိရဲ့ပညာရေးမနှောင့်နှေးရအောင် ဘ၀ ကိုရုန်းကန် ကြိုးစားနေတဲ့ သူမဟာ ပညာရေးကိုပိုပြီး တန်ဖိုးထားတတ်လာတာ ကိုတွေ့ရတယ်။

“အတန်းကြီးတက်ရတော့မယ်ဆိုတော့ အများကြီးပိုကြိုးစာရမယ်” လို့ သူမက ကျနော့်ကို ပညာဆက်လက် မသင်ကြားနိုင်တော့မှာကို စိုးရိမ်တဲ့ အသံလေးနဲ့ ပြောသွားရှာတယ်။

ကျနော်တို့ မြန်မာနိုင်ငံတခုထဲမဟုတ်ပါဘူး။ တခြားနေရာဒေသတွေမှာလဲ ပညာရေးနဲ့ ပတ်သက်ပြီး တန်းတူရေး၊ တရားမျှတရေးဟာ ကာမေးလယ်တို့လို မရှိဆင်းရဲသားတွေအဖို့ မရှိကြပါဘူး။

ဒါပေမဲ့ ဆင်းရဲနေတဲ့အတွက် ဘာမှမလုပ်ပဲ ဆင်းရဲဒဏ်ကို ဒီအတိုင်းခံနေလို့မဖြစ်ပါဘူး။ ကျနော်တို့မြန်မာနိုင်ငံမှာ ဆင်းရဲသားတွေအဖို့ ကာမေးလာလိုဘဲ အရွယ်နဲ့မလိုက်အောင် အလုပ်ကိုကြိုးစားပန်းစားလုပ်မှသာ ပညာကို သင်ကြားခွင့် ရတော့မှာပါ။



Copyright © 2009 Kantarawaddy Times

No comments: