-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Saturday, May 15, 2010

ပြည်သူများ ရေခက်ခဲမှု ဒေါ်စု စိုးရိမ်

ဆလိုင်း ဟံသာစန်း | သောကြာနေ့၊ မေလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၈ မိနစ် .

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ လက်ရှိ ကြုံတွေ့နေရသည့် သောက်သုံးရေ အခက်အခဲပေါ် စိုးရိမ်နေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ယခုထက် ပိုမိုကူညီရန် ယနေ့ ပြောဆိုလိုက်သည်။

ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဥာဏ်ဝင်းတို့ကို သူမ၏ နေအိမ်၌ ယနေ့နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခွင့်ရရှိစဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခုလို ပြည်သူတွေ ရေပြဿနာ ကြုံတွေ့နေရတဲ့အပေါ်မှာ သူ အတော်စိုးရိမ်နေတယ်။ ဒီလုပ်ငန်းတွေကို ပြည်သူတွေအတွက် တတ်နိုင်သမျှ တိုးချဲ့ဆောင်ရွက်ပေးပါလို့ အဲသလို ပြောပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မကွေးနှင့် စစ်ကိုင်းတိုင်း ရခိုင်၊ မွန်နှင့် ရှမ်းပြည်နယ် ဒေသများမှ နေရာအချို့တွင် ရေတွင်းရေကန်များ ခမ်းခြောက်သဖြင့် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရပြီး ဒေသခံများမှာ အလှူရှင်များ လာရောက်လှူဒါန်းသည့် ရေများကို အားကိုးနေရသည်။

ပြီးခဲ့သည့်လမှ စတင်၍ သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေသည့် ပဲခူးတိုင်းအရှေ့ပိုင်းမှ ပဲခူး၊ ဝေါ၊ သနပ္ပင်၊ ကဝ၊ ဒိုက်ဦး စသည့်မြို့နယ်များရှိ ကျေးရွာပေါင်း ၆၀ ကျော်ကို ဒေါက်တာမေဝင်းမြင့် ဦးဆောင်သည့် NLD အမျိုးသမီး အဖွဲ့ဝင်များက ယခုလ ၁၁ ရက်နေ့က ရေသန့်ဘူးပေါင်း ၁၁၀၀ သွားရောက်လှူဒါန်းခဲ့သည်။

ရှေ့နေများနှင့် ယနေ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ လုပ်ထုံးလုပ်နည်းများ လေ့လာထားရန် လိုအပ်ကြောင်း မှာကြားလိုက်သေးသည်။

“NLD ပါတီဟာ အဖွဲ့ဝင်တွေ ကြားထဲမှာရော၊ ပြည်သူတွေ ကြားထဲမှာရော ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ လူမှုရေး လုပ်ငန်းတွေကို ထိရောက်အောင် လုပ်နိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေအားလုံး လေ့လာထားပါလို့ အဲဒီလို မှာကြားလိုက်ပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

သူမအား နေအိမ်တွင် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် ထားရှိရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်နှင့်ပတ်သက်၍ ပြင်ဆင်ခွင့် အထူးယူခံကို ဗဟို တရားရုံးချုပ်သို့ တင်သွင်းထားသည့် ကိစ္စနှင့် ပတ်သက်၍ အယူခံ အကြောင်းပြချက် ၇ ရပ်ကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ယင်းအချက်များကို တရားရုံးတွင် လျှောက်လဲရန် သဘောတူခဲ့ကြသည်။

ခေါင်းဆောင်ဟောင်းအချို့က NLD မှ ခွဲထွက်ကာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အမည်ဖြင့် ပါတီထောင်ခြင်းနှင့် ပတ်သက်၍ အများစု၏ ဆုံးဖြတ်ချက်ကို အနည်းစုက မလိုက်နာသဖြင့် ဒီမိုကရေစီကျင့်စဉ် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုကြောင်း ဦးဥာဏ်ဝင်းက ပြန်ပြောပြသည်။

သူက “အဲဒါနဲ့ ပတ်သက်ပြီးတော့ သူက ဒီမိုကရေစီကျင့်စဉ်မှာ အများဆုံးဖြတ်တာကို အနည်းစုက လေးစားလိုက်နာရတယ်။ အခု NLD ပါတီဝင် အများစု ဆုံးဖြတ်တာကို အနည်းစုက သဘောမတူရုံနဲ့ ဒီလိုဆောင်ရွက်တာကို ဒီမိုကရေစီကျင့်စဉ် မဟုတ်ဘူးလို့ ပြောပါတယ်” ဟု ပြောသည်။

No comments: