-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, May 13, 2010

နအဖ ဆွဲဖြုတ်လို့မရတဲ့ ဆိုင်းဘုတ်


Monday, May 10, 2010

ကျော်ဗလ / ၁၀ မေလ ၂၀၁၀

မြန်မာပြည်မှာ ကြော်ငြာဆိုင်းဘုတ်အများဆုံး အသင်းအဖွဲ့ကို လက်ညှိုးထိုးပြပါဆိုရင် ကြံ့ဖွံ့အသင်းကိုပဲ ဆွဲထုတ်ပြရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နအဖ အဖွဲ့အစည်းအဆင့်ဆင့်ရှိတဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးမှန်သမျှမှာ ကြံ့ဖွံ့ဆိုင်းဘုတ်တွေ ရှိနေလို့ပါပဲ။ ကြံ့ဖွံ့အဖွဲ့အစည်းဆိုတာ စစ်တပ်ရဲ့ လက်ကိုင်တုတ်အဖွဲ့အစည်း ပီသစွာ ကြံ့ဖွံ့ဆိုင်းဘုတ်ဟာလည်း စစ်ယူနီဖောင်းရောင် စိမ်းမှောင်နေလေ့ရှိပါတယ်။ ဗေဒင်၊ ယတြာတွေ ယုံကြည်အားကိုးလေ့ရှိတဲ့ ဗိုလ်ချုပ်တွေဟာ ကြံ့ဖွံ့အဖွဲ့ရဲ့တံဆိပ်မှာ အမျိုးသားနိမိတ် ဒေါင်းတံဆိပ်ကို မသုံးရဲဘဲ ခြင်္သေ့ရုပ်ကိုသာ သုံးထားကြပါတယ်။ ဆိုင်းဘုတ်တွေ၊ လိုဂိုတွေမှာ ခြင်္သေ့ရုပ်ပဲ သုံးသုံး၊ ဆင်ရုပ်ပဲ ထည့်ထည့် ကြံ့ဖွံ့အဖွဲ့ဆိုတာ အခွင့်အရေးတွေ၊ ငွေတွေ၊ အာဏာတွေ ဖိသိပ်ထိုးထည့်ထားတဲ့ လေပူဖောင်းတလုံးသာဖြစ်ပါတယ်။ နည်းနည်းလေး ခလုတ်ထိ၊ ဆူးငြိလိုက်တာနဲ့ ‘ဖောင်း’ ကနဲ ကွဲသွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကြံ့ဖွံ့အဖွဲ့ဆိုတာ ယုံကြည်ချက် အခြေခံအပေါ်မှာ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းမဟုတ်ဘဲ အာဏာ၊ အခွင့်အရေးနဲ့ အသပြာတွေပြပြီး ဆွဲစုထားတဲ့ အချောင်နှိုက်အုပ်စုတွေ ဖြစ်နေလို့ပါပဲ။

ကြံ့ဖွံ့အဖွဲ့ဆိုတာ အရေအတွက်သာရှိပြီး အရည်အချင်းက နတ္တိပါ။ ကြံ့ဖွံ့အဖွဲ့ဝင်အင်အား သန်း (၃၀) ကျော်ဆိုတာ စစ်ဗိုလ်၊ စစ်သား၊ ပုလိပ်၊ ၀န်ထမ်းနဲ့ ကျောင်းသူကျောင်းသားမှန်သမျှ အားလုံး စုပြုံသိမ်းကျုံးထည့်ထားလို့ ဖောင်းကားနေတဲ့ သန်းခေါင်စာရင်းမျိုးပါ။ အများစုကြီးက ကိုယ့်ဟာကိုယ် အဖွဲ့ဝင်ဖြစ်မှန်းတောင် သိကြတာမဟုတ်ပါဘူး။ ဒါကြောင့် အရေးအကြောင်း၊ ရေထဲမိုးထဲဆိုရင် မြေလျှိုးမိုးပျံသွားတတ်ကြလို့ လူ (၂၀) တောင် စုဖို့လွယ်တဲ့ အဖွဲ့မဟုတ်ပါဘူး။

တကယ်တော့ ကြံ့ဖွံ့အဖွဲ့ဆိုတာ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်၊ လူမှုရေးအဖွဲ့အစည်းသာဖြစ်တယ်လို့ နအဖက ကြေညာထားတဲ့ အဖွဲ့အစည်းပါ။

ဒါပေမယ့် နိုင်ငံရေးအာဏာ၊ နိုင်ငံတော်အသပြာများနဲ့ ကျားကန်ထားလို့ အခုလို အရေအတွက် ဖောင်းပွနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွံ့အဖွဲ့ရဲ့ နောင်တော် နိုင်ငံရေးအင်အားစုကြီးဖြစ်တဲ့ မဆလပါတီရဲ့ အဖြစ်ဆိုးမျိုး မကြုံရအောင် သင်ခန်းစာယူတတ်ဖို့တော့ လိုပါလိမ့်မယ်။ တချိန်က နိုင်ငံတော်ရဲ့ အရှိန်အ၀ါ၊ အသပြာ၊ အခွင့်အာဏာတွေနဲ့ ကျားကန်တည်ဆောက် ပေးထားတဲ့ တခုတည်းသော နိုင်ငံရေးပါတီကြီးဖြစ်တဲ့ မဆလပါတီမှာလည်း ပါတီဝင်အင်အား သန်း (၂၀) ကျော် ရှိတယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒီလို သဘောတရားအယူအဆတွေ ရိုက်သွင်း၊ စည်းရုံးရေးသင်တန်းတွေ ဆင်းပြီး သိမ်းသွင်းတည်ဆောက်ထားတဲ့ မဆလ ပါတီကြီးတောင်မှ ရှစ်လေးလုံးအရေးအခင်းကြီး ကြုံလိုက်တာနဲ့ တခါတည်း ဘုံးဘုံးလဲ ပုံကျသွားတော့တာပါပဲ။

အဲဒီခေတ်ကာလတုန်းကလည်း မြန်မာပြည်မှာ ဆိုင်းဘုတ်အများဆုံး၊ ပါတီဝင်အရေအတွက် အဖောင်းပွဆုံးဟာ မဆလပါတီပါပဲ။ ဒါပေမယ့် ရှစ်လေးလုံးအရေးအခင်းကြီးအတွင်း တပြည်လုံးမှာရှိတဲ့ မဆလဆိုင်းဘုတ်တွေကို ပြည်သူတွေ တ၀ုန်းဝုန်း ဖြတ်ချခဲ့ကြတုန်းက ဘယ်မဆလပါတီဝင် ခွေးတကောင်၊ ကြောင်တမြီးမှ ထွက်ပြီး မတားဆီးခဲ့ကြပါဘူး။ ဒီလိုအနေအထားမျိုးတွေ ကြုံလာရင် ကြံ့ဖွဲ့ဆိုင်းဘုတ်တွေလည်း ဒီလိုကြမ္မာဆိုးတွေနဲ့ မုချကြုံကြရဦးမှာပါပဲ။ အာဏာ၊ အသပြာနဲ့ အခွင့်အရေးသာမပါရင် ကြံ့ဖွဲ့ဆိုင်းဘုတ်ကို ဘယ်သူကမှ အရေးလုပ်ပြီး ကာကွယ်နေကြမှာ မဟုတ်ပါဘူး။ ဒီလိုဖြစ်ရတာ အဓိကအားဖြင့် ကြံ့ဖွံ့အဖွဲ့မှာ အာဏာ၊ အသပြာနဲ့ အခွင့်အရေးသာရှိပြီး နိုင်ငံရေးမရှိကြလို့ပါပဲ။

နအဖအဖွဲ့ရဲ့ တရားမျှတမှုမရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို ဆန့်ကျင်ကန့်ကွက်ဖို့ ဆုံးဖြတ်တဲ့ အန်အယ်လ်ဒီပါတီအနေဖြင့် မှတ်ပုံမတင်တဲ့အတွက် တနိုင်ငံလုံးမှာရှိတဲ့ ပါတီဆိုင်းဘုတ်တွေ အားလုံးကို မေလဆန်းမတိုင်မီ ဖြုတ်ပေးကြရပါလိမ့်မယ်။ အန်အယ်လ်ဒီပါတီက မဖြုတ်လည်း နအဖ အာဏာပိုင်အဖွဲ့အစည်းတွေ၊ ဒေါက်တိုင် လက်မရွံ့တွေက အဓမ္မဆွဲဖြုတ်ကြဦးမှာပါပဲ။ နအဖအဖွဲ့အစည်းတွေ ဒေါက်တိုင်လက်မရွံ့တွေ လာပြီးမဖြုတ်ခင် ကိုယ့်အသိနှင့်ကိုယ် ဆိုင်းဘုတ်တွေ ကြိုတင်ဖြုတ်လိုက်တာ ပိုပြီးကောင်းပါလိမ့်မယ်။ ဒီလို ကိုယ့်ဆိုင်းဘုတ် ကိုယ်ဖြုတ်သိမ်းတာဟာ ရှစ်လေးလုံးကာလက မဆလဆိုင်းဘုတ်တွေကို လူထုက ၀ိုင်းဝန်းဆွဲဖြုတ်ချခံရတာနဲ့ နိုင်ငံရေးအရ သဘောအဓိပ္ပာယ် အလွန်ခြားနားပါတယ်။ အန်အယ်လ်ဒီပါတီဆိုင်းဘုတ်ကို မဆလဆိုင်းဘုတ်လို စက်ဆုပ်ရွံရွာစွာ လူထုက ဆွဲဆုတ်ဖြုတ်ချတာ မဟုတ်ပါဘူး။ နအဖက အန်အယ်လ်ဒီပါတီကို နိုင်ငံရေးပါတီတရပ်အဖြစ် ရပ်တည်ခွင့်မရအောင် မတရားတဲ့ ဥပဒေအမိန့်တွေထုတ်ပြီး နိုင်ငံရေးအရ ကောက်ကျစ်စဉ်းလဲစွာ လုပ်ကြံလိုက်တာပါ။ တနည်းပြောရရင် အန်အယ်လ်ဒီဆိုင်းဘုတ်တွေကို နအဖက မတရားတဲ့ ဥပဒေအမိန့်ထုတ်ပြီး ဖြုတ်ချခိုင်းလိုက်တာသာဖြစ်ပါတယ်။

တကယ်တော့ ပါတီဆိုင်းဘုတ်ဖြုတ်ခံရတယ်ဆိုတာ စစ်အာဏာရှင်တွေရဲ့ ဓားမိုးအုပ်စိုးမှုအောက်မှာ ကျရောက်နေတဲ့ မြန်မာပြည်အဖို့ ဘာမှမထူးဆန်းသလို အရေးလည်း သိပ်ကြီးလှတာမဟုတ်ပါဘူး။ အရေးကြီးတာက အန်အယ်လ်ဒီ ပါတီအနေနဲ့ နိုင်ငံရေးအရ ဖြုတ်ချမခံရဖို့ တနည်းပြောရရင် နိုင်ငံရေးအရ ပြုတ်ကျမသွားဖို့က ပိုလို့အရေးကြီးလှပါတယ်။ အန်အယ်လ်ဒီမှာ နိုင်ငံရေးရှိနေသမျှ၊ ပါတီဝင်တွေမှာ နိုင်ငံရေးစိတ်ဓာတ် ရှင်သန်အသက်ဝင်နေသမျှ ဆိုင်းဘုတ်တွေမရှိလည်း ပြည်သူလူထုရင်ထဲမှာ အန်အယ်လ်ဒီဆိုတာ ရှိနေမှာပါပဲ။ ဒီလို အန်အယ်လ်ဒီပါတီဝင်တွေရဲ့ ဦးနှောက်ထဲ၊ ပြည်သူလူထုရဲ့ ရင်ထဲမှာ စွဲမြဲစူးဝင်နေတဲ့ နိုင်ငံရေးဆိုင်းဘုတ်ကို နအဖရဲ့ အာဏာ၊ အသပြာ၊ အခွင့်အရေးတွေနဲ့ ဘယ်လိုမှ ဆွဲဆုတ်ဖြုတ်ပစ်လို့ မရနိုင်ပါဘူး။ ရှစ်လေးလုံးအရေးတော်ပုံကြီးက လက်ဆင့်ကမ်းပေးလိုက်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မယ်ဆိုတဲ့ စိတ်ဓာတ်နိုင်ငံရေးကို အန်အယ်လ်ဒီ ဆုပ်ကိုင်ထားသမျှ ကြော်ငြာ၊ မီဒီယာ၊ Bill Board နှင့် ဆိုင်းဘုတ်တွေမပါလည်း အန်အယ်လ်ဒီရဲ့ အနီရောင်ခွပ်ဒေါင်းနဲ့ တော်လှန်ရေး ကြယ်ပွင့်တံဆိပ် ပုံရိပ်ဟာ ပြည်သူတွေရဲ့ ရင်ထဲမှာ ထာဝရ စွဲထင်နေပါလိမ့်မယ်။

သမိုင်းကို ပြန်ကြည့်ကြမယ်ဆိုရင်လည်း ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့ ဖတပလ တပ်ပေါင်းစုကြီးကို ဖွဲ့စည်းစဉ်ကလည်း ဆိုင်းဘုတ်တွေ မရှိခဲ့သလို ကြော်ငြာခွင့်လည်း ရခဲ့ကြတာ မဟုတ်ပါဘူး။ ခန်းမတွေ၊ ရုံးခန်းတွေ၊ ဌာနချုပ်တွေရယ်လို့လည်း မရှိခဲ့ကြပါဘူး။ ပဲခူးစံပြတပ်ရင်းထဲမှာ၊ ဒေးဒရဲမြို့နယ်ထဲက ရွာတွေမှာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝါလိမ်းအိမ်ပေါ်မှာ ကြုံသလို ကျသလို ဆွေးနွေးညှိနှိုင်းကြရင်းနဲ့ပဲ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံ (နောင်ဆိုရှယ်လစ်) ပါတီနဲ့ တပ်မတော်တို့ ပူးပေါင်းပါဝင်တဲ့ ဖတပလ အဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းပြီး ဂျပန်တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်မှာ မဟာမိတ်တွေ ပြန်ဝင်လာပြီးမှ မြန်မာပြည် တပြည်လုံးမှာ ဖဆပလအဖွဲ့ ဆိုင်းဘုတ်တွေ ချိတ်ခွင့်ရလာခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်းဘုတ်ဆိုတာ နိုင်ငံရေးပါတီတရပ်ရဲ့ Logo သာဖြစ်ပါတယ်။ ပါတီဆိုတာက အင်အားစုအသီးသီးကို သင့်လျော်စွာ ဖွဲ့စည်းတည်ဆောက်ပေးထားတဲ့ ခန္ဓာအိမ်မျှသာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာကတော့ ပါတီတရပ် အသက်ဝင်ရှင်သန် လှုပ်ရှားရေးအတွက် အရေးပါဆုံး ဦးနှောက်ဝိညာဉ်ဖြစ်ပါတယ်။

ဒီနေ့ အန်အယ်လ်ဒီပါတီရဲ့ နိုင်ငံရေးဝိညာဉ်ဟာ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ သာဖြစ်ပါတယ်။ ဒီကြေညာစာတမ်းပါ နိုင်ငံရေးရဲ့ သဘောထားတွေကို စွန့်လွှတ်ရင် အန်အယ်လ်ဒီပါတီဟာ ကိုယ့်ပါတီကို သေဒဏ်ချမှတ် ကြိုးပေးသတ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ဒီကြေညာစာတမ်းကို စွန့်လွှတ်တာဟာ ၉၀ ပြည့်နှစ် ရလဒ်ကို စွန့်လွှတ်တာဖြစ်လို့ ပြည်သူလူထုကို သစ္စာဖောက်သလို ဖြစ်သွားပါလိမ့်မယ်။ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ရေးအတွက် တရားဝင် အသိအမှတ်ပြုပေးမယ့် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပေးသလို ဖြစ်သွားပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေကြတဲ့ အကျဉ်းခံ နိုင်ငံရေးသမား အန်အယ်လ်ဒီပါတီဝင်များ အားလုံးကို စော်ကား၊ ကျောခိုင်းပစ်ရာ ရောက်ပါလိမ့်မယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းပါ နိုင်ငံရေးစိတ်ဓာတ် ရှင်သန်နေသမျှ ဆိုင်းဘုတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အန်အယ်လ်ဒီပါတီ ဆက်လက်ရှင်သန်နေပါလိမ့်မယ်။ ဆိုင်းဘုတ်ထက် ပါတီက အရေးကြီးသလို ပါတီထက် နိုင်ငံရေးက ပိုအရေးကြီးပါတယ်။ ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ပါ နိုင်ငံရေးစိတ်ဓာတ် ရှင်သန်နေသမျှ ပြည်သူလူထုရင်ထဲက အန်အယ်လ်ဒီဆိုင်းဘုတ်ကို နအဖအနေနဲ့ ဘယ်လိုမှ ဆွဲဖြုတ်ပစ်လို့ ရနိုင်စရာ အကြောင်းမရှိပါဘူး။


http://www.khitpyaing.org/index.php?route=detail&id=594

No comments: