-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, March 23, 2010

ဒေါ်စုနှင့် တွေ့ဆုံခွင့်ပြုရန် NLD ထပ်မံတောင်းဆို


မြင့်မောင် | တနင်္လာနေ့၊ မတ်လ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၂ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တွေ့ဆုံခွင့်ပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရထံသို့ ယခုလ ၁၇ ရက်နေ့တွင် ထပ်မံတောင်းဆိုခဲ့ကြောင်း ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင် ၁၇ ဦး တက်ရောက်သည့် ယနေ့ အစည်းအဝေးတွင် စစ်အစိုးရထံ ထိုသို့သော ထပ်မံတောင်းဆိုချက်နှင့် ပတ်သက်၍ အများပြည်သူ သိရှိရန် သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“တွေ့ဆုံခွင့် ပြုဖို့အတွက် တောင်းဆိုထားတဲ့ စာကို ဒီနေ့ ထုတ်ပြန်တာပါ။ ၁၇ ရက်နေ့က နအဖ ဥက္ကဋ္ဌ ဆီကို ပို့ထားတဲ့ စာပါ။ ဒီနေ့ ပြည်သူလူထုသိအောင် ကြေညာလိုက်တာ ဖြစ်ပါတယ်။ အခုအချိန်ဟာ ပါတီအတွက် အရေးကြီးတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ CEC တွေ့ ဆုံခွင့် ပြုဖို့ တောင်းဆိုတယ်” ဟု CEC အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ယခင်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC က ထိုသို့သော တောင်းဆိုချက်မျိုး ရှိခဲ့သော်လည်း စစ်အစိုးရဘက်က တစုံတရာ တုံ့ပြန်ခြင်း၊ လိုက်လျောခြင်းမျိုး မရှိခဲ့ရာမှ ယခုလို ထပ်မံ၍ တောင်းဆိုရခြင်း ဖြစ်သည်။

ဤသည်မှာ လက်ရှိ CEC အဖွဲ့ဝင် ဦးရေ ၂ဝ ရှိသည့်အနက် အဖွဲ့ဝင်ဟောင်းများဖြစ်သည့် ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးလွန်းတင်၊ ဦးလွင်၊ ဦးသန်းထွန်း၊ သခင်စိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေတို့နှင့် တွေ့ဆုံခွင့်ပြုရေး ဖြစ်သည်။

ယနေ့ အစည်းအဝေးသို့ ကျန်းမာရေးမကောင်းသည့် ပါတီအတွင်းရေးမှူး ဦးလွင်၊ ဦးလွန်းတင်နှင့် နေအိမ်တွင် အထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ ကျန်အဖွဲ့ဝင် အားလုံး တက်ရောက်ကြသည်။

စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပရန်အတွက် ယခုလ ဒုတိယအပတ်မှ စတင်ကာ ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့ပြီးနောက် ယခုလ ၁၉ ရက်နေ့မှ စတင်၍ ရက် ၆ဝ အတွင်း ပါတီများ မှတ်ပုံတင်ရမည်ဟု ဆိုထားသည်။

NLD ကမူ ရွေးကောက်ပွဲ ကော်မရှင်တွင် ပြန်လည်၍ မှတ်ပုံတင်သင့်၊ မတင်သင့်နှင့်ပတ်သက်၍ CEC နှင့် တိုင်း/ပြည်နယ် ကိုယ်စားပြု ဗဟိုဦးစီး CC အဖွဲ့ဝင် ဦးရေ ၁ဝဝ နှင့် ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ဦးအုန်းကြိုင်က “၂၉ ရက်နေ့ CC အစည်းအဝေးမှာ ပြည်နယ်နဲ့ တိုင်းက ဆွေးနွေးချက်တွေကို ကျနော်တို့ နားထောင်မယ်။ ဆွေးနွေးချက်တွေ မူတည်ပြီးတော့မှ ဘယ်လိုဆုံးဖြတ်သွားမလဲ ဆိုတာကို ထပ်ပြီး စဉ်းစားမယ်ဆိုပြီး နည်းနည်း သဘောထားပြောင်းပြီး ဆုံးဖြတ်တယ်” ဟု ပြောသည်။

© Copyright 1998 - 2009 Mizzima News. All Rights Reserved

No comments: