-
နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးလို့ မပြောပါနဲ့၊ နိုင်ငံရေးက ကိုယ်အပေါ်တိုက်ရိုက်သက်ရောက်လာပါလိမ့်မယ်--ဘယ်လိုလုပ်မလဲဆိုရင် ပြည်သူ့အားနဲ့လုပ်မယ် --ကျမတို့ကို ပြည်သူက ယုံကြည်ရင် ၊ ထောက်ခံရင် ၊ လက်တွဲရင် ကျမအားရှိပါတယ် --

Sunday, February 13, 2011

ဗိုလ်ချုပ်မွေးနေ့၊ ဒေါ်စုက ကျောင်းသုံးစာအုပ်လှူ


ဗိုလ်ချုပ်အောင်ဆန်း၏ ၉၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း ၄ မြို့နယ်ရှိ မူလတန်းကျောင်း ၁၀၀ ကို ကျောင်းသုံးဗလာစာအုပ် ၉၆ ဒါဇင်စီ ဒေါ်အောင်ဆန်းစုကြည်မှ ကြာသပတေးနေ့တွင် စတင်လှူဒါန်းခဲ့သည်။

ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် တိုက်ကြီး၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး မြို့နယ်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၅ ကျောင်းစီကို ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ လှူဒါန်းခြင်း ဖြစ်သည်။

“ဗိုလ်ချုပ်ရဲ့အသက်က ၉၆ နှစ်ဖြစ်တဲ့အတွက် ၉၆
ဒါဇင်လှူဒါန်းတာ ဖြစ်ပါတယ်။ တမြို့နယ်ကို ဒါဇင်ပေါင်း ၂၄ဝဝ ဖြစ်ပါတယ်။ လေးမြို့နယ်ဆိုတော့ ဒါဇင်ပေါင်း ကိုးထောင့်ခြောက်ရာဖြစ်ပါတယ်” ဟု ဟု NLD ပါတီ၏ အမျိုးသမီး လုပ်ငန်းဖော်ဆောင်ရေး တာဝန်ခံ ဒေါက်တာ ဒေါ်မေဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

စာအုပ်လှူဒါန်းရာတွင် မင်္ဂလာဒုံမြို့နယ်အတွင်း ၁၂ ကျောင်း လှူဒါန်းပြီး၊ ၁၃ ကျောင်းမြောက်တွင် အခက်အခဲ ရှိလာခြင်းကြောင့် အစိုးရမူလတန်းကျောင်းများကို မလှူတော့ဘဲ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကိုသာ လှူဒါန်းခဲ့ရသည်။

“မင်္ဂလာဒုံမှာ ၁၂ ကျောင်းလောက်က ဘာမှမဖြစ်ဘူး၊ ၁၃ ကျောင်းလောက်ကျတော့ သူတို့ လက်မခံပါရစေနဲ့ဆိုပြီး ပညာရေးမှူးကို အပ်ပေးပါဆိုပြီး ပြောပါတယ်။ ပညာရေးမှူးကတဆင့် လှူဒါန်းပါဆိုပြီး သူက ပြောပါတယ်။ ပညာရေးမှူးဆီ ဖုန်းဆက်မေးတဲ့ အခါကျတော့ ပညာရေးမှူးက အကြံပြုတာပါ၊ သူက အဲဒီလို မပြောရဲပါဘူး။ ဒါက အထက်အမိန့်က သူက ပြောရတာပါဆိုတော့ အထက်အမိန့်ဆိုတာ ဘာလဲဆိုတော့ ညွှန်ကြားရေးမှူးက ညွှန်ကြားတာပါဆိုပြီး ပြောပါတယ်။ ပညာရေးမှူးတော့ မအပ်တော့ဘူးဆိုပြီးတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို လှူဒါန်းလိုက်ပါတယ်” ဟု ဒေါ်မေဝင်းမြင့်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ငယ်စဉ်အခါက တပ်မတော်သားများ၏ လက်တွင် ကြီးပြင်းခဲ့ရသည်။ ယခု လှူဒါန်းမှုတွင်လည်း တပ်နယ်မြေများဖြစ်သည့် မင်္ဂလာဒုံနှင့် မှော်ဘီတို့ကို ပါစေချင်ကြောင်း သူက ဆက်ပြောသည်။

“တပ်နယ်မြေဖြစ်တဲ့ မင်္ဂလာဒုံနဲ့ မှော်ဘီမြို့နယ်တွေကို ပါစေချင်တယ်။ ဒါကြောင့် မြို့နယ်ပေါင်း ၄ဝ ရှိတဲ့ အထဲမှာ မြောက်ပိုင်းခရိုင်ကို ရွေးလိုက်တာပါ။ မြောက်ပိုင်းခရိုင်ကို ဘာဖြစ်လို့ ရွေးရလဲဆိုတော့ သူက တပ်နယ်မြေဖြစ်တဲ့အတွက် ဗိုလ်ချုပ်က ဒီ တပ်မတော်ကို တည်ထောင်ခဲ့တယ်။ ဒီတပ်နယ်မြေတွေက ဒီမှာရှိတယ် နောက်ပြီးတော့ အမ (ဒေါ်စု) ငယ်ငယ်လေးကတည်းက ရဲဘော်တွေလက်ထဲမှာ ကြီးခဲ့ရတာ ဖြစ်တယ်။ တပ်မတော်သား ရဲဘော်လေးတွေကို အရမ်းချစ်တယ်”

ဗိုလ်ချုပ်အောင်ဆန်း၏ ၉၆ နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် ယခုလို မူလတန်းကျောင်းများကို ဗလာစာအုပ်လှူဒါန်းရာတွင် သက်ဆိုင်ရာ မြို့နယ်များ၏ NLD အဖွဲ့ဝင်များဖြစ်သည့် တိုက်ကြီးမြို့နယ်တွင် ဒေါ်မေဝင်းမြင့်၊ ဒေါ်ခင်စောမူ၊ ဦးတင်ရှိန်၊ မှော်ဘီ မြို့နယ်တွင် ဒေါက်တာမျိုးအောင် မင်္ဂလာဒုံတွင် ဒေါ်ခင်ဋ္ဌေးကြွယ် ဦးကျော်ဆွေနှင့် အဖွဲ့ဝင်များ၊ လှည်းကူးမြို့နယ်တွင် ဒေါက်တာမျိုးအောင် ဦးစိုးဟန် ဦးစိုးမြင့် ဦးကျော်သိန်း တို့က အသီးသီး ဦးဆောင်လှူဒါန်းခဲ့သည်။ လှူဒါန်းငွေများမှာ ကာလတန်ဖိုး သိန်း ၉၃ သိန်းကျော်ရှိသည်။



MIZZIMAသတင်းမှ ကူးယူဖေါ်ပြပါသည်။

No comments: