-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Wednesday, May 18, 2011

နိုင်ငံရေးအကျဉ်းသား ၃၆ ဦး လွတ်


သမ္မတဦးသိန်းစိန်က ပြစ်ဒဏ်တနှစ် လျှော့ပေးသဖြင့် နိုင်ငံတဝှန်း အကျဉ်းထောင်ပေါင်းစုံမှ ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၃၆ ဦးအထိ ရှိကြောင်း မဇ္ဈိမက လတ်တလော စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။

ယင်းတို့ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၁၉ ဦးပါဝင်ကာ အင်းစိန်၊ တောင်ငူ၊ ပေါင်းတည်၊ ကော့သောင်း၊ ဘားအံနှင့် မြစ်ကြီးနား ထောင်များမှဖြစ်ကြောင်း ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။ ဤသည်မှာ အင်္ဂါနေ့ မြန်မာစံတော်ချိန် ည ၇ နာရီအထိ ရန်ကုန် ပါတီရုံးချုပ်သို့ အနယ်နယ်အရပ်ရပ်ရှိ ပါတီဝင်များ ပေးပို့ခဲ့သည့် စာရင်းများအရ သိရခြင်း ဖြစ်သည်။

ကျန် ၁၇ ဦးမှာ ကိုကျော်ဝင်းထွန်း (ဗဟန်း)၊ ကိုအောင်အောင်ဦး (ဗဟန်း)၊ ကိုမြင့်ထွန်း (ရွှေပြည်သာ)၊ ကိုထွေးသိန်း (ရွှေပြည်သာ)၊ ကိုညီညီစံ (ခ) ရှင်ဆန္ဒာဓိက (ခရမ်း)၊ ကိုမြင့်စိုး (တွံတေး)၊ ကိုရဲထွဋ်ခေါင် (တွံတေး)၊ ကိုဝင်းမြင့် (ကျောက်မြောင်း)၊ မြဆန်းထူး (တောင်ဒဂုံ)၊ ကိုသန်းဌေး (ဒေါပုံ)၊ ကိုခင်ထွန်း (သာကေတ)၊ မောင်သိန်းဆွေ (ကမာရွတ်)နှင့် အဆိုတော် ဇေယျာသော်တို့အပြင် အခြားပုဂ္ဂိုလ်များမှာ ထွန်းထွန်းနိုင်၊ ကျော်ဆန်းလင်း၊ စိုးမြင့်ထိန်နှင့် ကိုသိန်းဆွေတို့ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရှေ့နေဦးအောင်သိန်း ပြုစုထားသည့် စာရင်းက ဆိုသည်။ ဦးအောင်သိန်းသည် နိုင်ငံရေးအမှုအခင်းများအတွက် လိုက်ပါအကျိုးဆောင်နေသူ ဖြစ်သည်။

သူ၏ စာရင်းပါ ၁၇ ဦးမှာ အင်းစိန်၊ ဗန်းမော်၊ မော်လမြိုင်၊ တောင်ကြီး၊ စစ်တွေနှင့် ကော့သောင်းထောင်များမှ လွတ်မြောက်လာခြင်း ဖြစ်သည်။

အကျဉ်းထောင်ပေါင်း ၄၂ ခုမှ အကျဉ်းသား ၁၄၆၀၀ လွှတ်ပေးကြောင်း အင်းစိန် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက အင်္ဂါမနက်တွင် သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။ အင်းစိန်ထောင်မှ ၂၅ဝဝ ကျော် ပြန်လွှတ်မည်ဟု ဆိုသည်။

ပြစ်ဒဏ်လျှော့ပေါ့မှုမှာ သတင်းကောင်းတခုဖြစ်သော်လည်း လုံလောက်မှု မရှိသေးကြောင်းနှင့် အလုံးစုံ လွှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnestry International က အင်္ဂါနေ့တွင် ကြေညာချက်ထုတ် ဦးသိန်းစိန် အစိုးရကို တောင်းဆိုခဲ့သည်။

“ပြစ်ဒဏ်လျှော့ပေါ့ခြင်းတွေက နို်င်ငံရေးအကျဉ်းသားတွေအတွက် ကြိုဆိုရမယ့် သတင်းစကားဖြစ်ပေမယ့် ဘယ်နည်းနဲ့မှ မလုံလောက်ဘူး။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူအားလုံး လွတ်မြောက်ရေးအတွက်တော့ ဒီလုပ်ဆောင်ချက်က ဖြစ်ဖြစ်မြောက်မြောက် မရှိလှပါဘူး” ဟု AI ၏ မြန်မာ့ရေးရာသုတေသီ ဘင်ဂျမင် ဇာဝါကီ Benjamin Zawacki က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

သေဒဏ်ကို တသက်တကျွန်းပြစ်ဒဏ် လျှော့ပေးခြင်းနှင့်ပတ်သက်ပြီး အားရဖွယ် ဖြစ်သော်လည်း သေဒဏ်ကို ဖျက်သိမ်းရန်အတွက် ဥပဒေကြောင်းအရ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်ပါ AI က တိုက်တွန်းသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ အလုံးစုံ လွှတ်ပေးရန်အတွက် မြန်မာအစိုးရကို ဖိအားပေးကြရန် တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူပေါင်း ၂၀၆၁ ဦး ရှိကြောင်း AAPP-B စာရင်းအရ သိရသည်။
MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

No comments: