-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Friday, March 26, 2010

ဝင်းဖေ လွယ်အိတ် - ၂၀


ဘီဘီစီ ပင်တိုင်ကဏ္ဍဝင်းဖေ
မတ် ၂၅၊ ၂၀၁၀သောတရှင်များခင်ဗျား …
ပြီးခဲ့တဲ့အပတ်က မြန်မာခေတ်သစ်ပန်းချီသမိုင်းရဲ့ ပထမမျိုးဆက်အကြောင်း အကျဉ်းမျှတင်ပြခဲ့ပါတယ်။ ဒီတပတ်တော့ ဒုတိယမျိုးဆက်ဖြစ်တဲ့ ပေါ်ဦးသက် ခင်မောင်ရင်နဲ့ ဝင်းဖေတို့ အကြောင်းတင်ပြမှာပါ။ ပထမမျိုးဆက်နဲ့ တချိန်တည်းမှာ လွတ်လပ်ပြီးကျယ်ပြန့်တဲ့ ခေတ်သစ်ပန်းချီကို စမ်းသပ်တဲ့ အထင်ကရ မြန်မာပန်းချီဆရာကြီး ၂ ဦးရှိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီပန်းချီဆရာကြီးတွေက ခေတ်သစ်ပန်းချီအယူအဆတွေဟာ နိုင်ငံရေးအရ အရင်းရှင်တွေရဲ့ အနောက်ကမ္ဘာမှာ အခြေခံတယ်၊ ဖောက်ပြန်တဲ့သဘောတွေရှိနိုင်တယ်ဆိုပြီး စွန့်လွှတ်ရပ်တန့်သွားခဲ့ကြပါတယ်။ သူတို့ ၂ ဦး အနက်က တဦးကတော့ အသက်အရွယ်ကြီးလာပြီး ကွယ်လွန်ချိန်နီးတဲ့အခါကျမှ လွတ်လပ်ပြီးကျယ်ပြန့်တဲ့ အယူအဆတွေနဲ့ စမ်းသပ်ပန်းချီတွေ ပြန်လည်ရေးဆွဲပါတယ်။ ဒါပေမယ့် အလွန်နောက်ကျသွားပါတယ် ။ အဲဒီပန်းချီဆရာကြီး ၂ ဦး နိုင်ငံရေးကြောင့် အနုပညာကို နောက်တန်းပို့ခဲ့တဲ့အတွက် မြန်မာပြည်အတွက် အများကြီးနစ်နာပါတယ်။
ပေါ်ဦးသက်ဟာ ကျနော့်ထက် ၆ လလောက် ငယ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကကျန်ခဲ့တဲ့ လက်ပစ်ဗုံးဟောင်း တလုံးကြောင့် ငယ်စဉ်ကလေးဘဝကတည်းက ညာဘက်လက်တဖက် ဆုံးရှုံးခဲ့ရပါတယ်။ သူ့ဖခင်ပန်းချီဆရာကြီး ဦးလှကြီးက ဒုက္ခိတဖြစ်သွားရှာတဲ့သူ့သားကို သိပ်ချစ်တော့ သူ့သားကို အလွန်အကျွံအလိုလိုက်ပြီး ကျောင်းတက်ချင် တက် မတက်ချင်နေ ခွင့်ပြုထားခဲ့တာကြောင့် ကျောင်းနေနောက်ခဲ့ပါတယ်။ ကျနော်နဲ့ တကျောင်းတည်း အတူကြီးကြတာပါ။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ပန်းချီဆေးတွေ သိပ်ရှားပါတယ်။ ဒါပေမယ့် ကျနော့်ဘကြီးတယောက်က စိုက်ပျိုးရေးဌာနအရာရှိဟောင်းမို့ စစ်အတွင်းက ထိမ်းသိမ်းထားခဲ့တဲ့ ပန်းချီဆေးပစ္စည်းအကောင်းစားတွေ အများကြီးရှိပါတယ်။ ပန်းချီသိပ်ဝါသနာပါတဲ့ ကျနော်ရေးဆွဲဖို့ အဲဒီပန်းချီပစ္စည်းတွေကို ပေးပါတယ်။ ကျနော်က ပေါ်ဦးသက်နဲ့ ဝေမျှပြီး ရေးဆွဲကြပါတယ်။
ကျနော်နဲ့ ပေါ်ဦးသက်ဟာ အစိုးရအထက်တန်း ကျောင်းသား ပန်းချီဝါသနာရှင်ကလေးတွေဆိုပေမယ့် ပန်းချီရေးဆွဲတဲ့နှုန်းနဲ့ အဆင့်ကမြင့်တဲ့အတွက် ဒီတုန်းက မန္တလေးမြို့မှာရှိတဲ့ အထက်ဗမာပြည် ပန်းချီကလပ်သင်းကြီးရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင်ကလေးတွေဖြစ်နေကြပါပြီ။ အထက်တန်းကျောင်းပညာရေးမှာ ပန်းချီ သင်တန်းရှိပေမယ့် ကျနော်တို့ ၂ ယောက်ရဲ့ လေ့လာမှုအဆင့်က ကျောင်းသင်ပန်းချီသင်တန်းနဲ့ မလုံလောက်တော့ပါဘူး။
ဒါကြောင့် မန္တလေးမြို့က အလွန်အောင်မြင်ထင်ရှားတဲ့ ပန်းချီဆရာကြီးဦးဘသက်ဆီမှာ တပည့်ခံသင်ကြားကြရပါတယ်။ ကျနော်တို့ နှစ်ယောက်စလုံးရဲ့ အထက်တန်းကျောင်း ပန်းချီဆရာကြီးကတော့ ဦးထွန်းညွန့် ဖြစ်ပါတယ်။ နောက်တော့ ပန်းချီပညာဝန်ထောက် ဖြစ်လာပါတယ်။
ဆရာကြီးဦးဘသက်ရဲ့အကြောင်းကို သီးခြားတင်ပြပါ့မယ်။ ပန်းချီဆရာကြီး ဦးဘသက်ဟာ သမရိုးကျ ပန်းချီဆရာကြီးဆိုပေမယ့် ခေတ်အမြင်ခေတ် အတွေးတွေကို အစဉ်တစိုက် ကြံဆနေသူ ဖြစ်ပါတယ်။ ပန်းချီဆရာကြီးဦးခင်မောင်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေလည်းဖြစ် ဆရာလည်းဖြစ်ပါတယ်။
ကျနော်နဲ့ ပေါ်ဦးသက်က ဆရာကြီးဦးဘသက်ထံမှာသင်ကြားရင်း အသစ်အဆန်း စမ်းသပ်ဖန်တီးတဲ့ လက်စလက်နကလေးတွေ ပြလာကြပါတယ်။ ဒါ့ကြောင့် ဆရာကြီးဦးဘသက်က ကျနော်တို့ ၂ ယောက်ကို ဘဏ်ဦးခင်မောင်ထံကို အပ်လိုက်ပြန်ပါတယ်။ ဆရာဦးခင်မောင်က ခေတ်သစ်ပန်းချီနဲ့ပတ်သက်တဲ့ ဖတ်စရာ ကြည့်စရာ လေ့လာစရာစာအုပ်စာတမ်းတွေ အများကြီးပေးပါတယ်။ သူဖတ်ထားလေ့လာထားပြီးသားတွေ အမြောက်အများကိုလည်း ရှင်းလင်းသင်ကြားပြသပါတယ်။
ခင်မောင်ရင်ကတော့ ရန်ကုန်စက်မှုတက္ကသိုလ်က ပိသုကာပညာ ဒီဂရီရယူသင်ကြားရင်း ပိသုကာပညာရဲ့ တစိပ်တဒေသဖြစ်တဲ့ပန်းချီကို နက်နက်ရှိုင်းရှိုင်း လေ့လာသဘောပေါက်လာသူဖြစ်ပါတယ်။ အလွန်ဉာဏ်ကောင်းပြီး စာဖတ်အား လေ့လာအား ကောင်းသူဖြစ်ပါတယ်။ ကျနော်တို့ ၃ ယောက်ထဲမှာ သူအငယ်ဆုံးပါ။ ရန်ကုန်မှာ ကျနော်တို့ ၃ ယောက် ၁၉၆ဝ ခုစောစောပိုင်းတွေမှာ ဆုံဖြစ်ကြတော့ ကမ္ဘာ့ခေတ်သစ်ပန်းချီရဲ့ လွတ်လပ်မှု ကျယ်ပြန့်မှုကို တတ်နိုင်သမျှ အကျယ်ပြန့်ဆုံး စမ်းသပ်ခံစားရေးဆွဲဖြစ်ကြပါတော့တယ်။ အသက်တွေကလည်း ငယ်တုန်း နုပျိုကြတုန်း ခွန်နဲ့ အားနဲ့ လုပ်နိုင်ကိုင်နိုင်ရှိကြချိန်တွေမို့ ပန်းချီရေးအားလည်း သိပ်ကောင်းကြပါတယ်။ ပန်းချီကားတွေလည်း အများကြီး ထွက်ပါတယ်။
ဒီတုန်းက စစ်အစိုးရကလည်းတက်ခါစ အများပြည်သူ ကြည့်ရှုနိုင်တဲ့ ပန်းချီပြပွဲလုပ်မယ်ဆိုရင် စိစစ်ရေးက အလွန်ကြပ်တည်းတဲ့ အချိန်တွေဖြစ်ပါတယ်။ ကျနော်တို့ ပန်းချီကားတွေကို သံရုံးနဲ့ နိုင်ငံခြားသားတွေက အများဆုံး ဝယ်ကြပါတယ်။ အချိန်တိုပြပွဲကလေးတွေကိုလည်း နိုင်ငံခြားသားအိမ်တွေမှာပဲ ခပ်ကျဉ်းကျဉ်း ကျင်းပကြရပါတယ်။ ပေါ်ဦးသက်က ပုံတူပန်းချီတွေလည်း ဆွဲပါတယ်။ ခင်မောင်ရင်ကတော့ အလွတ်လပ်ဆုံးနဲ့ အရဲရင့်ဆုံးစမ်းသပ် ရေးဆွဲခဲ့ပါတယ်။ ကျနော်ကတော့ အဲဒီအချိန်မှာ ကျောက်ကုန်သည်ဘဝတဖက်နဲ့ ပန်းချီပြပွဲတွေကို ဝင်ဝင်ရေးပြီး ပြခဲ့တဲ့အချိန်တွေ ဖြစ်ပါတယ်။
ဒီအချိန်တွေတုန်းက ကျနော်တို့တတွေရဲ့ အကြီးမားဆုံး ချို့ယွင်းချက်ကတော့ ကျနော်တို့ရေးသမျှ ပန်းချီကားတွေကို ဓာတ်ပုံရိုက် မှတ်တမ်းပြုစုတာတို့၊ ဝယ်ယူစုဆောင်းသူတွေရဲ့ စာရင်းမှတ်တမ်း မလုပ်မိတာတို့ ဖြစ်ပါတယ်။ ဒီတုန်းက ကျနော်တို့ ၃ ယောက် စုမိတဲ့နေရာကတော့ AI လို့ခေါ်တဲ့ Architects Incorporated ရုံးခန်းမှာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းကို ပိသုကာတွေဖြစ်ကြတဲ့ ဦးတင်ထွန်းတို့၊ ဦးဘိုကြီးတို့၊ ဦးအောင်ကြီးမြင့်တို့က ထူထောင်ထားတာပါ။ ခင်မောင်ရင့် သူငယ်ချင်းတွေပါ။
ဒီတုန်းက ကျနော်တို့ပန်းချီတွေဟာ ဦးအောင်စိုးတို့၊ ဦးနန်းဝေတို့နဲ့အတူ စိတ္တဇပန်းချီတွေ၊ အရူးပန်းချီတွေ၊ အနုပညာ ဖျက်ဆီးသူတွေဆိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ဝေဖန်ခံခဲ့ကြရပါတယ်။ ကျနော်တို့ကတော့ အဲဒီလို အတိုက်အခိုက် အဝေဖန်ခံရတာကိုပဲ ပန်းနဲ့အပေါက်ခံရတာလို ပျော်စရာကြီးဖြစ်ခဲ့ကြပါတယ်။
ဆက်လက်တင်ပြပါ့မယ်၊ ကျနော် ဝင်းဖေပါ။
(၁၁-၂၂-၀၈ (သောကြာနေ့) ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments: