-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, March 18, 2010

ဝင်းဖေ လွယ်အိတ် ၁၉


ဘီဘီစီ ပင်တိုင်ကဏ္ဍ
ဝင်းဖေ
မတ် ၁၇၊ ၂၀၁၀
သောတရှင်များခင်ဗျား …
ပြီးခဲ့တဲ့အပတ်က ကျနော်နဲ့ ပေါ်ဦးသက်တို့ ပန်းချီရေးကြတဲ့အကြောင်းတွေ နည်းနည်းပါးပါး တင်ပြခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာပန်းချီလောကပြန်ပြီး သက်ဝင်လှုပ်ရှားလာတော့ စစ်ကြီးမဖြစ်ခင်ကနဲ့ သိပ်ပြီး ထူးထူးခြားခြား အပြောင်းအလဲမရှိလှပါဘူး။
ဒုတိယကမ္ဘာစစ် မတိုင်ခင်က မြန်မာပန်းချီတွေဟာ ရှေးမြန်မာ့ရိုးရာပန်းချီတွေနဲ့ သိသိသာသာ လမ်းခွဲထွက်ခဲ့ပါတယ်။ ရှေးရိုးရာ မြန်မာပန်းချီတွေရဲ့ ထင်ရှားတဲ့လက္ခဏာတွေကတော့ အဓိကအားဖြင့် ကောက်ကြောင်းတွေကို အားကိုးတယ်။ တိုင်းရင်းဆေးရောင်တွေဟာ သိပ်အရောင်မစုံဘူး။ သဘာဝကို အတက်နိုင်ဆုံး တုပရေးဆွဲဖို့ သိပ်မကြိုးစားဘူး။ အနီးအဝေး သဘောတရားတွေ၊ ထုထည်သဘောတရားတွေကို မြည်ကာမတ္တပဲ ဖော်ကျူးကြတယ်။ ရှေးမြန်မာပန်းချီ အမြောက်အများကို ဘုရားပုထိုးတွေက ဂူနံရံတွေမှာ အများဆုံး တွေ့နိုင်တယ်။ နောက် ပုရပိုက်တွေထဲမှာ တွေ့နိုင်တယ်။ လူနေအိမ်တွေ၊ မင်းစိုးရာဇာအိမ်တွေ၊ နန်းတော်တွေမှာ ပန်းချီကားကြီးတွေကို တခမ်းတနား ချိတ်ဆွဲတဲ့ အလေ့အထ အလွန်နည်းပါးခဲ့ပါတယ်။
နောက်ပိုင်းခေတ် ဘုန်းကြီးပျံလောင်တိုက်တွေမှာတော့ စပ်ပန်းချီနဲ့ရောပြီးတော့ ပန်းချီကားတွေ အများကြီးရေးဆွဲ ထည့်သွင်းကြတယ်လို့ ဆိုပါတယ်။ ကောင်းတဲ့လက်ရာတွေကိုတော့ ဘုန်းကြီးပျံနဲ့အတူ မစွန့်ပစ်လိုက်ကြဘဲနဲ့ ဘုန်းကြီးကျောင်းတွေမှာ ထိန်းသိမ်းထားခဲ့ကြပါတယ်။
နောက်တော့ အနောက်တိုင်းနယ်ချဲ့တွေနဲ့အတူ ပထမ အမျိုးအစား ကောင်းတဲ့ ရေဆေးတို့၊ မြေဆေးတို့၊ ဆီဆေး ရောင်စုံတွေ ဝင်လာပါတယ်။ အဲဒီဆေးအရောင်စုံတွေကို သုံးပြီးတော့ကာ ရှေးရိုးရာ မြန်မာ့ပန်းချီဆရာကြီးတွေက မြန်မာနည်း မြန်မာဟန်နဲ့ပဲ ရေးဆွဲကြပါသေးတယ်။
နောက်တော့ အနောက်နိုင်ငံသား နယ်ချဲ့အရာရှိဝန်ထမ်းတွေထဲမှာပဲ ပန်းချီရေးတဲ့သူတွေပါလာပြီးတော့ ရေးဆွဲကြတာကို မြန်မာတွေမြင်တော့ အတုမြင် အတတ်သင် ပြောင်းလဲရေးဆွဲကြပြန်ပါတယ်။ အထူးသဖြင့် အုပ်ချုပ်သူ အင်္ဂလိပ်တွေကလည်း မြန်မာတွေကို အနောက်တိုင်းက သူတို့နည်းပညာတွေကို သင်ပေးကြပါတယ်။ အဓိကအားဖြင့်ကတော့ သဘာဝပုံတူတွေကို ရေးကြတာပါပဲ။ တောတောင်ရေမြေ ရှုခင်းပုံတွေ၊ ဘုရား ပုထိုး စေတီ အဆောက်အဦတွေ၊ လူပုံ တရိစ္ဆာန်ပုံ စတဲ့ ပုံတူတွေကို ကြိုးစားပြီး ရေးကြတာပါပဲ။ လက်ရာတွေလည်း အတော်ကြီးကို ကောင်းလာလို့ နိုင်ငံခြားသားတွေက အများကြီး ဝယ်ယူစုဆောင်း အားပေးကြပါတယ်။ ချမ်းသာပြည့်စုံတဲ့ မြန်မာထဲက ဝယ်ယူစုဆောင်းတာကတော့ သိပ်နည်းပါတယ်။ ခုခေတ်လည်း မြန်မာတွေဟာ ပန်းချီကားဝယ်ယူ ထိန်းသိမ်းခံစားတဲ့ အလေ့အကျင့် နည်းပါးပါသေးတယ်။
ဒုတိယကမ္ဘာစစ်မဖြစ်မီက မြန်မာပန်းချီလက်ရာကောင်း အမြောက်အများဟာ နိုင်ငံခြားသားတွေလက်ထဲ ပါသွားတာပါပဲ။ မြန်မာ့ရိုးရာကနေပြီးတော့ အနောက်တိုင်းနည်းစနစ်တွေကို ပြောင်းသွားတဲ့နေရာမှာ ပြောင်းလဲတာဟာ မှန်ပေမယ့် ပုံမှန်တိုးတက်သွားတာတော့ မဟုတ်ပါဘူး။ အနောက်တိုင်းနည်းစနစ်တွေကို ပြောင်းလဲလေ့လာကြတဲ့နေရာမှာ အတွေးအခေါ်ကိုရယူတာ အားနည်းပါတယ်။ အနောက်တိုင်း တွေးခေါ်ပုံ တွေးခေါ်နည်းကိုပါ အလေးအနက်ထားခဲ့ရင် မြန်မာပန်းချီဆရာတွေဟာ မြန်မာ့နည်း မြန်မာ့ဟန် ရိုးရာအနုပညာကို လွယ်လွယ်နဲ့ စွန့်ပစ်ထားခဲ့ကြမယ် မဟုတ်ပါဘူး။ မြန်မာ့နည်း မြန်မာ့ဟန်မှာ အလှ သီးခြားရှိနေပါတယ်။
ဒါပေမယ့် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်းလောက်မှာ ပန်းချီအောင်စိုးလို့ အများသိကြတဲ့ ဦးအောင်စိုးဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ ရာဘင်ဒြာနတ်တဂိုး တည်ထောင်တဲ့ စာနိနိက္ကတန် တက္ကသိုလ်ကိုသွားပြီးတော့ ပန်းချီပညာ သင်ကြားခွင့်ရခဲ့ပါတယ်။ ပြန်လာတဲ့အခါ အိန္ဒိယတက္ကသိုလ်က အိန္ဒိယရိုးရာပန်းချီကို တန်ဖိုးထား နားလည်လက်ခံပြီးတော့ အတွေးအခေါ်နဲ့ ကိုယ်ပိုင်စေတနာ စိတ်ခံစားမှုတွေကို ထည့်သွင်းရေးဆွဲတဲ့ နည်းပညာတွေကို သင်ယူရရှိခဲ့ပါတယ်။ သူ့ အယူအဆတွေကို မြန်မာမဂ္ဂဇင်း သရုပ်ဖော်ပုံတွေရေးဆွဲရင်း ဖော်ကျူးတင်ပြနိုင်တဲ့အတွက် မြန်မာခေတ်သစ် ပန်းချီ ကဏ္ဍတရပ် စတင်ပေါ်ပေါက်လာပါတယ်။
ပန်းချီအောင်စိုးထက်စောပြီးတော့ ကမ္ဘာ့ခေတ်သစ် ပန်းချီအတွေးအခေါ်တွေကို လေ့လာစူးစမ်းခဲ့သူကတော့ မန္တလေးမြို့က ရွှေဘို ဒဇယ်မြို့သား ဘဏ်မန်နေဂျာ ဦးခင်မောင်ဖြစ်ပါတယ်။ ပန်းချီအောင်စိုးကို အမျှော်အမြင်ရှိရှိနဲ့ စာနိနက္ကတန် တက္ကသိုလ်ကိုသွားဖို့ အကြံပေးတိုက်တွန်းသူတွေကတော့ မြန်မာကဗျာဆရာကြီးများဖြစ်ကြတဲ့ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ ဖြစ်ကြပါတယ်။
ဆရာအောင်စိုးလက်ကိုင်ပြုတဲ့ ပန်းချီဝါဒရဲ့ အဓိကထူးခြားမှုကတော့ ပိုမိုလွတ်လပ်ပြီး ရဲရင့်လာခြင်းပဲဖြစ်ပါတယ်။ သူလိုပဲ လွတ်လပ်မှုကိုရယူသူ နောက်တယောက်ကတော့ ပန်းချီနန်းဝေဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူလည်းပဲ ဆရာဇော်ဂျီနဲ့ ဆရာမင်းသုဝဏ်တို့ရဲ့ တပည့်ရင်းတယောက်ဖြစ်နေပါတယ်။ ပန်းချီအောင်စိုးဟာ သူ့ရဲ့အတွေးအမြင်သစ် တွေကို အပျော်တမ်းပန်းချီရေးဆွဲတဲ့ ဘဏ်မန်နေဂျာဦးခင်မောင်ထံမှာ ဆက်လက်ဆည်းပူးပါတယ်။ ဆရာဦးခင်မောင်ကတော့ ဒုတိယကမ္ဘာစစ် မဖြစ်ခင်ကတည်းက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဖိုင်းနန့်စကူး က စာပေးစာယူသင်တန်းကို မှာယူသင်ကြားခဲ့ပါတယ်။
ပန်းချီအောင်စိုးရဲ့ ပန်းချီဝါဒကို စိတ္တဇပန်းချီလို့ မြန်မာမှုပြု ဘာသာပြန်ခဲ့တဲ့အတွက် နောက်ဆက်တွဲ ရှုတ်ထွေးမှု အကျိုးဆက်တွေ အများကြီးဖြစ်ခဲ့ပါတယ်။ ဘာသာပြန်တဲ့သူတွေက အင်္ဂလိပ်လို Abstract art ဆိုတာကို အခြေခံပြီး ဘာသာပြန်ကြတာပါ။ ဒါပေမယ့် အများကတော့ Abstract (စိတ္တဇ) ဆိုတဲ့စကားကိုကောက်ပြီးတော့ အရူးပန်းချီ လို့ ဘာသာထပ်ပြန်ရာကနေ အကုန်လုံး ရော်တိရော်ရွတ်တွေ ဖြစ်ကုန်တော့တာပါပဲ။ အခုထိလည်း အဲဒီပြဿနာဟာ မြန်မာပြည်မှာ ကြီးထွားနေဆဲဖြစ်ပါတယ်။
မြန်မာခေတ်သစ်ပန်းချီလှုပ်ရှားမှုမှာ ပထမမျိုးဆက်ဖြစ်တဲ့ ဘဏ်ဦးခင်မောင်၊ ပန်းချီအောင်စိုး၊ ဦးနန်းဝေတို့ပြီးတဲ့နောက် ဒုတိယမျိုးဆက်မှာ ပေါ်ဦးသက်၊ ဗိသုကာခင်မောင်ရင်နဲ့ ဝင်းဖေ (ကျနော်ကိုယ်တိုင်) ပါဝင်ပါတယ်။ ကျနော်တို့ကဏ္ဍကို နောက်အပတ်မှာ သီးခြားတင်ပြပါမယ်။
ကျန်းမာ ချမ်းသာကြပါစေ။ ကျနော် ဝင်းဖေပါ။
© 2010 MoeMaKa Radio & Multimedia

No comments: