-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, March 9, 2010

အမြီးမနှန့်ကြပါနဲ့၊ စိတ်အေးအေးထားပြီး သော့ကိုင်တွေကို စောင့်ကြပါ


ဒေါက်တာလွဏ်းဆွေ


၉/ မတ် ၂၀၁၀


အမှတ်သည်းခြေနည်းပြီး မေ့လွယ်ပျောက်လွယ်တတ်တဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ (အားလုံးကို မဆိုလိုပါ) ရဲ့ စိတ်ဓာတ်ကို ဗိုလ်သန်းရွှေက အားနည်းချက်အနေနဲ့ ရှုမြင်ပြီး ကောင်းကောင်း အသုံးချတတ်လို့လား ဒါမှမဟုတ် ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ (ဤနေရာတွင်လည်း အားလုံးကို မဆိုလိုပါ) မှာ တန့်ကနဲဆို နန့်ကနဲ အမြီးနှန့်တတ်တဲ့ စရိုက်မျိုး ရှိတတ်တာကို ဗိုလ်သန်းရွှေက နောကြေနေလို့လား မပြောတတ်။ ရွှေဝါရောင်လက်သီး အချီကြီး မိပြီးကတည်းက ဗိုလ်သန်းရွှေတယောက် “ရွေးကောက်ပွဲ” ဆိုတဲ့ လေသံပစ်ပြီး သူတို့စစ်အုပ်စု ရင်ဆိုင်ရတဲ့ နိုင်ငံရေးအကျပ်အတည်းကို နည်းအမျိုးမျိုးနဲ့ ရှောင်ထွက် အလွတ်ရုန်းနေခဲ့တာ အခုအထိပဲ ဆိုပါတော့ …။

ရွှေဝါရောင်လက်သီးချက်သာ မမိခဲ့ရင် အခုအချိန်အထိ “ရွေးကောက်ပွဲ” ဆိုတာကို ဗိုလ်သန်းရွှေ လေသံတောင် ဟမှာ မဟုတ်သေးဘဲ အမျိုးသားညီလာခံဆိုတာကြီးကိုပဲ မေ့လောက်မှ တခါ ထထကျင်းပရင်း အရှိန်တက်နေတဲ့ သူ့ရဲ့ ဘုရင်ရူးရောဂါကို ဆက်လက်အကောင်အထည်ဖော်နေမှာ မုချပေပ။ ရွှေဝါရောင်မှာ ရုတ်တရက် အသက်ရှူကျပ်သွားလို့သာ (အသက်ပါ ပါသွားမှာစိုးတာနဲ့) အမျိုးသားညီလာခံကို တက်သုတ်ရိုက်ကျင်းပပြီး ရွေးကောက်ပွဲကျင်းပပေးပါမယ်လို့ ဗိုလ်သန်းရွှေ သွေးရူးသွေးတန်း ကတိပေးလိုက်တာပါ။

အဲဒီ ဗိုလ်သန်းရွှေပေးတဲ့ သွေးရူးသွေးတန်းကတိကို ကြားတာနဲ့ ရွေးကောက်ပွဲတော့ အမှန်တကယ် ကျင်းပတော့မှာပဲထင်ပြီး တန့်ကနဲဆို နန့်ကနဲ ဖြစ်တဲ့သူကဖြစ်၊ ၉၀ ရွေးကောက်ပွဲ မဲပေးခဲ့တာကို ကိုယ်နဲ့မဆိုင်တော့သလို အမှတ်သည်းခြေမရှိ မေ့လွယ်ပျောက်လွယ်သူက လွယ်နဲ့ ဖြစ်ကုန်ကြတာ စိတ်မကောင်းစရာပါပဲ။

မိုးဦးကျ ဖားတွေလို ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲ ဆိုင်းသံဗုံသံအောက်မှာ တအုံးအုံး တအွမ်အွမ်နဲ့ ဆူညံကခုန်နေလိုက်ကြတာ အခုဆိုရင် (မတ်လ ၈ ရက်၊ ညနေ ၄ နာရီမှာ) “ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော်ဥပဒေ၊ နိုင်ငံရေးပါတီဖွဲ့ခွင့်ဥပဒေ၊ အမျိုးသားလွှတ်တော်ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော်ဥပဒေ” တွေကို စစ်အုပ်စုက ထုတ်ပြန်လိုက်ပြီဆိုတော့ ပိုလို့တောင် ဆူညံကြတော့မယ်ထင်ပါရဲ့။ အဲဒီလို တန့်ကနဲ့ဆို နန့်ကနဲဆိုတဲ့ အုပ်စုထဲမှာ လေလှိုင်းက ဆရာတွေလည်း ထိပ်ဆုံးက ပါတယ်ဆိုရင် ရွှေစိတ်တော်များ ဆိုးကြဦးလေမလား (ဆိုးလည်း တတ်နိုင်ပေဘူးပ)။

တကယ်တမ်းမှာလည်း ရွေးကောက်ပွဲမုန့်ဆီကြော် ဘယ်ဆီနေမှန်းမသိခင် ရွေးကောက်ပွဲဆိုတဲ့ အနံ့ကို ပေးထားရုံပဲရှိသေး လေလှိုင်းတွေမှာ ညံစီနေခဲ့တာကိုးလေ။ အဲဒီ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုတဲ့ ဆွေးနွေးသုံးသပ်ချက်တွေကို နားဆင်ရင်း ဗိုလ်သန်းရွှေတယောက် နေပြည်တော်မှာ ဒူးလေးနှန့်ပြီး ပြုံးစိစိ လုပ်နေခဲ့မှာကို မြင်ယောင်သေးတော့။ လေလှိုင်းက ဆရာတွေ “၂၀၁၀ ရွေးကောက်ပွဲ” ဆိုတဲ့ ဟင်းလျာကို အမျိုးမျိုး အဖုံဖုံ ချက်ပြုတ်စားသောက်နေကြပုံများ ကုလားချက်ကော၊ တရုတ်ချက်ကော၊ ဗမာချက်ကော၊ ယိုးဒယားချက်ကော၊ ကိုရီးယားချက်ကော၊ ဂျပန်ချက်ကော၊ အနောက်တိုင်းချက်ကော၊ အမေရိကန်ချက်ကော၊ တောင်အာဖရိကချက်ကော စုံလို့ စုံလို့ပါပဲလို့လည်း ပြောလိုက်ချင်ရဲ့။

အဲသလို နည်းမျိုးစုံ ချက်ပြုတ်စားသောက်ပြီး အမြီးနှန့်နေကြရုံတင် မကသေးဘူး၊ ပြည်တွင်းထဲမှာ စစ်အုပ်စုကို လျှာနဲ့လျက်ပြီး ရွေးကောက်ပွဲအတွက် အမြီးနှန့်နေကြတဲ့ ဗုံမဟုတ် ပတ်မဟုတ် လူတွေကိုပါ အတင့်ရဲစွာ စင်တင်ပွဲထုတ်လာကြတာကိုလည်း လက်ပိုက်ကြည့်နေရတော့တဲ့ အခြေအနေ။ “အင်းပေါ့ဗျာ … ခင်ဗျားတို့က မိုက်ခွက်ကြီးတွေ ကိုင်ထားကြတာကိုး၊ လုပ်ကြပေါ့ဗျာ” လို့ကို ဘေးမဲ့ ပေးထားရတော့တဲ့ အခြေအနေ။ အဲဒီလို ဘေးမဲ့ပေးခဲ့ရတဲ့ ဖြစ်အင်တွေက မကြာသေးမီက ချင်းမိုင်မှာ ကျင်းပခဲ့တဲ့ မြန်မာ့သတင်းသမဂ္ဂ ညီလာခံစင်မြင့်အပေါ်အထိပဲ ဆိုပါတော့ …။

တကယ်ဆိုရင် ကျနော်တို့မှာ ၉၀ ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ခိုင်မာတဲ့ တိုက်ပွဲလက်နက်ကြီး ရှိနေခဲ့၊ ရှိနေဆဲပါ။ ဒီလက်နက်ကြီးဟာ မြေကြီးထဲ ကျင်းတူးမြှုပ်ပစ်ရတော့မယ့် အရာမဟုတ်ဘဲ ထိထိရောက်ရောက် အသုံးချ တိုက်ပွဲဝင်တတ်ရင် အချိန်မရွေး လိုရာပန်းတိုင်ကို ရောက်စေနိုင်တဲ့ အစွမ်းသတ္တိ အပြည့်ရှိနေဆဲပါ။ ဒီလက်နက်ကြီး အာနိသင် ထက်မြက်နေဆဲ ဆိုတာကို အထူးသဖြင့် နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကဏ္ဍမှာ ရှိနေသူတွေ မသိကျိုးကျွန်မပြုဖို့၊ မမေ့ဖို့နဲ့ ဘယ်ပုံဘယ်နည်း အသုံးချ တိုက်ပွဲဝင်ရင်ကောင်းမလဲဆိုတာကို အမြဲကြံဆနေဖို့ လိုပါတယ်။ တည့်တည့်ပြောရရင်တော့ ၉၀ မန်းဒိတ်ဆိုတဲ့ လက်နက်ဟာ ပြည်သူက ရန်မှန်သမျှကို ရှေ့ကနေ မားမားမတ်မတ် ဖြိုခွင်းတိုက်ပွဲဝင်ဖို့ ပေးထားတဲ့ လက်နက်ပါ။ ကျင်းတူးမြေမြှုပ်ပြီး ဖင်ခုထိုင်ဖို့ ပေးထားတဲ့ လက်နက်မဟုတ်ပါဘူး။

ဒါ့အပြင် တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်ဆိုရင် နအဖ စေလိုရာအတိုင်း အလျှော့ပေး လိုက်လျောလို့ မဖြစ်ဘူးဆိုတဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ ထောင်ကျတန်းကျခံ၊ ဘ၀အပျက်ခံပြီး စွန့်လွှတ်အနစ်နာခံနေကြတဲ့သူတွေ ထောင်နဲ့ချီ ရှိနေဆဲပါ။ အသေခံသွားကြတဲ့သူတွေလည်း မနည်းတော့ပါဘူး။ အဲဒီလို လက်နက်ကောင်းနဲ့ အနာခံ တိုက်ပွဲဝင်နေသူတွေ ရှိနေတာကို မေ့လွယ်ပျောက်လွယ် သဘောထားပြီး ဗိုလ်သန်းရွှေ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုင်းသံမှာ အမြီးဝင်နှန့် ဘရိတ်ဒန့်စ် ကနေကြတာဟာ သင့်တော်၏ မသင့်တော်၏ အလေးအနက် စဉ်းစားသင့်ကြပါတယ်။

အမြီးမနှန့်သင့်တဲ့ နောက်အကြောင်းတချက်က ဗိုလ်သန်းရွှေ လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲ (လုပ်ဖြစ်တယ်ဆိုရင်ပေါ့) ပြီးတဲ့နောက်မှာ ပေါ်ပေါက်လာမယ့် လွှတ်တော်ဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ပြဿနာအ၀၀ကို ဖြေရှင်းဆောင်ရွက် ပေးနိုင်မယ့် ပြည်သူ့လွှတ်တော်စစ်စစ်မဟုတ်ဘဲ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုအလိုကျ လက်ညှိုးထောင်ခေါင်းညိတ် လုပ်ပေးရမယ့် ရုပ်သေးလွှတ်တော်ပဲ ဖြစ်မှာမို့လို့ပါ (ဒါပေမယ့် လက်ညှိုးထောင် ခေါင်းညိတ်ရကျိုးနပ်အောင် လွှတ်တော်ခန်းမနဲ့တွဲရက် အနှိပ်ခန်း၊ ဇိမ်ခန်းလေးတွေ လိုလေသေးမရှိ ထားပေးကောင်း ထားပေးထားနိုင်ပါတယ်။ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုက အဲလိုမျိုးတော့ သဘောမနောကောင်းတတ်ပါတယ်)။

တကယ့် ပြည်သူ့လွှတ်တော်စစ်စစ်ကိုတော့ ဗိုလ်သန်းရွှေရဲ့ ခါးမှာချိတ်ထားတဲ့ သော့တချောင်းတည်းနဲ့ ဖွင့်လို့မရတာ အသေအချာပါ။ ဗိုလ်သန်းရွှေအပြင် အခြားသော့ကိုင်တွေအားလုံး စုံညီပါမှ ပြည်သူ့လွှတ်တော်စစ်စစ်ရဲ့ တံခါးမကြီးကို ဖွင့်လှစ်နိုင်မှာပါ။ အဲဒီပြည်သူ့လွှတ်တော်စစ်စစ်ကို ဖွင့်နိုင်မယ့် သော့ကိုင်တချို့ လောလောဆယ် ထောင်ထဲမှာ ရှိနေကြပါတယ်။ သေချာတာတခုက အဲဒီသော့တွေဟာ ဦးအောင်ရွှေမှာ မရှိဘူး။ ဦးလွင်မှာ မရှိဘူး။ ဦးသုဝေမှာ မရှိဘူး။ ဒေါ်ချိုချိုကျော်ငြိမ်းမှာ မရှိဘူး၊ အေးလွင်မှာ မရှိဘူး။ နေမျိုးဝေမှာ မရှိဘူး။ အခါတော်ပေး သခင်တင်မြတို့၊ မောင်စူးစမ်းတို့၊ ကျော်ဝင်းတို့၊ ဒေါက်တာနေ၀င်းမောင်တို့မှာလည်း မရှိပါဘူး။

ဘယ်သူတွေဆီမှာ ရှိတာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ရှိတယ်။ ဦးတင်ဦး၊ ဦးဝင်းတင်တို့ဆီမှာ ရှိတယ်။ ဦးခွန်ထွန်းဦး အပါအ၀င် ညီညွတ်သော တိုင်းရင်းသားမဟာမိတ်များအဖွဲ့က ခေါင်းဆောင်တွေဆီမှာ ရှိတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဆီမှာ ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေ စုံလင်ပါမှ ပြည်သူ့လွှတ်တော်စစ်စစ်ရဲ့ တံခါးမကြီးကို အောင်အောင်မြင်မြင်ဖွင့်ပြီး ၀င်နိုင်မှာဖြစ်လို့ အဲဒီသော့ကိုင်တွေအားလုံး အပြင်ကို စုံစုံညီညီ ရောက်တဲ့အချိန်အထိ စောင့်ကြဖို့ အကြံပြုလိုပါတယ်။ မြန်မြန် အပြင်ရောက်စေချင်ရင် စုစုစည်းစည်း တိုက်ပွဲဝင်ကြဖို့ လိုပါမယ်။

အဲသလိုမဟုတ်ဘဲ သော့ကိုင်တွေကို ချန်လှပ်ပြီး ဗိုလ်သန်းရွှေခါးမှာ ချိတ်ထားတဲ့ သော့တချောင်းတည်းနဲ့ပဲ ဖွင့်ဝင်မယ် ဆိုရင်တော့ ပြည်သူ့လွှတ်တော်စစ်စစ်ထဲ မရောက်ဘဲ ထောင်သာသာ အချုပ်ခန်းသာသာ လွှတ်တော်ထဲကိုပဲ ရောက်ပြီး ထိပ်တုံးခတ်ခံရတဲ့ အမတ်တွေ၊ လူစင်စစ်က ပုတ်သင်ညိုဘ၀ (ကံမကောင်း အကြောင်းမလှရင် စစ်အုပ်စု နဖားကြိုးထိုးသမျှ ရုန်းရတဲ့ နွားဘ၀) တွေကို ရောက်ကြပြီး ပြည်သူတွေလည်း စစ်ကျွန်အဖြစ် ရာသက်ပန် နွံနစ်ကြရတော့မှာ ဖြစ်ပါတယ်။

အဲဒါကြောင့်မို့ ဥပဒေလေးတွေ ထုတ်ပြန်ရုံနဲ့ ပါတီထောင်ဖို့ စိတ်မစောကြပါနဲ့။ ရွေးကောက်ပွဲဝင်ဖို့ စိတ်မလောကြပါနဲ့။ ဗိုလ်သန်းရွှေလည်း သူ့အခြေအနေ သူသိလို့ ရက်မကြေညာသေးပါဘူး။ စိတ်အေးအေးထားပြီး သော့ကိုင်တွေအားလုံး စုံစုံညီညီ အပြင်ရောက်ဖို့အတွက်သာ နည်းမျိုးစုံနဲ့ အကြံထုတ် တိုက်ပွဲဝင်ကြပါလို့ အမြီးနှန့်ချင်သူအပေါင်းအား စေတနာကောင်းနဲ့ ကြေညာမောင်းခတ်လိုက်ရပါတယ်။


::: Copyright © 2004 The New Era Journal

No comments: