-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Tuesday, May 31, 2011

ဒီပဲယင်း နှစ်ပတ်လည် မန္တလေးမှာ ဆွမ်းကပ်



ဒီပဲယင်း အရေးအခင်း ၈ နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးနှင့် အမျှအတမ်းပေးဝေပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က မန္တလေးမြို့အနောက် ခင်မကန်ကျောင်းတိုက်၌ တနင်္လာမနက်တွင်
ပြုလုပ်ခဲ့ကြသည်။

NLD မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် စစ်ကိုင်းတိုင်း ဥက္ကဋ္ဌ ဦးဘာဘာ အပါအဝင် ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုအမျိုးသမီး အဖွဲ့ဝင်များနှင့် ပါတီဝင် ၁၅ဝ ခန့်က သံဃာတော် ၁၈ ပါးအား နေ့ဆွမ်းကပ်ခဲ့ကာ ဒီပဲယင်း အရေးအခင်းအတွင်း သေဆုံးခဲ့သူများအတွက် အမျှအတမ်းပေးဝေခဲ့ကြခြင်း ဖြစ်သည်။

“ဆွမ်းကပ်ပြီး ဒီပဲယင်းမှာ ကျဆုံးသွားတဲ့ ကျောင်းသားလူငယ်၊ ရဟန်းရှင်လူတွေအတွက် ဘုန်းကြီးတွေက အမျှအတမ်း ပေးဝေတာပေါ့။ လူငယ်တွေကတော့ မနက် ၈ နာရီလောက်က မဟာမြတ်မုနိဘုရားမှာ ရွှေသင်္ကန်း ကပ်ပြီး ငါးလွှတ်တယ်” ဟု မန္တလေးတိုင်း NLD လူငယ်အကူအညီပေးရေးအဖွဲ့ဝင် ကိုမြင့်မော်က မဇ္ဈိမကို ပြောသည်။

ဗဟိုမှ ဒေါ်မေဝင်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ မဖြူဖြူသင်း၊ ဦးနိုင်းနိုင်း၊ ကိုမျိုးညွန့်၊
လယ်သမားရေးရာမှ ဦးမောင်မောင်ကြီးတို့လည်း လာရောက်ခဲ့ကြသည်။

၂ဝဝ၃ ခုနှစ် မေ ၃ဝ ဒီပဲယင်း အရေးအခင်းတွင်
သေဆုံးသွားခဲ့ကြသူများအား ရည်စူး၍
သံဃာတော်များ ဆွမ်းကပ်နှင့် အမျှအတမ်း
ပေးဝေခြင်းကို မန္တလေးတွင် နှစ်စဉ်ပြုလုပ်လာခဲ့ခြင်း
ဖြစ်သည်။

“မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက နယ်မြေခံလည်းဖြစ်၊
သေတာလည်း များတာကိုး။ အရင်တုန်းကဆို
ကျနော်တို့က ဆွမ်းကပ်မယ်ဆို ကြံ့ဖွံ့တွေက
နှောင့်ယှက်တာတွေ အမြဲလုပ်တယ်ဗျ။
ကျနော်တို့ ကပ်မယ်ဆိုတာ သတင်းကြားတာနဲ့ ညတွင်းချင်း လာပြီး အဲဒီကျောင်းမှာ အလုအယက် ပုံစံမျိုး ဖြစ်သလို ဆွမ်းလာကပ်သွားတာမျိုးပေါ့။ အဖျက်သဘောလေ၊ သူတို့လုပ်နေကျဟာကိုး။ ဒီနှစ် မလုပ်တော့ဘူး” ဟု ကိုမြင့်မော်က ပြောသည်။
ဒီပဲယင်းအရေးအခင်းတွင် မန္တလေးတိုင်းမှ ကိုတင်မောင်ဦး (အနောက်တောင်)၊ ကိုစန်းမြင့် (အနောက်မြောက်)၊ ကိုသိန်းတိုးအေး (အနောက်တောင်)တို့ ၃ ဦး သေဆုံးခဲ့ကြောင်းသာ စာရင်းအတိအကျ ရရှိထားသော်လည်း လူ ၈ဝ သေဆုံးခဲ့သည်ဟု ကြားသိရကြောင်း မန္တလေးတိုင်း ပြန်ကြားရေးတာဝန်ခံ ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

“မန္တလေးတိုင်းက ဦးစီးသွားရတဲ့အုပ်စုထဲက ၃ ဦးကတော့ ဖြစ်ပျက်တဲ့ နေရာမှာပဲ ဆုံးသွားတယ်။ အဲဒါတော့
သေချာပြောလို့ရတယ်။ ကျီရွာမှာ ကျနော်တို့ ကျော်သွားတဲ့အချိန်မှာကို ရိုက်နှက်နေတာတွေ တော်တော်များများ ရှိတယ်။ ကျီရွာကလည်း ထိခိုက်သေဆုံးမှုတွေ ရှိနိုင်သလို မုံရွာကနေ လိုက်လာတဲ့ ကျောင်းသားလေးတွေရှိတယ်။ သူတို့ကို ကျနော်တို့ စာရင်းအတိအကျ မရဘူး။ သူတို့က ဆိုင်ကယ်တွေနဲ့ အများကြီး လိုက်လာတာကိုး။ သူတို့ပျောက်သွားတာကို ကျနော်တို့ဆီမှာ စာရင်းတက်မလာဘူးဗျာ” ဟု ကိုမျိုးနိုင်က ဆိုသည်။
၂ဝဝ၃ ခုနှစ်တွင် NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးတို့၏ အထက်မြန်မာပြည် နယ်လှည့်စည်းရုံးရေးခရီးစဉ်အတွင်း နအဖ စစ်အစိုးရ နောက်ခံပြု ကြံ့ခိုင်ရေးအသင်းနှင့် စွမ်းအားရှင်များက လိုက်လံနှောင့်ယှက်မှုများ တလျှောက်လုံးရှိခဲ့ပြီး စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျီရွာအနီးတွင် ကိုယ်ထိလက်ရောက် ရိုက်နှက်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။
NLD မှ ဤအရေးအခင်းနှင့်ပတ်သက်၍ တိုင်ချက်များ ဖွင့်ထားခဲ့သော်လည်း ယခုချိန်ထိ အာဏာပိုင်တို့က တစုံတရာ အရေးယူဆောင်ရွက်ပေးခြင်းမျိုး မရှိသေးကြောင်း NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

“အမှန်တရားဟာ ပေါ်ပေါက်ဖို့လိုတယ်။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ဖို့လိုတယ်။ ဒီလိုစုံစမ်းစစ်ဆေးခြင်းအားဖြင့် အမှန်တရား ပေါ်လာရင်
နောင်ကို ဒီလိုကိစ္စမျိုး မပေါ်ပေါက်အောင် သင်္ခန်းစာကောင်းတခု ဖြစ်ဖို့ပါပဲ။ နောက်ပြီး ခံရတဲ့သူ၊ သေသွားတဲ့သူ၊ ထိခိုက်တဲ့သူတွေအတွက်လည်း ဥပဒေနဲ့အညီ ကုစားမှုတော့ ရရှိသင့်တယ်လို့ ကျနော်တို့ ရပ်တည်ထားပါတယ်” ဟု သူက ပြောသည်။

၈ နှစ် ကြာသည်အထိ ဒီပဲယင်းအရေးအပေါ် တစုံတရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးသော်လည်း
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မကြာမီ လပိုင်းအတွင်း နယ်လှည့်ခရီးစဉ်များ စတင်တော့မည်ဖြစ်သည်။

ဤခရီးစဉ်များအတွက် လိုအပ်သည့် လုံခြုံရေးအတွက် အာဏာပိုင်များထံ သေချာတောင်းဆိုသွားမည်ဟု ဦးတင်ဦးက ဆိုသည်။

“သူတို့က တရားဥပဒေစိုးမိုးရေးတို့၊ Good governance တို့၊ Clean government တို့ ဒါတွေ သိပ်ပြောထားတဲ့ လူတွေပဲဗျာ။ ဥပဒေနဲ့အညီ ပြည်သူပြည်သားတိုင်းကို လုံခြုံမှုတာဝန် ပေးရမယ်လေ။ လုံခြုံရေးပေးဖို့ ထိုက်ထိုက်တန်တန် သူတို့ဆီမှာရှိတဲ့ တာဝန်ရှိတဲ့ အကြီးအကဲပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီးတော့ လုပ်ကိုင်ပြီးရင် လိုအပ်သည်များကို အပြည့်အဝရဖို့ တောင်းဆိုပြီး သွားမှာပဲလေ” ဟု သူက ပြောသည်။
ဒီပဲယင်း အရေးအခင်းတွင် အသက်ဘေးမှ လက်မတင်လေး လွတ်မြောက်လာခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးကို နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့ပြီး၊ ပါတီဝင်အချို့ကိုမူ ဖမ်းဆီးထောင်ချမှုများပင် ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ၂ဝ၁ဝ ခုနှစ် နိုဝင်္ဘာလတွင် နေအိမ်အထိန်းသိမ်းခံမှ လွတ်မြောက်လာခဲ့ပြီး နယ်ခရီးများ ပြန်ထွက်ရန် ယခု စီစဉ်နေပြီ ဖြစ်သည်။


mizzima မှ ကူးယူဖော်ပြပါသည်။

No comments: