-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, March 2, 2010

NLD ဗဟိုဦးစီး အဖွဲ့ဝင် ၁၀၀ နဲ့ အရန် ၈ ဦးစာရင်း မကြာမီ ထုတ်ပြန်မည်


01 March 2010


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်နယ်နဲ့တိုင်း အသီးသီးအတွက် တာဝန်ယူ ဆောင်ရွက်နိုင်မယ့် ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ နဲ့ အရန် ၈ ဦးရဲ့ အမည်စာရင်းကို ဒီရက်ပိုင်းအတွင်းမှာပဲ ထုတ်ပြန် ကြေညာတော့မယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး NLD ပြောခွင့်ရ CEC အဖွဲ့က ဦးခင်မောင်ဆွေကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတဲ့အခါ ဦးခင်မောင်ဆွေက အခုလို စပြောပြပါတယ်။

“တနင်္လာနေ့ အစည်းအဝေးမှာ CEC တွေက နောက်ဆုံး CC တွေရဲ့ ရွေးချယ်မှု အဆုံးသတ် Finalize လုပ်ပြီး အတည်ပြုလိုက်ပါပြီ။ CC ဦးရေ ၁၀၀ ရှိပါတယ်။ အရန်အဖြစ်နဲ့ ၈ ဦးကို ထပ်ပြီး အတည်ပြုပါတယ်။ အရန်တွေကလည်း Candidate CC ပေါ့။ နောင်အခါမှာ သူတို့ဟာ CC တွေဖြစ်ဖို့ တရားဝင် ဖြစ်သွားပါပြီ။

“CC ဖွဲ့တဲ့အခါမှာ အခက်အခဲ မရှိပါဘူး။ ၉၀% လောက်ကတော့ အဆင်ပြေပြေနဲ့ ဖြစ်သွားတယ်။ ကျန်တဲ့ ၁၀% လောက်ကတော့ အချို့ကိစ္စလေးတွေမှာ၊ သိကြတဲ့အတိုင်း ပဲခူးတိုင်းတို့၊ မကွေးတိုင်းတို့တွေမှာ တော်တော်လေး ညှိရတဲ့အပိုင်းရှိတော့ ၁၀% လောက်ကတော့ ညှိနှိုင်းတဲ့ ခွင်ထဲမှာပဲရှိပြီးတော့ လုပ်ခဲ့ရတယ် ဆိုတဲ့အကြောင်းကို သေသေချာချာ သိအောင်လို့ ပြောပြတာပါ။

“အခုအခါ ၁၀၀ ပဲ ရွေးရမယ်ဆိုတဲ့ ဖွဲ့စည်းပုံပါ စည်းကမ်းအရ ၁၀၀ ပဲရွေးပြီး နိုင်ငံရေးအရ တာဝန်ပေးအပ်ဖို့ ပုဂ္ဂိုလ် ၈ ဦးကိုလည်း စာရင်းတို့ပြီး အရန် CC တွေ အနေနဲ့ မှတ်တမ်းတင်ပြီး အတည်ပြုလိုက်ပါပြီ။ ထုတ်ပြန်တာကတော့ ဒီနေ့ အချိန်လည်း မရှိတော့ဘူး။ မနက်ဖြန်လည်း ရုံးပိတ်ရက်ဆိုတော့ ၃ ရက်နေ့၊ သို့မဟုတ် ၄ ရက်နေ့မှ ထုတ်ပြန်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။”

CEC အဖွဲ့နဲ့ CC အဖွဲ့နဲ့ ဘယ်တော့တွေ့ဆုံဖို့ ရှိပါလဲ။

“CC တွေကို ထုတ်ပြန်ပြီးတဲ့အခါ တိုင်းနဲ့ပြည်နယ်တွေကို အကြောင်းကြားမှာပါ။ ဒီလထဲမှာတော့ မဖြစ်နိုင်တော့ပါဘူး။ နောင် အဆင်ပြေတဲ့အချိန် သင်္ကြန်မတိုင်ခင်လောက်ပဲ ဖြစ်မလား၊ သင်္ကြန်ပြီးမှပဲ ဖြစ်မလားတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာလည်း ဆက်သွယ်ရေး အခက်အခဲတွေ၊ သွားရေးလာရေး အခက်အခဲတွေ ရှိတော့၊ သင်္ကြန်ကာလလည်း ပိတ်ဦးမယ်ဆိုတော့ ခန့်မှန်းလို့တော့ မရသေးဘူး။ ၂ လအတွင်းမှာတော့ ခေါ်ဖို့အကြောင်း ရှိပါလိမ့်မယ်။”

CEC အဖွဲ့အနေနဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တွေ CC တွေကို အထူးတလည် တာဝန်သတ်မှန်ပြီး ပေးထားတာ ရှိပါပြီလား။

“မရှိပါဘူး။ ဖွဲ့စည်းရေး လမ်းညွှန်မှာလည်း CC တွေ ဘယ်လိုတာဝန်ထမ်းရမယ် ဆိုတာကို အတိအကျ သတ်မှတ်ထားတာ မရှိပါဘူး။ ရွေးပြီးတော့ CC အစည်းအဝေး ခေါ်ပြီးတဲ့အခါမှာ တိုင်းနဲ့ပြည်နယ်အလိုက် တင်ပြလာတဲ့ လိုအပ်ချက်တွေကို ကြည့်ပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စတွေကို ခွဲဝေ တာဝန်ပေးဖို့ ဖြစ်လာမှာပါ။ အဲဒီအခါမှာ ညှိနှိုင်းပြီးတော့မှ ဘယ်လိုပုံသဏ္ဌာန်နဲ့ သွားမယ်ဆိုတာကို မူတခုချပြီးတော့ ပေးသွားဖို့အကြောင်း ရှိလာပါလိမ့်မယ်။ အဲဒါကလည်း CC တွေနဲ့ တွေ့ဆုံပြီးတဲ့အခါမှာ ညှိနှိုင်းဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်အရ တာဝန်ပေးအပ်ရမှာ ဖြစ်ပါတယ်။”

ဗဟိုဦးစီးအဖွဲ့ဝင် ၁၀၀ ကျော် အခု ရွေးချယ်ပြီးပြီဆိုတော့ ရှေ့ဆက်ပြီး NLD ရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အလားအလာကို နည်းနည်း ပြောပြပေးပါ။

“ရွေးတာကတော့ ၁၀၀ ရွေးလိုက်တာပါပဲ၊ ဒါပေမဲ့ အရန်က ၈ ဦး ပါပါသေးတယ်။ ၈ ဦးကလည်း စာရင်းဝင်ပါပဲ။ သူတို့ဟာ နောင်အခါမှာ CC ထဲကို ထည့်ဖို့အတွက် လျာထားပြီး ကြိုပြီးရွေးထားတဲ့ Waiting List ပေါ့လေ။ ဒါပေမဲ့ သူတို့က အစည်းအဝေးတွေမှာ မဲပေးနိုင်ခွင့်သာ မရှိတာ၊ အဆိုပြုခြင်း၊ ဆုံးဖြတ်ခြင်းတွေထိတော့ ဆောင်ရွက်နိုင်တဲ့ ပုဂ္ဂိုလ်တွေပါ။ ဒီဟာကို ရှေ့လျှောက်ပြီး အခြေခံ မြို့နယ်၊ တိုင်းတွေ၊ ပြည်နယ်တွေမှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အဖွဲ့ဝင်တွေ အတွက်ရော ပြည်သူတွေအထိပါ နိုင်ငံရေး သက်ရောက်မှုတွေကို ဆောင်ရွက်ပေးမှာပါ၊ CC တွေက တဆင့်ပေါ့လေ။

“CC ဆိုတာက ဗဟိုနဲ့ အခြေခံ အဖွဲ့တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မယ့် အခွင့်အရေး ရနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တာမို့ တိုင်းနဲ့ပြည်နယ် အဖွဲ့အစည်းတွေရဲ့ တင်ပြချက်တွေ စောင့်စရာ မလိုပါဘူး။ ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှု ရှိမှာမို့ CC တွေ အသစ်ဖွဲ့စည်းလိုက်တဲ့ဟာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အင်မတန်မှ အင်အားတရပ် ဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

VOA

No comments: