-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, May 31, 2011

ဒေါ်အောင်ဆန်းစုကြည်က ပညာရေးနဲ့ လူ့ ဂုဏ်သိက္ခာ ဆက်စပ် ပြောဆို

2011-05-31
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တနင်္လာနေ့ က ဟောင်ကောင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေနဲ့  ဂြိုလ်တုက တဆင့် ဆက်သွယ် ပြောဆို ဆွေးနွေးခဲ့ကြ ပါတယ်။



http://www0.hku.hk/socsc/assk/

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟောင်ကောင် တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေနဲ့  ဂြိုလ်တုက တဆင့် မေလ (၃၀) ရက်နေ့က ဆက်သွယ် ပြောဆို ဆွေးနွေးခဲ့ကြ ပါတယ်။ Photo - http://www0.hku.hk/socsc/assk/

ဟောင်ကောင် တက္ကသိုလ်က တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ဆရာ ဆရာမတွေနဲ့  ကျောင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေနဲ့ နိုင်ငံရေး အကျဉ်းသား အကြောင်းတွေ မေးမြန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဟောင်ကောင် တက္ကသိုလ်ကို ဗွီဒီယို မိန့် ခွန်းတခုလည်း ပေးပို့ ခဲ့ပါတယ်။

အဲဒီ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က လူတွေကို လူကောင်း နဲ့ လူဆိုး ဒါမှမဟုတ် သုခမိန် နဲ့ လူ့ဗာလရယ်လို့  ခွဲခြားတာထက် လေ့လာ ဆည်းပူးသူနဲ့  လေ့လာ သင်ယူခြင်း ကင်းမဲ့သူရယ်လို့  ခွဲခြားတာက ပိုပြီး အဓိပ္ပါယ် ရှိတယ်လို့  ရှုမြင်ကြောင်း အစချီကာ ဟောင်ကောင် တက္ကသိုလ်ရဲ့ အောင်မြင်မှုတွေကို ချီးမွမ်း ပြောဆိုခဲ့ပါတယ်။

တဆက်တည်းမှာဘဲ မြန်မာနိုင်ငံက တက္ကသိုလ် ကောလိပ်တွေရဲ့ တချိန်က နာမည် ကျော်ကြား ကောင်းမွန်ခဲ့ပုံတွေနဲ့  လက်ရှိ ယိုယွင်းနေတဲ့ ပညာရေး စနစ်၊ တက္ကသိုလ် ကျောင်းသားတွေ က မြန်မာ့ နိုင်ငံရေးမှာ ခေတ်အဆက်ဆက် ပါဝင်ခဲ့ပုံတွေ ၊ လက်ရှိ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံရပုံတွေကို ဖော်ပြထားပြီး မိန့် ခွန်း နောက်ပိုင်းမှာတော့ ပညာရေး စနစ်တခု ဆိုတာဟာ လူ့ ဂုဏ်သိက္ခာနဲ့ လူ့ လောကရဲ့ တိုးတက်မှုကို တန်ဖိုးထား သင်ကြားပေးတဲ့ စနစ်တခုသာ ဖြစ်သင့်ပြီး တရား မျှတမှုနဲ့ လွတ်လပ်ခွင့်တွေဟာ လူသားတွေရဲ့ မွေးရာပါ အခွင့်အရေးတွေ ဖြစ်တယ်ဆိုတာကို နားလည်နိုင်စွမ်း မရှိတဲ့ သြဇာခံ သက်သက် လူတန်းစားကို မွေးထုတ်ပေးတဲ့ ယန္တရား တစ်ခု မဖြစ်သင့်ဘူးလို့  ပြောဆိုလိုက် ပါတယ်။

မြန်မာနိုင်ငံမှာ တနေ့ တော့ စစ်မှန်တဲ့  ပညာရေး စနစ်တခု ပေါ်ပေါက်လာပြီး အသိဥာဏ်နဲ့ ဆင်ခြင်တုံ တရားတွေ ဝေဆာ ဖူးပွင့်လာလိမ့်မယ်လို့  ယုံကြည်ကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့မိန့် ခွန်းကို နိဂုံးချုပ်ထားပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

No comments: