-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Thursday, March 11, 2010

စစ်အစိုးရလုပ်ရပ် အန်အယ်ဒီ မကျေနပ်


မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၁ မိနစ် .

စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် လုံးဝကျေနပ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောလိုက်ပြီး အခက်အခဲအကျပ်အတည်းတွေ့အောင် လုပ်လိုက်သော ပြဌာန်းချက်ဟု ပါတီပြန်ကြားရေးမှ ဦးဥာဏ်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီ စီအီးစီများ တွေ့ဆုံအဖြေရှာမည်ဖြစ်ရာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ မဇ္ဈိမက ဦးဥာဏ်ဝင်းနှင့် ပါတီ၏ဥပဒေအကြံပေး ဦးအောင်သိန်းတို့ကို ဆက်သွယ်မေးမြန်းထားသည်။

ရှေ့နေ ဦးဥာဏ်ဝင်း
ဗဟိုအလုပ်အမှုဆောင်ဝင်နှင့် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်

နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေ ပြဋ္ဌာန်းတဲ့အပေါ် အန်ကယ်တို့ ပါတီအနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။

''ဒီဥပဒေကတော့ ဒီမိုကရေစီ လိုလားတဲ့ ပါတီတွေ၊ NLD အပါအဝင် အားလုံးကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက် ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ပါမယ် ဆိုတဲ့ ဝန်ခံချက်နဲ့ မှတ်ပုံတင်ရမှာ ဖြစ်တယ်။ ကျနော်တို့ လုံးဝ လက်မခံနိုင်တဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဝန်ခံရမယ်ဆိုတော့ ဒီဟာက အင်မတန်ကြီးမားတဲ့ အခက်အခဲလို့ ကျနော် ပြောချင်တယ်''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၂ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

''ဒါကလည်း တကယ့်ကို အကျပ်အတည်း ဖြစ်စေတဲ့ ပြဋ္ဌာန်းချက်ပဲ။ ဒီလို ပြဋ္ဌာန်းချက်မျိုး ကျနော်တို့ အတွေ့အကြုံအရ နိုင်ငံတကာမှာ တခါမှ မတွေ့ဖူးဘူး။ အဲဒီတော့ ဒီဟာက ဒီတိုင်းပြည်တွင်းမှာ ပါတီတွေကို ထိန်းချုပ်ဖို့၊ ပါတီတွေကို ကန့်သတ်ဖို့ ကျိုးစားဆောင်ရွက်တဲ့ လုပ်ရပ်လို့ ကျနော် အဲဒီလို မြင်ပါတယ်''

ဒီဥပဒေအရဆိုရင် NLD ပါတီဝင်တွေအနေနဲ့ ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲဗျ။

''ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင် အားလုံး စုံညီအစည်းအဝေး ကျင်းပနိုင်ဖို့ ကြိုးစားမယ်လို့ ဒီကနေ အကြမ်းဖျဉ်း သဘောတူထားပါတယ်''

ဒီဥပဒေလမ်းကြောင်းအရ NLD ပါတီအနေနဲ့ အကျဉ်းအကျပ်ထဲ ရောက်နေချိန်မှာ ရှေ့ဆက် ဘယ်လိုမျိုး လုပ်ဖို့ ရှိပါသလဲ။

''အကျဉ်းအကျပ်ထဲက ကျော်ဖြတ်ဖို့ လုပ်ရမှာပဲ။ ဘယ်လိုလုပ်မယ်ဆိုတာ ကျနော်တို့ အစည်းအဝေး မထိုင်သေးဘူး။ စုံညီအစည်းအဝေး မလုပ်နိုင်သေးဘူး။ ဒီအချိန်မှာ ဒါကို မပြောနိုင်သေးပါဘူး''

ဒီဥပဒေနဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ ကျေနပ်မှု ရှိပါသလား။

''ဒီ ဥပဒေနဲ့ ပတ်သက်ပြီးတော့ လုံးဝ မကျေနပ်ပါဘူး''

++++++++++++++++++++++++++++++++++++

ဦးအောင်သိန်း
(ဥပဒေ အကြံပေး)
ရန်ကုန်

နိုင်ငံတကာက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် နိုင်ငံရေးသမားတွေ လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံခြင်း ဥပဒေကတော့ အဲဒီလို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူးဆိုထားပါတယ်။ အဲဒီအပေါ်မှာ အန်ကယ့်အနေနဲ့ ဥပဒေကြောင်းလမ်းအရ ဘယ်လို မြင်ပါသလဲ။

''နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာ မရှိဘူး။ နိုင်ငံရေး အကျဉ်းသား ဆိုတာကိုတောင် လက်မခံသလို၊ ထောင်ကျ အကျဉ်းသားတောင် ပါတီဝင်ခွင့် မရှိဘူး။ ထောင်ကျနေပေမယ့် ပါတီက တာဝန်ပေးထားတယ်ဆိုရင်လည်း မရဘူး။ အဲဒီလို လူတွေကို ပါတီထဲ ထည့်ထားလို့ မရဘူး။ ထောင်ကျနေတဲ့ အကျဉ်းသားတွေက အယူခံတက်တာတို့ဘာတို့ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်က ၃ နှစ်ကနေ၊ ၁ နှစ်ခွဲ ချထားတယ်။ အဲဒါ ၁ နှစ်ခွဲ ချထားသူတယောက်ဟာ သူဘယ်လိုနည်းနဲ့မှ ဝင်ခွင့် မရနိုင်ဘူး။ အယူခံတက်မယ်၊ တက်တဲ့ ကာလအတွင်းမှာ ပါတီထောင်မယ်၊ ပါတီစာရင်းတွေ သွင်းပြီးသွားပြီ၊ ပါတီထောင်ပြီးသွားပြီ၊ ရွေးကောက်ပွဲ ဝင်ပြီးသွားပြီဆိုရင် သူ့အနေနဲ့ ရွေးကောက်ပွဲကို ဝင်လို့ မရတော့ဘူး။ အယူခံ နိုင်ခဲ့ရင်လည်း ရွေးကောက်ပွဲဝင်လို့ မရတော့ဘူး။ အဲဒီလို ကန့်သတ်လိုက်တယ်''

၁၉၉ဝ ခုနှစ် ရွေးကောက်တုန်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လက်ရှိ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ဘယ်လိုမျိုး ကွားခြားချက် ရှိပါသလဲ။

''၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေတုန်းက ထောင်ကျအကျဉ်းသားတွေ ရွေးကောက်ပွဲ မဝင်ရဆိုတာ မပါဘူး။ ပါတီဝင် မဖြစ်ရဘူးဆိုတာ မပါဘူး။ ထောင်ကျနေတဲ့သူက ရွေးကောက်ပွဲ ဘယ်လိုလုပ် ဝင်လို့ရမှာလဲ။ ၂ဝ၁ဝ မှာ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေထဲမှ အယူခံ တင်ထားသူတိုင်း မဝင်ရဘူးဆိုတာက သူ့ရည်ညွှန်းချက်က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းတဲ့သဘော သက်ရောက်နေတယ်။ ပါတီထောင်လို့ မရဘူး။ နောက်တခါ ပါတီထောင်လို့ ရှိရင်လည်း ၃ မြို့နယ် ပါဝင်ရမယ်။ မြန်မာပြည် တပြည်လုံးဆိုရင် လူ ၁ဝဝဝ လက်မှတ် ရှိရမယ်။ ပြည်နယ်တခုမှာ ဝင်ပြိုင်မယ်ဆိုရင် လူဦးရေ ၅ဝဝ ရှိနေရမယ်ဆိုတဲ့ ဝန်ခံချက်တွေ ပေးရမယ်။ အရင် ရွေးကောက်ပွဲ ဥပဒေတို့၊ အရင် ကော်မရှင်တို့ထက် စာရင် အခုရွေးကောက်ပွဲ ဥပဒေနဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက ပိုပြီးတော့ တင်းကျပ်မှုတွေ ပိုများလာတယ်။ အချက်အလက်တွေ ပိုများလာတာကို တွေ့ရတယ်''

ဥပဒေကြောင်းလမ်းအရ အခုထုတ်ပြန်တဲ့ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွေက တရားမျှတမှု ရှိပါသလား။

''ဒီဥပဒေက ဒီမိုကရက်တစ် လမ်းကြောင်းပေါ် သွားနေတဲ့ ရွေးကောက်ပွဲ ပုံသဏ္ဍန်တော့ မပေါ်ပေါက်နိုင်ဘူးလို့ ခန့်မှန်းလို့ ရတယ်။ အခုထွက်လာမှတင် ခန့်မှန်းတာ မဟုတ်ပါဘူး။ ၂ဝဝ၈ ဖွဲ့စည်းအရ ကိုယ်၌ကိုက ဒီမိုကရက်တစ်လမ်းကို သွားနေတယ်လို့ ပြောလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင် တစုကနေပြီးတော့ သူ့အာဏာကို ပုံသဏ္ဍန် တမျိုးမျိုးနဲ့ ယူနီဖောင်း ဝတ်ကနေပြီးတော့ အရပ်ဝတ် ဝတ်ပြီးတော့ မရ၊ ရအောင် ဒေါင့်စုံ၊ ဘက်စုံကနေပြီးတော့ ချုပ်ကိုင်ထားမယ်ဆိုတဲ့ပုံ ပေါ်တာပေါ့နော်''

ပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွေထုတ်ပြန်ထားတဲ့ အခန်း၂ ၊ ပုဒ်မ ၆ မှာ ပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ ခင်ဗျာ။

''ပုဒ်မ ၆ က ဥပဒေနဲ့ မညီညွတ်ဘူး။ နိုင်ငံသားတယောက်ပဲ သူထောင်ကျနေလို့ ပါတီထဲ မဝင်ရဘူးလို့ ဖော်ပြတဲ့ ဟာကလည်း ဒီပါတီနဲ့ဆိုင်တဲ့ ကိစ္စတရပ်ပဲ။ ဒီဟာက ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်နဲ့ဆိုင်တဲ့ ကိစ္စရပ်မှ မဟုတ်ဘဲနဲ့။ သူ့ပါတီမှာ ထောင်ကျနေတဲ့ သူတယောက်ကို ပါတီဝင်အဖြစ် အသိအမှတ် ပြုရင်ပြုထားမှာပေါ့။ အဲဒီလို အသိအမှတ် မပြုရဘူးဆိုတာက ဘယ်လိုလုပ်ပြီး ဥပဒေနဲ့ ညီတယ်လို့ ဘယ်လို့ ပြောလို့ ရမှာလဲ''

ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပါဝင်တဲ့ အကျဉ်းကျခံနေရတဲ့ ပါတီဝင်တွေကို ပါတီတွင်းမှာ အဖွဲ့ဝင်အဖြစ် ဆက်ထားမယ်ဆိုရင် မတရားအသင်း ကြေညာမယ်ဆိုတဲ့ အချက်အပေါ်မှာရော ဘယ်လို မြင်ပါသလဲ။

''မတရားအသင်းဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အဖွဲ့အစည်းမှန်သမျှ မတရားအသင်း ထည့်မှာပဲလေ။ လက်နက်ဆွဲကိုင်တဲ့ သူပဲဖြစ်ဖြစ်၊ အစိုးရကို ပုန်ကန်တဲ့သူပဲ ဖြစ်ဖြစ်ပေါ့။ ထုတ်ပြန်ထားတဲ့ ရက်ပေါင်း ၉ဝ အတွင်းမှာ ပါတီထောင်ဖို့ စီစဉ်ရင် စီစဉ်၊ မစီစဉ်ဘူးဆိုရင် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းပစ်မယ်။ ပါတီဖြစ်အောင် ထောင်ရင်ထောင်၊ ဒါမှမဟုတ် မထောင်ရင်လည်း ထောင်လက်စ ပါတီအဖြစ်ကနေ ပါတီအဖြစ် အကျုံးမဝင်တော့ဘူးဆိုတဲ့ သဘော သက်ရောက်မှာပေါ့။ ရွေးကောက်ပွဲကိုလည်း အနည်းဆုံး ၃ မြို့နယ်မှာ အမတ်လောင်းအဖြစ် ဝင်ရမယ်။ ၃ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘူးဆိုရင် ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးဆိုတာ ပါတယ်။ အဲဒီဟာတွေက တသီးပုဂ္ဂလတောင်မှ ဝင်လုပ်ဖို့၊ သူ့ကို ကြိုက်လို့ ရွေးချင်တောင်မှ ပါတီတရပ်အနေနဲ့ ၃ မြို့နယ် ဝင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် အရွေးခံမယ့် သူတွေအနေနဲ့ ဘယ်လို လုပ်မလဲ။ အဲလိုလူတွေအတွက် စဉ်းစာရမယ့် အနေအထား ဖြစ်နေတယ်။ ပါတီအနေနဲ့ ထောင်တားရင်ပဲဖြစ်ဖြစ်၊ ထောင်မယ်ဆိုရင်ပဲဖြစ်ဖြစ် ရွေးကောက်ပွဲဝင်မယ့် ရည်ရွယ်ချက် ဖြစ်ရမယ်။ ရွေးကောက်ပွဲ မဝင်ဘဲနဲ့လည်း နိုင်ငံရေးပါတီ ထောင်လို့ မရဘူးဆိုတဲ့ သဘော ဖြစ်နေတယ်''

အတိုက်အခံ ပါတီကြီးဖြစ်တဲ့ NLD မှာ နိုင်ငံရေးကြောင့် အကျဉ်းကျနေရတဲ့သူတွေ ပါနေတယ်ဆိုတော့ အကျဉ်းကျခံရတဲ့သူတွေ ထုတ်ပယ်ရမယ်ဆိုတဲ့ အချက်အပေါ်မှာ ဘယ်လိုရှုမြင်ပါသလဲ။

''နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေး လုပ်ဖို့ပဲလေ။ နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေးလုပ်ဖို့ပဲလေ၊ နိုင်ငံရေးပါတီက သူရဲ့ နိုင်ငံရေး လုပ်ဆောင်ရမယ့်သူ၊ သူနဲ့ ပတ်သက်တဲ့သူ၊ သူရွေးချယ်ထားတဲ့သူ၊ သူ ပါတီဝင်အဖြစ်နဲ့ ရပ်တည်သင့်တဲ့သူ ဖြစ်ရင်လည်း၊ ထောင်ကျနေရင်လည်း၊ သူ့ပါတီတွင်းမှာ ရှိနေသကဲ့သို့ တာဝန်ကျေအဖြစ် သတ်မှတ်ပြီးတော့ သူ့သဘောထားတာက သူ့ပါတီတွင်း ရပိုင်ခွင့်ပဲလေ။ ပါတီတွင်း ရပိုင်ခွင့်ဟာ ရွေးကောက်ပွဲ ကိုယ်စားလှယ် ရွေးကောက်နည်းနဲ့ ရွေးချယ်သတ်မှတ်မယ်ဆိုရင် ဒါ သဘာဝ မကျဘူးလို့ပဲ ပြောချင်ပါတယ်''

လက်ရှိ ထုတ်ပြန်ထားတဲ့ ကြေညာချက်အပေါ် နိုင်ငံတကာက လက်ခံနိုင်မယ့် အနေအထား ရှိလား ခင်ဗျာ။

''ဒီဟာက ချုပ်ချယ်ကန့်သတ်မှု များလွန်းတဲ့ ဥပဒေလို့ ပြောလို့ရှိရင် မမှားပါဘူး။ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ အနေအထားတော့ ပေါ်ပေါက်မယ် မထင်ပါဘူး။ ဘာကြောင့်မို့လဲဆိုတော့ နိုင်ငံတကာက ပြောနေတာတွေ ရှိတယ်။ ဘန်ကီမွန်း (ကုလအတွင်းရေးမှူးချုပ်) က ပြောထားတာက အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမယ်ဆိုတာ ပါတယ်။ အခုဟာက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မှ မလွှတ်ပေးသေးတာ။ လွှတ်ပေးမယ်ဆိုရင်တောင် ကပ်ပြီးလွှတ်ပေးမယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ့် အခြေအနေ ဘယ်လိုမှ မမီနိုင်ဘူး''

No comments: