-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, May 8, 2010

လွတ်မြောက်ခွင့် မရှိသေးသော ဘဝများ


မေရနံ့ | တနင်္လာနေ့၊ မေလ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၇ မိနစ် .




ကျမ ရန်ကုန်မှာနေတုန်းက အင်းစိန်ထောင်ကို မကြာမကြာ ထောင်ဝင်စာတွေ ရောက်ရပါတယ်။ အဲဒီတုန်းက ကျမတို့နေတာ မြောက်ဒဂုံမြို့နယ်မှာဆိုတော့ အင်းစိန်က ပြန်လာရင် သမိုင်းလမ်းဆုံမှာ ကားပြောင်းစီးရတာမို့ သမိုင်းလမ်းစုံက အရောင်အသွေး စုံလင်လှတဲ့ လူတန်းစား အလွှာအသီးသီးကို ကျမတို့ညီမတွေ အမြဲတွေ့ကြုံနေကျပါ။

ကျမတို့က တနင်္လာ၊ ဗုဒ္ဒဟူး တရက်ရက်ကို ဦးဇင်း ဦးဂမ္ဘီရနဲ့ အကိုကြီး ကိုအောင်ကျော်ကျော်အတွက် ထောင်ဝင်စာ ပို့နေကျမို့ အဲဒီနေ့တွေဆိုရင် လူပန်းစိတ်ပန်းနဲ့ အမြဲကြုံခဲ့ရတာအမှန်ပဲ။ ထောင်ဝင်စာတွေ့တဲ့ နေရာမှာ တာဝန်ကျဝန်ထမ်းတွေနဲ့ အဆင်ပြေချောမွေ့မှု မရှိတာ၊ သံတိုင်ကြားမှာ ဦးဇင်းနဲ့ အကိုကြီးကို တွေ့ရလို့ စိတ်မကောင်း ဖြစ်ရတာ၊ လမ်းခရီးကလည်း ဝေး - ကားကလည်း ကျပ်ညပ်လှတဲ့အပြင်ကို သွားရတာကလည်း နေပူကြီးထဲမှာဆိုတော့ ဘာပြောကောင်းမလဲ။ ဒါပေမဲ့ တော်သေးတယ်၊ ကျမတို့ညီအမတွေက အညာသူတွေမို့ နေပူဒဏ်ကို သိပ်မမှုကြတာ။

ကျမတို့ တနေ့ ထောင်ဝင်စာ သွားတွေ့ရာကအပြန် သမိုင်းလမ်းဆုံမှာ မတွေ့တာ အတော်ကြာပြီဖြစ်တဲ့ ကိုကျော်မင်းရဲ့ ဇနီးနဲ့ မထင်မှတ်ပဲ သွားဆုံမိတယ်။ ကိုကျော်မင်းဆိုတာက အလုပ်သမား အခွင့်အရေး လှုပ်ရှားနေတဲ့ ကိုသူရိန်အောင်တို့ အုပ်စုထဲက တယောက်ပါ။

သူတို့တွေ အကျဉ်းထောင်ထဲမှာ ရောက်နေတော့ သူ့ဇနီးနဲ့ သမီးလေးက ယောင်လည်လည်နဲ့ ကျန်နေခဲ့ရှာတယ်။ ရိုးရိုးအေးအေးနဲ့ စီးပွားရေးအလုပ်အကိုင် လည်လည်ဝယ်ဝယ် မရှိလှတဲ့ သားအမိ ၂ ယောက်အဖို့ ရန်ကုန်မြို့ကြီးထဲမှာ ဘယ့်နှယ်ရှိမလဲ စဉ်းစားကြည့်ရင်းနဲ့ ကျမ ရင်ဘတ်တွေတောင် အောင့်တက်လာတယ်။ ဘာပဲဖြစ်ဖြစ် ကျမ တကယ့်ကို လေးစားဂုဏ်ယူမိပါတယ်။

သမီးလေး ၆ လဝန်းကျင် အရွယ်လောက်နဲ့ သွေးနုသားနုအချိန်မှာ ခင်ပွန်းသည်အတွက် ထောင်ဝင်စာတွေ့နိုင်ဖို့ လုံးပမ်းနေရတာ တော်ရုံသတ္တိတော့ မဟုတ်ဘူး။ ကျမလေ သူတို့နဲ့တွေ့ရတာ တကယ့်ကို စိတ်ထိခိုက်ရတယ်။ သူ့ခမျာ ပင်ပန်းနွယ်နယ်နေပြီး သမီးလေးကလည်း အာဟာရ ပြည့်ပုံမပေါ်ဘူး။

မတွေ့ရတာ အတော်ကြာပြီဖြစ်တာမို့ ကိုကျော်မင်း ဇနီးကို ကျမ တွေ့တွေ့ချင်းတော့ ဝမ်းသာမိတယ်။ ကိုကျော်မင်းတို့၊ ကိုသူရိန်အောင်တို့ အခြေအနေကို သိချင်ဇောနဲ့မေးဖို့ စဉ်းစားရင်းက သားသည်မိခင်ရဲ့ အခြေအနေကို ကြည့်ပြီး ကျမ စကား စမပြောနိုင်ဘဲ ဖြစ်နေတာ။ ကိုကျော်မင်းတို့၊ ကိုသူရိန်အောင်တို့ အုပ်စုတွေက ဦးဇင်း ဦးဂမ္ဘီရကို အတော်ပဲ သံယောဇဉ်ရှိကြသလို ဦးဇင်းကလည်း သူတို့အပေါ် အမြဲ သတိတရ ရှိနေတာပါ။

‘‘ကိုကျော်မင်းက ဦးဇင်း ကျမ်းမာရေးကောင်းရဲ့လား၊ အဆင်ပြေရဲ့လားဆိုပြီး မေးမေးနေတာ ဆရာမ’’ လို့ ဆိုတော့မှ ကျမလည်း စကားပြောဖို့ သတိရတော့တယ်။ သြော် .. သူတို့ခမျာ ရေဒီယိုသတင်း နားထောင်နိုင်ဖို့လည်း အခွင့်အရေး မရှိကြဘူး ထင်တယ်။

‘‘ဦးဇင်းကို ဖမ်းမိသွားပြီ၊ စစ်ကိုင်းတိုင်း စဉ့်ကိုင်မြို့မှာလေ’’လို့ ကျမပြောလိုက်တော့ ကိုကျော်မင်းရဲ့ဇနီးလည်း စိတ်မကောင်း ဖြစ်သွားတယ်။ ရွှေဝါရောင်တော်လှန်ရေးကြီးဖြစ်တာတော့ သူတို့သိလိုက်တယ်။ ဒါပေမဲ့ ဦးဇင်းလွတ်နေတုန်းပဲ ထင်တာတဲ့။ ဦးဇင်းလွတ်နေရင် အလုပ်တွေ တော်တော်လုပ်နိုင်အုံးမှာနော်။ ဦးဇင်းက လူပင်ပန်း၊ စိတ်ပင်ပန်း အတော်ခံနိုင်တာလို့ ပြောရှာတယ်။

ဒီလိုပဲလေ၊ ဘယ်တတ်နိုင်ပါ့မလဲ။ အများအကျိုးစီးပွားအတွက် လုပ်မယ်လို့ စပြီး စိတ်ကူးကတည်းက ကိုယ်ကျိုးစီးပွားကို စတေးရတဲ့ အနစ်နာခံမှုဆိုတာ စတွေ့တော့တာပဲ။ အဖမ်းခံရ၊ နှိပ်စက်ညှဉ်းပန်းခံရ နောက်ဆုံး အသက်ပါ ပေးဆပ်ရတဲ့အထိ အနစ်နာခံကြရတာ။ ဦးဇင်း အာဘော်အတိုင်း ပြောရရင်တော့ ဓမ္မထွန်းကားရေးအတွက် ပေးဆပ်နေရတာပေါ့။

အများသူငါလို လက်ဖက်ရည်ဆိုင်တို့၊ အအေးဆိုင်တို့မှာ ထိုင်နိုင်ဖို့ အခွင့်အရေး မရှိကြတဲ့ ကျမတို့တွေ ကားမှတ်တိုင် အမိုးစုတ်ကလေးကို အမှီပြုပြီး ကားစောင့်ကြရင်း စကားတွေ ပြောဖြစ်လိုက်တာ။ ဒီလိုနဲ့ အချိန်လည်း လင့်လာပြီဆိုတော့ ကိုကျော်မင်းကို ပြောလိုက်ပါနော်၊ မေဒေးနေ့ နီးလာလို့ သတိတရရှိနေပါတယ်။ ဦးဇင်းလည်း သတိတရရှိပြီး တွေ့ချင်နေမှာပါ။ တနေ့နေ့တချိန်ချိန်တော့ ပြန်ဆုံနိုင်ဖို့ မျှော်လင့်နေပါတယ်ဆိုပြီး နှုတ်ဆက်ခဲ့ရတယ်။

ကားမှတ်တိုင်က ကျမတို့ ထွက်လာတော့မှ စိတ်ထဲမှာ စနောင့်စနင်း ဖြစ်နေတယ်။ တကယ်ဆို အကူအညီတခုခု ပေးလိုက်ရမှာ။ သူတို့ သားအမိ ၂ ယောက်အတွက် တကယ်လိုအပ်နေတာကို စဉ်းစားမိပြီး အကူအညီတစုံတရာ မပေးလိုက်နိုင်တဲ့အတွက် အားမလိုအားမရ ဖြစ်နေရတယ်။

အေးလေ .. ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာအရ အကူအညီ မပေးလိုက်နိုင်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာအရတော့ ရောက်တတ်ရာရာတွေ ပြောရင်း အများကြီး အကူအညီ ပေးလိုက်နိုင်တာမို့ တော်သေးတယ်လို့ ဖြေသိမ့်မိတယ်။

ကိုသူရိန်အောင်တို့အုပ်စုက အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ ကြိုးစားနေကြ၊ ပညာပေးနေကြတဲ့ လူငယ်တွေ စုပြီး လှိုင်သာယာဈေးလေး မှတ်တိုင်အနီးက အိမ်တလုံးမှာ အခြေစိုက်ပြီး လှိုင်သာယာ စက်မှုဇုန်အတွင်းက အလုပ်သမားတွေရဲ့ အလုပ်သမား အခွင့်အရေး ရဖို့၊ မိသားစုဝင်တွေ အသိဥာဏ် ဗဟုသုတ တိုးပွားပြီး လူမှုအဆင့်အတန်း မြင့်မားလာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သူတို့ အပင်ပန်းဆင်းရဲခံပြီး ရပ်တည်လှုပ်ရှားနေကြတာ။

တကယ်တော့ လွယ်လှတာ မဟုတ်ဘူး။ သူတို့လို ခေတ်ပညာတတ် လူငယ်တွေအနေနဲ့ ကိုယ့်ဘဝ တိုးတက်လမ်းကို တစိုက်မတ်မတ် ဆက်မလျှောက်တော့ဘဲ အခြေခံလူတန်းစား အလွှာထဲကို ဆင်းပြီး ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် လုပ်နေကြရတာ နည်းတဲ့ သတ္တိတော့ မဟုတ်ဘူးလေ။

ကိုသူရိန်အောင်က ကလေးတွေအတွက် ပညာရေးနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေကို ဦးဆောင်ပြီး စီစဉ်ပေးနေသလို အလုပ်သမားတွေအတွက်လည်း မလစ်ဟင်းစေခဲ့ရဘူး။ စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြတဲ့ အနယ်နယ်အရပ်ရပ်က လာတဲ့ အလုပ်သမားတွေအတွက် အပတ်စဉ် ပညာပေး ဆွေးနွေးပွဲလေးတွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ပေးနေတာ တွေ့ရတယ်။

ကိုဝေလင်းဆိုရင်လည်း ခေတ်လူငယ်ဆန်တဲ့ အနေအထိုင် ရှိပေမယ့် အပြောအဆို နားထောင်ရတာ အနှစ်သာရ ပြည့်ရှာပါတယ်။

ကိုမျိုးမင်းကတော့ အားမလိုအားမရ စကားဆိုတယ်။ ''ကျနော်က တကယ့်ကို ထိရောက်အောင် အလုပ်လုပ်ချင်တာ။ ဒီလောက်နဲ့ အားမရဘူးဆရာမ ရာ'' တဲ့။

ကိုကျော်ကျော်ကတော့ ရှေ့နေပေါက်စဆိုတော့ ဥပဒေအကြောင်းတွေကို တစ်တစ်ခွခွ ပြောလေ့ရှိတယ်။

လူ့အခွင့်အရေးအကြောင်း ပြောရင် အာပေါင်အာရင်းသန်သန်နဲ့ အချိန်နာရီတွေ ဂရုမစိုက်ဘဲ ပြောတတ်တဲ့ ကိုညီညီဇော်ကတော့ အစ္စလာမ် ဘာသာဝင်ဖြစ်ပေမယ့် ဦးဇင်းတို့နဲ့ ဆက်ဆံတဲ့နေရာမှာ အဆင်ကိုပြေလို့။

၂ဝဝ၇ မေလ ၁ ရက်နေ့မှာ အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ပြီး ဟောပြောတဲ့ အစီအစဉ်တွေ လုပ်မယ်၊ နောက် အလုပ်သမားတွေနဲ့ အပြန်အလှန် ဆွေးနွေးတာတွေ လုပ်မယ်လို့ ဆိုပါတယ်။ စက်မှုဇုန်ထဲက အလုပ်သမားတွေတင် မဟုတ်တော့ဘဲ တခြားမြို့နယ်က အလုပ်သမားထုနဲ့လည်း အဆက်အစပ်ရအောင်ဆိုပြီး အမေရိကန်စင်တာမှာ လုပ်ဖို့ တိုင်ပင်ကြပါတယ်။ ဦးဇင်းကိုလည်း အသိပေးပြီး တိုင်ပင်တတ်တဲ့ ကိုသူရိန်အောင်ကတော့ တက်ကြွနေတာပါပဲ။

ဦးဇင်းကလည်း ကိုသူရိန်အောင်ထက် မလျော့တဲ့ အားပေးမှုတွေနဲ့ တက်တက်ကြွကြွ ကူညီဖို့ အသင့်ဖြစ်နေပါပြီ။ ဦးဇင်းကိုယ်တိုင် မတက်ရောက်နိုင်ပေမယ့် ဒီပွဲမှာ လိုအပ်တာတွေ အားလုံးကို တတ်နိုင်သလောက် အကူအညီပေးဖို့ အဆင်သင့်ပါ။

အမေရိကန်စင်တာမှာ ဟောပြောဖို့အတွက် နေရာကိစ္စကိုလည်း အဆင်ပြေအောင် ကိုသူရိန်အောင်တို့ လုံးပမ်းကြရသေးတယ်။ စင်တာမှာက စကားရည်လုပွဲတွေ၊ ဥပဒေအကြောင်း ရှင်းပြတဲ့ အခမ်းအနားတွေက အမြဲလိုလို ရှိနေတတ်တာမို့ မေလ ၁ ရက်နေ့မှာ အခမ်းအနားလုပ်ဖို့အတွက် ကြိုပြီး ပြင်ဆင်ရတာပါ။

ဧပြီလလောက်ကတည်းက ဇုန်တိုင်းက အလုပ်သမားတွေရဲ့ လက်ထဲကို လက်ကမ်းစာစောင်တွေ ထည့်ပြီးပြီမို့ အလုပ်သမားတချို့လည်း တက်တက်ကြွကြွ ဖြစ်နေကြပြီ။

မေလ ၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ပါပဲ။ အလုပ်သမား အားလုံးနဲ့ သက်ဆိုင်တဲ့ အဲဒီနေ့မှာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ဟောပြောတာ၊ အပြန်အလှန် ဆွေးနွေးဖလှယ်တာတွေလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ဦးဆောင်ဆွေးနွေးမယ့်သူက ကိုသူရိန်အောင်လို လက်ကမ်းစာစောင်ထဲမှာ ကြေညာထားပါတယ်။

ကျမကိုယ်တိုင်က အလုပ်သမား မဟုတ်ပေမယ့် ကိုသူရိန်အောင်တို့ ဦးစီးဖွင့်လှစ်တဲ့ စာသင်ကျောင်းလေးမှာ ဆရာမ ဖြစ်နေတော့ ကိုသူရိန်အောင်ကလည်း လေ့လာသူအဖြစ် တက်ဖို့ ဖိတ်တဲ့အတွက် ကျမလည်း တက်ခဲ့ရတယ်။

ကျမ မေဒေးနေ့ အခမ်းအနားကို တက်ဖို့ မနက်အစော ၇ နာရီခွဲလောက် စင်တာရှေ့ကို ရောက်သွားခဲ့ပါတယ်။ အနီးအနားတဝိုက်မှာ ခါတိုင်းနဲ့မတူ လူစုံနေတာတွေတော့ ဘေးပတ်ဝန်းကျင်မှာ အသိမိတ်ဆွေ ရှိလို့ရှိငြား အကဲခတ်မိရင်းက လ္ဘက်ရည်ဆိုင် အဝင်နားမှာ ကိုညီညီဇော် ထိုင်နေတာ တွေ့ရပါတယ်။

ကျမလည်း ကိုညီညီဇော် ထိုင်နေတဲ့ စားပွဲဆီ ဦးတည်ရောက်သွားတော့ ကိုညီညီဇော်က အခြေအနေ မကောင်းဘူး။ ဒါပေမဲ့ .. ခပ်တည်တည်သာ အကဲခတ်နေဆိုပြီး ပြောတဲ့အတွက် ကျမလည်း အင်း .. လို့ပဲ ပြန်ဖြေပြီး ငြိမ်နေလိုက်တယ်။

ခဏကြာတော့ ကိုညီညီဇော်က ‘‘တွေ့လား .. ဒီလက်ဖက်ရည်ဆိုင်နားရော စင်တာပတ်ဝန်းကျင်တလျှောက်လုံး ခြေရှုပ်နေတာ။ လှိုင်သာယာက မယကအဖွဲ့ဝင်တွေနဲ့ ကြံ့ဖွံအဖွဲ့တွေ၊ ရဲတွေလည်း ပါမယ်ထင်တယ်’’ ။ အင်း.. ။ ထင်တော့ ထင်သား။ ဒီလောက် အခြေအနေရှုပ်ပုံမျိုးဆိုရင် ရိုးရိုးသားသားတော့ မဖြစ်နိုင်ဘူးဆိုတာ။ ဒါပေမဲ့လည်း စင်တာထဲမှာ အခမ်းအနား တက်ဖို့အတွက် လူတချို့ ရောက်နေကြပြီဆိုတာနဲ့ နောက်ပြန်ဆုတ်ဖို့ အစီအစဉ် မရှိတော့တဲ့အတွက် ကျမ အရင်ဝင်သွားဖို့ ကိုညီညီဇော်က အကြံပေးတယ်။ အမေရိကန်စင်တာရဲ့ ရှေ့တည့်တည့် ဒဂုံအမှတ် ၃ ကျောင်းထဲမှာ လူအဝင်အထွက်ကို စောင့်ကြည့်နေတဲ့ ထောက်လှမ်းရေးတွေက ရှိနေတော့ ကျမလည်း စာကြည့်တိုက်သွားမယ့် ဟန်နဲ့ပဲ ခပ်တည်တည် ဝင်ခဲ့ရတယ်။

ခဏကြာမှ ကိုညီညီဇော်၊ ကိုကျော်ကျော်နဲ့အတူ လူတချို့ ဝင်လာကြတယ်။ ဟောပြောပွဲက ကိုသူရိန်အောင် လာမှ စမှာဆိုတော့ ကိုကျော်ကျော်တို့တွေက ကြိုပြီး မိတ်ဆက်ထားနှင့်ရတယ်။ သူတို့ မိတ်ဆက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အခြေအနေက ပြောင်းလဲသွားပါတော့တယ်။

ကိုသူရိန်အောင်နဲ့ အတူထွက်လာတဲ့ အလုပ်သမားတွေအားလုံး လှိုင်သာယာတပ်ထိပ် မှတ်တိုင်နားမှာ အဖမ်းခံရပြီဆိုတဲ့ သတင်းကို ကိုညီဇော်က တိုးတိုးလေး လာပြောတယ်။ ဒါပေမယ့်ဒီပွဲကို ပြီးအောင်လုပ်မယ်လို့လည်း ဆက်ပြောပါတယ်။ ကျမလည်း ပွဲပြီးအောင် စောင့်နားထောင်မယ်လို့ တွေးပြီး ဆက်ထိုင်နေလိုက်တယ်။

သိပ်မကြာပါဘူး။ ကိုကျော်ကျော်က ဦးဆောင်ပြီး အလုပ်သမား အခွင့်အရေးအကြောင်းတွေကို ရှင်းပြတယ်။ အလုပ်သမားတွေနဲ့ အပြန်အလှန် မေးခွန်းထုတ်နေလိုက်တာ မနက် ၁၁ နာရီလောက်မှ ပွဲပြီးသွားတယ်။ ပွဲပြီးတာနဲ့ တက်လာတဲ့ ပရိသတ်ကို အသင့်ဝယ်ထားပြီးသား ထမင်းကြော်ထုပ်လေးတွေ ကမ်းပေးတယ်။

ထမင်းစားပြီးလို့ မကြာခင်ဘဲ သတင်းတပုဒ် ထပ်ကြားရပြန်တယ်။ အဖမ်းခံရတဲ့ ကိုသူရိန်အောင်တို့နောက်ကို ဦးဇင်း လိုက်သွားတယ်တဲ့။ ကျမဆိုတာ ပူထူသွားတာပဲ။ ကျိုက္ကဆံ စစ်ကြောရေးစခန်းဘက်အထိ လိုက်သွားတယ်ဆိုတဲ့ သတင်းကြောင့် ပိုပြီး အစိုးရိမ်ကြီးခဲ့ရတယ်။

ကျမ စိတ်သောက ရောက်နေပြီဆိုရင် လုပ်တတ်တဲ့ အကျင့်အတိုင်း အိမ်ကို ပြန်ချင်လာတယ်။ အိမ်မှာ ကျမ တိုင်ပင်လို့ရတဲ့ သူတွေနဲ့ တိုင်ပင်မယ်ဆိုပြီး ကျမ အိမ်ပြန်ဖို့ ပြင်တော့တယ်။ ကိုညီဇော်ကတော့ တားသေးတယ်။ ဒီအချိန်ထွက်ရင် အပြင်ကလူတွေနဲ့ မလွယ်ဘူး၊ ဖမ်းလိမ့်မယ်လို့ သတိပေးပါတယ်။

ဖမ်းကာမှ ဖမ်းရောပဲ၊ ကျမ ပြန်မယ်လို့ ဇွတ်ပြောရင်း ထွက်လာခဲ့တယ်။ ထင်တဲ့အတိုင်းပါပဲ။ အပြင်မှာ လူတွေ တအုပ်ကြီးကို တွေ့ရပေမယ့် ကျမကတော့ စင်တာက ငှားထားတဲ့ စာအုပ်လေးတွေကို ပိုက်ပြီး ပြန်ထွက်လာခဲ့တယ်။ ကျမကပဲ ဟန်အမူအယာ ကောင်းနေလို့လား မပြောတတ်ဘူး။ ဘာတခုမှ အစစ်အဆေး မခံလိုက်ရဘူး။

ညနေ ၆ နာရီလောက်မှ ဦးဇင်းရောက်လာတော့ ကျမလည်း စိတ်သက်သာရာ ရသွားခဲ့ရတယ်။ ကိုသူရိန်အောင်နဲ့ အလုပ်သမားတချို့တော့ ကျိုက္ကဆံထဲ ရောက်သွားပြီ၊ ဘယ်လိုလိုက်ရမလဲ မသိဘူး။ ဦးဇင်းလည်း စိတ်ညစ်နေတယ်။

အကျိုးရလဒ်တခုက ကိုသူရိန်အောင်ကို တပ်ထိပ်မှာ စတားပြီဆိုကတည်းက ဦးဇင်းနဲ့ ဖုန်းအဆက်အသွယ် ရလိုက်တာ ကျိုက္ကဆံကွင်းနား ရောက်တဲ့အထိပဲ။ ဒါကြောင့် အခြေအနေ အားလုံးကို ဦးဇင်းက သိလိုက်ရတဲ့အတွက် တချို့ကိစ္စတွေကို ဦးဇင်းက စီမံခန့်ခွဲနိုင်ဖို့ ကြိုးစားရတော့တယ်။

နောက်နေ့ ကျမတို့အိမ်ကို လူတယောက် ရောက်လာပြီး ပြောတယ်။ ကိုညီညီဇော်တို့လည်း အဖမ်းခံလိုက်ကြရတယ်။ ကိုညီညီဇော်နဲ့ ကိုကျော်ကျော်က အဲဒီနေ့ တနေ့လုံး စင်တာထဲကနေ မထွက်ကြဘဲ နေပြီး ညနေလောက် အဆင်ပြေနိုင်ပြီဆိုမှ ထွက်လိုက်တာ။ ဒါပေမဲ့ အဖမ်းခံလိုက်ရတယ်ဆိုပြီး ပြောတယ်။

ကျမတို့လည်း စိတ်မကောင်းဖြစ်ရုံမှတပါး ဘာမှ လုပ်မပေးနိုင်တော့ဘူးလေ။ အဲဒီနောက် ဦးဇင်းကတော့ ကိုညီညီဇော်တို့ အိမ်ကို မကြာမကြာ သွားပြီး အားပေးစကားပြောတယ်။ လိုအပ်တာကို ကူညီနိုင်အောင် ကြိုးစားပေးခဲ့တယ်။

ကျမတို့နိုင်ငံမှာ တိုင်းပြည်နဲ့ လူမျိုး ကောင်းကျိုးအတွက် အလုပ်လုပ်ချင်စိတ်ရှိတဲ့ လူငယ်တွေ၊ အလုပ်လုပ်နေကြတဲ့ ခေတ်ပညာတတ် လူငယ်တွေ အများကြီးပါ။ ဒါပေမဲ့ သူတို့လည်း ပိတ်ပင်တားဆီးခံရတာတွေ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေနဲ့ ကြုံကြုံနေရတော့ ကျမတို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် တကယ့်ကို ရင်လေးစရာ ကောင်းနေပြီလို့ ဆိုချင်ပါတယ်။

အခုဆို ကိုသူရိန်အောင်တို့ အကျဉ်းထောင်တွင်း ရောက်သွားခဲ့တာ ၃ နှစ် ပြည့်သွားခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်း အကျဉ်းထောင်ထဲမှာပဲ အချိန်ကုန်နေရတာ ဘယ်လောက်များ ခံရခက်လိုက်မလဲ။ တကယ့်လွတ်မြောက်မှုကို ကိုယ်တိုင်လည်း လိုချင်ကြသလို၊ အများသူငါအတွက်လည်း လွတ်မြောက်မှု တစုံတရာရှိအောင် ကြိုးစားပေးနေကြတဲ့ လူငယ်တွေ ဘယ်တော့များမှ လွတ်မြောက်နိုင်ကြပါ့မလဲလို့ ကျမ တွေးနေရင်းက …. ၂ဝ၁ဝ .. မေလ ၁ ရက်နေ့တောင် ကျော်ခဲ့ပြန်ပြီကော။

© Copyright 1998 - 2009 Mizzima News. All Rights Reserved

No comments: