-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, March 11, 2010

ကော်မရှင်လူကြီးများစာရင်း စစ်အစိုးရ ထုတ်ပြန်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မတ်လ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၅ မိနစ် .
ချင်းမိုင် ။ ။ မြန်မာ့ရုပ်မြင်သံကြားက အဖွဲ့ဝင် ၁၇ ဦးပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ယနေ့ညနေက ကြေညာလိုက်သည်။

ကော်မရှင်သည် ယခုနှစ်အတွင်း ကျင်းပမည့် အငြင်းပွားဖွယ်ရာ နိုင်ငံတဝှမ်း ရွေးကောက်ပွဲကို ကြီးကြပ်ကွပ်ကဲမည် ဖြစ်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက လက်မှတ်ရေးထိုး ထုတ်ပြန်သော ကြေညာချက်တွင် တရားရုံးချုပ်မှ ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး၊ အဖွဲ့ဝင်များတွင် အမျိုးသမီး နှစ်ဦးဖြစ်သော ဒေါက်တာမြင့်ကြည်နှင့် ဒေါ်ခင်လှမြင့်တို့ ပါဝင်သည်။

ကျန်သော အဖွဲ့ဝင်များမှာ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစိုးဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွန့်တင်၊ ဦးမောင်သာလှ၊ ဦးစိုင်းခုမ်လှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဋ္ဌေးနှင့် ဦးဝင်းကြည်တို့ ဖြစ်ကြသည်။

ဦးသိန်းစိုးမှာ တရားရုံးချုပ်သို့ ရွှေ့ပြောင်း၍ တာဝန်ထမ်းဆောင်မှု မပြုခင်က စစ်ဥပဒေချုပ်ရုံးတွင် ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဒေါက်တာ တင်အောင်အေးသည်လည်း တရားရုံးချုပ် တရားသူကြီးဖြစ်ပြီး၊ ဦးသိန်းစိုးနှင့် ဒေါက်တာတင်အောင်အေးတို့ နှစ်ဦးစလုံးမှာ လက်ရှိ တာဝန်ထမ်းဆောင်ဆဲဖြစ်ကြောင်း မကြာသေးခင်က ထုတ်ပြန်သော သတင်းများတွင် ပါရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက နေအိမ်အကျယ်ချုပ်ကာလ စည်းကမ်းချိုးဖောက်သည်ဆိုကာ သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်သွင်းရာ တရားရုံးချုပ်က ပယ်ချထားခဲ့သည်။ အမေရိကန်တဦး ရေကူး၍ ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ခိုးဝင်ပြီး တွေ့ဆုံရန် ကြိုးစားရာက အမှုဖြစ်လာခဲ့သည်။ နောက်ထပ်တဆင့် အယူခံကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က တင်ရန်ရှိရာ ဦးသိန်းစိုး ခေါင်းဆောင်သော တရားသူကြီး ၃ ဦးပါသည့် အဖွဲ့နှင့် တွေ့ဆုံရမည် ဖြစ်သည်။

ယနေ့အထိ စစ်အစိုးရက ရွေးကောက်ပွဲနှင့် သက်ဆိုင်သော ဥပဒေ ၄ ခုကို ထုတ်ပြန်ပြီးဖြစ်ပြီး၊ အတိုက်အခံ နိုင်ငံရေးပါတီ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်အောင် ဆိုးရွားစွာ တားမြစ်မှုများ ပါရှိသည်။

No comments: