-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, March 9, 2010

ဝင်းဖေ လွယ်အိတ် ၁၈


ဘီဘီစီ ပင်တိုင်ကဏ္ဍ
မတ် ၈၊ ၂၀၁၀

သောတရှင်များခင်ဗျား …

ပြီးခဲ့တဲ့ အပတ်က နိုင်ငံရေး ကာတွန်းဆရာ ပေါက်စကလေး ဝင်းဖေ ဘယ်လို ဘယ်လို ပိတ်ပင်တားဆီးခံခဲ့ရတယ်၊ အလုပ်ပြုတ်ခဲ့ရတယ်ဆိုတာကို တင်ပြခဲ့ပါတယ်။ ကျနော့်လို ပါမွှားတောင် ဆင်ဆာဒါဏ်ကို အဲဒီလောက်ခံခဲ့ရရင် စာရေးဆရာကြီးပေါင်း အမြောက်အများ အနုပညာသည်ပေါင်း အမြောက်အများ ဆင်ဆာဒါဏ်တွေကို ဘယ်လောက်များ ခံခဲ့ကြရမလဲ၊ ဘယ်လိုအလုပ်ပြုတ်ခဲ့ကြမလဲ၊ ထမင်းအိုးတွေဘယ်လောက်များ ကွဲခဲ့ကြမလဲဆိုတာ တွေးကြည့်ယုံနဲ့ သိနိုင်ပါတယ်။
လူတိုင်းလူတိုင်းမှာ မိမိတို့ခံစားချက်အတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်ဆိုတဲ့ တကမ္ဘာလုံးက လက်ခံထားတဲ့ လူ့အခြေခံအခွင့်အရေးဟာ မြန်မာစစ်အာဏာပိုင်များ လက်အောက်မှာတော့ “ပြောရဲ ပြောကြည့်လေ” ဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ ပြောရဲလို့ ပြောတဲ့လူတွေလည်း များလှပါပြီ၊ စစ်အာဏာပိုင်တွေမှာလည်း အ,ကုသိုလ်တွေ အပြစ်တွေ ကြီးလှပါပြီ။ နောက်ဆုံးကျတော့ မေတ္တာသုတ်ရွတ်တဲ့ သံဃာတွေကိုတောင် ရိုက်နှက် ပစ်ခတ်သတ်ဖြတ်တဲ့အထိ ကံကြီးထိုက်နေကြရှာပါပြီ။ အာဏာနဲ့ လာဘ်လာဘ စည်းစိမ်ဥစ္စာတွေကို ဆုံးရှုံးရတော့မှာကို အကြောက်လွန်တဲ့ ရောဂါပါပဲ။ အာဏာအလွဲသုံးစားလုပ်ပြီး ဆင်ဆာလုပ်တာအပြင် အောက်ခြေမှာ အသိဉာဏ်မရှိလို့ ခံကြရတဲ့ပြဿနာတွေကလည်း တပုံတပင်။ ငိုအားထက် ရယ်အားသန် စရာတွေအများကြီး။

မြန်မာစာပေလောကရဲ့ အဓိပတိ မီးရှူးတဆောင်ကြီးတဆူဖြစ်တဲ့ စာရေးဆရာကြီး ရွှေဥဒေါင်းကွယ်လွန်သွားပြီး မကြာခင်မှာ ဆရာကြီးကတော် ဒေါ်ကြီးစိုးက စာပေထုတ်ဝေရေး မှတ်ပုံတင်လျှောက်ဖို့ ကြိုးစားရှာပါတယ်။ ဒီတော့ စာပေထုတ်ဝေရေး မှတ်ပုံတင်ဌာနက ဆရာကြီးကတော် ဒေါ်ကြီးစိုးကို ဆရာကြီးရွှေဥဒေါင်းဟာ စာရေးဆရာတယောက်ဖြစ်တဲ့အကြောင်း သက်သေပြရမယ်လို့ တောင်းဆိုပါသတဲ့ ခင်ဗျား။ ရွှေဥဒေါင်းဆိုတာ အလွန်နာမည်ကြီးတဲ့ စာရေးဆရာကြီးတယောက်ဖြစ်တယ်ဆိုတာကိုတောင် မသိတဲ့သူတွေကို စာပေထုတ်ဝေခွင့် မှတ်ပုံတင်ဌာနမှာ တာဝန်ပေးထားမိတဲ့ပြဿနာပါပဲ။ ဗိုလ်ချုပ်နေဝင်းကို မြန်မာနိုင်ငံရဲ့ စစ်သေနာပတိချုပ်ဖြစ်ကြောင်း သက်သေပြပါလို့ ထောက်ခံစာသွားတောင်းမနေတာ ကံကောင်းလို့ ပြောရမလိုဖြစ်နေပါတယ်။

နောက်တခါကတော့ မှော်ဘီဆရာသိန်းကြီးရဲ့ စာမူတခုကို ဆင်ဆာက မကျေနပ်တဲ့အခါမှာ ထုတ်ဝေရေးသွားတင်တဲ့သူကို မှော်ဘီဆိုတာ သိပ်မဝေးပါဘူးဗျာ၊ ကျုပ်တို့မေးစရာကလေးရှိလို့ အဲဒီစာရေးဆရာကို ခေါ်ခဲ့ပါလို့ ပြောပါသတဲ့ ခင်ဗျား၊ မှော်ဘီဆရာသိန်းကြီးကိုတောင် မသိတဲ့သူနဲ့ သွားတိုးပြန်တာပါပဲ။ ပီမိုနင်း ဆိုတာ အားဆေးတမျိုးလို့ ထင်နေတဲ့သူတွေတောင်ရှိနေမယ့်ပုံပါပဲ ။

မြန်မာသိ ကမ္ဘာသိ ပန်းချီဆရာကြီး ပေါ်ဦးသက်ကိစ္စ ကျတော့မှ အထွတ်အထိပ်ကို ရောက်တော့တာပါပဲ။ ဆရာပေါ်ဦးသက်ကလည်း စာပေထုတ်ဝေခွင့် လျှောက်တဲ့ကိစ္စပါပဲ။ ပေါ်ဦးသက်က သူကိုယ်တိုင် လေ့လာဆည်းပူးထားတဲ့ ပန်းချီပညာတွေကို ရှင်းလင်းချက် သရုပ်ပြ ပန်းချီပုံတွေနဲ့ သပ်သပ်ရပ်ရပ် ကျကျနန ထုတ်ဝေချင်တာကိုး၊ ဒီတော့ ကိုယ်တိုင် စာအုပ်ထုတ်ဝေခွင့် မှတ်ပုံတင်လိုတာပေါ့လေ။ ဒါပေမယ့် တချို့ အတွေ့အကြုံရှိကြတဲ့ မိတ်ဆွေတွေက သွားမလျှောက်လေနဲ့၊ ဒီကိစ္စတွေက အတော်ကလေးရှုပ်တာ ခင်ဗျားတို့လို ရိုးရိုးအအကြီးတွေနဲ့ မလွယ်ဘူးလို့ပြောကြတာနဲ့ ပေါ်ဦးသက်လည်း အသာငြိမ်နေတာပါပဲ။

ဒါပေမယ့် စစ်တပ်ထဲမှာလည်း ပေါ်ဦးသက်ကို လေးစားခင်မင်ကြတဲ့ အရာရှိတွေကလည်း ရှိနေလေတော့ သူတို့အနေနဲ့ ပေါ်ဦးသက်ထုတ်ဝေချင်တဲ့ ပန်းချီပညာပေး စာအုပ်တွေ ထွက်လာမယ့်ကိစ္စကို သိပ်မျှော်လင့်ကြတယ်မဟုတ်လား၊ သူတို့က ဝိုင်းပြီးတိုက်တွန်းကြတာပေါ့၊ တခြားသူတွေအဖို့ ခက်တယ်ဆိုပေမယ့် ဆရာပေါ်ဦးသက်လို မြန်မာ့ဂုဏ်ဆောင် အနုပညာသည်တဦးအနေနဲ့ကတော့ ပြဿနာမရှိပါဘူး၊ ဘာညာနဲ့ တိုက်တွန်းကြတော့တာပေါ့။

ဒါနဲ့ပဲ ဆရာပေါ်ဦးသက်က သူ့ကိုယ်ပိုင် စာအုပ်ထုတ်ဝေရေး မှတ်ပုံတင်ကို ကိုယ်တိုင်ကိုယ်ကျ သက်ဆိုင်ရာရုံးကို သွားပြီးလျှောက်ပါတော့တယ်။ ထုံးစံအတိုင်း လိုအပ်တဲ့ ပန်းချီ ပန်းပု ကောင်စီ ထောက်ခံစာ၊ ဘာညာတွေအားလုံး ပါတာပေါ့၊ ဆရာကြီး ရွှေဥဒေါင်း ကတော် ဒေါ်ကြီးစိုးလိုပါပဲ။ ဒါပေမယ့် ဆရာကြီးရွှေဥဒေါင်းတုန်းကလို သူ့ကိုလည်း ပန်းချီဆရာဖြစ်ကြောင်း သက်သေပြပါ တဲ့။ ပေါ်ဦးသက်ကလည်း ဆရာကြီးကတော် ဒေါ်ကြီးစိုးရဲ့ ပုံပြင်ကို ကြားဖူးထားပြီးသားပါ။ မအံ့သြပါဘူး။ မတုန်လှုပ်ပါဘူး။ သူ ပန်းချီဆရာဖြစ်တဲ့အကြောင်း သက်သေပြရမယ်ဆိုရင် ချက်ချင်းပဲ ပြပါမယ်၊ အလွယ်ဆုံးနဲ့ အရှင်းဆုံးက အဲဒီ စာအုပ် ထုတ်ဝေရေး မှတ်ပုံတင်အရာရှိကြီးရဲ့ ပုံတူကို တထိုင်ထဲဆွဲပြလိုက်ဖို့ပါပဲတဲ့။

ပေါ်ဦးသက်ဆိုတာ သံအမတ်ကြီးတွေ ပုံကစပြီး ပုံတူပေါင်း အမြောက်အများ ရေးဆွဲခဲ့တဲ့ နာမည်ကျော် ပုံတူပန်းချီဆရာကြီးပေပဲ။ တိုတိုပဲ ပြောကြပါစို့။ အဲဒီ မှတ်ပုံတင်အရာရှိကြီးပုံကို ခဲနဲ့တောင် ရာမနေပါဘူး။ သူ့အိပ်ထဲမှာ အဆင်သင့်ပါလာတဲ့ ပန်းချီရေးတဲ့ ဖောင်တိန်နဲ့ ငါးမိနစ် အတွင်းပြီးအောင် ဆွဲပြလိုက်ပါသတဲ့။ အတော်ကြီးကိုတူလို့ အဲဒီရုံးက ရုံးဝန်ထမ်းတွေတောင် အံ့သြချီးမွန်းကြသတဲ့၊

ဒါပေမယ့် အရာရှိကြီးကတော့ ပေါ်ဦးသက်ဆွဲတဲ့ သူ့ပုံတူကိုကြည့်ပြီး ဒါလောက်ကတော့ လူတိုင်းဆွဲတတ်တာပေါ့လို့ ပြောပါသတဲ့။

ဇာတ်ပေါင်းလိုက်တော့ ပေါ်ဦးသက် စိတ်ပျက်သွားပြီး မှတ်ပုံတင်ခွင့်မလျှောက်တော့ပါဘူးတဲ့။ အကျိုးကတော့ ပေါ်ဦးသက်ရဲ့ ပန်းချီရေးနည်းစာအုပ်တွေ ထွက်မလာတော့တာပါပဲ၊ ပေါ်ဦးသက်ကတော့ ပြောပြပါတယ်။ သူ တွေ့ခဲ့ရတဲ့ အဲဒီ အရာရှိကြီးဟာ တကယ်ကို ပန်းချီအကြောင်း မသိတာပါတဲ့။ သူ့ပုံ တူတာ မတူတာလည်း မသိဘူး။ ပန်းချီအနုပညာရဲ့ အတိမ်အနက်ကိုလည်း ရိုးရိုးသားသားကို နားမလည်ရှာတာပါတဲ့။ ပန်းချီဆရာပေါ်ဦးသက်ကတော့ ရိုးရိုးသားသားပဲ အဲဒီ အရာရှိကြီးကို နားလည်ခွင့်လွှတ်သွားရှာပါတယ်။

ကြားထဲကနေပြီး ဒီပုံပြင်အကြောင်း ကြားကြတဲ့သူတွေကတော့ ခေတ်နဲ့ စနစ်ကို ကျိန်ဆဲကြတော့တာပေါ့၊ သူတို့မှာလည်း အပြစ်မရှိပါဘူး၊ ကျန်းမာချမ်းသာကြပါစေ။

ကျနော် ဝင်းဖေပါ။

© 2010 MoeMaKa Radio & Multimedia

No comments: